Chapter 107
မိန်းကလေးသည် အပြင်မှလူများက သူမကို ဝိုင်းကြည့်နေကြသည်ကို မြင်သောအခါ ရှက်ရွံ့စွာဖြင့် စကတ်ကို အောက်သို့ ဆွဲချနေသည်။ သူမသည် ထိပ်ပြောင်လူအား တစ်ချက်ကြည့်လိုက်၍ မျက်လုံးများသည် ကြောက်ရွံ့ခြင်းများဖြင့် ပြည့်သွားသည်။
ဖန့်ယွမ်ကပြောလိုက်သည်။
"ဒီမှာ ညီမ...ဒီလူက တံခါးကိုမှီပြီး ညီမ အဝတ်လဲနေတာကို ချောင်းကြည့်နေလား...မကြောက်နဲ့နော်...ညီမသာ အစ်မတို့ကိုပြောရင် အစ်မတို့ ကူညီပေးနိုင်တယ်..."
မိန်းကလေး၏ နှုတ်ခမ်းများသည် နှစ်ခါမျှ လှုပ်သွားသော်လည်း ဘာသံမှတော့ ထွက်မလာချေ။
ထိပ်ပြောင်သည် ပြုံး၍ မိန်းကလေးနားသို့လျှောက်သွားကာ ပြောလိုက်သည်။
"သူတို့တွေက ငါက မင်းကို နှောင့်ယှက်တယ်ဆိုပြီး ပြောနေကြတာ...အဲ့လိုလုပ်ဖူးတာများရှိလို့လား...ကြောက်မနေနဲ့...ရဲရဲသာပြောလိုက်..."
ထိပ်ပြောင်လူက အနားကပ်လာသည်နှင့် မိန်းကလေးသည် တစ်ကိုယ်လုံးတုန်ယင်ကာ နောက်သို့ ဆုတ်သွားသည်။ ထို့နောက် တုန်ယင်နေသော အသံဖြင့် ပြောလိုက်သည်။
"အဲ့ဒီလိုမျိုးမရှိပါဘူး...အစ်မတို့ မှားနေတာပါ..."
"နင်လိမ်နေတာပဲ...ခုနကပဲ ညီမကို သူချောင်းကြည့်နေတာလေ...ဘာဖြစ်လို့ သူ့ဘက်က ကာပြောပေးနေတာလဲ..."
ဖန့်ယွမ်က အလွန်ပင် ဒေါသထွက်လာမိသည်။
"မင်းပြောတာမှားနေပြီ...ငါက သူ့ကို ရိုးရိုးသားသားပဲကြည့်နေတာလေ...နှောင့်ယှက်နေတာမှမဟုတ်တာ...သူ့အင်္ကျီတွေ လိုက်ဖက်အောင် ကြည့်ပြီး ပြောပေးနေတာ..."
ထိပ်ပြောင်က အရှက်မဲ့စွာပင်ပြော၍ မိန်းကလေး၏ ပခုံးကိုပုတ်လိုက်သည်။
"ဟုတ်တယ်မလား..."
မိန်းကလေးက ခေါင်းကိုပင်မမော့ရဲ၍ ဖြည်းဖြည်းသာ ခေါင်းငြိမ့်ပြလိုက်သည်။
ထန်ချောင်းချောင်းသည် မျက်မှောင်ကြုတ်လိုက်သည်။ သူမ၏ရှေ့မှ အဖြစ်အပျက်များက အလွန်ပင် ထူးဆန်းနေသည်။ မိန်းကလေးက ထိပ်ပြောင်ကို ကြောက်နေရမှန်းအလွန်သိသာသည်။ သူမ၏မျက်လုံးများက တွန့်ဆုတ်ကာ အသံက တုန်ယင်နေသော်လည်း အမှန်ကိုတော့ မပြောရဲဖြစ်နေသည်။
ထိပ်ပြောင်က အောင်နိုင်သူလေသံဖြင့်ပြောလိုက်သည်။
"ကဲ မင်းတို့လည်း ကြားကြသားပဲ...သူကိုယ်တိုင်က အနှောင့်ယှက်မခံရပါဘူးတဲ့...မင်းတို့ မှားသွားပြီ...အခု ခုနကိစ္စကို အကြွေးဆပ်ဖို့အကြောင်း ပြောကြရအောင်..."
ထန်ချောင်းချောင်းက ခပ်ပြတ်ပြတ်ပြောလိုက်သည်။
"ရှင်နဲ့ကျွန်မကြား ဘာအကြွေးများရှိနေလို့လဲ..."
ထိပ်ပြောင်က မျက်လုံးများမှေးစင်းကာ ဒေါသနှင့်ပြောလိုက်သည်။
"မင်း ခုံကိုကန်ပြီး ငါ့ကိုပြုတ်ကျအောင် လုပ်လိုက်တယ်လေ...အဲ့ဒီကိစ္စကို အကြွေးပြန်ဆပ်ရမှာပေါ့..."
ထန်ချောင်းချောင်းက ထိုလူကို ရယ်မြူးရိပ်သမ်းသည့် မျက်လုံးများဖြင့် ကြည့်လိုက်သည်။
"ရှင့်ရဲ့ ဘယ်မျက်လုံးကများ ကျွန်မ ကန်တာကို မြင်လိုက်တာပါလဲ..."
ထိပ်ပြောင်သည် ဆွံ့အသွားသည်။ ဖြစ်ပျက်ခဲ့သည်က မိနစ်ပိုင်းပင်ရှိသေးသည်ကို ဤမိန်းမက ငြင်းရဲသည်ပေါ့။
"ငါကလွဲရင် မင်းတို့နှစ်ယောက်ပဲရှိတာလေ...တခြားဘယ်သူက လာကန်မှာလဲ..."
ထိပ်ပြောင်က စိတ်တိုလာသည်။
"ငါကန်လိုက်လို့လား..."
ထန်ချောင်းချောင်းက ဖန့်ယွမ်ကိုမေးလိုက်သည်။
"နင်မြင်လိုက်လား..."
ဖန့်ယွမ်က မျက်တောင်ခတ်ကာ ပြုံးလိုက်သည်။
"ဟင့်အင်း...ကျွန်မ ဘာမှမမြင်ပါဘူး..."
ထန်ချောင်းချောင်းက အပြစ်ကင်းစင်သည့် ပုံစံလေးဖြင့် လက်များကို ဖြန့်ပြလိုက်သည်။
"ဒီမှာ သူကလည်း မမြင်ဘူးပြောတယ်...ရှင်ကလည်း ဘာမှမမြင်လိုက်ဘူး...အဲ့ဒီတော့ ကျွန်မနဲ့ ဒီကိစ္စ ဘာမှမဆိုင်ဘူး..."
ဖန့်ယွမ်သည် ထန်ချောင်းချောင်းနား၌ အနေကြာပြီဖြစ်သောကြောင့် အရည်ထူနေပြီဖြစ်သည်။ ထို့ကြောင့် ခပ်ငေါ့ငေါ့ပြောလိုက်သည်။
"ရှင် ဝိတ်လေးဘာလေးလည်း နည်းနည်းချဦးပေါ့...ခုံက ရှင့်ရဲ့ အဆီတွေကြောင့် ကျိုးကျသွားတာနေမှာ...မပြန်ခင် မဂ္ဂဇင်းအတွက် ခုံအသစ်တစ်လုံးဝယ်ပေးခဲ့ဖို့လည်း မမေ့နဲ့ဦး..."
ထိပ်ပြောင်သည် အလွန်ပင်ဒေါသထွက်သွားတော့သည်။
"မင်းတို့က တစ်ဖွဲ့တည်းပဲ...မင်းဝန်မခံရင်တောင် မင်းလုပ်တာ သေချာပေါက်ပဲ..."
ထန်ချောင်းချောင်းက တစ်လုံးချင်းပြောလိုက်သည်။
"ကျွန်မတို့လုပ်တယ်လို့ ရှင်ထင်နေရင် သက်သေပြလေ..."
သူမသည် ထိုလူအား သူ့စကားနှင့်သူသာ ပြန်ပြောနေခြင်းဖြစ်သည်။
"ငါ့မှာမရှိဘူးလို့ ထင်မနေနဲ့...ဒီက ကင်မရာကို ကြည့်ပြီးရင် ငါအမှန်ကို သိလာမှာ..."
ထိပ်ပြောင်က ဒေါသနှင့်ပြောလိုက်သည်။
ထိုအခါ ထန်ချောင်းချောင်းက အမြန်ပြောလိုက်သည်။
"အိုး ဒီအဝတ်လဲခန်းထဲမှာ ကင်မရာရှိနေခဲ့တာကိုး...ဒါကလည်း ရှင်တို့ ကုမ္ပဏီရဲ့ ထုံးစံပဲလား..."
ထိုစကားကိုကြားသောအခါ မိန်းကလေးသည် ခန္ဓာကိုယ်က ပိုကျုံ့သွား၍ ခေါင်းကို ပို၍ပင် ငုံ့လိုက်သည်။
ထိပ်ပြောင်၏မျက်လုံးများက ပုတ်ခတ်ပုတ်ခတ်ဖြစ်သွားကာ သူအမှားတစ်ခုခုပြောလိုက်မိမှန်း သတိထားမိသွားသည်။ အမျိုးသမီးအဝတ်လဲခန်းထဲ၌ လျှို့ဝှက်ကင်မရာကို သူတပ်ထားမှန်းသာ ပေါ်သွားလျှင် လက်ဆုပ်လက်ကိုင်ပြစရာ သက်သေရှိသွားတော့မည်ဖြစ်သည်။
ထို့ကြောင့် စကားလမ်းကြောင်းကို အမြန်လွှဲရန် ကြိုးစားလိုက်သည်။
"သေပါတော့...ဒီမှာ ကင်မရာဘယ်လိုလုပ်ရှိမှာလဲ...ငါက အပြင် လူသွားလမ်းကဟာကိုပြောနေတာ..."
"ခုံကို ကျွန်မကန်တယ်ဆိုတာ ရှင့်မှာ သက်သေပြစရာမရှိတော့ ကျွန်မတို့ကြားမှာ ဘာအကြွေးမှမရှိတော့ဘူးနော်..."
ထိပ်ပြောင်သည် ဘာမှပြန်မပြောနိုင်တော့၍ အံကိုသာကြိတ်ကာ အရှုံးကို မျိုချနေရသည်။
ထန်ချောင်းချောင်းသည် ပခုံးများကို ကျုံ့ထားသော မိန်းကလေးအိုင်ဒေါအုပ်စုထဲမှ ကောင်မလေးကိုကြည့်ကာ ဖန့်ယွမ်ကို ပြောလိုက်သည်။
"သွားကြရအောင်...ဒါပေမယ့် တချို့အရာတွေကတော့ လွယ်လွယ်နဲ့ ပြီးသွားမှာမဟုတ်ဘူး..."
ဖန့်ယွမ်က ထန်ချောင်းချောင်းဘက်လှည့်ကာ တိုးတိုးပြောလိုက်သည်။
"ဒီတဏှာရူးမသာကောင်ကို ဒီတိုင်းလွှတ်ပေးလိုက်လို့ ဖြစ်ပါ့မလား..."
ထန်ချောင်းချောင်းကလည်း ခပ်တိုးတိုး ပြန်ပြောလိုက်သည်။
"အပြင်သွားပြီးမှ ပြောကြတာပေါ့..."
ဖန့်ယွမ်သည် သူမ၏ဒေါသကိုသာ မနည်းမျိုသိပ်၍ ထိပ်ပြောင်ကို စူးရဲစွာ မျက်စောင်းထိုးလိုက်သည်။
ထန်ချောင်းချောင်းနှင့် ဖန့်ယွမ်တို့ အခန်းထဲမှထွက်သွားသည်ကို ကြည့်နေပြီးမှ ထိပ်ပြောင်သည် သူ၏ဒေါသများကို မိန်းကလေးပေါ်သို့ ပုံချလိုက်တော့သည်။
"ဒါတွေအကုန်နင့်ကြောင့် ဖြစ်ရတာ အသုံးမကျတဲ့ဟာမရဲ့...အခုထိ မြန်မြန်သွားပြီး ဓာတ်ပုံသွားမရိုက်သေးဘူးလား..."
မိန်းကလေးသည် နှုတ်ခမ်းများကိုကိုက်ကာ ထိပ်ပြောင်ကို မုန်းတီးစွာကြည့်၍ ထန်ချောင်းချောင်း မထွက်သွားခင်က ပြောခဲ့သော စကားများကို စဉ်းစားနေမိသည်။
အခန်းထဲမှထွက်လာပြီးသောအခါ ဖန့်ယွမ်သည် ဒေါသအလွန်ထွက်နေဆဲဖြစ်၍ ထန်ချောင်းချောင်းကိုမေးလိုက်သည်။
"ချောင်းချောင်း...အစ်မ ဘာဖြစ်လို့ အဲ့ဒီတဏှာရူးကို လွယ်လွယ်နဲ့ လွှတ်ပေးလိုက်ရတာလဲ..."
ထန်ချောင်းချောင်းတစ်ယောက် သူမ၏ခွန်အားကိုမထိန်းနိုင်ပဲ ထိုထိပ်ပြောင်ကို အရိုက်နှက်လွန်သွားမည်ကို ဖန့်ယွမ်က စိုးရိမ်နေမိသော်လည်း ထန်ချောင်းချောင်းက ဘာမှပင်မလုပ်ပဲ လွယ်လွယ်နှင့် အလျှော့ပေးကာ ထွက်လာခဲ့ခြင်းကို ဖန့်ယွမ် တကယ်ပဲ နားမလည်နိုင်ဖြစ်နေသည်။
ထန်ချောင်းချောင်းက သေချာစွာစဉ်းစား၍ပြောလိုက်သည်။
"ဒီကိစ္စက အဲ့ဒီလောက် မလွယ်လောက်ဘူး..."
"ဘာဖြစ်လို့လဲ..."
"ကောင်မလေးက သူ့ရဲ့အေးဂျင့် ဘာပြောပြော နာခံနေရတဲ့အထိ ကြောက်နေရတာ နင်မမြင်ဘူးလား...အဲ့ဒီလူရဲ့လက်ထဲမှာ ကောင်မလေးရဲ့ ပျော့ကွက်တစ်ခုခုရှိနေမယ်လို့ ငါထင်တယ်..."
ဖန့်ယွမ်က သူ့နှဖူးသူ ပြန်ရိုက်ကာပြောလိုက်သည်။
"ဟုတ်တယ်...ဟုတ်တယ်...အဲ့ဒါဖြစ်နိုင်တယ်...အဲ့ဒီလူက ကင်မရာကိုကြည့်မယ်ဆိုပြီးပြောနေတယ်မလား...အဝတ်လဲခန်းထဲမှာ တကယ်ပဲ ကင်မရာရှိနေနိုင်လား...ကောင်မလေးရဲ့ မသင့်တော်တဲ့ဓာတ်ပုံတွေများ သူ့ဆီရှိနေလို့ ကောင်မလေးက မလွန်ဆန်နိုင်တာလား..."
"ပြီးတော့ အဲ့ဒီလူက နောက်ခံလည်း ရှိပုံရတယ်...ကျွန်မတို့ပြောတာတွေကို သူလုံးဝ ကြောက်မနေဘူး..."
ထိုကိစ္စကိုတော့ ထန်ချောင်းချောင်းစိတ်ပူမိသည်။ ထိုလူဆိုးလူညစ်ကို ကိုင်တွယ်ရသည်မှာ လွယ်သော်လည်း သူ့လက်ထဲ၌သာ တစ်စုံတစ်ရာရှိပါက ကိစ္စများပြီးသောအခါ လက်တုံ့ပြန်လိုသောစိတ်ဖြင့် ကောင်မလေးတို့ အိုင်ဒေါအဖွဲ့ကို ဒုက္ခပေးခဲ့လျှင် ထန်ချောင်းချောင်း၏အပြစ် ဖြစ်သွားလိမ့်မည်။
"ဒါဆို ကျွန်မတို့ ဘာလုပ်သင့်လဲ..."
ဖန့်ယွမ်က မေးလိုက်သည်။
ထန်ချောင်းချောင်း၏ ဦးနှောက်သည် ပြင်းထန်စွာစဉ်းစားနေသော်လည်း ထိုအချိန်၌ ဝန်ထမ်းတစ်ယောက်က ပြေးလာ၍ အော်ပြောလိုက်သည်။
"အစ်မချောင်းချောင်း...နောက်တစ်ခန်းရိုက်ဖို့ အဝတ်အစားတွေ လဲရမယ့်အချိန်ရောက်ပြီ..."
"ဟုတ်ပြီ...ငါတို့ အခုချက်ချင်းလာခဲ့မယ်..."
ဖန့်ယွမ်က ပြန်ပြောလိုက်သည်။
ထန်ချောင်းချောင်း ဆုံးဖြတ်ချက်ချလိုက်သည်။
"အခုတော့ ဓာတ်ပုံပဲ အရင်ရိုက်ကြတာပေါ့..."
ထို့နောက်တွင်တော့ ထန်ချောင်းချောင်းသည် မဂ္ဂဇင်းမှပြင်ဆင်ပေးထားသော အဝတ်အစားသုံးစုံ ထပ်လဲ၍ ရိုက်ကူးရေးသည် ချောမွေ့စွာ ပြီးဆုံးသွားသည်။
ထန်ချောင်းချောင်း ဓာတ်ပုံရိုက်နေသောအချိန်တွင် ထိပ်ပြောင်လူသည် မိန်းကလေးအိုင်ဒေါအုပ်စုကို အခြားစတူဒီယိုတစ်ခု၌ ဓာတ်ပုံရိုက်ရန် ခေါ်သွားသည်။ အလုပ်များပြီးသောအခါ ထိုအုပ်စုနှင့် ထန်ချောင်းချောင်း ထိပ်တိုက်တွေ့ကြရပြန်သည်။ ထိပ်ပြောင်သည် ရင်ပြတ်အင်္ကျီနှင့် စကတ်တိုလေးများဝတ်ထားကြသော မိန်းကလေးများ၏ အလယ်၌ ရပ်နေသည်။ သူသည် သုန်မှုန်နေသောအပြုံးကိုပြုံး၍ ထန်ချောင်းချောင်းကို မျက်လုံးဝေ့ကြည့်လိုက်သည်။
ခုနမှမိန်းကလေးသည် အုပ်စု၏ အနောက်နား၌ ရပ်နေကာ ထန်ချောင်းချောင်းကို တစ်ချက်မျှပင် မော့မကြည့်ပေ။ သို့သော် သူတို့နှစ်ယောက် တစ်ယောက်နှင့် တစ်ယောက် နီးကပ်စွာ ဖြတ်သွားမိသည့်အချိန်တွင် မိန်းကလေးသည် ထန်ချောင်းချောင်း၏ လက်ကို မတော်တဆတိုက်မိသွားသည်။ ထန်ချောင်းချောင်းသည် သူမ၏လက်ထဲသို့ တစ်စုံတစ်ရာထိုးထည့်လိုက်သည်ကို ခံစားလိုက်ရသော်လည်း မျက်နှာအမူအယာကတော့ လုံးဝမပြောင်းသွားချေ။ ထောင့်တစ်ခုသို့ရောက်၍ လူများကို လုံးဝမမြင်ရသောအခါမှ လက်ဝါးကိုဖြန့်ကာ ကြည့်လိုက်သည်။ ထိုပစ္စည်းသည် အချိန်နှင့် ကော်ဖီဆိုင်တစ်ဆိုင်၏လိပ်စာကို ရေးထားသော စာရွက်လေးဖြစ်နေသည်။
ဖန့်ယွမ်က အံ့ဩတကြီးမေးလိုက်သည်။
"ဒါ ဟိုကောင်မလေး ပေးသွားတာလား..."
ထန်ချောင်းချောင်း ခေါင်းငြိမ့်ပြလိုက်သည်။
ဖန့်ယွမ်က မကျေမနပ်နှင့် ပြောလိုက်သည်။
"သူက ဘာဖြစ်ချင်နေတာလဲ...သူ့ကို ပြောခိုင်းတော့ကကျ ဘာမှမပြောဘူး...ဒီလိုမျိုး စာရွက်ထိုးပေးတာကရော အန္တရာယ်မကြီးဘူးလား...အစ်မ အဲ့ဒီကို တကယ်မသွားဘူးမလား..."
"သွားမှာပေါ့..."
ထန်ချောင်းချောင်းက ပြောလိုက်သည်။
"ဒါက သူ့ကို ကူညီပေးဖို့ အချက်ပြနေတဲ့ သင်္ကေတပဲ..."
နောက်တစ်နေ့၌ ကော်ဖီဆိုင်သို့ ထန်ချောင်းချောင်းရောက်သွားသည့်အခါ မိန်းကလေးက ရောက်နှင့်နေပြီဖြစ်သည်။ ကော်ဖီဆိုင်၏နေရာသည် တော်တော်ပင် သိုသိုသိပ်သိပ်ရှိသည်။ ကော်ဖီဆိုင်၏အပြင်၌ စာအုပ်ဆိုင်တစ်ဆိုင်ရှိ၍ ကော်ဖီဆိုင်သည်လည်း အခန်းငယ်လေးများဖြင့်ကာရံထားသည်။ မိန်းကလေးသည် အတွင်းအကျဆုံးအခန်းလေးကို သေချာရွေးချယ်၍နေရာယူထားသည်။ အလွန်သတိရှိပါပေသည်။
ထန်ချောင်းချောင်းကို မိန်းကလေးမြင်သောအခါ အနည်းငယ် ရှိူးတိုးရှန့်တန့် ဖြစ်နေပုံရသည်။
"အစ်မ ဘာသောက်ချင်မှန်းမသိလို့ ကျွန်မ ဘာမှ မမှာရသေးဘူး..."
ထန်ချောင်းချောင်းက ပြုံး၍ ပြောလိုက်သသည်။
"ညီမ သောက်နေကျဟာကိုပဲ မှာလိုက်ပါ..."
ထန်ချောင်းချောင်း၏ နှစ်လိုဖွယ်ကောင်းသော အပြုံးနှင့် အမူအယာတို့ကြောင့် မိန်းကလေးသည် အတော်ပင် သက်တောင့်သက်သာဖြစ်သွားသည်။
ထန်ချောင်းချောင်းသည် ကော်ဖီကို ညင်သာစွာ မွှေလိုက်ရာ မီးဖုတ်သကြားနံ့ပြင်းပြင်းက အခန်းလေးထဲ၌ ပြည့်သွားသည်။ သူမ သည် ဘာစကားမှမပြောပဲ အရှေ့မှ မိန်းကလေး စကားစပြောလာမည်ကိုသာ စောင့်နေလိုက်သည်။
မိန်းကလေးသည် ခဏမျှတိတ်ဆိတ်နေပြီးမှ ခပ်ဖြည်းဖြည်းပြောလိုက်သည်။
"ညီမ တောင်းပန်ပါတယ်...မနေ့က ညီမ လိမ်လိုက်မိတာ...အဲ့ဒီလူက တကယ်ပဲ ညီမ အင်္ကျီလဲတာကို ချောင်းကြည့်နေခဲ့တာ..."
သူမသည် ထိုစကားများကို ခက်ခဲစွာထုတ်ပြောလိုက်ရသော်လည်း ပြောပြီးသောအခါ နေသာထိုင်သာရှိသွားသည်။
ထန်ချောင်းချောင်းက မေးလိုက်သည်။
"ဒါဆိုရင် ဘာဖြစ်လို့ မနေ့က ဘာမှမပြောတာလဲ..."
"ညီမ မပြောချင်လို့မဟုတ်ပါဘူး...မပြောရဲလို့ပါ..."
မိန်းကလေး၏ပုံက ခါးသီးနေသည့်ပုံပေါ်သည်။
မိန်းကလေး၏နာမည်သည် ရှောင်ဝေ့ ဖြစ်၍ အသက် ၂၀ သာ ရှိသေးသည်။ သူမသည် အနုပညာကျောင်းမှ ဆင်းကာစဖြစ်၍ အင်တာနက်ပေါ်၌ ပစ္စည်းများရောင်းနေရာမှ ကုမ္ပဏီက စင်တင်ပေးရန် ခေါ်လာခြင်းဖြစ်သည်။
ကုမ္ပဏီသို့ ဝင်ရောက်လာသောအခါ ရှောင်ဝေ့သည် တဏှာရူးထိပ်ပြောင် ကုန်းတုံ၏ စီမံမှုလက်အောက်သို့ရောက်သွားရသည်။ ထိုအချိန်မှစ၍ ရှောင်ဝေ့၏ဘဝသည် အိပ်မက်ဆိုးသဖွယ် ဖြစ်လာရတော့သည်။
ထိုအေးဂျင့်သည် အသိုင်းအဝိုင်းထဲ၌လည်း နောက်ခံတောင့်တောင့်တင်းတင်းရှိသည်။ ရှောင်ဝေ့တို့အဖွဲ့ကို တရုတ်၌ နံပါတ် ၁ အဖွဲ့ဖြစ်လာစေရန်လုပ်ပေးမည် ဟုပြောသော်လည်း သူ၏ လုပ်ဆောင်ချက်များက အောက်တန်းစားဆန်သည်။ အဖွဲ့မှ မိန်းကလေးများအားလုံးကို ဖော်ချွတ်ခိုင်းရုံမျှမက မကောင်းသောဗီဒီယိုအချို့ကိုလည်း ရိုက်ရန် စီစဉ်ပေးသေးသည်။
မကြာသေးမီက ရှောင်ဝေ့တို့အဖွဲ့သည် စွမ်းရည်ပြပွဲတစ်ခု၌ ပါဝင်၍ အနည်းငယ် လူသိများလာကြသောအခါ ကုန်းတုံသည် သူ၏စီမံမှုများက အသုံးဝင်သည်ဟု အထင်ရောက်ကာ ရှောင်ဝေ့တို့ကို ပို၍ ချုပ်ကိုင်လာသည်။ ကုန်းတုံသည် မိန်းကလေးများကို ရင်ဟိုက်အင်္ကျီများ ဝတ်စေ၍ပေါင်များကိုလည်း ဖော်ထားစေသည်။
ရှောင်ဝေ့သည် ထိုအဖွဲ့သို့ ဝင်ရောက်သည့်အချိန်မှစ၍ ဒူးဖုံးသော စကတ်နှင့် ဘောင်းဘီများကို မဝတ်ရတော့ချေ။
ရှောင်ဝေ့၏ပြောပြချက်များကို နားထောင်၍ ထန်ချောင်းချောင်းသည် ကော်ဖီဇွန်းကို ပို၍ တင်းကျပ်စွာ ကိုင်လိုက်သည်။ ထို ထိပ်ပြောင်ကို အလွန်ပြင်းထန်စွာ ရိုက်နှက်ချင်စိတ်များ တဖွားဖွားပေါ်နေတော့သည်။
"ညီမတို့ထဲက ဘယ်သူကမှ ဘာမှပြန်မလုပ်ကြဘူးလား..."
ထန်ချောင်းချောင်းက အရေးကြီးသောမေးခွန်းကို မေးလိုက်သည်။
ရှောင်ဝေ့သည် ပြောရင်းဖြင့် ရှိုက်ငိုနေပြီဖြစ်သည်။
"ညီမတို့ မလုပ်ချင်လို့မဟုတ်ပါဘူး...ဒါပေမယ့် သူက..."
ရှောင်ဝေ့က ခဏရပ်ပြီးမှ ဆက်ပြောလိုက်သည်။
"သူက ညီမတို့ အဆောင်မှာ လျှို့ဝှက်ကင်မရာ တပ်ထားပြီး ညီမတို့ရဲ့ ဓာတ်ပုံတွေ အများကြီးရိုက်ထားတယ်..."
"တစ်ယောက်ယောက်က သူပြောတာကို အာခံတာတို့ စာချုပ်ကို ရပ်ဆိုင်းတာတို့ လုပ်မယ်ဆိုရင် ညီမတို့ကို ဓာတ်ပုံတွေနဲ့ ခြိမ်းခြောက်ရော...အဲ့ဒီပုံတွေကို အင်တာနက်ပေါ်တင်ပစ်ပြီး လူတိုင်းက ညီမတို့ရဲ့ ဝတ်လစ်စားလစ်ပုံတွေကို မြင်သွားမယ်ဆိုပြီးပြောတယ်...အဲ့ဒီလိုလုပ်တာက ကုမ္ပဏီရဲ့ မမြင်ရတဲ့စည်းကမ်းလိုဖြစ်နေတာ...သူဌေးကလည်း ဘာမှ မမြင်ချင် မကြားချင်ယောင်ဆောင်နေတယ်လေ..."
"တိရစ္ဆာန်တွေပဲ..."
ထန်ချောင်းချောင်း အံကြိတ်ထားသည့်ကြားမှ ဆဲဆိုလိုက်မိသည်။
Xxxxxxx