အပိုင်း ၁၀၈
Viewers 24k

Chapter 108

အဆင်သင့်ကူညီမည့်သူ


"တိရစ္ဆာန်တွေပဲ..."


ထန်ချောင်းချောင်းသည် အံကြိတ်ထားသည့်ကြားမှ ဆဲဆိုလိုက်မိသည်။


"ညီမတို့ ရဲကိုအကြောင်းကြားဖို့လည်း စဉ်းစားဖူးပါတယ်...ဒါပေမယ့် အဲ့ဒီဓာတ်ပုံတွေကို တစ်နေရာရာမှာ သိမ်းထားမှာကြောက်လို့...ကုမ္ပဏီနဲ့ စာချုပ်ကို ရပ်ဆိုင်းမယ်ဆိုရင်လည်း ငွေတွေအများကြီးလျော်ရမှာ...အဖွဲ့ထဲက မိန်းကလေးအများစုက သာမန်မိသားစုတွေကပဲ လာကြတာဆိုတော့ တော်တော်များများက မလျော်နိုင်ကြဘူး...အဲ့ဒါကြောင့်..."


ထန်ချောင်းချောင်း: "အဲ့ဒါကြောင့် ညီမတို့က သည်းခံနေရတာပေါ့...ညီမအဝတ်လဲတာကို ချောင်းကြည့်တာကိုတောင် ဘာမှပြန်မပြောနိုင်လောက်တဲ့အထိတောင်မှလေ..."


"တကယ်တော့..."


ရှောင်ဝေ့က ရှက်ရွံ့စွာဖြင့် ခေါင်းကိုငုံ့လိုက်သည်။


"ညီမတို့က ဒီရှိုးပွဲပြီးတဲ့အထိ စောင့်မလို့လုပ်ထားတာ...ညီမတို့သာ တကယ်နာမည်ကြီးလာရင် ပိုက်ဆံပိုများများရနိုင်မယ်လေ...အဲ့ဒီအချိန်ကျရင် ကုမ္ပဏီနဲ့ ညှိနှိုင်းတဲ့အခါ ညီမတို့ဘက်က ပိုအားသာမယ်လို့ ထင်ခဲ့လို့ပါ..."


"ညီမတို့က မိုက်မဲတာပဲ..."


ထန်ချောင်းချောင်းက ပြောလိုက်သည်။


"ညီမတို့သာ ပိုနာမည်ကြီးလာရင် သူ့ကို ခွာချဖို့က ပိုခက်သွားမယ်...သူက ကောက်ကျစ်စဉ်းလဲပြီး ညီမတို့ဆီမှာ သွေးစုပ်တဲ့ မျှော့လို တွယ်ကပ်နေတော့မှာ...အချိန်ကြာလေ ပိုပြီး နစ်သသက်နစ်ပြီး သူ့ကို ဖယ်ပစ်ဖို့ အရမ်းခက်သွားမယ်..."


ရှောင်ဝေ့က ခါးသီးနာကျင်စွာပြောလိုက်သည်။


"ဟုတ်တယ်...အခုတော့လည်း ညီမတို့ သိနေပါပြီ..."


အဖွဲ့ထဲမှ မိန်းကလေးအငယ်လေးအချို့ဆိုလျှင် စိတ်ဓာတ်ကျခြင်းဝေဒနာကို ခံစားနေရပြီဖြစ်သည်။ သူတို့သည် ကိုယ့်ကိုယ်ကိုယ် အန္တရာယ်ပြုနိုင်သည့် အရိပ်အယောင်များပင် ရှိနေကြသည်။


ရှောင်ဝေ့သည်လည်း ဤရွှံ့ဗွက်အိုင်ထဲ၌ ပြန်ဆွဲတင်၍မရ‌နိုင်လောက်အောင် နစ်မြုပ်နေပြီဖြစ်ကာ အရာရာကို လက်မြှောက်အရှုံးပေးလုဆဲဆဲပင် ဖြစ်နေတော့သည်။ ထိုရွံစရာလူက အဝတ်လဲခန်းတံခါးကိုမှီ၍ သူမ အား ချောင်းကြည့်သောအခါ ရှောင်ဝေ့၏နှလုံးသားသည် သေဆုံးသွားသကဲ့သို့ ခံစားလိုက်ရသည်။ ‌ရှောင်ဝေ့၏ ခန္ဓာကိုယ်သည် မသန့်စင်ဖြစ်နေခဲ့ရသည်မှာ ကြာပြီမဟုတ်လား။ ထိုလူရှေ့၌ အဝတ်လဲရသည်မှာတော့ အထူးအဆန်းကိစ္စပင် မဟုတ်တော့ပါ။


သို့သော် ထိုကဲ့သို့အတွေးများဝင်‌နေစဉ်မှာပဲ ထန်ချောင်းချောင်းက ပေါ်လာခဲ့သည်။


ထန်ချောင်းချောင်းက သူမ၏ အေးဂျင့်ကို မေးခွန်းများမေးနေသည့်အချိန်တုန်းက ရှောင်ဝေ့သည် အဝတ်လဲခန်းထဲမှ သေချာနားထောင်နေခဲ့သည်။ ထန်ချောင်းချောင်းသည် အချိန်အလွန်ကြာမြင့်ပြီးကာမှ ပထမဆုံး ကူညီရန်ပေါ်လာသည့်လူဖြစ်သည်။ ထိုအချိန်တုန်းက ရှောင်ဝေ့သည် အပြင်သို့ပြေးထွက်ကာ ကိစ္စအားလုံးကို ထန်ချောင်းချောင်းအား ပြောပြလိုက်ချင်စိတ်များ တဖွားဖွားပေါ်နေခဲ့သည်။


သို့သော် အပြင်သို့ ရှောင်ဝေ့ထွက်လာ၍ အေးဂျင့်၏ ခြိမ်းခြောက်သောအကြည့်များနှင့် ရင်ဆိုင်လိုက်ရသည့်အခါ ရှောင်ဝေ့သည် တွန့်ဆုတ်သွား၍ လုံးဝ‌မပြောချင်သည့်အရာများကို ပြောလိုက်ရတော့သည်။


ထန်ချောင်းချောင်း ပြန်ထွက်သွားသည့်အခါ ရှောင်ဝေ့သည် အလွန်စိတ်ညစ်သွားရသည်။ သို့သော် ထန်ချောင်ချောင်းပြောသွားသည့် "ကိစ္စတွေက လွယ်လွယ်နဲ့ပြီးသွားမှာမဟုတ်ဘူး..." ဆိုသည့်စကားကို ကြားလိုက်ရ‌သောအခါ မျှော်လင့်ချက်များက ပြန်တောက်ပလာပြန်ရသည်။ ထို့ကြောင့် ရိုက်ကူးရေးပြီးသောအခါ ထန်ချောင်းချောင်းအား စာရွက်ပေးလိုက်ခြင်းဖြစ်သည်။


တကယ်တော့ ထန်ချောင်းချောင်းက သူတို့ကို ကူညီနိုင်မည် မကူညီနိုင်မည်ကို ရှောင်ဝေ့မသိပါ။ သို့သော် သူမသည် ရွှံ့နွံထဲ နစ်နေပြီဖြစ်၍ ကောက်ရိုးတစ်မျှင်ကိုတောင်ပင် ဆွဲမိမည်ဖြစ်သောကြောင့် ဘယ်သူ့ကိုပဲဖြစ်ဖြစ် အားကိုးမိမည်သာဖြစ်သည်။


"အစ်မကို အခု ဒီအကြောင်းတွေပြောပြ‌နေတာ ညီမ တကယ်သည်းမခံနိုင်‌တော့လို့ပါ..."


ရှောင်ဝေ့သည် နီရဲသောမျက်လုံးများဖြင့် ပြောလိုက်သည်။


"အဲ့ဒီ တိရစ္ဆာန်ကောင်ကို သူနဲ့တန်တဲ့အပြစ်မျိုး ပြန်ခံစားစေချင်တယ်..."


"ညီမတစ်ယောက်တည်း ခံနေရတာဆိုရင်တောင် တော်ပါသေးတယ်...ဒါပေမယ့် အဖွဲ့ထဲက တခြားညီအစ်မတွေ...တချို့ညီမလေးတွေဆိုရင် အသက်တောင်မပြည့်ကြသေးဘူး...သူတို့ရဲ့ဘဝတွေကတော့ ဒီလိုမပျက်စီးသင့်ဘူး..."


ရှောင်ဝေ့ပြောသည်ကို ကြားပြီးသောအခါ ထန်ချောင်းချောင်းသည် အလွန်ဒေါသထွက်လွန်း၍ ခံပြင်းမှုများဖြင့်ပြည့်နှက်ကာ စားပွဲကို ရိုက်ချလိုက်သည်။


"ညီမ ဘာမှမကြောက်နဲ့...အစ်မ ကူညီမယ်..."


"ကျေးဇူးတင်ပါတယ် အစ်မရယ်..."


ထိုစကားများကို ရှောင်ဝေ့ကြားသောအခါ ရုတ်တရက် ငိုချလိုက်မိသည်။


ထန်ချောင်းချောင်းက ရှောင်ဝေ့၏လက်ကိုပွတ်ကာ နှစ်သိမ့်လိုက်သည်။ ခဏနေမှ မေးလိုက်သည်။


"အခု အကြီးဆုံးပြဿနာက အဲ့ဒီတိရစ္ဆာန် ဓာတ်ပုံတွေကို ဘယ်မှာဖွက်ထားလဲဆိုတာ မသိရတာပဲ...ကော်ပီတွေကူးထားလားလဲ မသိဘူး..."


"သူက အဲ့ဒါတွေနဲ့ပတ်သတ်ရင် သတိတော့ အရမ်းရှိတယ်...ဒါပေမယ့် သူ့ရုံးခန်းထဲက ကွန်ပြူတာမှာ ဖွက်ထားတယ်လို့ ညီမတို့ ထင်တာပဲ...အဲ့ဒီကွန်ပြူတာထဲမှာ လျှို့ဝှက်စာနဲ့ ဖိုင်တွေရှိတယ်...အဲ့ဒါတွေကို ညီမတို့ဖွင့်လို့မရဘူး..."


ရုံးကကွန်ပြူတာမှာ ဖွက်ထားသည်တဲ့လား။ ထိုလူသည် အလွန်ပင်သတ္တိရှိနေသည်ပေါ့။ မဟုတ်ချေ။ သတ္တိရှိသည်ထက် စိတ်ကြီးဝင်နေသည်ဆိုလျှင် ပိုမှန်ပါလိမ့်မည်။


ထန်ချောင်းချောင်း၏ ခန္ဓာကိုယ်သည် ကြီးမားသော သံယောက်ချိုကြီးဖြစ်ခဲ့သော်လည်း ဒီလောကကို ရောက်လာပြီးတည်းက ရှုပ်ထွေးသော အနုပညာအသိုင်းအဝိုင်းတွင် ကျင်လည်ခဲ့ရသည်။ ထို့ကြောင့် သူမ၏ အပြုအမူသည် ယခင်ကလောက်တော့ တဇွတ်ထိုးမဆန်တော့ချေ။


ရှောင်ဝေ့ကို ကူညီမည်ဟု ပြောလိုက်သောကြောင့် ထန်ချောင်းချောင်းသည် ထိပ်ပြောင်လူလည်း သူနှင့်တန်သည့် အပြစ်ရကာ အဖွဲ့မှ မိန်းကလေးများလည်း အထိအခိုက်အနည်းဆုံးဖြစ်စေမည့် တစ်ချက်ခုတ်လျှင် အကုန်ပြတ်မည့် နည်းလမ်းကို စဉ်းစားရတော့သည်။


ထန်ချောင်းချောင်းသည် အချိန်အနည်းငယ် စဉ်းစား၍ပြောလိုက်သည်။


"အခုတော့ ဘာမှမလုပ်နဲ့ဦး...အစ်မ နည်းလမ်းတစ်ခုခုစဉ်းစားပြီးတဲ့အထိ ခဏစောင့်...ဒါပေမယ့် ကြားထဲမှာ ကိုယ့်ဟာကိုယ်လည်း ဂရုစိုက်ဦးနော်...အဲ့ဒီလူ တစ်ခုခုထပ်လုပ်ရင် အစ်မကို ချက်ချင်းဆက်သွယ်လိုက်..."


ထန်ချောင်းချောင်းသည် ရှောင်ဝေ့အား ဆက်သွယ်ရန် ဖုန်းနံပါတ်များပေး၍ မခွဲခွာခင်တွင် စကားအနည်းငယ် ပြောဆိုနေကြသေးသည်။


စံအိမ်သို့ ထန်ချောင်းချောင်းပြန်ရောက်လာသောအခါ ရှန်းယွဲ့သည် ‌ခြေထောက်၌ ကျောက်ပတ်တီးကြီးဖြင့် ခြံထဲမှ ဟင်းသီးဟင်းရွက်များကို ရေလောင်းနေသည်။


"အမေရော..."


ထန်ချောင်းချောင်းပြန်ရောက်လာသောအခါ အဖွားအို၏ နွေးထွေးပျော်ရွှင်စွာ ဆီးကြိုသောအသံကို မကြားရသောကြောင့် အနည်းငယ် စိတ်ပူသွားကြသည်။


ရှန်း‌ယွဲ့သည် ထန်ချောင်းချောင်း၏ အားမစိုက်ရပဲ ပါးစပ်မှ အလိုလိုထွက်လာသည့် "အမေ"ဆိုသော ခေါ်သံကို သဘောကျကာ ပြုံးလိုက်သည်။


"အမေက သူ့သူငယ်ချင်းတွေနဲ့ အလှပြင်ဆိုင်သွားတယ်..."


ထန်ချောင်းချောင်း အိမ်၌မရှိသောအခါ မဒမ်ရှန်းသည် သူ့သားကို ပြုစုရန် အလွန်ပျင်းနေမိသည်။ ထို့ကြောင့် ရှန်းယွဲ့သည် မရေတွက်နိုင်သော အကြိမ်မြောက်အဖြစ် သူသည် အမေ့၏ သားအစစ်မှဟုတ်ပါရဲ့လား ဟု သံသယဝင်မိရပြန်သည်။


ရှန်းယွဲ့က ပြောလိုက်သည်။


"ငါ မင်းရဲ့ လက်ထောက်ကို မေးကြည့်တော့ ဒီနေ့ ဘာအလုပ်မှမရှိဘူးပြောတယ်...တစ်နေကုန် ဘယ်ရောက်နေတာလဲ..."


ထိုအကြောင်းကို‌ကြားသောအခါ ထန်ချောင်းချောင်း သက်ပြင်းချလိုက်ပြန်သည်။


"ကျွန်မ ပြဿနာတစ်ခု ကြုံနေရလို့..."


ရှန်းယွဲ့သည် မျက်ခုံးများကို ပင့်လိုက်သည်။


"ထန်ချောင်းချောင်း မဖြေရှင်းနိုင်တဲ့ ပြဿနာဆိုတာ ရှိသေးတယ်ပေါ့ ဟုတ်လား...ငါက မင်းကို Superwoman ထင်နေတာ..."


ထန်ချောင်းချောင်းသည် မီးဖိုထဲ၌ အလွန်တော်ကာ လူဆိုးများကိုလည်း အပြတ်ကိုင်တွယ်နိုင်သည်။ သူမလို လူမျိုးကမှ Superwoman မဖြစ်လျှင် မည်သူဖြစ်မည်နည်း။


"ကျွန်မ နောက်နေတာမဟုတ်ဘူး..."


ထန်ချောင်းချောင်းက မျက်နှာတည်တည်ဖြင့် ပြောလိုက်သည်။


"အခုတစ်ခေါက်က မိန်းကလေးတွေအများကြီးရဲ့ အနာဂတ်နဲ့ သက်ဆိုင်နေတာ..."


ထန်ချောင်းချောင်းက လေးနက်စွာပြောနေသည်ကိုမြင်သောအခါ ရှန်းယွဲ့ မျက်နှာထားကို ပြင်၍ ပြောလိုက်သည်။


"ဘာပြဿနာမို့လို့လဲ...ငါ့ကိုပြောပြလေ..."


ထို့ကြောင့် ထန်ချောင်းချောင်းသည် ရှောင်ဝေ့ဆီမှ ကြားခဲ့ရသည်များကို ရှန်းယွဲ့အား ပြန်ပြောပြလိုက်သည်။


အလုံးစုံနားထောင်ပြီးသောအခါ ရှန်းယွဲ့ မျက်မှောင်ကြုတ်လိုက်သည်။


"ဒါ တရားမဝင်တာပဲ...မင်း ရဲကိုသွားတိုင်သင့်တယ်..."


"မဖြစ်ဘူး...အဲ့လိုသာလုပ်လို့ရမယ်ဆိုရင် ရှောင်ဝေ့တို့က အစောကြီးထဲက တိုင်မှာပေါ့...အခုက ဟိုတိရစ္ဆာန်က ဓာတ်ပုံတွေရိုက်ထားပြီး ဘယ်မှာဖွက်ထားတယ်ဆိုတာ ကျွန်မ မသိရတာပဲ..."


ထန်ချောင်းချောင်းက စိတ်ညစ်စွာပြောနေသည်။


"တခြားနည်းလမ်းမရှိရင်တော့ အဲ့ဒီကောင်ကို အမှန်ကိုမပြောမချင်း ကြိုးတုပ်ပြီး ထိုးရမှာပဲ..."


"ရပါတယ်...အဲ့ဒီမိန်းကလေးတွေကို ကူညီရမယ့်အချိန်ရောက်ရင် မင်းစိတ်ကြိုက် လုပ်လို့ရတယ်..."


ရှန်းယွဲ့ကပြောလိုက်သည်။


ထန်ချောင်းချောင်းက ဒေါသတကြီးနှင့် ပြောလိုက်သည်။


"အဲ့ဒီလူကိုမရိုက်ရရင် ကျွန်မရဲ့ အမုန်းတွေကို နားလည်နိုင်မှာမဟုတ်ဘူး..."


"အဲ့ဒီလူရဲ့ ကွန်ပြူတာထဲကို ခိုးဝင်ပြီး ဘာတွေဖွက်ထားလဲဆိုတာ ကြည့်လို့ရမယ့် လူတစ်ယောက်လောက် ရှာနိုင်ရင် အရမ်းကောင်းမှာပဲ..."


ထန်ချောင်းချောင်းက ပြောလိုက်သည်။


"ဟုတ်တယ်...ကျွန်မမှာ ဖန်တွေအများကြီးရှိတာပဲ...သူတို့ထဲမှာ ကွန်ပြူတာအရမ်းကျွမ်းကျင်သူတွေ ပါရင်ပါနေမှာ...ကျွန်မ မေးကြည့်ရမယ်..."


ထန်ချောင်းချောင်း၏ ဦးနှောက်က အလင်းပွင့်သွားသည်။


ရှန်းယွဲ့သည် သူ၏ဖြစ်တည်မှုကို ထန်ချောင်းချောင်းအား သတိပေးရန် ချောင်းတစ်ချက်ဆိုးပြလိုက်သည်။


သို့သော် ထန်ချောင်းချောင်းကတော့ ရှန်းယွဲ့ ဘာပြောချင်မှန်း နားမလည်ပါချေ။


"ရှင် နေမကောင်းဘူးလား...ရာသီဥတုကအေးနေပြီ...အနွေးထည်လေး ဘာလေး ဝတ်ထားသင့်တယ်..."


ရှန်းယွဲ့က စိတ်တိုလာသည်။


"အဆင်သင့်ကူညီပေးမယ့်လူတစ်ယောက်လုံး ဒီမှာရှိနေတယ်လေ...မင်းမမြင်ဘူးလား..."


ထန်ချောင်းချောင်းက အံ့ဩတကြီးမေးလိုက်သည်။


"ဘယ်မှာလဲ..."


ရှန်းယွဲ့သည် သူ့ကိုယ်သူ လက်ညှိုးထိုးပြလိုက်သည်။


"ငါလေ..."


"ရှင်က ကွန်ပြူတာကျွမ်းကျင်သူလား..."


ထန်ချောင်းချောင်းက ရှန်းယွဲ့၏တစ်ကိုယ်လုံးကို ခြုံကြည့်လိုက်သည်။


"အဲ့ဒီလို ပုံစံနဲ့လည်းမတူဘူး..."


ထန်ချောင်းချောင်း၏ စိတ်ကူးထဲမှ hacker သည် ဤကဲ့သို့ပုံစံမျိုးမဟုတ်ချေ။


ရှန်းယွဲ့က စိတ်တိုတိုနှင့် ပြောလိုက်သည်။


"ဘယ်သူကရော ငါက hacker လို့ပြောနေလို့လဲ..."


"ဒါဆို ရှင်ဘာတွေပြောနေတာလဲ..."


"ငါ့လက်အောက်မှ ထိပ်တန်း hacker တစ်ယောက်ရှိတယ်လေ..."


ရှန်းယွဲ့က ပြောလိုက်သည်။


"တကယ်လား..."


ထန်ချောင်းချောင်း အလွန်အံ့ဩသွားသည်။


ရှန်းယွဲ့: "ငါက မဟုတ်တာ ပြောမလား..."


"ဒါဆိုလည်း ဘာဖြစ်လို့ စောစောစီးစီးမပြောတာလဲ...ကျွန်မမှာတော့ အကြာကြီး ထိုင်စဉ်းစားနေရတာ...ကျွန်မရဲ့ ဦးနှောက်ဆဲလ်တွေ ဘယ်လောက်တောင် သေကုန်ပြီလဲမသိဘူး..."


ထန်ချောင်းချောင်းက ညည်းညူလိုက်သည်။


ရှန်းယွဲ့: "မင်းက မပြောပြပဲ ငါက ဘယ်လိုလုပ်သိမလဲ..."


ထန်ချောင်းချောင်းက မေးလိုက်သည်။


"ဒါဆိုလည်း သူ့ကို မြန်မြန်ခိုင်းလိုက်ပါ...ဒီကိစ္စကို မြန်မြန်ဖြေရှင်းနိုင်လေ ကောင်းလေပဲ...မဟုတ်ရင် ဟိုတိရစ္ဆာန်က ကောင်မလေးတွေကို ဘာတွေယုတ်မာဦးမလဲ မသိနိုင်ဘူး..."


ရှန်းယွဲ့က ဖုန်းကို လှုပ်ပြလိုက်သည်။


"ပြောပြီးသွားပြီ..."


"အခုတည်းက ပြောလိုက်ပြီလား..."


ထန်ချောင်းချောင်းက အလျင်အမြန်မေးလိုက်သည်။


"ရှင့်ရဲ့ ကွန်ပြူတာကျွမ်းကျင်သူက စိတ်ချရရဲ့လား...သေချာရော ရှင်းပြထားရဲ့လား...ရှင်ကိုယ်တိုင် စစ်ဆေးပြီး ကောင်မလေးတွေကို ကာကွယ်ပေးပါနော်...သူတို့ရဲ့ ဓာတ်ပုံတွေကို ပြင်ပကို လုံးဝပေါက်ကြားသွားလို့မဖြစ်ဘူး..."


ရှန်းယွဲ့က ခပ်တည်တည်ပင် ပြန်ပြောလိုက်သည်။


"ငါ့ရဲ့လူက လုံးဝ ယုံကြည်စိတ်ချရတယ်...ဒီကိစ္စက ဘာပြဿနာမှမရှိပဲ ပြီးသွားလိမ့်မယ်..."


ထန်ချောင်းချောင်းသည် ရှန်းယွဲ့၏တည်ငြိမ်သော မျက်လုံးများကို ကြည့်ကာ စိတ်အေးသွားသော သက်ပြင်းချလိုက်သည်။


"ဒါဆိုရင်တော့ ကျွန်မ စိတ်ချရပါပြီ..."


"ဪ ဒါနဲ့ ရှင့်ရဲ့ hacker က ဘာစားရတာကြိုက်လဲ...သူက ပိုက်ဆံတော့ မလိုလောက်ဘူးထင်တယ်...သူ့အတွက် အရသာရှိတာ တစ်ခုခုလုပ်ပေးလိုက်မယ်...ဆုကြေးအနေနဲ့ အဲ့ဒါပေးလိုက်ရင် ဘယ်လိုလဲ..."


ထန်ချောင်းချောင်းက ပြောလိုက်သည်။


ရှန်းယွဲ့က ထိုစကားများကြားသောအခါ မျက်မှောင်ကြုတ်သွားသည်။


"အဲ့ဒါက မင်းကို ငါ ရှာပေးထားတဲ့ အကူအညီလေ...သူ့အစား ငါ့ကို ကျေးဇူးတင်သင့်တယ် မဟုတ်ဘူးလား..."


"ရှင်က တကယ့်ကို အရင်းရှင်စိတ်ဓာတ်နဲ့လူပဲ...အရာရာတိုင်းဆီက အကျိုးအမြတ်ပဲလိုချင်နေတယ်...တခြားလူတွေကို ကူညီပေးရတာ ကောင်းကျိုးရတယ်လေ...သူတို့ဆီက‌နေ တစ်ခုခုပြန်ရဖို့ကို မျှော်လင့်မနေသင့်ဘူး..."


ရှန်းယွဲ့က ခပ်ပြတ်ပြတ်ပြောလိုက်သည်။


"ငါက အဲ့ဒီမိန်းကလေးတွေဆီက ဘာမှပြန်တောင်းနေတာမဟုတ်ဘူးလေ...ဒါပေမယ့် မင်းကတော့ ငါ့ကို တစ်ခုခုပေးရမှာပေါ့..."


"ရှင့်နာမည်ကိုပါ တစ်ခါတည်း မကောင်းဆိုးဝါးရှန်း လို့ ပြောင်းလိုက်ပါတော့လား..."


"ရတယ်လေ...ငါမမှုပါဘူး..."


ရှန်းယွဲ့၏ ပုံစံက တည်တည်ငြိမ်ငြိမ်ပင်။


"ကဲ မကောင်းဆိုးဝါးလူကြီးမင်းရှင့် ဒီည ဘာများသုံးဆောင်တော်မူချင်ပါသလဲ..."


ထန်ချောင်းချောင်းက ရိုသေသည့်ပုံဖြင့် ပြောလိုက်သည်။


ရှန်းယွဲ့သည် ပြတင်းပေါက်ကို လှမ်းကြည့်လိုက်သည်။ အပြင်၌ မိုးဖွဲဖွဲလေးရွာနေသည်။


"အခု တဖြည်းဖြည်းနဲ့ အေးသထက်အေးနေပြီ...ငါ ဟော့ပေါ့ စားချင်တယ်...နွေးသွားအောင်..."


ထန်ချောင်းချောင်းက မျက်ခုံးများပင့်ကြည့်လိုက်သည်။


"သေချာရဲ့လား...ရှင့်အမေ ပြန်ရောက်လာလို့ အခန်းထဲမှာ ဟော့ပေါ့နံ့တွေ ရနေရင် ဒေါသထွက်နေဦးမယ်..."


"အမေက အလှပြင်ဆိုင်သွားတာ...ညမိုးချုပ်တဲ့အထိ ပြန်ရောက်ဦးမှာတောင်မဟုတ်ဘူး..."


ရှန်းယွဲ့က ထန်ချောင်းချောင်းအား စိတ်ပူစရာမလို ဟူသည့်ပုံဖြင့် လက်ဝှေ့ယမ်းပြလိုက်သည်။


"ဒါဆို ကောင်းတာပေါ့...တကယ်တော့ ကျွန်မလည်း ဟော့ပေါ့စားချင်နေတာကြာပြီ..."


"ငါ ဝက်ကြွပ်ကြော်လည်း စားချင်တယ်..."


ရှန်းယွဲ့က သူစားချင်သည်ကို ထပ်ပြောလိုက်ပြန်သည်။


မဒမ်ရှန်း၏ ထိတ်လန့်ဖွယ်ကောင်းသော စွပ်ပြုတ်သည် ဤကလေးအား နှိပ်စက်ထားသည် ဟု ထန်ချောင်းချောင်းတွေးမိသောကြောင့် ရှန်းယွဲ့စားချင်သည်ကို လုပ်ပေးလိုက်မည်ဟု စိတ်ကူးလိုက်သည်။ ထို့ကြောင့်  ချက်ချင်းပင် ဟော့ပေါ့ကို စ၍ ချက်ပြုတ်လိုက်တော့သည်။


Xxxxxxx