အပိုင်း ၁၀၉
Viewers 23k

Chapter 109

မဖော်ပြနိုင်သော စည်းမျဉ်းများ


ဝက်ခြေထောက်ရိုးနှင့် ကြက်ရင်ပုံရိုးများကိုပြုတ်ထားသော ဟင်းရည်ပျစ်ပျစ်သည် ပွက်ပွက်ဆူနေပြီဖြစ်၍ ဟော့ပေါ့ဟင်းရည်အဖြစ် စားသုံးနိုင်နေပြီဖြစ်သည်။ သူတို့သည် စားသုံးရန် နှစ်ကန့်ပါသည့် ဟော့ပေါ့အိုးကို ရွေးလိုက်သည်။ တစ်ကန့်၌ ရိုးရိုးဟင်းရည်ထည့်၍ နောက်တစ်ကန့်၌ ဆီနီများဖြင့် အစပ်ဟင်းရည်ကိုထည့်ကာ ထိုအရသာနှစ်မျိုးကို နှစ်သက်သလို ရွေးချယ်စားနိုင်ပေသည်။


လက်လတ်ဆတ်ဆတ်ခူးယူထားသော ဟင်းသီးဟင်းရွက်စိမ်းစိမ်းများကိုလည်း စားပွဲပေါ်၌ ပြင်ဆင်ထားကာ ထန်ချောင်းချောင်းကိုယ်တိုင်လုပ်ထားသော အမဲသားလုံးနှင့် ငါးလုံးများကိုလည်း တင်ထားသည်။ ထိုအသားလုံးများအပြင် ပါးလွှာစွာလှီးထားသော အမဲသားနှင့် ဆိတ်သား၊ အမဲအူကြမ်း၊ ဘဲသွေး၊ ကြက်အူချောင်းများ၊ တို့ဖူးအခြောက်၊ ငါးတို့ဖူး‌လုံး အစရှိသည်တို့ကိုပါ ပြင်ဆင်ထားသည်။


နောက်ဆုံးပြင်ဆင်ရသည်က ရှန်းယွဲ့ စားချင်သည်ပြောထားသည့် ဝက်ကြွပ်ကြော်နှင့် အခြားအရံဟင်းပွဲများဖြစ်သည်။


ဟော့ပေါ့ရည်သည် အငွေ့တထောင်းထောင်းထနေ၍ ပူစပ်၍ ပြင်းထန်သည့်အနံ့က လူများကို ဝမ်းဟာစေသည်။ အရည်ထဲ၌ အရိုးတုံးကြီးများလည်းရှိ၍ အရိုးများထဲမှ ရိုးတွင်းခြင်ဆီသည်လည်း စား၍ကောင်းသည်။ လူများသည် အရိုးများကိုယူကာ ပျစ်နှစ်၍ နူးညံ့သောခြင်ဆီများကို စုပ်စားနိုင်ပေသည်။


ပါးလွှာစွာလှီးထားသော အမဲသားနှင့် ဆိတ်သားလွှာများသည် လိပ်၍ ဟင်းရည်ပူပူထဲ၌ ခဏမျှသာ စိမ်ထားရန်လိုသည်။ အသားများသည် ချက်ချင်းပင် တွန့်လိပ်သွား၍ အနီရဲရဲမှ မီးခိုးညိုရောင်သို့ ပြောင်းသွားတော့သည်။ နှမ်းဆော့စ်သည် ထောင်းထားသောမြေပဲများနှင့် နှမ်းဆီမွှေးရောထားသောကြောင့် အလွန်မွှေးကြိုင်နေသည်။ 


အမဲသားနှင့် ဆိတ်သားကို နှမ်းဆော့စ်ထဲနှစ်လိုက်သောအခါ နှမ်းဆော့စ်ထူထူက နူးညံ့သောအသားကို ဖုံးအုပ်သွားသည်။ ပူလည်းမပူတော့ပဲ ပါးစပ်ထဲ တန်းထည့်နိုင်ကာ ထိုအရသာသည် စားကောင်းသောက်ဖွယ်ဟုခေါ်နိုင်သော အရသာပင်ဖြစ်တော့သည်။


ထန်ချောင်းချောင်းသည် နှမ်းဆီမွှေး၊ ငရုတ်သီးခြောက်နှင့်တရုတ်ငံပြာရည် စသဖြင့် တို့စားရန် ဆော့စ်အမျိုးမျိုးကိုလည်း ပြင်ဆင်ထားသောကြောင့် နှစ်သက်ရာကို တို့စားနိုင်ပေသည်။


အမဲအူကြမ်းသည်လည်း အကြာကြီး ပြုတ်၍မကောင်း‌ပေ။ ဟင်းရည်ထဲ၌ အနည်းငယ်မျှ နှစ်လိုက် မြှောက်လိုက် လုပ်လိုက်လျှင်ပင် စားနိုင်သည်။ အသား၏ အနေအထားကလည်း ဝါး၍အနေတော်ပင်ဖြစ်သည်။


"ဒါက ရှင်စားချင်တဲ့ ဝက်ကြွပ်ကြော်..."


ထန်ချောင်းချောင်းက ရှန်းယွဲ့အတွက် ဝက်ကြွပ်ကြော်တုံးကြီးကို ထည့်ပေးလိုက်သည်။


အသားကြွပ်ကြော်များသည် ဒီတိုင်းလည်း စား၍ရသလို ဟော့ပေါ့ထဲ၌လည်း ထည့်စား၍ရသည်။ အသားများသည် အပြင်အလွှာက ကြွပ်ရွ၍ အတွင်းမှ နူးအိ‌ကာ ဟော့ပေါ့ထဲ ထည့်ပြုတ်လိုက်ပါက အပြင်မှ ကြွပ်သောအခွံက အရသာရှိသော ဟင်းရည်များကို စုပ်ယူ၍ တမူထူးခြားကောင်းမွန်သော အရသာကို ရစေသည်။


"အရသာရှိလိုက်တာ..."


ရှန်းယွဲ့သည် ယနေ့ ဝက်ကြွပ်ကြော်ကို အလွန်အရသာတွေ့နေကာ တစ်ခုယူစားပြီးသည်နှင့် မရပ်နိုင်တော့ချေ။


အမဲသားလုံးနှင့် ငါးလုံးများသည် ဟင်းရည်ထဲ၌ ပေါ်လိုက် မြုပ်လိုက်ဖြစ်နေကြသည်။ အသားလုံးများသည် ဝါးလိုက်လျှင် အထဲမှ အရည်များက စိမ့်ထွက်လာကြသည်။


အသားအမျိုးမျိုးကိုစားပြီးကြသောအခါ အိုးထဲသို့ လတ်ဆတ်သော ဟင်းရွက်မျိုးစုံထည့်၍ အဆီများဖြင့် အီနေသည်ကို ဖြေဖျောက်ကြသည်။ ဟင်းရွက်များသည် ကြွပ်ရွ၍ လတ်ဆတ်လွန်းကြသည်။


ထန်ချောင်းချောင်းနှင့်ရှန်းယွဲ့တို့သည် ဗိုက်များပြည့်တင်းသွားသည်အထိ တက်ကြွစွာ စားသောက်‌လိုက်ကြသည်။


ဤကဲ့သို့ ပျော်ရွှင်မှုမျိုးနှင့် ကြုံရသောအခါ ရှန်းယွဲ့ကဲ့သို့ ဆွေကြီးမျိုးကြီးမှပေါက်ဖွားလာသည့် မြင့်မြတ်သော သားသည်ပင် သူ၏ ဟိတ်ဟန်ကြီးမားသော ပုံစံကို မထိန်းထားနိုင်တော့ချေ။ 


ထန်ချောင်းချောင်းသည် ချိုချဉ်အရသာရှိသော ပျားရည်နှင့်ဂရိပ်ဖရု ဖျော်ရည်ကိုလည်း ပြုလုပ်ထားသေးသည်။


ဟော့ပေါ့စားသုံး‌လျှင် ပျော်ရွှင်သောစိတ်ဖြင့်သာ စားသုံးသင့်ပေသည်။


ရှန်းယွဲ့ထံမှ hacker သည် တကယ်ပင် အံ့ဩစရာကောင်းလှသည်။ နေ့တစ်ဝက်မကြာခင်မှာပင် ထန်ချောင်းချောင်းလိုချင်သည်ကို ရလာတော့သည်။ ရှောင်ဝေ့ တွေးထားသည့်အတိုင်းပင် တိတ်တဆိတ်ရိုက်ကူးထားသော ဗီဒီယိုနှင့် ဓာတ်ပုံများသည် ကုန်းတုံ၏ ရုံးသုံးကွန်ပြူတာထဲ၌ ရှိနေသည်။


ရှန်းယွဲ့၏မိတ်ဆွေသည် ကုန်းတုံ၏ကွန်ပြူတာထဲသို့ မည်သို့ ဝင်ရောက်လိုက်သည်မသိသော်လည်း သူမ လက်ထဲရောက်လာသည့် ပုံများကို ကြည့်လိုက်ရသောအခါ  ကုန်းတုံအား ချက်ချင်းပင် ဆဲဆိုလိုက်မိသည်။


ပုံများမှာ ရှောင်ဝေ့တို့အဖွဲ့၏ပုံများပင်မဟုတ်ပဲ အခြား အမျိုးသမီးအနုပညာရှင်များ၏ ဝတ်လစ်စားလစ်ပုံများပါ အများအပြားပါနေသည်။


တိရစ္ဆာန်ကဲ့သို့လူများထဲမှ အဆိုးရွားဆုံးတိရစ္ဆာန် နှင့် ဆန်ကုန်မြေလေးအမှိုက်ထုပ်ထိပ်ခေါင် ထိုလူသည် အနုပညာလောက၌ နှစ် ၂၀ ကျော်မျှ ကျင်လည်ပြီးဖြစ်သည်။ သူ့ကို ပြင်ပလောကမှလူများက "နာမည်ကြီးမန်နေဂျာ" ဟူ၍ပင်ခေါ်ကြသည်။ စဉ်းစားကြည့်လျှင် အတော်ပင် ရင်နာစရာကောင်းလှသည်။


ထိုဗီဒီယိုနှင့် ဓာတ်ပုံများအပြင် ရှန်းယွဲ့၏မိတ်ဆွေသည် ထိုလူ၏ကွန်ပြူတာထဲ၌ အခြားလူများနှင့် ပြောထားသော စကားများကိုလည်း တွေ့လိုက်ရသည်။ ထိုပြောဆိုထားသော စကားများအရ ထိုရွံစရာလူ၏နောက်ကွယ်တွင် သူ့ကဲ့သို့ပင် အုပ်စုတစ်ခုရှိနေကာ သူတို့အချင်းချင်းသည် သူတို့၏ "သားကောင်" များကိုပင် အချင်းချင်းဝေမျှနေကြသေးသည်။


ထိုပြောထားသောစကားများအရ ကုန်းတုံသည် ထိုပုံနှင့်ဗီဒီယိုများကို ရုံးသုံးကွန်ပြူတာထဲမှာပင် သိမ်းထား၍ အခြားကော်ပီကူးထားခြင်းများမရှိပေ။


ထိုသတင်းကောင်းကြောင့် ထန်ချောင်းချောင်းနှင့် ရှောင်ဝေ့တို့သည် အတူတူ သက်ပြင်းချလိုက်နိုင်ကြသည်။


သက်သေများ လက်ထဲရောက်ပြီးသောအခါ ရှောင်ဝေ့သည် ချက်ချင်းပင် အဖွဲ့မှ အခြားမိန်းကလေးများနှင့်အတူ စာချုပ်ဖျက်သိမ်းသည့်အကြောင်းကို Weibo ၌ တင်လိုက်‌တော့သည်။ သူတို့၏ ဖြေရှင်းစာ၌ မိန်းကလေးများ ပွဲထွက်ပြီးသောအခါ ခံခဲ့ရသော ကုမ္ပဏီ၏ မဖော်ပြနိုင်သည့်စည်းကမ်းမျိုးစုံနှင့် ကုန်းတုံ၏လက်အောက်၌ ခံစားခဲ့ရသော အတွေ့အကြုံများကို ရေးသားထားသည်။ မိန်းကလေးများခံခဲ့ရသော လိင်ပိုင်းဆိုင်ရာ နှောင့်ယှက်စော်ကားမှုများကို တစ်ခုချင်းစီ စာရင်းပြုစု၍ တင်ထားလိုက်သည်။


ရှောင်ဝေ့တို့အဖွဲ့သည် သိပ်နာမည်မကြီးသော်လည်း မကြာသေးမီက စွမ်းရည်ပြပွဲ၌ ပါဝင်ထားသောကြောင့် သူတို့အဖွဲ့ရှိမှန်းတော့ လူများက သိနေကြသည်။ ရှောင်ဝေ့က ရုတ်တရက် စာချုပ်ကို ဖျက်ကာ မဖော်ပြနိုင်သောစည်းမျဉ်းများ၊ လိင်ပိုင်းဆိုင်ရာနှောင့်ယှက်မှုများ နှင့် အခြားအကြောင်းအရာများကို တင်လိုက်သောအခါ ထိုအကြောင်းအရာသည် အင်တာနက်၌ လျင်မြန်စွာပျံ့နှံ့သွားတော့သည်။


【ဘုရားရေ...မယုံနိုင်စရာကောင်းလိုက်တာ...】


【သူတို့ရဲ့ ရပိုင်ခွင့်တွေကို သူတို့ဘာသာကာကွယ်တဲ့ ငါတို့ရဲ့ညီအစ်မတွေကို ငါထောက်ခံတယ်...အဲ့ဒီ အကျင့်ပျက်အေးဂျင့် သေပါစေ...】


【သူဌေးတွေကို အရက်ငှဲ့ပေးရတယ်...စကတ်အတိုလေးတွေဝတ်ရတယ်...အဆောင်မှာလည်း လျှို့ဝှက်ကင်မရာ ခိုးတပ်ထားတာခံရတယ်...ဒါတွေအကုန်လုံးလုပ်တာ ခံနေရတာတောင်မှ အဝတ်လဲတာကို ချောင်းကြည့်ခံနေရသေးတာလား...】


【မကောင်းမှုတွေပဲ...ဒါက အနုပညာကုမ္ပဏီလား မကောင်းတာလုပ်တဲ့အိမ်လား...ဒီလိုနှာဘူးမန်နေဂျာက ဒါတွေကိုလုပ်နေတာ နှစ်ပေါင်းကြာနေပြီပေါ့...】


【ဒီမိန်းကလေးအဖွဲ့ရဲ့ ဗီဒိယိုတွေကို ကြည့်တိုင်း သူတို့ရဲ့ အဝတ်အစားတွေက မတော်တရော်ဖြစ်နေတယ်လို့ ငါထင်မိသားပဲ...ငါက မိန်းကလေးတွေကိုယ်တိုင်က ဖော်ချွတ်ပြ‌ပြီး ဆွဲဆောင်နေတယ်ထင်နေတယ်...တကယ်တော့ အေးဂျင့်က အတင်းခိုင်းနေခဲ့တာပဲ...】


【ဒါက တရားမဝင်ဘူးလေ...ဒီ ညီမလေးတွေ ရဲကိုမြန်မြန်ခေါ်ပြီး သက်သေကို ထိန်းသိမ်းထားခိုင်းသင့်တယ်...】


【ငါဆဲမိတော့မယ်...ဒီလို တဏှာရာဂထတဲ့လူကို ဖျက်ဆီးသင့်တယ်...ဒါမှ တခြားမိန်းကလေးတွေကိုလည်း ဒီလို ထပ်မလုပ်နိုင်မှာ...】


【ငါကြောက်လိုက်တာ...ငါ့ရဲ့ အိုင်ဒေါကလည်း အဲ့ဒီ ကုမ္ပဏီကပဲ...သူလည်း အခုလို အလုပ်ခံနေရရင် ဒုက္ခပါပဲ...】


ရှောင်ဝေ့သည် ကုမ္ပဏီမှလူများနှင့် တစ်ယောက်မှ မတိုင်ပင်ပဲ ‌ဖြေရှင်းစာကို တင်လိုက်သောကြောင့် ကုမ္ပဏီရော ကုန်းတုံရော အလွန်အံ့ဩ၍ ဆွံ့အသွားကြသည်။


အထူးသဖြင့် ကုန်းတုံက ပို၍ အံ့ဩကာ အဖွဲ့ထဲမှ မိန်းကလေးတော်တော်များများကို အလောတကြီး ဖုန်းလှမ်းဆက်သော်လည်း မည်သူမှ ဖုန်းမကိုင်ကြပေ။


"ကောင်မတွေက အပြင်လေး နည်းနည်းထွက်ရတာနဲ့ ငါ့ကို အာခံရဲကြတယ်ပေါ့..."


ကုန်းတုံ အရမ်းတော့ မကြောက်မိပေ။ သူ့လက်ထဲတွင် မိန်းကလေးများ၏ ဓာတ်ပုံ‌များရှိနေသေးသလို သူ၏နောက်ခံများလည်း ရှိနေသေးသည်မဟုတ်လား။


ထို့ကြောင့် netizen များက ကုန်းတုံကို tag တွဲ၍ တုံ့ပြန်ချက်ပေးရန် ပြောသောအခါ ကုန်းတုံသည် Weibo ပေါ်၌ ထိုစွပ်စွဲချက်များအားလုံးသည် လုပ်ကြံထားခြင်းဖြစ်သည်ဟူသော post ကို တင်လိုက်သည်။ ကုန်းတုံ၏ post တွင် မိန်းကလေးအဖွဲ့သည် စွမ်းရည်ပြပွဲ၌ ဝင်ယှဉ်ပြိုင်ရင်းနှင့် ကုမ္ပဏီစာချုပ်ကိုဖျက်ချင်သောကြောင့် လျော်ကြေးမပေးရရန် သူနှင့် ကုမ္ပဏီကို မဟုတ်မမှန်လုပ်ကြံပြောဆိုနေကြခြင်းဖြစ်သည် ဟု ရေးသားထားသည်။


ကုန်းတုံသည် အနုပညာလောက၌ ကျင်လည်ခဲ့သည်မှာ ကြာပြီဖြစ်သည်။ ထို့ကြောင့် သူ့ဘက်က တုံ့ပြန်လာသည်နှင့်တစ်ပြိုင်နက် အတင်းအဖျင်းအကောင့်များ‌သည် ကုန်းတုံဘက်မှနေ၍ အပြိုင်အဆိုင် ကာကွယ်ပြောဆိုပေးနေကြတော့သည်။ ထိုအကောင့်များက ရှောင်ဝေ့နှင့် မိန်းကလေးများသည် မြစ်ကိုဖြတ်ကူး၍ တံတားကိုဖျက်ဆီးခဲ့သော ကျေးဇူးမသိတတ်သူများဟု စွပ်စွဲပြောဆိုကြသည်။


တစ်ချိန်တည်းမှာပင် ကုန်းတုံကလည်း အဖွဲ့ထဲမှ မိန်းကလေးအများစု၏ မကောင်းသတင်းများကို လုပ်ကြံ၍ သတင်းများလွှင့်နေသည်။ မိန်းကလေးများဘက်မှ နေပေးနေသော netizen များသည်ပင် ကုန်းတုံဘက်မှပြောဆိုပေးနေကြသောအကောင့်များကိုတွေ့သောအခါ သဘောထားများပြောင်းလာကြသည်။ ထို့ကြောင့် နှစ်ဖက်သည် တစ်ဖက်နှင့်တစ်ဖက် ရန်ပြိုင်ဖြစ်နေကြတော့သည်။


ထန်ချောင်းချောင်းသည် Weibo ပေါ်မှ ဤကိစ္စကို မျက်ခြေမပြတ်စောင့်ကြည့်နေခဲ့သည်။ အတင်းအဖျင်းအကောင့်များစွာက ကုန်းတုံဘက်မှ ကာကွယ်ပြောဆိုပေးနေကြသည်ကို မြင်သောအခါ ထိုအကောင့်များကို နောက်ကွယ်မှ ချုပ်ကိုင်နေသည်မှာ ကုန်းတုံပင်ဖြစ်မည်ဟု ထန်ချောင်ချောင်းတွေးမိသည်။ ဤခွေးသည် ဘယ်အချိန်၌ရပ်ရမည်ကို မသိသော တိရစ္ဆာန်ပါလား။


ထန်ချောင်းချောင်းသည် ခဏမျှစဉ်းစားပြီးမှ Weibo ပေါ်၌ တင်လိုက်သည်။


"တချို့လူတွေက အခေါင်းကိုမမြင်ရရင် မငိုချင်ကြဘူး...မသေမချင်း တခြားလူတွေရဲ့ မကောင်းသတင်းကို ဖြန့်နေကြဦးမှာပဲ...ငါ့မှာ ဗီဒီယိုရှိတယ်...ဘယ်သူကလိမ်နေလဲဆို ကိုယ့်ဘာသာကိုယ် ကြည့်လိုက်ကြတော့..."


ထန်ချောင်းချောင်းသည် မဂ္ဂဇင်းအတွက် ဓာတ်ပုံရိုက်သည့်နေ့က ဖန့်ယွမ်၏ ဖုန်းနှင့် လျှို့ဝှက်စွာ ရိုက်ကူးထားသော ဗီဒီယိုကို တင်လိုက်သည်။


ဗီဒီယိုထဲတွင် ကုန်းတုံတစ်ယောက် အဝတ်လဲခန်း၏တံခါးကို မှီ၍ ချောင်းကြည့်နေသည်ကို ထင်ရှားစွာမြင်နေရသည်။ ထို့နောက် ခေါင်းပေါ်၌ သစ်သီးခြင်းတောင်းနှင့် ထန်ချောင်းချောင်းက ကုန်းတုံ၏ ပလတ်စတစ်ခုံကို ကန်လိုက်၍ ကုန်းတုံ ကြမ်းပေါ်သို့ပြုတ်ကျသွားသည်ကိုလည်း netizen များ မြင်လိုက်ကြရသည်။ ဤဗီဒီယိုကို မြင်လိုက်ရသောအခါ Weibo ပေါ်၌ ပို၍ပင် ဆူပူထကြွလာကြသည်။


【ဟ...ဒီခွေးသားက တကယ်ပဲ တံခါးကိုမှီပြီး အနုပညာရှင်ကိုချောင်းကြည့်နေတာပဲ...တကယ့်ကို နှာဘူးပါလား...】


【ကြောက်ဖို့ကောင်းလိုက်တာ...သူ့နောက်ကျောကိုပဲ မြင်ရတာတောင် ငါရင်တုန်မိတယ်...အထဲက မိန်းကလေးကတော့ သူမော့ကြည့်လိုက်ပြီး မြင်လိုက်ရမယ့်အရာက သူ့နှလုံးသားကို ဘယ်လောက်တောင် ထိခိုက်သွားစေမှာပါလိမ့်...】


【ဒီမသာကောင်က အနုပညာရှင်ကို အင်္ကျီလိုက်အောင် ရွေးပေးတာပါဆိုပြီ ပါးစပ်ကပြောထွက်သေးတယ်...နင့်အမေကိုပဲသွားပြော...သူဘာပြောပြော ဘယ်သူမှ ယုံမှာမဟုတ်ဘူး...သူ ဘယ်လိုတောင် အရှက်မဲ့နိုင်ရတာလဲ...】


【ဗီဒီယိုထဲက ညီမလေးရဲ့ ကြောက်နေတဲ့ပုံလေးကို မြင်ရတာ ငါတကယ်ကိုစိတ်မကောင်းဘူး...မြို့တော်မှာ ဒီလို အမှိုက်ထုပ်ကောင်တစ်ကောင်ရှိနေတာ မယုံနိုင်စရာပဲ...အဲ့ဒီ ကုန်းတုံကို ငါ့နာမည်အရင်းသုံးပြီး တိုင်ပစ်ဦးမယ်...】


ထန်ချောင်းချောင်း ခုံကို ကန်လိုက်သည်ကို မြင်လိုက်ရသောအခါ netizen များသည် အနည်းငယ် စိတ်အေးသွားကြရသည်။


【ဟားဟားဟားဟား...ထန်ချောင်းချောင်းကတော့ တကယ်ပဲ အောင်မြင်မှုနဲ့ ထိုက်တန်ပါတယ်...ခုံကို တစ်ချက်တည်း ကန်ပစ်လိုက်တာ...အရမ်းမိုက်တာပဲ...】


【ထန်ချောင်းချောင်းကမှ သဘောကောင်းနေသေးတယ်...ငါသာဆိုရင် အဲ့ဒီကောင်ရဲ့ ဟိုနေရာတည့်တည့်ကိုဖြတ်ပြီး တစ်သက်လုံး မိန်းမစိုး လုပ်ခိုင်းလိုက်မှာ...】


【ဒီလိုပဲဖြစ်ရမယ်ကွ...အဲ့ဒီ နှာဘူးရဲ့ မျက်နှာကို မြင်ရတာ ရွံဖို့ကောင်းလိုက်တာ...ဘာမှတောင် ဆက်မစားနိုင်တော့ဘူး...】


【အိုး ငါထင်တာကတော့ အဲ့ဒီနေ့က ထန်ချောင်းချောင်း ဝတ်ထားတဲ့ အဝတ်အစားတွေက ကျပ်နေလို့ ခုံကိုပဲ ကျိုးအောင် ကန်လိုက်နိုင်တာထင်တယ်...】


【တူတူပဲ...အဝတ်အစားကြောင့်သာမဟုတ်ရင် ထန်ချောင်းချောင်းရဲ့ ပုံမှန်ခြေထောက်အားနဲ့ဆိုရင် အဲ့ဒီ တဏှာရူးကောင် ဆေးရုံပေါ် လဲနေတာ ကြာပေါ့...】


【ဒီကိစ္စတွေကို ထုတ်ပြောပေးပြီး ရှောင်ဝေ့ရဲ့ ရပိုင်ခွင့်တွေကို ကာကွယ်ပေးတဲ့အတွက် ထန်ချောင်းချောင်းကို ကျေးဇူးတင်ပါတယ်...】


【သိပ်တော့မဆိုင်ပါဘူး...ဒီအချိန်မှာ လူတွေအားလုံး စိတ်တိုနေကြမယ်ဆိုတာလည်း သိပါတယ်...ဒါပေမယ့် ထန်ချောင်းချောင်းက အဲ့ဒီ ထူးထူးဆန်းဆန်း အဝတ်အစားတွေနဲ့ အရမ်းလှနေတယ်ဆိုတာ ငါဝင်ပြောလို့ရမလား...】


【ဟုတ်တယ်...ချောင်းပေါင် ကင်မရာဘက်ကိုလှည့်လိုက်တုန်းက ခေါင်းပေါ်မှာ သစ်သီးခြင်းတောင်းလေးနဲ့ အရမ်းချစ်ဖို့ကောင်းတာပဲ...သူ့ရဲ့ ကြည်လင်နေတဲ့အသားလေးကလည်း သစ်သီးလိုပဲ အရသာရှိမှာပဲ...】


...


ကုန်းတုံသည် ထန်ချောင်းချောင်းက ထိုနေ့က ဗီဒီယိုကို ထုတ်ပြလိုက်မည်ဟု မထင်ထားချေ။ ထိုအချိန်တုန်းကတော့ ထန်ချောင်းချောင်းက သူ့ခုံကို မကန်ခဲ့ပါ ဟု ငြင်းခဲ့သည်မဟုတ်လား။ သို့သော် ဗီဒီယိုထုတ်ပြလိုက်လျှင်လည်း ကုန်းတုံ မမှုပါ။ အနုပညာရှင်ကောင်မလေး အဝတ်လဲနေသည်ကို သူချောင်းကြည့်နေသော ထင်ရှားသည့်ပုံမရှိချေ။ ထို့ကြောင့် ကုန်းတုံ ဝန်မခံသရွေ့ ဘယ်သူမှ သူ့ကို အရေးယူ၍မရချေ။


ကုန်းတုံသည် ထိုသို့တွေး၍ Weibo ပေါ်၌ အပြင်းအထန် ငြင်းဆိုဆဲရှိနေသည်။ သူသည် ထန်ချောင်းချောင်းတင်ထားသော Post ကိုပင် သွား၍ တုံ့ပြန်လိုက်သေးသည်။


"မင်းက အဲ့နေ့တုန်းကတော့ ခုံကို မင်းကန်တာ မဝန်ခံပဲ အခုမှ ကိုယ့်ပေါင်ကိုယ်လှန်ထောင်းနေပြီပေါ့...အဲ့တော့လည်း ငါက မင်းကို တရားရုံးမှာတွေ့ရုံပေါ့ကွာ...ငါမင်းကို ထိခိုက်ဒဏ်ရာရစေမှု...သိက္ခာကျဆင်းစေမှုနဲ့ တရားစွဲမယ်..."


Xxxxxxxx