Chapter 110
ထန်ချောင်းချောင်းကလည်း လုံးဝမကြောက်ပဲ ပြန်ပြောသည်။
"ရှင့်ကို တရားရုံးမှာတော့တွေ့ရမှာပါ...ဒါပေမယ့် ထောင်ထဲအရင်သွားရမယ့်လူက ရှင်ထင်တယ်နော်...တရားသူကြီးက ရှင့်ကို ထောင်ဘယ်နှနှစ်ချမလဲ ကြည့်ကြသေးတာပေါ့..."
【သူတို့သာ သတ်ပုတ်ကြရင်တော့ ငါ အပြင်မှာမြင်ချင်လိုက်တာ...အရမ်းကြည့်လို့ကောင်းမှာပဲ...】
【ထန်ချောင်းချောင်းက အရမ်းသေချာနေပုံပေါ်တယ်...သူ့မှာ တကယ့်သက်သေတွေ ရှိနေတယ်ထင်တယ်...】
【ထန်ချောင်းချောင်းက တကယ်တော်တာပဲ...သူက ဒီ မိန်းကလေးအဖွဲ့ကို အရင်ကသိတာမှမဟုတ်တာ...မဂ္ဂဇင်းတစ်ခုတည်းမှာ တူတူရိုက်ရင်းနဲ့မှ သိတာ...အဲ့ဒါကိုတောင်မှ သူတို့ကို ထန်ချောင်းချောင်းက အစွမ်းကုန်ကူညီပေးနေတယ်...】
【ငါ ပျော်လွန်းလို့ ငိုတောင်ငိုချင်တယ်...ငါဟာ တကယ်ကိုကောင်းလွန်းတဲ့လူရဲ့ ဖန်ဖြစ်နေတာပဲ...】
ထန်ချောင်းချောင်း၊ ကုန်းတုံနှင့် ရှောင်ဝေ့၏မိန်းကလေးအဖွဲ့တို့သည် အင်တာနက်ပေါ်၌ အပြင်းအထန်တိုက်ခိုက်နေကြတော့သည်။ Weibo ပေါ်မှ သတင်းခေါင်းစီးများသည် သူတို့အကြောင်းများနှင့် အမြဲပြည့်နေသည်။
ထန်ချောင်းချောင်းသာမက ချမ်ချင်း၊ မောက်လီ၊ ဝေ့ရီချီ၊ ဖန့်ထျန် နှင့် အခြားမိတ်ဆွေများစွာကလည်း ထန်ချောင်းချောင်း၏ Weibo post ကို ပြန်တင်ပေးကာ သူတို့၏ ထောက်ပံ့အားပေးမှုကို ပြကြသည်။ ကုန်းတုံ၏လက်အောက်မှ အနုပညာရှင် အများအပြားကပင် ထုတ်ပြောစပြုလာကြသည်။ ဤကိစ္စ၏ဂယက်က ပို၍ပင် ကျယ်ပြန့်လာတော့သည်။
ကုန်းတုံသည် ထန်ချောင်းချောင်းကို ထပ်၍ အပုတ်ချရန် ပြင်ဆင်နေဆဲမှာပင် ကုမ္ပဏီမှသူဌေး၏ ဖုန်းက ဝင်လာခဲ့သည်။
"မင်းဘာတွေလျှောက်လုပ်နေတာလဲ...ကိစ္စသေးသေးလေးကို ဒီလောက်တောင်ကြီးသွားအောင် လုပ်ရလား...ငါ မင်းကို စိတ်ထိန်းဖို့ အမြဲပြောနေတာ...အခုတော့ သွားပြီ...အကုန်လုံးပေါ်ကုန်ပြီ..."
ကုန်းတုံက မကျေမနပ်နှင့် ပြန်ပြောလိုက်သည်။
"သူဌေး ဘာမှမဖြစ်ဘူးလေ...သူတို့မှာ ဘာသက်သေမှ မှမရှိတာ ပြီးတော့ ကျွန်တော်ကလည်း လုံးဝဝန်ခံမှာမဟုတ်ဘူး...မရတဲ့အဆုံး ကျွန်တော် ခဏလောက် အနားယူလိုက်ရုံပေါ့...နည်းနည်းလောက်ကြာမှ လူလုံးပြန်ထွက်ပြရင် အရင်လိုပဲ ပြန်ဖြစ်သွားကြမှာ...ကုမ္ပဏီကို ဘာမှမထိခိုက်ပါဘူး..."
"ချီးပဲ..."
သူဌေးက ဆူလိုက်သည်။
"အခုထိ အခြေအနေကို မင်းနားမလည်သေးဘူးလား ဟမ်...မင်းရဲ့ လျှို့ဝှက်ချက်တွေက ဟိုဘက်ကလူတွေလုပ်လို့ အကုန်ပေါ်ကုန်ပြီ...ပြည်သူ့လုံခြုံရေးဌာနက ငါ့ဆီ ဖုန်းဆက်ပြီးသွားပြီ..."
"မဖြစ်နိုင်တာ..."
ကုန်းတုံသည် ဘာမှမပြောရဲဖြစ်သွားသည်။
"ကျွန်တော့်ပစ္စည်းတွေက လုံခြုံတဲ့နေရာမှာသိမ်းထားတာ...ကျွန်တော့်ရဲ့ကွန်ပြူတာထဲကဟာကို သူတို့ရှာတွေ့နိုင်ဖို့ဆိုတာ လုံးဝမဖြစ်နိုင်ဘူး..."
"မင်း...မင်း...မင်းက ဒီတဏှာထတဲ့အကျင့်ကိုမှ မဖျောက်နိုင်ဖြစ်နေတာကိုး...အခုတော့ ငါ့ကိုပါ ထိခိုက်လာပြီ...မင်း ငါ့ကို ဆွဲချသွားလို့ မဖြစ်ဘူးဆိုတာတော့ ကြိုပြောထားလိုက်မယ်နော်...မင်းကို စစ်ဆေးရင် ငါကဘာမှမသိဘူး ငါနဲ့မဆိုင်ဘူးလို့ပဲ ပြောပါ...ငါ လုံခြုံရင် မင်းကိုပါ တစ်နည်းနည်းနဲ့ ကူညီနိုင်မှာပေါ့..."
ကုန်းတုံသည် ယခုမှပင် သူ့သူဌေးကပင် သူ့ကို ချနင်းတော့မည်ဖြစ်ကြောင်း သတိထားမိလာသည်။ သူသည် အလွန် ထိတ်လန့်သွားရသည်။
တကယ်ပဲ တစ်ခုခု ဖြစ်လာတော့မှာလား...
ကုန်းတုံ ရုံးခန်းထဲသို့ အပြေးသွား၍ လျှို့ဝှက်အကြောင်းအရာများထည့်ထားသော ဖိုင်ကိုဖွင့်ကြည့်လိုက်သောအခါ အထဲမှ အရာအားလုံးသည် ဘာမှမရှိတော့သည်ကို မြင်လိုက်ရသည်။ ထိုဖိုင်ထဲ၌ ပုံတစ်ပုံတည်းသာကျန်နေ၍ ပုံပေါ်၌ ကြီးမားသော အနီရောင်စာလုံးများဖြင့် စာရေးထားသည်။
"ရွံစရာကောင်းတဲ့အမှိုက်ထုပ်ကြီး သေတော့မည်..."
သူ ထိုအရာကိုမြင်၍ ခြေကုန်လက်ပန်းကျသွားသကဲ့သို့ ကုလားထိုင်နောက်မှီကို မှီလိုက်သည်။ Hacker ပါဝင်သည်ကတော့ ထင်ရှားနေပြီဖြစ်သည်။ ကုန်းတုံ၏အချက်အလက်များကို ရှင်းလင်းစွာ ခိုးယူသွားနိုင်သူသည် ထိပ်တန်း hacker ပင် ဖြစ်ချင်ဖြစ်နေနိုင်သည်။ ထိုအရာများသာ ရဲလက်ထဲရောက်သွားပါက သူပြေး၍မလွတ်နိုင်တော့ပြီဖြစ်ကြောင်း ကုန်းတုံနားလည်လိုက်သည်။
သူ ဖုန်းကိုဆွဲယူ၍ ထွက်ပြေးရန်ပြင်နေစဉ်မှာပင် သူ့ကိုဖမ်းရန်ရောက်လာသည့် ရဲများနှင့် တိုးသွားသည်။
"ဒါ ကုန်းတုံပဲ...မင်း ငါတို့နဲ့ လိုက်ခဲ့ရမယ်..."
ကုန်းတုံ မြေပေါ်သို့ ဒူးထောက်လျက်သား ကျသွားတော့သည်။ သူ၏ ကွန်ပြူတာထဲတွင် သူ့ကိုထောင်ထဲ၌ ကြာမြင့်စွာနေရစေမည့် အချက်များ များစွာရှိနေပေသည်။
ရဲများက အလုပ်ကို အလွန်ပင်ကျွမ်းကျင်ကြပေသည်။ ကုန်းတုံကို နေ့တစ်ဝက်ခန့်မေးမြန်းပြီး၍ ထန်ချောင်းချောင်းနှင့် ရှောင်ဝေ့တို့ဆီမှရသော ဗီဒီယို၊ ဓာတ်ပုံနှင့် စကားပြောထားသည့်မှတ်တမ်းများကို အသုံးပြုကာ ကုန်းတုံ၏ အလိမ်အညာများကိုချေဖျက်၍ ကုန်းတုံ၏အုပ်စုမှ လူများအကြောင်းကိုပါ ဖော်ထုတ်လိုက်နိုင်သည်။ ထိုလူအများစုမှာ စီးပွားရေးပညာရှင်ကဲ့သို့ အောင်မြင်နေသည့်လူများဖြစ်ကြသည်။ သို့သော်လည်း ထိုလူများသည် လူသားအရေခြုံထားသော တိရစ္ဆာန်များသာ ဖြစ်ကြပေသည်။
မကြာမီတွင် ရဲများသည် ကုန်းတုံအား ဗီဒီယိုခိုးရိုက်မှု၊ ခြိမ်းခြောက်မှု၊ လိင်ပိုင်းဆိုင်ရာနှောင့်ယှက်စော်ကားမှု၊ အခြားလူများ၏ကိုယ်ပိုင်အချက်အလက်များကို တရားမဝင်ဖြန့်ဖြူးမှု နှင့် ပုဂ္ဂိုလ်ရေးရပိုင်မှုများကို ချိုးဖောက်မှုများနှင့် တရားဝင်ဖမ်းဆီးလိုက်ပြီဖြစ်ကြောင်း ထုတ်ပြန်ကြေငြာလိုက်သည်။ တစ်ချိန်တည်းမှာပင် ကုန်းတုံ၏ကုမ္ပဏီသည်လည်း စစ်ဆေးမေးမြန်းခြင်းခံနေရသည်။
【ငါအရမ်းပျော်တာပဲ...အဲ့ဒီနှာဘူးကြီးကို တစ်သက်လုံး ဖမ်းထားလို့မရဘူးလား...ပြန်ထွက်မလာနဲ့တော့...】
【မြို့တော်က ရဲတွေက တကယ်တော်တာပဲ...ဖမ်းဆီးကြောင်းကို မြန်မြန်ထုတ်ပြန်နိုင်တယ်...ချီးကျူးပါတယ်...ကုမ္ပဏီကိုလည်း စစ်ဆေးပေးရင် ကောင်းမှာပဲ...သူတို့တွေကလည်း ကောင်းတာမဟုတ်ဘူး...】
【ရဲသားဦးလေးကြီးတွေ အိုင်ဒေါအဖွဲ့က ကောင်မလေးတွေကို ကာကွယ်ပေးနိုင်ပါစေ...】
【ထန်ချောင်းချောင်းက ဒီကိစ္စမှာ အရမ်းကြိုးစားပေးတယ်...သူသာ ပထမဆုံးထုတ်မပြောခဲ့ရင် ဒီကိစ္စက ဒီလောက်မြန်မြန်ပြီးသွားမှာ မဟုတ်ဘူး...】
【ငါ သကြားယုန်လေးဖြစ်ရတာ အရမ်းဂုဏ်ယူတယ်...】
ထန်ချောင်းချောင်းဆီသို့ ထိုရဲစခန်း၏ ထုတ်ပြန်ကြေငြာချက်အား ပထမဆုံးပို့သူမှာ ရှောင်ဝေ့ဖြစ်၍ ရင်ထဲမှ လှိုက်လှဲစွာကျေးဇူးတင်ထားသော စာတိုလေးကိုပါ ထည့်ပေးထားသည်။
ထန်ချောင်းချောင်းကတော့ နှိမ့်ချစွာပင် ပြန်ပို့လိုက်သည်။
"အစ်မ ဘာမှ သိပ်မလုပ်လိုက်ရပါဘူး..."
ထိုအဖြစ်အပျက်ကြောင့် မဖော်ပြနိုင်သော စည်းမျဉ်းများ နှင့် နှောင့်ယှက်ခြင်း၊ ဖိနှိပ်ခြင်းခံနေရသော အနုပညာရှင်အများအပြားသည် ဖုံးကွယ်မနေတော့ပဲ ရဲရင့်စွာဖြင့် ထုတ်ပြောလာကြသည်။ ပရိသတ်များသည် အနုပညာရှင်များ၏ စွဲလမ်းမက်မောဖွယ်ရာဘဝများကိုသာ မြင်ခဲ့သော်လည်း ယခုတော့ သူတို့ ချစ်ခင်လေးစားကြရသည့် အနုပညာရှင်များ၏နောက်ကွယ်တွင် ဝမ်းနည်းကြေကွဲဖွယ်ရာများလည်း ရှိနေသေးကို သိလာကြရသည်။
ထိုအချိန်မှစ၍ အနုပညာနယ်ပယ်သည် နှစ်ပေါင်းများစွာဖုံးကွယ်လာသောပြဿနာများကို ဖော်ထုတ်ခြင်း၊ ဖြေရှင်းခြင်းများ ပြုလုပ်လာကြသည်။ နောက်ပိုင်းတွင်တော့ ပိုဖြေရှင်းရမည့် ပြဿနာများရှိလာဦးမည်ဖြစ်သည်။
ဖြစ်ခဲ့သောအဖြစ်အပျက်ကြောင့် ရှောင်ဝေ့နှင့် သူမ၏အဖွဲ့ကို အတွင်းစာမျက်နှာများ၌ ဖော်ပြရန် ဓာတ်ပုံရိုက်ခဲ့သည့် မဂ္ဂဇင်းသည် ဓာတ်ပုံအသစ်များပြန်ရိုက်ရန် ဆုံးဖြတ်ခဲ့သည်။ မဂ္ဂဇင်းသည် ရှောင်ဝေ့တို့နှင့် အတူ ဓာတ်ပုံတွဲရိုက်ရန် ထန်ချောင်းချောင်းကိုပါ ဖိတ်ခေါ်ခဲ့လေသည်။
မဂ္ဂဇင်းသည် မကြာမီမှာပင် ထန်ချောင်းချောင်းပါသည့် ယခုလအတွက် စာစဉ်အတွက် အကြိုရောင်းချမည့် link များ တင်ပေးလိုက်တော့သည်။ မျက်နှာဖုံး၌ ထန်ချောင်းချောင်းသည် ကြီးမားသော ပန်းချီကားဘောင်ထဲ၌ ကျက်သရေရှိသောအပြုံးလေးနှင့် ခပ်စောင်းစောင်းလေးထိုင်နေကာ လွန်ခဲ့သော ရာစုနှစ်မှ မိန်းကလေး၏ ဆီဆေးပန်းချီကားနှင့် တူနေသည်။ ရိုးရှင်း၍ တင့်တယ်လှပနေသည်။
သို့သော် သူမ၏ လက်တစ်ဖက်ကတော့ ပန်းချီကားဘောင်ကိုကျော်ကာ ခေါင်းပေါ်ရှိ သစ်သီးခြင်းထဲမှ သစ်သီးကို လှမ်းနှိုက်နေသည်။ ကျက်သရေရှိနေသော ပုံစံသည် ချက်ချင်းပင် မတော်လျော်သည့်ပုံပေါက်သွားသည်။
ထိုဆန့်ကျင်ဘက်နှစ်ခု၏ပေါင်းစပ်မှုသည် မထင်မှတ်စွာပင် ကောင်းမွန်သော ရလဒ်များရသွားသည်။ ပရိသတ်များစွာက ယခုလထုတ် မဂ္ဂဇင်း၏ မျက်နှာဖုံးသည် အလွန်စိတ်ဝင်စားဖွယ်ကောင်းသည်ဟု ပြောကြသည်။ သစ်သီးဝလံများစွာ ဝိုင်းရံနေသော ထန်ချောင်းချောင်းသည် ပြင်းစွာသော သစ်သီးအငွေ့အသက်များဖြင့် ဖုံးလွှမ်း၍ အလွန်ချစ်စရာကောင်းနေသည်။
သို့သော် အတွင်းစာမျက်နှာများတွင်တော့ မိန်းကလေးအနုပညာရှင်အဖွဲ့နှင့်တွဲရိုက်ထားသော ထန်ချောင်းချောင်း၏ပုံစံသည် မျက်နှာဖုံးမှပုံစံနှင့် လုံးဝကွဲပြားနေတော့သည်။
ရှောင်ဝေ့နှင့် အခြားမိန်းကလေးများသည် နောက်ဆုံးတော့ မူလကုမ္ပဏီနှင့် စာချုပ်ကို လုံးဝဖျက်သိမ်းလိုက်၍ ယခု အခြားနာမည်ကြီး ကုမ္ပဏီတစ်ခုနှင့် စာချုပ်ချုပ်ထားပြီဖြစ်သည်။ သူတို့အား မကောင်းဆိုးဝါး၏လက်ထဲမှ ကယ်ထုတ်ပေးခဲ့သည့်အတွက် မိန်းကလေးများသည် ဓာတ်ပုံရိုက်ရာတွင် ထန်ချောင်းချောင်းကို အလယ်နေရာ၌ အတင်းနေခိုင်းနေကြသည်။
ထန်ချောင်းချောင်းသည် ထိုဓာတ်ပုံများရိုက်ရန်အတွက် အဝတ်အစားများစွာ လဲလှယ်ဝတ်ဆင်ခဲ့သည်။ အနီရောင်ကြိုးသိုင်းဂါဝန်၊ တီရှပ်နှင့် ဘွတ်ဖိနပ် စသည်ဖြင့် လှပသောပုံစံ၊ သက်တောင့်သက်သာရှိသောပုံစံ အမျိုးမျိုးကို ပြောင်းလဲဝတ်ဆင်သည်။ မတူညီသည့် ပုံစံ ၁၈ မျိုးကို ပြောင်းလဲကာ အဝတ်အစားများသည် မိန်းကလေးအဖွဲ့၏ပုံစံနှင့်လည်း အလွန် ကွာခြားမနေပေ။ မသိသောလူများဆိုလျှင် ထန်ချောင်းချောင်းသည် ထိုအဖွဲ့၏ခေါင်းဆောင်ဖြစ်သည်ဟု ထင်နိုင်ပေသည်။
ဖက်ရှင်လောကသည် ထိုဓာတ်ပုံများနှင့်ပတ်သတ်၍ ပွဲဆူသွားတော့သည်။
မဂ္ဂဇင်းထွက်လာသည်နှင့် တပြိုင်နက် အစောင်ရေ နှစ်သောင်းလုံးသည် ချက်ချင်းရောင်းထွက်သွားသည်။ မဂ္ဂဇင်းက အမြန်ပင် ထပ်၍ ပုံနှိပ်ပေးသော်လည်း ထုတ်သမျှ ချက်ချင်းရောင်းထွက်နေသည်။
သကြားယုန်လေးများကတော့ သူတို့၏အိုင်ဒေါ ပထမဆုံးပါဝင်သော မဂ္ဂဇင်းကို အလုအယက်ဝယ်ချင်နေကြသည်မှာ မထူးဆန်းသော်လည်း ယခုတွင်တော့ ထန်ချောင်းချောင်း၏ပရိသတ်မဟုတ်သူများကပါ ဝယ်ချင်နေကြသည်။ ကုန်းတုံ၏မကောင်းမှုများကို ထန်ချောင်းချောင်းနှင့် မိန်းကလေးအဖွဲ့က ဖော်ထုတ်သည့်သတင်းသည် အလွန်နာမည်ကြီးသွား၍ လူအများသည် မဂ္ဂဇင်းကို ဝယ်ယူခြင်းဖြင့် သူတို့၏ ထောက်ခံမှုကို ပြချင်ကြသည်။
နောက်ဆုံးတွင် မဂ္ဂဇင်း၏ရောင်းရအားသည် ထင်ထားသည်ထက် ၁၂ဆခန့် ပိုရောင်းရ၍ အယ်ဒီတာ၏မျက်နှာသည်လည်း ပြုံးပန်းဝေနေတော့သည်။ အခြားမဂ္ဂဇင်းများသည်လည် မနာလိုဖြစ်ကာ အနာဂတ်၌ ထန်ချောင်းချောင်းကိုခေါ်၍ ရိုက်ကူးရန် စီစဉ်နေကြသည်။ ဖက်ရှင်လောကထဲ၌ ထန်ချောင်းချောင်း ပေါက်ရောက်လာသည့်အချိန်မှာပင် တံတောင်ဆစ်မှဒဏ်ရာသည် ပျောက်ကင်းစပြုလာသဖြင့် ထန်ချောင်းချောင်းသည် "ပိုးအိမ်" ရိုက်ကွင်းသို့ပြန်သွားရကာ မနားတမ်းရိုက်ကူးနေရတော့သည်။
ထန်ချောင်းချောင်း သရုပ်ဆောင်ရသော ယုလီသည် ကျေးလက်အိမ်လေး၌ တစ်ရက်ခန့်နေပြီးသောအခါ နေရာတိုင်း၌ မသက်မသာနှင့် ထူးဆန်းမှုများကို ခံစားလာရသည်။
ည၌ ယုလီသည် အိပ်မက်ဆိုးမက်၍လန့်နိုးလာကာ သူမ၏အမျိုးသားက ယောင်ပြီး လမ်းထလျှောက်နေသည်ကို တွေ့လိုက်ရသည်။ သူသည် အိမ်အနောက်ဘက်၌ ပေါက်တူးတစ်ချောင်းဖြင့် တွင်းတစ်ခုကို တူးနေခဲ့သည်။ နောက်တစ်နေ့၌ ထိုတွင်း၏အောက်ခြေ၌ ဘဲအသေကောင်များနှင့် ပြည့်နေသည်ကို ယုလီတွေ့သော်လည်း သူမ၏အမျိုးသားကတော့ လျစ်လျူရှုကာ ယုလီကိုပင် ဘာမဟုတ်သည်ကို ကြောက်လန့်နေသည် ဟူ၍ အပြစ်တင်လိုက်သေးသည်။
ထူးဆန်းသောကိစ္စများက တစ်ခုပြီးတစ်ခုဖြစ်နေရာ ယုလီ သူမ၏အမျိုးသားအပေါ် သံသယဝင်မှုသည် တဖြည်းဖြည်းပို၍ ကြီးထွားလာသည်။
သူသည် အဘယ်ကြောင့်များ ဤကဲ့သို့ လူသူမရှိသည့်နေရာသို့ ယုလီကို ခေါ်လာရပါသနည်း။
ထူးဆန်းသောကိစ္စများလည်း များစွာဖြစ်နေသည်ကို အဘယ်ကြောင့် သူမ၏အမျိုးသားက မထိတ်လန့် မအံ့ဩပဲ နေနေပါသနည်း။
ဤနေရာကို ယုလီ၏အမျိုးသား တစ်ယောက်တည်းသာ သိခြင်းဖြစ်သည်။ ယုလီသည် အိမ်ပြန်လမ်းကိုပင်မသိချေ။ သူမ ဤနေရာ၌ တစ်ခုခုသာ ဖြစ်သွားပါက မည်သူမျှပင် သိလိုက်မည်မဟုတ်ပါ။
ယုလီသည် သူမ၏အမျိုးသားက ဖောက်ပြန်နေသည်ဟု သံသယဝင်လာမိသည်။ ထိုကိစ္စကို ဖုံးကွယ်ချင်၍သာ ဤကဲ့သို့ အပြုအမူများလုပ်၍ ယုလီကို သေဆုံးသည်အထိ ခြောက်လှန့်နေခြင်းဖြစ်သည်ဟု တွေးမိသည်။ ကိစ္စများပြီးသွားပါက ယုလီသည် မတော်တဆမှုနှင့် သေဆုံးသွားသည် ဟု သတင်းလွှင့်လိမ့်မည်။
ယုလီသည် ထွက်ပြေးရန်ကြံစည်သော်လည်း သူမ၏သားက တူတူမလိုက်ချင်ပေ။ သားက သူ့အဖေနှင့်သာနေ၍ ဆော့ချင်နေသည်။ ချစ်စရာကောင်းသောသမီးလေးကသာ ယုလီ ဘယ်သွားသွား လိုက်မည်ဟုဆိုသည်။
သားက သူမနှင့်အတူ မလိုက်ချင်သောအခါ ယုလီ စိတ်ပူလာမိသည်။ ထို့ကြောင့် ထိုအိမ်၌ပင်ဆက်၍နေကာ သူမ၏ယောင်္ကျားက သူမကိုသတ်ရန်ကြိုးစားနေသည်ဟူသော သက်သေများကို ရှာရန်ကြိုးစားတော့သည်။
သို့သော် ထိုဆုံးဖြတ်ချက်က ယုလီ၏ဘဝကို ဇောက်ထိုးမိုးမျှော်ဖြစ်စေခဲ့တော့သည်။
...
ချမ်ဟောင်သည် ထန်ချောင်းချောင်း၏ သရုပ်ဆောင်ချက်ကို မော်နီတာပေါ်၌ ပြန်ကြည့်နေသည်။ စိတ်မူမမှန်ဖြစ်နေသော အမျိုးသမီးအဖြစ် ထန်ချောင်းချောင်း သရုပ်ဆောင်သွားသည်မှာ အပိုအလိုမရှိ ကွက်တိဖြစ်သည်။ ချမ်ဟောင် ကြည့်ရင်းဖြင့် ဇာတ်ကောင်နှင့်ထပ်တူ အနည်းငယ် စိတ်ဓာတ်ကျချင်သလိုဖြစ်သွားသည်။ ဤကဲ့သို့ ကြမ်းတမ်းသော horror ဇာတ်ကားများကိုရိုက်ရာတွင် ယခင်က တစ်ခါမှ ယခုကဲ့သို့ ပြင်းပြသော စိတ်ခံစားမှုမျိုးကို မခံစားရချေ။
ထန်ချောင်းချောင်းက ဤဇာတ်ကောင်ကို ပီပြင်စွာ သရုပ်ဆောင်နေသောကြောင့် ဇာတ်ကောင်၏လွှမ်းမိုးမှုကိုခံရကာ ဇာတ်ကောင်ကို မစွန့်လွှတ်နိုင်ဖြစ်မည်ကို ချမ်ဟောင်စိုးရိမ်နေမိသည်။ သို့သော် ချမ်ဟောင်အတွေးလွန်နေမိခြင်းပါ။ သူ၏ မင်းသမီးသည် သရုပ်ဆောင်သည့်ဇာတ်ရုပ်ကို စက္ကန့်ပိုင်းအတွင်း၌ပင် ခွာချလိုက်နိုင်ပေသည်။
"ဒါရိုက်တာ...အဖွဲ့အတွက် သတင်းသမားတွေရောက်လာပြီ..."
သူ့နားသို့လျှောက်လာသည့် လက်ထောက်က ပြောလိုက်သည်။
ချမ်ဟောင်က မော်နီတာကို ကြည့်နေရာမှ မော့ကြည့်၍ ပြောလိုက်သည်။
"အစောကြီးရောက်လာကြတာပဲ...ချိန်းထားတာက ညနေ ၄ နာရီနောက်ပိုင်းမှမလား..."
လက်ထောက်က ပြောလိုက်သည်။
"သူတို့က ရိုက်ကွင်းအခြေအနေကို များများရိုက်ချင်လို့ စောစောလာတာ လို့ပြောတယ်..."
သူတို့စကားပြောနေစဉ်မှာပင် အမျိုးသမီးသတင်းထောက်၊ ဓာတ်ပုံဆရာနှင့် အခြားအဖွဲ့သားတစ်ယောက်သည် အနားသို့ ရောက်လာ၍ ဒါရိုက်တာအား ဖော်ရွေစွာ နှုတ်ဆက်လိုက်ကြသည်။
ဤရုပ်ရှင်သည် ပြည်တွင်း၌ပြသရန်သာ ထုတ်လုပ်သည့် ရုပ်ရှင်ဖြစ်၍ အရမ်းနာမည်ကြီး၍ ပေါက်မည်မဟုတ်ပေ။ သို့သော် ထန်ချောင်းချောင်းပါဝင်မည်ဟု သိတည်းက ရုပ်ရှင်သည် သိသိသာသာပင် လူအများ၏ စိတ်ဝင်စားခြင်းကို ပိုခံလာရသည်။
ထို့အပြင် မကြာသေးခင်က ဖြစ်ပွားခဲ့သော မြေပြိုမှုကြောင့်လည်း ရုပ်ရှင်က ပို၍ နာမည်ကြီးသွားပြန်သည်။ ရိုက်ကွင်းသို့ ထန်ချောင်းချောင်းပြန်လာပြီ ဟု သတင်းကြားသောအခါ သတင်းအဖွဲ့တစ်ခုသည် ရိုက်ကွင်းသို့ လာရောက်ချင်သည် ဟု သူတို့ဘက်မှ အရင်ကမ်းလှမ်းခဲ့သည်။ သတင်းအဖွဲ့များ လာရောက်ခြင်းသည် ရုပ်ရှင်အား လူသိစေမှု ပိုများစေမည်ဖြစ်သောကြောင့် ရုပ်ရှင်အဖွဲ့ကလည်း မငြင်းဆိုခဲ့ပေ။
Xxcxxxxxxx
...