အပိုင်း ၁၁၁
Viewers 23k

Chapter 111


သတင်းထောက်နှင့် ဒါရိုက်တာတို့ စကားအနည်းငယ်ပြောပြီးသောအခါ သတင်းထောက်သည် ရိုက်ကွင်းကို လှည့်ပတ်ကြည့်၍ မေးလိုက်သည်။


"မင်းသမီး ထန်ချောင်းချောင်းရော ဘယ်ရောက်နေလဲ...ကျွန်မက သူ့ကို အင်တာဗျူးဖို့လာတာ...တိုက်ရိုက်ထုတ်လွှင့်ဖို့ ချန်နယ်တောင် အဆင်သင့်ဖြစ်နေပြီ..."


ချမ်ဟောင်က ခေါင်းကုတ်ကာပြောလိုက်သည်။


"စိတ်မကောင်းဘူးဗျ...မင်းတို့လာတာ စောသွားတယ်...သူအခု ဒီမှာမရှိဘူး..."


"ဘာဖြစ်လို့လဲ...ထန်ချောင်းချောင်းက တခြားအလုပ်ရှိနေလို့လား..."


သတင်းထောက်က မေးလိုက်သည်။


"မဟုတ်ဘူး...မဟုတ်ဘူး...ရွာက ရွာသားတစ်ယောက်က မွေးနေ့ဧည့်ခံပွဲကျင်းပနေတာ...အဲ့ဒါ ထန်ချောင်းချောင်းကို လာဖိတ်သွားလို့...သူသွားတာတောင် သိပ်မကြာသေးဘူး..."


ဒါရိုက်တာ၏ရှင်းပြမှုက သတင်းထောက်နှင့် live ချန်နယ်ထဲမှ netizen များကို ဆွံ့အသွားစေသည်။


【ငါ နားကြားများလွဲနေတာလား...ထန်ချောင်းချောင်းက မွေးနေ့ပွဲအတွက် ရွာကိုသွားတယ်လို့ ဒါရိုက်တာက ပြောလိုက်တာလား...】


【ထန်ချောင်းချောင်းက ရုပ်ရှင်ရိုက်နေတာမဟုတ်ဘူးလား...ဘေးနားက ရွာနဲ့ ဘာဆိုင်လို့လဲ...】


【ဟားဟားဟားဟား...ဒါ ထန်ချောင်းချောင်းရဲ့ပုံစံပဲထင်တယ်...အရင်တစ်ခေါက်ကလည်း ရသစုံရှိုးကိုရိုက်ပြီးတော့ အဲ့နားကရွာက ရွာသားတစ်ယောက်ရဲ့ အိမ်သွားပြီး ပြောင်းဖူးကူရောင်းပေးခဲ့သေးတယ်လေ...ထန်ချောင်းချောင်း မလုပ်နိုင်တာ ဘာမှမရှိဘူးပဲ...】


သတင်းထောက်၏စိတ်သည် လျင်မြန်စွာစဉ်းစားလိုက်၍ ထိုရွာမှ ‌မွေးနေ့ပွဲက ပိုကောင်းသောသတင်းဖြစ်မည် ဟု တွေးကာ စိတ်လှုပ်ရှားစွာပြောလိုက်သည်။


"ဒါရိုက်တာ...အဲ့ဒီပွဲက ဘယ်နားမှာလဲသိလား...ကျွန်မတို့ သွားပြီး ကြည့်လို့ရမလား..."


ချမ်ဟောင်သည် ခဏမျှစဉ်းစားလိုက်၍ လက်ထောက်အား သတင်းထောက်များကို ခေါ်သွားပေးရန် ပြောလိုက်သည်။


သွားရင်းဖြင့် လက်ထောက်ဒါရိုက်တာက ထန်ချောင်းချောင်းကိုဖိတ်ကြားရသည့်အကြောင်းကို ရှင်းပြနေသည်။အကြောင်းရင်းမှာ မြေပြိုစဉ်က ထန်ချောင်းချောင်းကယ်တင်ပေးခဲ့သော လူအများစုမှာ အနီးအနားတောင်များမှ ရွာသားများဖြစ်နေခဲ့သောကြောင့် ဖြစ်သည်။


နောက်ပိုင်းတွင် ထန်ချောင်းချောင်းနှင့် ရိုက်ကူးရေးအဖွဲ့သားများအပေါ် သူတို့၏ ကျေးဇူးတင်မှုကို ပြသနိုင်ရန် ရွာသားများသည် သူတို့စိုက်ပျိုးသည့် အသီးအနှံများကို ရိုက်ကွင်းဆီသို့ ယူဆောင်လာပေးကြသည်။ ထိုသို့ မကြာခဏ လာပို့ပေးပြီးသောအခါ ရွာသားများသည် ရိုက်ကူးရေးအဖွဲ့သားများနှင့် ခင်မင်လာခဲ့ကြသည်။ ရိုက်ကူးရေးအဖွဲ့ကလည်း ရွာမှ အန်တီများကို အရံအနေနှင့် ပါဝင်သရုပ်ဆောင်ရန် ဖိတ်ခေါ်ခဲ့သေးသည်။


ယခု မွေးနေ့ပွဲကျင်းပသော ရွာသားသည် ထန်ချောင်းချောင်းကယ်တင်ပေးခဲ့သော ရွာသားဖြစ်၍ ထန်ချောင်းချောင်းကိုပါ ပွဲသို့တက်ရောက်ရန် ဖိတ်ခေါ်ခဲ့ခြင်းဖြစ်သည်။


ထိုအချိန်၌ ထန်ချောင်းချောင်းကလည်း ဘာမှလုပ်စရာမရှိသည့်အပြင် ရွာကလည်း နီးကပ်သောကြောင့် သဘောတူလိုက်သည်။


လက်ထောက်သည် သတင်းထောက်အုပ်စုကို ရွာသား၏ အိမ်သို့ခေါ်ဆောင်သွားသည်။ ဝင်ဝင်ချင်းမှာပင် ခြံဝန်းထဲ၌ ထိုင်နေသောသူ၊ မတ်တပ်ရပ်နေသောသူ များစွာကို တွေ့လိုက်ရသည်။ အလွန်အသက်ဝင်စည်ကားလွန်းလှပါသည်။


အမျိုးသမီးအနုပညာရှင်တစ်ယောက် လာမည်ဟုသတင်းကြားထားသောကြောင့် တစ်ရွာလုံးနီးပါး ဤသို့ရောက်နေကြသည်။ ကံကောင်းထောက်မစွာပင် လူတိုင်းက စည်းကမ်းရှိကြသောကြောင့် ရုပ်ပျက်ဆင်းပျက်တော့မဖြစ်ပေ။


သို့သော် သတင်းထောက်သည် ပွဲထဲ၌ ထန်ချောင်းချောင်းကို ရှာမတွေ့ဖြစ်နေသည်။ ထန်ချောင်းချောင်းသည် အထူးဧည့်သည်တော်အဖြစ်ဖြင့် ပွဲ၌ ထိုင်၍ ပျော်ရွှင်စွာစားသောက်နေသင့်သည်မဟုတ်လား။


"ဟယ်လို...ထန်ချောင်းချောင်း ဘယ်မှာလဲရှင့်..."


သတင်းထောက်က ရှာမတွေ့သည့်အဆုံး တစ်ယောက်ယောက်ကိုရှာ၍ မေးလိုက်ရတော့သည်။


ဘေးမှဖြတ်သွားသူက ပြုံးကာ ပြောလိုက်သည်။


"မင်းတို့လည်း ထန်ချောင်း‌ချောင်းကို တွေ့ဖို့လာတာလား...သူက ဟိုမှာ ဟင်းချက်နေတာလေ..."


ဟင်းချက်နေတာ...


ထန်ချောင်းချောင်းသည် ဤနေရာသို့ ဧည့်သည်အဖြစ်တက်ရောက်ရန် လာခဲ့သည်မဟုတ်ပါလား။ အဘယ်ကြောင့် ဟင်းဝင်ချက်နေရပါသနည်း။


သတင်းထောက်သည် သံသယစိတ်များစွာဖြင့် ပြည့်ကျပ်နေသော လူအုပ်ကြားထဲသို့ အတင်းတိုးဝင်သွားလိုက်သည်။


သူမ ဝင်ဝင်သွားချင်းမှာပင် လူများက တစ်ပြိုင်နက် "ဟုတ်ပြီ..." ဟု ကြွေးကြော်လိုက်သံကို ကြားလိုက်ရသည်။


သတင်းထောက်သည် အနားသို့ တိုး၍ကြည့်လိုက်ရာ ကြီးမားသောသံဒယ်အိုးရှေ့၌ ရပ်နေသော ထန်ချောင်းချောင်းကို တွေ့လိုက်ရသည်။ ဒယ်အိုးထဲတွင် အခြောက်ခံထားသော ဟင်းသီးဟင်းရွက်များကို လေထဲသို့ မြှောက်၍ ကြော်လှော်နေသည်။ ဟင်းသီးဟင်းရွက်များသည် လေထဲသို့ အမြှောက်ခံရပြီးနောက် ဒယ်အိုးထဲသို့ ပုံစံမပျက် ပြန်ကျလာသောအခါ လူအုပ်ကြီးက လက်ခုပ်လက်ဝါးတီး၍ ‌အားပေးလိုက်ကြပြန်သည်။


အမျိုးသမီးအနုပညာရှင်တစ်ယောက်အတွက် ရုပ်ရှင်ရိုက်နေဆဲတွင် အနီးပတ်ဝန်းကျင်က ရွာမှ ဧည့်ခံပွဲကို ဖိတ်ကြားခံရသည်ဆိုသည်မှာ အလွန်ပင် ရှားပါးလှပေသည်။


သတင်းထောက်နှင့် သူမ၏အဖွဲ့သည် မျက်နှာ၌ မေးခွန်းများဖြင့် ပြည့်နေကြတော့သည်။


သို့သော် သတင်းထောက်သည် ချက်ချင်းပင် ယခုအခြေအနေက ပို၍ကောင်းသည်ကို သတိထားမိသွား၍ ကင်မရာသမားအား ထန်ချောင်းချောင်းကို အမြန်ရိုက်ခိုင်းလိုက်သည်။


တိုက်ရိုက်ထုတ်လွှင့်နေသည့် ချန်နယ်ထဲတွင်:


【ငါ့ခေါင်းထဲမှာ မေးခွန်းတွေနဲ့ပြည့်နေပြီ...ထန်ချောင်းချောင်းက ဧည့်သည်အနေနဲ့လာတာလား...စားဖိုမှူးအနေနဲ့လာတာလား...သူက ဘာဖြစ်လို့ အမြဲတမ်း သူစားမယ့်ဟာတွေကို သူ့ဘာသာသူချက်နေတာလဲ...】


【နင့်အမေကိုသွားပြောလေ...ထန်ချောင်းချောင်းက ဘယ်တုန်းက စာအုပ်ကြီးအတိုင်း လုပ်ဖူးလို့လဲ...နင်ဘယ်လိုပဲ ခန့်မှန်း ခန့်မှန်း ရှူံးမှာပဲ...ငါရယ်ရ‌တာ သေတော့မယ် ဟားဟားဟား...】


【ထန်ချောင်းချောင်းဝတ်ထားတဲ့ အဝတ်အစားကိုလည်းကြည့်ပါဦး...ဘေးကရွာသားတွေနဲ့တစ်သားတည်းဖြစ်နေပြီ...လုံးဝ ကွဲထွက်မနေဘူး...】


【သေပါတော့...ငါက ထန်ချောင်းချောင်းပါတဲ့ ဖက်ရှင်မဂ္ဂဇင်းကိုပဲကြည့်ထားတော့ သူ့ကို မှတ်တောင်မမှတ်မိဘူး ဖြစ်သွားတယ် ဟားဟားဟားဟား...】


【ငါ့အဖွားလည်း အဲ့ဒီလို အင်္ကျီလက်တွေ ဝတ်တယ်...】


【ကျေးလက်ဒေသက မွေးနေ့ပွဲအတွက် ဒီလို ရိုးရိုးရှင်းရှင်း အဝတ်အစားကိုပဲဝတ်ရမှာပဲလေ...ချောင်းပေါင်က တခြားအနုပညာရှင်တွေလို ဟိတ်ဟန်များ‌မနေဘူး...】


【မင်းတို့အားလုံးက ထန်ချောင်းချောင်းဘာဝတ်လဲဆိုတာပဲကြည့်နေကြတယ်...သူ ဘာတွေချက်နေလဲဆိုတာ သိချင်နေတာ ငါတစ်ယောက်တည်းလား...အရသာရှိနေမှာပဲ...အဲ့ဒီမှာရှိနေတဲ့လူတွေ ကံကောင်းလိုက်ကြတာ...】


ထိုအချိန်၌ ထန်ချောင်းချောင်းသည် ဆံပင်ကို ခပ်မြင့်မြင့်စည်းထား၍ အလွန်ရှေးကျသော အနီရောင်ပွဲတော်ဝတ်စုံကို ဝတ်ဆင်ထားသည်။ ခါး၌ အိမ်၌ရက်လုပ်ထားသော မီးခိုးရောင် မီးဖိုချောင်သုံး ရှေ့ဖုံးခါးစည်းကို ဝတ်ထား၍ လက်များတွင်လည်း ပန်းများပါသော အပြာရောင် လက်စည်းများစွပ်ထားသည်။


သူမ၏တစ်ကိုယ်လုံးသည် ရွာမှ အမျိုးသမီးတစ်ယောက်နှင့် လုံးဝဆင်တူနေသည်။


သို့သော် ရွာသူတစ်ယောက်၏အပြင်အဆင်နှင့် တူနေစေကာမူ ထန်ချောင်းချောင်း၏ မျက်နှာသည် အလွန်လှပနေသည်။ သူမ၏ ပြုံးရွှင်နေသော မျက်နှာကို လူအုပ်ထဲမှ မည်သူမျှ လျစ်လျူရှုမထားနိုင်ကြချေ။


"ဟင်းသီးဟင်းရွက်တွေကိုတော့ ကြော်ပြီးပြီ...ဝက်ဗိုက်သားကို ဆက်လုပ်ကြရအောင်..."


ကျေးလက်ဒေသမှ ဧည့်ခံပွဲများတွင် လူတိုင်းသည် အစားအသောက်ကို ပြည့်စုံလုံလောက်စွာ ကျွေးမွေးကြသည်။ ထန်ချောင်းချောင်းဘေးမှ စတီးဘေစင်ထဲတွင် ထူထဲ၍ ရှည်လျားသော အဆီ ၆၀% နှင့် အသား ၄၀% ရှိသော ဝက်ဗိုက်သားသုံးထပ်သားများ အများအပြားရှိနေသည်။


"ဝက်သုံးထပ်သားတွေကို အရင်ချက်လိုက်ရအောင်..."


ထန်ချောင်းချောင်းသည် ဝက်သားများကို မီးအပူပေးထားသော အိုးအလွတ်ထဲသို့ထည့်၍ အဝါရောင်သမ်းလာသည်အထိ မီးပြင်းတိုက်လိုက်သည်။ ထို့နောက် ပွက်ပွက်ဆူနေသောရေနွေး နှင့် ဟင်းခတ်အမွှေးအကြိုင်များထည့်ကာ ဟင်းချက်ဝိုင်နှင့် မိနစ်အနည်းငယ် ထပ်ချက်လိုက်ပြန်သည်။


အနည်းငယ်ကျက်သွားသော ဝက်သုံးထပ်သားများသည် ပဲငံပြာရည်ရောင်လေးသမ်းနေသည်။ ထို့နောက် ဒယ်အိုးထဲ၌ ဆီကို အပူပေးကာ ဝက်သုံးထပ်သားများကို ဆီပူထဲထည့်၍ကြော်လိုက်သည်။


ဝက်ခေါက်များသည် ဒယ်အိုးထဲ၌ ကြွပ်ရွလာ၍ မျက်နှာပြင်၌ ဆီပူဖောင်းလေးများပင်ထနေသည်။ လေထုထဲ၌ အသားကြော်နံ့များဖြင့် ပြည့်နှက်နေ၍ သတင်းထောက်ပင် မနေနိုင်ပဲ တံတွေးမျိုချလိုက်မိသည်။ ကင်မရာက ဟင်းများနားသို့ တဖြည်းဖြည်း ပိုပို၍ တိုးသွားသည်။


ဝက်သားများကိုကြော်ပြီးသောအခါ ထန်ချောင်းချောင်းသည် အတုံးထူထူများကို ညီညာစွာလှီး၍ အရသာမှုန့်များဖြူးကာ ပန်းကန်လုံးထဲသို့ ဖြန့်၍ ထည့်လိုက်သည်။


ထို့နောက် ဇီးသီးခြောက်ဟင်းရွက်များကို ဝက်သုံးထပ်သားများပေါ်သို့တင်၍ မီးအေးအေးဖြင့် နာရီဝက်ခန့် ပေါင်းပြီးမှ ပန်းကန်လုံးကြီးထဲသို့ လောင်းထည့်လိုက်သည်။


ဝက်သားနှင့် ဇီးသီးခြောက်ဟင်းရွက်များကို ချက်ပြီးသောအခါ မွေးနေ့ရှင်က ထန်ချောင်းချောင်းကို လာထိုင်ရန် ခေါ်လိုက်သည်။


သတင်းထောက်က လိုက်မေးကြည့်သောအခါမှ ထန်ချောင်းချောင်းသည် သူမ၏လက်စွမ်းကို ဝင်ပြခြင်းဖြစ်သည်ဟု သိလိုက်ရသည်။ ထန်ချောင်းချောင်းသည် ဝက်သုံးထပ်သားနှင့် ဇီးသီးခြောက်ရွက်ဟင်းလျာ တစ်မျိုးတည်းကိုသာ ချက်ပြုတ်၍ ကျန်ဟင်းလျာများကို အခြားစားဖိုမှူးက ချက်ခြင်းဖြစ်သည်။


သတင်းထောက်သည် နောက်ဆုံးတော့ ထန်ချောင်းချောင်း အား သွားသည်ကို တွေ့၍ နှုတ်ဆက်ရန် ရှေ့တိုးလာလိုက်သည်။ မွေးနေ့ရှင်က သတင်းထောက်ကို မြင်သောအခါ ချက်ချင်းပင်ထကာနှုတ်ဆက်၍ သတင်းထောက်နှင့် ကင်မရာသမားကို ထိုင်ခိုင်းနေတော့သည်။ သတင်းထောက်သည် နှစ်ကြိမ်မျှ ငြင်းဆိုသော်လည်း မွေးနေ့ရှင်၏ ဖော်ရွေလွန်းမှုကြောင့် မတတ်နိုင်တော့ပဲ စားသောက်ရန် ထိုင်လိုက်ရသည်။


ဧည့်ခံပွဲစရန် သိပ်အချိန်မကြာလိုက်ပဲ ထန်ချောင်းချောင်း၏ ဝက်သားနှင့် ဇီးသီးခြောက်ရွက် ဟင်းလျာက စားပွဲအလယ်၌ နေရာယူကာ ကျန်သည့် ဟင်းလျာများက တစ်မျိုးပြီး တစ်မျိုးရောက်လာကြသည်။


ဇီးသီးခြောက်ရွက်များသည် အရောင်ကတောက်ပနေသည်။ ဝက်သုံးထပ်သားများက ဟင်းရွက်များကို တင်းကျပ်စွာ ပတ်ထား၍  ဘေးပတ်ပတ်လည်တွင်လည်း ဟင်းအနှစ်ပျစ်ပျစ်များရှိနေသည်။


လူတိုင်းသည် ထန်ချောင်းချောင်း၏ ဟင်းလျာကို မျှော်လင့်နေကြသည်ဖြစ်ရာ ထိုဟင်းပွဲ စားပွဲပေါ်သို့ ရောက်လာသည်နှင့် တူများကို စတင်လှုပ်ရှားလိုက်ကြတော့သည်။


ဝက်ဗိုက်သားများသည် နူးအိနေအောင်ပေါင်းထား၍ ဇီးသီးခြောက်ရွက်များ အနံ့များဖြင့် မွှေးကြိုင်နေသည်။ အနည်းငယ်ငန်သောအရသာ၌ အချိုအရသာ အနည်းငယ် ပါနေသည်။ အဆီအနှစ်များဖြင့် ပြည့်ဝနေသော်လည်း ဆီများဖြင့် အီမနေချေ။ ဝါးလိုက်သောအခါ ဝက်ခေါက်၏ကြွပ်ရွနေသောအရသာကို ခံစားရ၍ ဟင်းရွက်ခြောက်များကလည်း ဆီများကို စုပ်ယူထားကြသည်။ ထိုအရာနှစ်ခု၏ ပေါင်းစပ်သွားသောအရသာသည် အလွန်ပင် ထူးခြားကောင်းမွန်နေပေသည်။


လူများသည် ပေါက်စီအလွတ်ကိုယူ၍ အလယ်မှ ခွဲကာ တူဖြင့် ဇီးသီးရွက်ခြောက်များကို ယူပြီး ထည့်စားကြသည်။ အရသာရှိသော ဟင်းရည်များက ပေါက်စီထဲ၌ စုပ်ဝင်သွားကာ အရသာက အလွန်ပင် စားကောင်းနေတော့သည်။


ဝက်သားနှင့် ဇီးသီးခြောက်ရွက်ဟင်းလျာသည် တခဏအတွင်းမှာပင် ပြောင်စင်သွားတော့သည်။ သတင်းထောက်သည်ပင် ၂ လုတ်မျှသာစားလိုက်ရ၍ မဝသေးချေ။


【ငါမနာလိုမဖြစ်ပါဘူး...တကယ်...အိမ်မှာ ပေါက်စီနဲ့ မုန်ညင်းချဉ်စားလည်း တူတူပဲကို (ငိုနေပြီ)...】


【ငါလောဘကြီးနေမိပြီ...ထားလိုက်ပါတော့...နှစ်လုတ်မစားရရင်နေပါ...တစ်လုတ်လောက်တော့ စားခွင့်ပြုပါ...】


【ဒီသတင်းထောက်က တကယ်ကံကောင်းတာပဲ...ရိုက်ကွင်းကိုသွားလိုက်ရုံနဲ့ ထန်ချောင်းချောင်းရဲ့ ဟင်းလက်ရာကို စားခွင့်ရတယ်...】


...


သတင်းထောက်သည် အစကတော့ ရုပ်ရှင်ရိုက်ကွင်းကိုပင် လာသည်ဟု ထင်ခဲ့မိသော်လည်း ယခုတော့ ကျေးလက်ဒေသ၏မွေးနေ့ပွဲကို တိုက်ရိုက်ထုတ်လွှင့်ပြသမှုဖြစ်သွားသည်။သူ စားသောက်ပြီးသောအခါ  လက်ရှိအခွင့်အရေးကိုယူ၍  ထန်ချောင်းချောင်းကိုပင် အင်တာဗျူးလိုက်သေးသည်။ ထို့နောက် ရွာသားအချို့ကိုရှာ၍ ထန်ချောင်းချောင်းအပေါ် ဘယ်လိုမြင်လဲ ဟု လိုက်လံမေးမြန်းလိုက်သည်။


လူတိုင်းက ထန်ချောင်းချောင်းကို ချီးကျူးကြသည်။ အန်တီတစ်ယောက်ဆိုလျှင် ထန်ချောင်းချောင်းကို ကောင်လေးတစ်ယောက်နှင့်ပင် မိတ်ဆက်ပေးချင်သည်ဟု ဆိုသည်။


သို့သော် သူ့ဘေးမှ ဦးလေးတစ်ယောက်က ဝင်ပြောလိုက်သည်။


"အဲ့ဒီကလေးမလေးက တစ်ယောက်ယောက်နဲ့ မိတ်ဆက်ပေးဖို့ မင်းကိုလိုလို့လား...သူ့မှာ ကောင်လေးရှိပြီးသားပဲကို..."


သတင်းထောက်: ???

သူ ရုတ်တရက် သတင်းအနံ့ကိုရလိုက်တော့သည်။


---


ဝက်သားနှင့် မေချွိုင်သည် အလွန်အစားများ၍ နာမည်ကြီးသော တရုတ်ဟင်းလျာဖြစ်သည်။


ဇီးသီးခြောက်ရွက်ဟု လူသိများသော မေချွိုင်သည် တရုတ်ရိုးရာဟင်းချက်ပစ္စည်းတစ်မျိုးဖြစ်သည်။ မုန်ညင်း၏အရိုးနှင့်အရွက်များကို အချဉ်ဖောက်၍ ဆားနှင့် အခြောက်ခံထားခြင်းဖြစ်သည်။


ဟင်းထဲ၌ တကယ့်ဇီးသီးတော့ မပါပါ။ ဇီးသီးခြောက်ရွက်ဟု ခေါ်ရခြင်းမှာ ထိုအချဉ်ဖောက်ထားသောဟင်းရွက်က ဇီးသီးကဲ့သို့ ချဉ်သောအရသာရှိသောကြောင့်ဖြစ်သည်။


ထန်ချောင်းချောင်း၌ ကောင်လေးရှိသည်တဲ့လား။


သတင်းထောက်၏ ကျွမ်းကျင်ပညာရှင်ရေဒါက ချက်ချင်းပင် နိုးကြားလာကာ အမြန်မေးလိုက်သည်။


"ဦးလေး...ဦးလေး ခုနကပြောတာ ဘာကိုဆိုလိုတာလဲ..."


ရွာသားဦးလေးက သူ၏ ဆံပင်ပါးနေသော ခေါင်းကိုကုတ်လိုက်သည်။


"မြေပြိုတဲ့ညတုန်းက ယောင်္ကျားတစ်ယောက်က ထန်ချောင်းချောင်းကို ကယ်တာကို တစ်ယောက်ယောက်က တွေ့ခဲ့တယ်တဲ့...အဲ့ဒီလူက ထန်ချောင်းချောင်းကို အပြင်းအထန်ကို ကာကွယ်ပေးနေတာ...သူ့ကောင်လေးသာမဟုတ်ရင် ဘာဖြစ်လို့ အဲ့ဒီလောက် ကာကွယ်ပေးနေမလဲ..."


အန်တီက ဦးလေးကို ဆူလိုက်သည်။


"ထန်ချောင်းချောင်းက နာမည်ကြီးမင်းသမီးလေ...အဲ့ဒါတွေက အတင်းအဖျင်းလို့ ခေါ်တယ်ရှင့်...ရှင်ကတော့ အံ့ဩဖွယ်ပဲ..ဘာမှလည်းမသိပဲ လျှောက်စပ်စုနေတယ်..."


ဦးလေးက ထိုစကားကြားသောအခါ အနည်းငယ်တုံ့ဆိုင်းသွားသည်။


"ဦးလေးက ဒီတိုင်းပဲ ပြောလိုက်တာပါ...တကယ်ထင်မနေပါနဲ့..."


"အဲ့ဒီလူက ဘယ်သူလဲ ဦးလေးသိလား..."


သတင်းထောက်က မေးလိုက်သည်။


ဦးလေးက ခေါင်းခါလိုက်သည်။


"အဲ့ဒါတော့မသိဘူး...အဲ့ဒီတုန်းက မိုးတွေက အရမ်းရွာနေတော့ အကုန်လုံးရှုပ်နေကြတာ...ဘယ်သူကမှ ရှင်းရှင်းလင်းလင်းမမြင်လိုက်ရဘူး...ဒါပေမယ့် သူဌေးလိုပုံစံပဲ..."


သတင်းထောက်က ထပ်မေးသောအခါ ဦးလေးက ဘာမှမပြောတော့ချေ။


ထန်ချောင်းချောင်းသည် မြေပြိုမှု၌ မတော်တဆ ဒဏ်ရာရခဲ့သည်။ သို့သော် သူမ၏ကုမ္ပဏီကရော ရုပ်ရှင်အဖွဲ့ကရော ထန်ချောင်းချောင်းကို လူတစ်ယောက်မှကယ်ခဲ့သည်ဟု ထုတ်မပြောကြချေ။ ယနေ့၏ မထင်မှတ်ထားသော မွေးနေ့ပွဲကြောင့်သာ မဟုတ်လျှင်  ဤသတင်းကို သိလိုက်ရမည်ပင်မဟုတ်ချေ။


ထန်ချောင်းချောင်းကို ကယ်တင်ခဲ့သူမှာ မည်သူနည်း။


Xxxxxxxx