Chapter 112
စိတ်အချဉ်ပေါက်ခြင်း
တိုက်ရိုက်ထုတ်လွှင့်သည့် ချန်နယ်ထဲမှ netizen များကလည်း ထိုကိစ္စကို ဆွေးနွေးနေကြသည်။
【အဲ့ဒီလူက အမျိုးသားအနုပညာရှင်များလား...အဲ့ဒီနေ့တုန်းက ထန်ချောင်းချောင်းနဲ့ အလုပ်ချိန်တူတဲ့ မင်းသားတစ်ယောက်ယောက်များ အဲ့ဒီနေရာမှာ ရှိနေခဲ့လား...】
【ငါတော့ လူတိုင်း အတွေးလွန်နေကြတယ်လို့ထင်တယ်...အဲ့ဒီလူက အဖွဲ့သားတစ်ယောက်လည်း ဖြစ်နိုင်တာပဲ...သူသာ နာမည်ကြီးမင်းသားဆိုရင် ဒီကိစ္စပေါ်တာ ကြာရောပေါ့...】
【အဖွဲ့သားဆိုရင် ဘာဖြစ်လို့ ထန်ချောင်းချောင်းရဲ့ ရှင်းပြစာမှာ သူ့ကို မထည့်ထားတာလဲ...အနည်းဆုံးတော့ လူသိရှင်ကြား ကျေးဇူးတင်သင့်တယ်လေ...ဒီမှာ ငွေအလေးတုံးသုံးရာ ရှိမနေပါ...】
[T/N: "ဒီမှာ ငွေအလေးတုံး သုံးရာရှိမနေပါ" သည် လူရိုးလူအတစ်ယောက်က ငွေအလေးတုံး သုံးရာ ရကာ ဝှက်ထားချင်သော ပုံပြင်ကို ဆိုလိုခြင်းဖြစ်သည်။ ထိုရိုးအသောလူသည် မြေကြီးထဲ၌ တွင်းတူးကာ ငွေများကို မြှုပ်၍ "ဒီမှာ ငွေအလေးတုံး သုံးရာ ရှိမနေပါ" ဟူ၍ ဆိုင်းဘုတ်ထောင်ထားလိုက်သည်။ ပြောစရာမလိုစွာပင် ထိုငွေအလေးတုံးများသည် အခိုးခံလိုက်ရတော့သည်။ ထိုပုံပြင်၏ ရည်ရွယ်ချက်မှာ သင့်၌ ဖုံးကွယ်စရာ ဘာမှမရှိပါက လူများကလည်း သင့်ကို သံသယဝင်ကြမည်မဟုတ် ဟူ၍ ဖြစ်ပေသည်။]
【ဟီးဟီး...ငါတို့ အခုမှကြားရတဲ့ ဒီကိစ္စက မှန် မမှန် မသိနိုင်ဘူးလေ...သက်သေကောင်းကောင်းမရှိပဲနဲ့တော့ ဒီကိစ္စကို ဆက်ပြောမနေပါနဲ့တော့ သတင်းထောက်ရေ...】
【ဘယ်အရာကိုမဆို ရည်းစားတွေဆိုပြီးပြောလို့ရနေတာပဲ...ငါရယ်ရတာသေတော့မယ်...ငါတို့ရဲ့ချောင်းပေါင်နဲ့တန်တဲ့ယောင်္ကျား ဒီကမ္ဘာမှာ မမွေးသေးဘူး...】
【ဒီလူက တကယ်ရှိပြီး ထန်ချောင်းချောင်းကို ကယ်ခဲ့တယ်ဆိုရင်တောင်မှ ထန်ချောင်းချောင်းရဲ့ ရည်းစားဖြစ်မှ ကယ်လို့ရမှာလား...လူတစ်ယောက် အန္တရာယ်ဖြစ်နေရင် ကယ်မိမှာ သဘာဝပဲလေ...ကိစ္စတစ်ခုခုရှိမှ ကယ်ရမှာမှမဟုတ်တာ...】
【ငါပဲ ချောင်းပေါင်ကို ယူလိုက်တော့မယ်...#ထန်ချောင်းချောင်း၊ ကျွန်ုပ်တို့၏မိသားစု# နဲ့ #ထန်ချောင်းချောင်းရဲ့ရုပ်ရှင်အသစ်# ကိုပဲ အာရုံစိုက်ပေးကြပါ...ကျေးဇူးတင်ပါတယ်...】
......
ဖန်များက ငြင်းကြသော်လည်း ပျင်းရိ၍ လုပ်စရာမရှိဖြစ်နေသော netizen များက ရှားလော့ဟုမ်းအသွင်ပြောင်းကာ ထိုသတင်းစ၍ထွက်ပေါ်လာသည်နှင့်တစ်ပြိုင်နက် သဲလွန်စများရှာဖွေကြတော့သည်။ မကြာခင်မှာပင် Douban အတင်းအဖျင်းချန်နယ်ပေါ်၌ တစ်စုံတစ်ယောက်က post တင်လိုက်သည်:
"သတင်းထူးဟေ့...ထန်ချောင်းချောင်းရဲ့ အရင်တစ်ခေါက် ဖန်တွေနဲ့တွေ့ဆုံပွဲတုန်းက လူတစ်ယောက်ကို ငါသတိထားမိတယ်...ဒီအောက်ကလူက ထန်ချောင်းချောင်းနဲ့ အလုပ်တွဲလုပ်တဲ့ အအေးကုမ္ပဏီက သူဌေး...ငါသူ့ကို တစ်ခါတွေ့ဖူးတယ်...နာမည်က ကျန်းကုန်းကျွီတဲ့...ထန်ချောင်းချောင်းက သူ့ကုမ္ပဏီရဲ့ ပြောရေးဆိုခွင့်ရှိသူလေ..."
"ပုံထဲမှာမြင်တဲ့အတိုင်း အဲ့ဒီလူနဲ့ ထန်ချောင်းချောင်းတို့က ဖက်ထုပ်တူတူလုပ်နေတာ...သူ ထန်ချောင်းချောင်းကိုကြည့်နေတဲ့အကြည့်တွေကို ကြည့်ဦး...အဲ့ဒါက အချစ်မဟုတ်ရင် ဘာလဲ..."
【အို ဘုရားရေ...ဒီ post ကတော့ နာမည်ကြီးတော့မှာပဲ...】
【ကျန်းကုန်းကျွီလိုမျိုး သူဌေးကြီးက ဖန်တွေနဲ့ ရောပြီး ရိုက်ကွင်းကို ဘာဖြစ်လို့လာမှာလဲ...】
【သူက ထန်ချောင်းချောင်းကို သူ့ကုမ္ပဏီကို ကြော်ငြာပေးဖို့လည်းပြောတယ်...အဖွဲ့ဆီကိုလည်းသွားတယ်...အဲ့ဒီလူနဲ့ ထန်ချောင်းချောင်းတို့ ဘာမှမဖြစ်ဘူးလို့ပြောရင် ငါတော့မယုံဘူး...】
【ဒါဆိုရင် "ပိုးအိမ်"ရိုက်ကူးရေးအဖွဲ့ဆီကို တကူးတကလိုက်သွားပြီး မြေပြိုတာနဲ့ကြုံပြီး ထန်ချောင်းချောင်းကို ကယ်ခဲ့တာ ကျန်းကုန်းကျွီပေါ့...ငါ စဉ်းစားလေ အဲ့ဒီလူက ကျန်းကုန်းကျွီဖြစ်မယ် လို့ထင်လာလေပဲ...】
【ဒီကျန်းကုန်းကျွီဆိုတဲ့လူက အရပ်လည်းမြင့် ချမ်းကလည်းချမ်းသာ ချောလည်းချောတဲ့လူပဲ...ထန်ချောင်းချောင်းနဲ့ လိုက်ဖက်တာထက်ကိုပိုပါတယ်...ထန်ချောင်းချောင်းရဲ့ဖန်တွေ စိတ်ပူမနေသင့်ဘူး...ဟားဟားဟား...】
【တင်တဲ့လူက တကယ်လို့ထင်ရအောင်ကို ရေးထားတာပဲ ဟားဟားဟား...ဒီကိစ္စကို သတင်းခေါင်းစီးတွေမှာရေးကြမှာကို မျှော်နေပြီ...】
...
ဒီ post တင်ပြီးပြီးချင်းမှာပင် ဖိုရမ်ထဲ၌ ဝင်နေကြသော အတင်းအဖျင်းသတင်းလွှင့်သည့် အကောင့်များကြောင့် ထိုသတင်းသည် Weibo ပေါ်သို့ ချက်ချင်းရောက်သွားတော့သည်။ ထိုသတင်းတင်ပြီးသောအခါ #ထန်ချောင်းချောင်းနှင့်ကျန်းကုန်းကျွီ# ဟူသော စာက သတင်းခေါင်းစဉ်များဆီသို့ ပျံ့နှံ့လာတော့သည်။ Netizen များစွာသည် အအေးကုမ္ပဏီ၏ တရားဝင်အကောင့်ဆီသို့ သွား၍ ထန်ချောင်းချောင်းနှင့် ကျန်းကုန်းကျွီတို့၏ ဆက်ဆံရေးကို မေးသော မက်ဆေ့ခ်ျများ ချန်ခဲ့ကြသည်။
ထိုအချိန်၌ ထန်ချောင်းချောင်း၏ ဖန်များက အလွန်အံ့ဩဆွံ့အနေကြတော့သည်။
ဘယ်လို...ရုပ်ရှင်အဖွဲ့ကို ကူညီဖို့သွားခဲ့တဲ့လူက ကျန်းကုန်းကျွီတဲ့လား...
သူက ထန်ချောင်းချောင်းကို စပွန်ဆာပေးနေတဲ့ ကုမ္ပဏီရဲ့ သူဌေးလား...ဒါပေမယ့် ဂရုထဲမှာတော့ သူ့နာမည်က "ချောင်းပေါင်လက်ထဲမှကြာပွတ်လေး" ဆိုပြီး...ပြီးတော့ သူက ချောင်းပေါင်ရဲ့ အမာခံဖန်ပဲလေ...
သူက ဘယ်လိုဖြစ်လို့ ချောင်းပေါင်ရဲ့သတင်းထဲ ပါလာရတာလဲ...
သို့သော် ကျန်းကုန်းကျွီဘက်ကတော့ စကားတစ်ခွန်းမှထွက်မလာပါ။
သကြားယုန်လေးများသည် ဖန်ဂရုထဲမှ "အရူးမလေးချောင်း၏ပထမတန်းစားဥယျာဉ်မှူး" ဆိုသော အခြားအမျိုးသားဖန်တစ်ဦးကိုလည်း သွားမေးနေကြသေးသည်။ သူတို့နှစ်ဦးလုံးသည် အမျိုးသားဖန်များဖြစ်ကြ၍ အချင်းချင်းသိမည်ထင်၍ဖြစ်သည်။ သို့သော် ဥယျာဉ်မှူးကလည်း ဘာမှထုတ်မပြောချေ။
ကျန်းကုန်းကျွီ ဘာမှပြန်မပြောသည်မှာ သူသည်လည်း ဘာတွေဖြစ်နေမှန်း မသိသောကြောင့်ဖြစ်သည်။
ကျန်းကုန်းကျွီသည် ထန်ချောင်းချောင်းကို လိုက်ချင်သော်လည်း စရန်အချိန်မရှိသေးချေ။ သို့သော် ဤသတင်းကိုတွေ့သောအခါတွင်တော့ အလွန်အံ့ဩသွားမိသည်။ ဤသတင်းမျိုးကို ယခင်က ထွက်လာလျှင်တော့ ကျန်းကုန်းကျွီ အလွန်ပျော်မိမည်ဖြစ်သော်လည်း ယခုတွင်တော့ ရယ်ရမည်လား ငိုရမည်လားပင် မသိတော့ချေ။
ထန်ချောင်းချောင်းကို ဆေးရုံသို့လာတွေ့ခွင့်ပေးရန် တောင်းဆိုခဲ့စဉ်က ထန်ချောင်းချောင်း ငြင်းဆိုခဲ့သည်မှာ မဆန်းတော့ပါ။ မတော်တဆမှုတွင် အမျိုးသားတစ်ဦးလည်း ပါဝင်နေခဲ့သည်ကိုး။
ကျန်းကုန်းကျွီ၏ နှလုံးသားသည် နာကျင်သွားမိသည်။
ဤသည်မှာ ကျန်းကုန်းကျွီ ဖွင့်မပြောခင်ကပင် ရှုံးနိမ့်သွားသည့်သဘောလား။
တကယ်ပင် ထိုသို့ ဖြစ်နေတော့မည်ထင်ပါသည်။
Weibo ပေါ်၌ အုတ်အော်သောင်းနင်းဖြစ်နေစဉ်တွင် ထန်ချောင်းချောင်းသည် ဇာတ်ဝင်ခန်းတစ်ခန်း ရိုက်ပြီးကာစဖြစ်သည်။ မျက်နှာပေါ်မှ သွေးများကို မသုတ်ရသေးခင်မှာပင် အင်တာနက်ပေါ်မှ သတင်းကို ဖန့်ယွမ်ထံမှ ကြားလိုက်ရသည်။
ထန်ချောင်းချောင်းသည် ဖုန်းကို တော်တော်ကြာကြာ မကြည့်ရသေးသောကြောင့် အင်တာနက်ပေါ်မှ သတင်းများသည် အရှိန်အဟုန်နှင့် ပြန့်နေကြသည်။
ဖန့်ယွမ်က မေးလိုက်သည်။
"ကျွန်မတို့ ဘာလုပ်ကြမလဲ...ဘယ်လိုပြန်ပြောလိုက်ရမလဲ..."
ထန်ချောင်းချောင်းသည် ရုပ်ရှင်ဆက်ရိုက်ရဦးမည်ဖြစ်သဖြင့် အဝတ်အစားများကို လဲ၍မရသေးသောကြောင့် မျက်နှာပေါ်မှ သွေးများကိုသာ သုတ်လိုက်နိုင်သည်။
"ငါတို့ ငြင်းရမှာပေါ့...ကျန်းကုန်းကျွီက ငါ့ရဲ့သူဌေးလိုဖြစ်နေတာပဲ...သူ့ဂုဏ်သိက္ခာကို ထိခိုက်စေလို့မဖြစ်ဘူး..."
ဖန့်ယွမ်: ...
အစ်မရယ်...ဒီလိုအချိန်မှာတော့ ကိုယ့်ဂုဏ်သိက္ခာအတွက် အရင်မစဉ်းစားသင့်ဘူးလား...
သို့သော် ထန်ချောင်းချောင်းက အဆင်ပြေစေရန် မည်သို့ ပြန်ပြောရမည်ကိုစဉ်းစားနေစဉ်မှာပင် Weibo ပေါ်၌ စခန်းထနေကြပြန်သည်။
ရှန်းယွဲ့၏ Weibo အကောင့်က ထန်ချောင်းချောင်းကို ရုတ်တရက် follow လိုက်သည်ကို အချို့ netizen များက သတိထားမိသွားသည်။
ရှန်းယွဲ့သည် အကောင့်စဖွင့်တည်းက Weibo ပေါ်၌ ဘာမှမတင်သည့်အပြင် မည်သူ့ကိုမှလည်း မ follow ထားပေ။
အရင်တစ်ခေါက်က ဟက်ပီးဗယ်လီကစားကွင်း၏ ထုတ်ပြန်ချက်ကြောင့် ရှန်းယွဲ့၏ Weibo အကောင့်က နာမည်ကြီးသွားခဲ့သော်လည်း ဤအကောင့်ပိုင်ရှင်က ရှန်းအုပ်စု၏ သူဌေးသားမှန်း မသိကြချေ။
သို့သော် ယခု ထန်ချောင်းချောင်းက ကျန်းကုန်းကျွီနှင့် သတင်းထွက်လာသောအခါတွင်တော့ ရှန်းယွဲ့သည် ရုတ်တရက် ထန်ချောင်းချောင်းကို follow လိုက်တော့သည်။ အခြေအနေက မည်သို့နည်း။
【ရှန်းယွဲ့ follow ထားတဲ့ လူစာရင်းက အရင်က 0 ဖြစ်နေတာ...အခု ထန်ချောင်းချောင်းကို ချက်ချင်းပဲ follow လိုက်တယ်...ရှန်းယွဲ့က သူ့တူအရင်း ရှန်းလျန့်ကိုတောင် follow ထားတာမဟုတ်ဘူး...ငါ ပြဿနာတစ်ခုခုကို အာရုံခံမိနေပြီ...】
【သူ့လက်များချော်သွားလား...ရှန်းသခင်က ငါတို့လိုပဲ သတင်းကို လာစပ်စုရင်း မတော်တဆ follow မိသွားတယ်ထင်တယ်...မင်း သေချာသတိမထားနေရင် လက်ချော်သွားဖို့က လွယ်တယ်...】
【ငါတော့မယုံဘူး...ငါ့လက်မချော်တာတောင် တော်တော်ကြာနေပြီကို...】
【ဘုရားရေ...ဒီသုံးပွင့်ဆိုင်အချစ်ဇာတ်လမ်းက ရုပ်ရှင်တွေထက်တောင် ပိုလှနေပြီ...အရမ်းကောင်းတာပဲ...】
【ရှန်းယွဲ့က ဘာကိုဆိုလိုချင်နေတာလဲ...သူနဲ့ ထန်ချောင်းချောင်းနဲ့က ရှန်းလျန့်မပါပဲ သိနေကြတာလား...】
【အပေါ်ကလူ...မင်းမေ့သွားပြီလား...အရင်တစ်ခေါက်တုန်းက ဟက်ပီးဗယ်လီမှာ ထန်ချောင်းချောင်း ရှိုးလာရိုက်တော့ ရှန်းယွဲ့က မီးပန်းတွေ ဖောက်ပေးခဲ့တယ်လေ...】
【ဝေါင်း...အရမ်းဘဝင်မြင့်နေတဲ့ ဥက္ကဌက ထန်ချောင်းချောင်းကို ချစ်မိသွားတဲ့ ဇာတ်လမ်းကိုတောင် ငါစဉ်းစားမိသွားပြီ...ငါ မကြာခင် ပြန်လာခဲ့မယ်...】
...
အိမ်၌ ကျောက်ပတ်တီးစည်းထားရသောခြေထောက်များနှင့် ရှန်းယွဲ့သည် Weibo ကို ပွတ်ရင်းဖြင့် netizen များ၏ ကောမန့်များကို ဖတ်မိသွားသောအခါ မျက်နှာက အနည်းငယ် ကြည်လင်သွားသည်။
တကယ်တော့ ထန်ချောင်းချောင်းကိုကယ်ရင်း ခြေထောက်ကျိုးခဲ့ရသူမှာ ရှန်းယွဲ့ပင်မဟုတ်လား။ ယခုတော့ ကျောက်ပတ်တီးမဖြုတ်ရသေးခင်မှာပင် ကြာပွတ်ကောင်က ပဏာဝင်ယူနေတော့သည်။ စိတ်တိုစရာပင်မဟုတ်လား။
Netizen များသည် ထန်ချောင်းချောင်းနှင့် ကျန်းကုန်းကျွီ၏ ယခင်အဆက်အဆံရှိခဲ့မှုများကိုပင် ပြန်တူးဆွ၍ နှစ်ယောက်ကြားက ဆက်ဆံရေးကို ပို၍ ပြင်းထန်အောင်လုပ်နေကြသည်ကို ရှန်းယွဲ့တွေ့နေရသည်။ Netizen များသည် ထန်ချောင်းချောင်းနှင့် ကျန်းကုန်းကျွီတို့၏ မင်္ဂလာဆောင်ကို မစောင့်နိုင်တော့သကဲ့သို့ ဖြစ်နေတော့သည်။
ရှန်းယွဲ့သည် အပ်များပေါ်၌ ထိုင်နေရသကဲ့သို့ ဖြစ်နေရသည်။
အထူးသဖြင့် netizen များသည် ထန်ချောင်းချောင်းနှင့် ကျန်းကုန်းကျွီတို့ နှစ်ယောက်လုံးက ထက်မြက်သော အမျိုးသားနှင့် အမျိုးသမီးများဖြစ်ကြသဖြင့် အလွန်လိုက်ဖက်ညီကြသည်ဟု ပြောနေကြသည်။
ရှန်းယွဲ့သည် သူ့ခေါင်းပေါ်၌ အစိမ်းရောင်မီးလုံးလေးပျံလွင့်နေသည်ဟု ခံစားရကာ ထိုမီးလုံးလေးသည် အချဉ်ပေါက်နေသကဲ့သို့ ဖြစ်နေတော့သည်။
တကယ်တော့ ထိုသတင်းများထဲမှ လူအစစ်က ရှန်းယွဲ့ပင် ဖြစ်သည်လေ။
ယခုအချိန်သည် သူနှင့် ထန်ချောင်းချောင်းတို့၏ အခြေအနေကို လူရှေ့ချပြရန် သင့်တော်သည့်အချိန်မဟုတ်သော်လည်း ရှန်းယွဲ့သည် သေမည့်အချိန်ကို ထိုင်စောင့်မနေချင်တော့ချေ။ ထို့ကြောင့် အခေါက်ခေါက်အခါခါ စဉ်းစားပြီးသောအခါ ရှန်းယွဲ့သည် ထန်ချောင်းချောင်းကို follow ရန် ဆုံးဖြတ်လိုက်တော့သည်။
ထန်ချောင်းချောင်းသည် ရှန်းယွဲ့ ဤသို့လုပ်လိုက်မည်ဟု လုံးဝမထင်ထားခဲ့ချေ။ ထိုသို့ လုပ်လိုက်ခြင်းသည် ထန်ချောင်းချောင်း ပြောမည်ဟု စီစဉ်ထားသည်များကို လုံးဝ ဖျက်ဆီးလိုက်သကဲ့သို့ ဖြစ်သွားတော့သည်။
ထန်ချောင်းချောင်းသည် လူရှင်းသောနေရာသို့သွား၍ ရှန်းယွဲ့ကို ဖုန်းခေါ်လိုက်ရာ တစ်ဖက်မှ ချက်ချင်းကိုင်လိုက်သည်။
"ရှင့်လက်က ချော်သွားတာလား..."
ထန်ချောင်းချောင်းက netizen များအတိုင်းပင် မေးလိုက်သည်။
ရှန်းယွဲ့ကလည်း အသက်ပင်မရှူပဲ ပြန်ပြောလိုက်သည်။
"ငါ့ခြေထောက်က ဒဏ်ရာရထားတာလေ...လက်က ဒဏ်ရာရထားတာမှမဟုတ်ပဲ..."
လက်က ဘယ်လိုလုပ် ချော်မည်နည်း...
"ဒါဆိုရင် ဘာဖြစ်လို့ ကျွန်မကို ရုတ်တရက် လာ follow နေတာလဲ...ကျန်းကုန်းကျွီတစ်ယောက်တည်းနဲ့တင် တော်တော်ဒုက္ခရောက်နေပြီ..."
ရှန်းယွဲ့က အေးစက်စက် ပြန်ပြောလိုက်သည်။
"အဲ့ကောင်လေးက ရက်စက်ပြီး မလွယ်ဘူးဆိုတာ ငါသိသားပဲ..."
"ဒါက သူနဲ့ ဘာဆိုင်လို့လဲ...သူက ဘာမှမသိပဲ ဆွဲထည့်ခံလိုက်ရတာလေ..."
"သူက ဒီကိစ္စတွေထဲ အတင်းပြေးဝင်လာတာလေ...သူသာ မင်းနဲ့ တူတူဓာတ်ပုံမရိုက်ထားရင် အခုလို အပြောခံရမှာမဟုတ်ဘူး..."
ထန်ချောင်းချောင်းက ခဏရပ်ပြီးမှ ပြောလိုက်သည်။
"ရှင့်လေသံကလည်း အချဉ်ပေါက်နေလိုက်တာ..."
ရှာလကာရည်နံ့များပင် ရနေရသကဲ့သို့ ဖြစ်နေသည်။
[T/N: တရုတ်စကားတွင် မနာလိုဝန်တိုသူကို "ရှာလကာရည်သောက်သူ" ဟု ပြောကြသည်။]
ရှန်းယွဲ့သည် စက္ကန့်အနည်းငယ်မှ တိတ်သွားပြီးမှ ပြောလိုက်သည်။
"ငါ အချဉ်ပေါက်တော့ ဘာဖြစ်လဲ...ငါ့မိန်းမက တခြားယောင်္ကျားတစ်ယောက်နဲ့ တွဲတယ်လို့အပြောခံနေရတာ ငါက စိတ်အချဉ်မပေါက်ပဲ နေမလား..."
ရှန်းယွဲ့က စိတ်ဆိုးမာန်ဆိုးပြောနေသည်ကို နားထောင်ကာ ထန်ချောင်းချောင်းသည် ဖုန်း၏တစ်ဘက်၌ ရှန်းယွဲ့တစ်ယောက် စိတ်ဆိုးနေသောကြောင်ကဲ့သို့ ဖြစ်နေမည်ကို မြင်ယောင်နေမိသည်။
ဤသည်မှာ ရှန်းယွဲ့ဆီမှ သဝန်တိုသည်ဟု ပထမဆုံးဝန်ခံလာသည်ဖြစ်သောကြောင့် ထန်ချောင်းချောင်း အနည်းငယ်ပျော်မိသည်။
"အစကတော့ ကျွန်မက ကျန်းကုန်းကျွီနဲ့ သတင်းကို ငြင်းလို့ရသေးတယ်လေ...အခုတော့ ဘာလုပ်ရတော့မလဲ...ရှင့်ကြောင့် ပိုဆိုးကုန်ပြီ..."
ထန်ချောင်းချောင်းက ပြောလိုက်သည်။
"မင်းက ဘာတွေကြောက်နေတာလဲ...ဘယ်သူက လက်လွတ်စပယ်နဲ့ မဟုတ်တာတွေကို လျှောက်ပြောရဲမှာလဲ...ရှေ့နေတွေကို သတိပေးခိုင်းလိုက်မှာပေါ့..."
ထန်ချောင်းချောင်းက ရယ်ချင်သွားသည်။
ရှန်းယွဲ့က လေးနက်သောအသံဖြင့်ပြောလိုက်သည်။
"မင်းသိထားဖို့က ဘာတွေပဲဖြစ်ဖြစ် ငါက မင်းနားမှာ အသင့်ရှိနေမှာ..."
"ဟုတ်ကဲ့ပါ..."
ရှန်းယွဲ့၏စကားများကို ကြားလိုက်သောအခါ ထန်ချောင်းချောင်း၏ရင်ထဲ၌ နွေးထွေးသွားမိသည်။
"မင်း ငါ့ကို ပြန် မ follow ရသေးဘူး..."
ရှန်းယွဲ့က ဆက်ပြောလိုက်သည်။
ထန်ချောင်းချောင်းသည် တစ်စက္ကန့်မျှသာ ရင်ခုန်လိုက်ရ၍ ရှန်းယွဲ့က ချက်ချင်းပင် ဖျက်ဆီးလိုက်တော့သည်။
"ကျွန်မရဲ့ စိတ်အခြေအနေကိုလည်း ကြည့်ဦးလေ..."
ရှန်းယွဲ့: "အား ငါ့ခြေထောက်နာလိုက်တာ...ငါ့အရိုးက အက်နေတဲ့ဒဏ်ရာကလည်း တဖြည်းဖြည်း ပိုကြီးလာပြီထင်တယ်..."
ထန်ချောင်းချောင်း: ......
ရှင်က လူကိုလာပြီး အသနားခံနေတာပဲ...
ထန်ချောင်းချောင်း: "ရှင့်စိတ်ကတော့ ပုံမှန်မဟုတ်တော့ဘူးထင်တယ်..."
ဖုန်းချပြီးသောအခါ ထန်ချောင်းချောင်းသည် ချက်ချင်းပင် သူမနှင့် ကျန်းကုန်းကျွီ၏ ဆက်ဆံရေးအကြောင်းကို post တင်လိုက်သည်။ သူမသည် ကျန်းကုန်းကျွီနှင့် သူငယ်ချင်းများသာဖြစ်၍ သူတို့နှစ်ယောက် တွေ့ဆုံကြသည်မှာလည်း မိတ်ဆွေဆန်ဆန်သာဖြစ်သည် ဟု ရေးသားထားသည်။ မြေပြိုမှုကိစ္စ၌လည်း ကျန်းကုန်းကျွီ လုံးဝမပါပဲ ထိုကိစ္စသည် ကျန်းကုန်းကျွီနှင့် အနည်းငယ်ပင်မသက်ဆိုင်ပါ ဟူ၍လည်း ရေးထားသည်။
Xxxxxxx