Chapter 113
ကျန်းကုန်းကျွီသည် ထန်ချောင်းချောင်း၏ ဖြေရှင်းချက်နှင့် ရှန်းယွဲ့၏ ပတ်သတ်လာမှုတို့ကို မြင်သောအခါ အရာရာကို ချက်ချင်း သဘောပေါက်သွားတော့သည်။
ထန်ချောင်းချောင်းသည် ကျန်းကုန်းကျွီအား အစတည်းက သူငယ်ချင်းကဲ့သို့သာ ဆက်ဆံခဲ့ခြင်း ဖြစ်ပေသည်။
ကျန်းကုန်းကျွီ ဝမ်းမနည်းပါ ဟု ပြောလျှင်တော့ မှားပေလိမ့်မည်။ သို့သော် တစ်ချိန်တည်းမှာပင် ထန်ချောင်းချောင်း၏ ဖန်တစ်ယောက်အနေနှင့် ထန်ချောင်းချောင်းပျော်ရွှင်နိုင်စေရန် မျှော်လင့်မိသည်။ ထန်ချောင်းချောင်းကိုလည်း ဒုက္ခထပ်မပေးချင်တော့သောကြောင့် ထန်ချောင်းချောင်း၏ Weibo post ကို သူ၏ တရားဝင်အကောင့်နှင့် ပြန် ရှယ်ပေးလိုက်၍ သူတို့နှစ်ယောက်၏ မိတ်ဆွေအဖြစ်သာ ရင်းနှီးမှုကို အတည်ပြုပေးလိုက်တော့သည်။
【ထန်ချောင်းချောင်းက ကျန်းကုန်းကျွီနဲ့ထွက်တဲ့ သတင်းတွေကို ငြင်းလိုက်တယ်...ရှန်းယွဲ့နဲ့ကရော ဘယ်လိုလဲ...】
ထန်ချောင်းချောင်းသည် သူမနှင့် ကျန်းကုန်းကျွီတို့၏ မဟုတ်သောသတင်းကို ချက်ချင်းငြင်းဆိုလိုက်သော်လည်း ရှန်းယွဲ့နှင့် ကိစ္စကိုတော့ ဘာမှမဖြေရှင်းချေ။
ထိုကဲ့သို့ လုံးဝကွဲပြားသောအပြုအမူနှစ်ခုကြောင့် netizen များက အခြားခန့်မှန်းချက်များကို တင်ပြလာကြပြန်သည်။ မြေပြိုသည့်နေ့က ပဟေဠိဆန်သောလူသည် မည်သူဖြစ်သည်ကို အပြိုင်အဆိုင်ဆွေးနွေးနေကြသည်။
နောက်ဆုံးတွင်တော့ "ပိုးအိမ်"အဖွဲ့၏ တရားဝင် Weibo အကောင့်မှ ရှန်းယွဲ့သည် ရုပ်ရှင်၏ ထုတ်လုပ်သူဖြစ်ကြောင်းကို ဖြေရှင်းချက်ထုတ်ပေးလိုက်ရတော့သည်။ ထိုနေ့က ရှန်းယွဲ့သည် ရိုက်ကွင်းသို့ လာကြည့်ခဲ့၍ အပြန်တွင် မြေပြိုမှုနှင့် ကြုံခဲ့ရသည်။ ကယ်တင်ခြင်းများလုပ်ဆောင်ရာတွင် ထန်ချောင်းချောင်းကို ဝင်ကယ်ပေးခဲ့သည်။ ထို့နောက် ရှန်းယွဲ့သည် ဘာမှမပြောချင်သောကြောင့် မည်သူကမှ လူများကို ထုတ်မပြောခဲ့ခြင်းဖြစ်သည်။
တရားဝင် Weibo အကောင့်က တင်သောထုတ်ပြန်ချက်သည် အဆင်ပြေသော်လည်း netizen များ၏ အမြင်တွင်တော့ ထိုကိစ္စသည် အလွန်အရသာရှိသော ပြောစရာဖြစ်နေတော့သည်။
【ဟား...ဒါဆို ဒါက ရှန်းယွဲ့ကြောင့်ပဲပေါ့...ကျန်းကုန်းကျွီက သူ့နေရာဝင်ယူသွားတာကို ရှန်းယွဲ့ မကျေမနပ်ဖြစ်နေတယ်ထင်တယ်...】
【ထန်ချောင်းချောင်းနှင့် ရှန်းလျန့်တို့နှစ်ယောက်က အစတည်းက ဟိုလိုလို ဒီလိုလိုဖြစ်နေတာ...အခု ထန်ချောင်းချောင်းက ရှန်းလျန့်ဦးလေးနဲ့တောင် ဆက်သွယ်မှုပိုရှိနေတာပေါ့...ချမ်းသာတဲ့မိသားစုတွေက တကယ်ကိုပဲ ရှုပ်ထွေးကြတယ်...】
【ဘုရားရေ...ဒါဆို အဲ့ဒီနေ့က ဟက်ပီးဗယ်လီမှာ ရှန်းယွဲ့ဖောက်ပေးခဲ့တဲ့ မီးပန်းတွေက တကယ်ပဲ ထန်ချောင်းချောင်းအတွက် ဖြစ်နေခဲ့တာလား...】
【အမေရေ...ငါ့ဦးနှောက်တော့ အကြောဆွဲတော့မယ်...ရှန်းယွဲ့က သူ့အာဏာကို ထန်ချောင်းချောင်းအပေါ်မှာ တံဆိပ်တုံးခတ်လိုက်တာပဲ...】
【ပြီးတော့ ရှန်းယွဲ့က ဒီရုပ်ရှင်မှာ ပိုက်ဆံတွေရင်းနှီးပေးထားတာ...အဲ့ဒီပိုက်ဆံတွေ ဆုံးမယ်ဆိုတာကတော့ အသိသာကြီးပဲကို...ရှန်းယွဲ့က horror ကားတွေကို ကြိုက်လို့ လုပ်တာလို့တော့ ငါ့ကို လာမပြောနဲ့...】
【ဒါပေမယ့် ရှန်းယွဲ့က ကား အက်ဆီးဒန့်ဖြစ်ထားတယ်မဟုတ်ဘူးလား...သူက ဘီးတပ်ကုလားထိုင်နဲ့ နေနေရတာလို့ ငါကြားဖူးတယ်...】
【မင်း ဘာတွေစိတ်ပူနေတာလဲ...ရှန်းယွဲ့က ဘီးတပ်ကုလားထိုင်နဲ့ နေနေရပေမယ့် ပိုက်ဆံ သန်းပေါင်းများစွာ ရှိတယ်လေ...】
【ဒါပေမယ့် ထန်ချောင်းချောင်းက ဘာဖြစ်လို့ ဘာမှ ထုတ်မပြောတာလဲ...ရှန်းသခင်က ဖုံးကွယ်ထားစရာမှမဟုတ်တာ...】
【ပိန်းလိုက်တာ...သူတို့ရဲ့ ဆက်ဆံရေးက ပုံမှန်မဟုတ်လို့ ဘာမှထုတ်ပြောလို့မရတာပေါ့...မဟုတ်ရင် ဒီလို ငွေထုတ်ပေးသူအဖေမျိုးကို ဘယ်သူက ပစ်ပယ်ထားမှာလဲ...】
ဒီလိုမှ အဓိပ္ပာယ်ရှိတာပေါ့...
ထန်ချောင်းချောင်းဘက်က ဘာမှပြန်မပြောသေးသည်ကို အားမလိုအားမရဖြစ်နေသော ရှန်းယွဲ့သည် netizen များ၏ ကောမန့်များကို ဖတ်ပြီး အနည်းငယ်ကျေနပ်သွားသည်။
သူ့မိန်းမက ဤကိစ္စကို အေးစက်စွာကိုင်တွယ်ချင်နေသော်လည်း သူမ၏နှလုံးသားထဲ၌ ရှန်းယွဲ့အတွက်တော့ နေရာတစ်နေရာ ရှိနေသည်။
ရှန်းယွဲ့၏ ရုပ်ရှင်ပရိုဂျူဆာနေရာ ပေါ်လွင်သွားပြီးနောက်တွင် ရှန်းယွဲ့သည် ရိုက်ကွင်းသို့ ပေါ်ထင်စွာပင် လာနေတော့သည်။
ထန်ချောင်းချောင်း သရုပ်ဆောင်နေချိန်တွင် ရှန်းယွဲ့ က ဒါရိုက်တာဘေးတွင် ထိုင်နေသည်။
သူဌေးကြီးက ဘေး၌ထိုင်နေသောကြောင့် ချမ်ဟောင်သည် ဖိအားတော်တော်များနေရသည်။ "Cut" ဟုအော်လိုက်တိုင်း ချမ်ဟောင့်ကို အေးစက်သည့် အကြည့်တစ်ခုက ကြည့်နေသလို ခံစားနေရသည်။
ကြောက်စရာကောင်းလိုက်တာ...
ထန်ချောင်းချောင်းက သေချာသရုပ်ဆောင်နိုင်လို့ တော်ပါသေးသည်။ "cut" ဟု အော်ရသည့် အကြိမ်အရေအတွက်က သိပ်မများပေ။ ထိုသို့သာမဟုတ်လျှင်တော့ ချမ်ဟောင်သည် ရုပ်ရှင်ရိုက်မပြီးခင်တွင်ပင် ထိုနေရာ၌ အေးခဲ၍ သေသွားပေတော့မည်။
ရှန်းယွဲ့သည် ရိုက်ကွင်းသို့ မကြာခဏပင် လာမှုကို ချမ်ဟောင်က တားမြစ်ချင်သော်လည်း မလုပ်ရဲပေ။ အင်တာနက်ပေါ်၌ သတင်းအမျိုးမျိုးက ပြန့်နေသည်။
ယခင်က အလွန်လျို့ဝှက်ခဲ့သော ရှန်းမိသားစု၏သားသည် ယခုတော့ လူကြားထဲ၌ ထင်ပေါ်နေပြီဖြစ်သည်။ အင်တာနက်ပေါ်၌ ပျံ့နှံ့နေသော ရှန်းယွဲ့၏ ပုံများသည် ယခင်ကကဲ့သို့ မှုန်ဝါးဝါးပုံများမဟုတ်တော့ပဲ ရှုထောင့်အမျိုးမျိုးမှရိုက်ထားသော အရည်အသွေးကောင်းသည့်ပုံများ ဖြစ်နေပြီဖြစ်သည်။
ရှန်းယွဲ့၏မျက်နှာသည် အမြဲပင် အေးစက်တည်ငြိမ်နေ၍ ဘီးတပ်ကုလားထိုင်နှင့် ဖြစ်နေသော်လည်း သူ၏ ထင်ရှားသော မျက်နှာအချိုးအစားများနှင့် အမည်းရောင်ကုတ်အင်္ကျီအရှည်တို့ကြောင့် မည်သူမျှ သူ့ကို လျစ်လျူရှု၍ မရချေ။
【ဒုက္ခပဲ...ပုံအကြည်တွေမှာ ရှန်းယွဲ့က အရမ်းချောတာပဲ...သူ့တူ ရှန်းလျန့်ထက် အများကြီး ပိုကြည့်ကောင်းတယ်...သူ့ရဲ့ ဖြူဥနေတဲ့ မျက်နှာကို မနာလိုလိုက်တာ...သူက ဘာဖြစ်လို့များ မတော်တဆမှုနဲ့ ဘီးတပ်ကုလားထိုင်ပေါ်ရောက်နေရတာလဲ...】
【ဘီးတပ်ကုလားထိုင်နဲ့ရော ဘာဖြစ်လို့လဲ...ဒီလို ပုံစံနဲ့များတော့ ဘီးတပ်ကုလားထိုင်နဲ့ဖြစ်နေရင်တောင် သူ့ကို ဖက်တက်မယ့် မိန်းမတွေအများကြီး....ယုံချင်ယုံ မယုံချင်နေ...】
【သခင်ရှန်းက အရမ်းအလုပ်လုပ်တာပဲ...ရိုက်ကွင်းဆီကို အမြဲ လာကြည့်တယ်...】
【အရက်မူးတိုင်း ဝိုင်သောက်ထားလို့မဟုတ်ဘူးလေ...ရှန်းယွဲ့က ထန်ချောင်းချောင်းနဲ့ ဓာတ်ပုံတူတူအရိုက်ခံရမှ ပြုံးနေတတ်တာ မမြင်ဘူးလား...】
【နင့်အမေကိုပဲသွားပြော...တခြားလူတွေနဲ့ တွဲရိုက်ရင်တောင်မှ သူတို့နှစ်ယောက် တွဲနေတယ်ဆိုတဲ့ ခံစားချက်တွေကို ငါမြင်နေရတယ်...】
မည်သည့်ရိုက်ကွင်းတာဝန်ခံက ထိုဓာတ်ပုံကို ရိုက်လိုက်လဲမသိပေ။ ပုံထဲတွင် ထန်ချောင်းချောင်းက ရှန်းယွဲ့နား၌ရပ်နေ၍ ခေါင်းငုံ့၍ ရှန်းယွဲ့ကို စကားလှမ်းပြောနေသည်။ ရှန်းယွဲ့ကလည်း ခေါင်းကို အနည်းငယ်မော့ကာ ထန်ချောင်းချောင်းကို မျက်လုံးထဲ၌ ပြုံးရိပ်များဖြင့် ပြန်ကြည့်နေသည်။ အခြားပုံများ၌ ရှန်းယွဲ့၏ အေးစက်သော မျက်နှာထားနှင့်စာလျှင် ဤပုံ၌ ကြင်နာမှုများနှင့် ပြည့်နေသော ရှန်းယွဲ့၏မျက်နှာကို ထင်ရှားစွာ မြင်နေရသည်။
Weibo ပေါ်တွင် ထိုနှစ်ယောက်၏ဆက်ဆံရေးအကြောင်းကို netizen များက ပြောစပြုလာကြသည်။
သကြားယုန်လေးများကတော့ ထန်ချောင်းချောင်းဘက်က ဘာမှမပြောမချင်း မဝန်ခံကြသော်လည်း ဘေးလူများ၏ အပြောများကိုတော့ မတားဆီးနိုင်ကြချေ။
ထန်ချောင်းချောင်း၏ လက်ရှိရိုက်နေသောရုပ်ရှင်သည် ကောင်းမွန်စွာ ရိုက်ကူးပြီးသွား၍ နောက်ဆုံးအဆင့်သို့ ရောက်လာကြသည်။ ရိုက်ကူးရေး ပြီးဆုံးသောအခါ နှစ်ကုန်ပိုင်းသို့ပင် ရောက်နေပြီဖြစ်သည်။
ထန်ချောင်းချောင်း၏ ရုပ်ရှင်အသစ်လည်း ရိုက်ကူးပြီးစီးသွားကာ ထန်ချောင်းချောင်း ပါဝင်ရိုက်ကူးထားသော ရုပ်ရှင်ဇာတ်လမ်းတွဲ "ကျွန်ုပ်တို့မိသားစု" သည်လည်း ထုတ်လွှင့်တော့မည်ဖြစ်သည်။
"ကျွန်ုပ်တို့မိသားစု" သည် နတ်သမီးပုံပြင်များ၊ အချစ်ဇာတ်လမ်းများနှင့် မတူပဲ ဘဝ၏တကယ့်ဖြစ်ရပ်များကို ဖော်ပြထားခြင်းဖြစ်သည်။
ခေါင်းဆောင်မင်းသမီးမှာ ထိပ်တန်းမင်းသမီး ချန်ချမ် ဖြစ်သည်။ ဒုတိယမင်းသမီးမှာ ယခုလပိုင်းအတွင် ရုတ်တရက် နာမည်ကြီးလာသော ထန်ချောင်းချောင်းဖြစ်သည်။ ထို့ကြောင့် အစမ်းဗီဒီယိုကို ထုတ်လွှင့်ပြီးသောအခါ ဤကဲ့သို့ ဇာတ်လမ်းများကို စိတ်မဝင်စားသူများပင် မင်းသမီးများကို စိတ်ဝင်စားမှုကြောင့် ဝင်ရောက်ကြည့်ရှုကြသည်။
ဤကဲ့သို့ ရှေးခေတ်ဇာတ်လမ်းများသည် မိဘများ၏ရုန်းကန်ရမှုများ၊ အမျိုးများအချင်းချင်း ရန်ဖြစ်မှုများနှင့် ပြည့်နေမည်ထင်သော်လည်း ရုပ်ရှင်ထရေလာကို စဖွင့်လိုက်သောအခါ ပထမဆုံးမြင်လိုက်ရသည်က ကျောက်မိသားစု၏သမီးသုံးယောက်က တံခါးဝ၌ထိုင်ကာ ခေါက်ဆွဲစားနေကြသော အခန်းဖြစ်နေသည်။
ထိုကဲ့သို့ ခက်ခဲသောအချိန်များတွင် ခေါက်ဆွဲထဲ၌ အဆာပလာ များစွာမထည့်နိုင်ပေ။ သို့သော် သမီးသုံးယောက်သည် တွဲဖက်စားစရာ ကြက်သွန်ဖြူတစ်ကိုက်စာပင်ရှိသော်လည်း ခေါက်ဆွဲများကို အရသာရှိစွာ စားသောက်နေကြသည်။
ရုပ်ရှင် trailer သည် ခေါက်ဆွဲစားနေသည့်အခန်းနှင့်စထား၍ မိသားစုပြန်လည်ဆုံတွေ့သည့်အခန်းနှင့် အဆုံးသတ်ထားသည်။ အလယ်၌ အရေးကြီးသော ဇာတ်လမ်းအချိုးအတွေ့များကိုလည်း ညှပ်ထည့်ထား၍ ကျောက်မိသားစု၏ နှစ် ၃၀ အတွင်း ပြောင်းလဲလာမှုများကို မိသားစု၏ထမင်းပွဲ ပြောင်းလဲလာမှုများနှင့် ပြထားသည်။
ထိုကဲ့သို့ ရှေးခေတ်ဇာတ်လမ်းတွဲများသည် အမေများနှင့် အဖွားများ၏ အကြိုက်ဖြစ်၍ လူငယ်များကတော့ သိပ်စိတ်ဝင်စားလေ့မရှိကြချေ။
သို့သော် ရုပ်ရှင်စတူဒီယိုသည် ခေတ်ကို အမှီလိုက်၍ လူငယ်များကိုလည်း စိတ်ဝင်စားလာအောင် ကြော်ငြာများဖြင့် ဆွဲဆောင်လိုက်သည်။ ထရေလာကို တည်းဖြတ်ထားသည့်ပုံစံက လူငယ်များကို ဆွဲဆောင်နေသည်။
"ကျွန်ုပ်တို့မိသားစု" သည် ထွက်လာရန် စောင့်မျှော်ခြင်းအခံရဆုံး ဇာတ်လမ်းတွဲတစ်ခု ဖြစ်လာတော့သည်။
တရားဝင်ထုတ်လွှင့်သောအခါ ပထမဆုံးနေ့မှာပင် လူပြောအများဆုံးဖြစ်လာခဲ့သည်။
၁၉၆၀ နှင့် ၁၉၇၀ ခုနှစ်များ၌ ဇာတ်အိမ်တည်သော အခြား ရုပ်ရှင်ဇာတ်လမ်းတွဲများနှင့် မတူစွာ "ကျွန်ုပ်တို့မိသားစု" သည် ကြုံတွေ့ရသော အခက်အခဲများကို ရယ်ပွဲဖွဲ့သည့် ပုံစံဖြင့် ပေါ့ပေါ့ပါးပါး ဖော်ပြထားသည်။
အဓိကဇာတ်ကောင်များအနေဖြင့် သမီးသုံးယောက်သည် ပင်ကိုယ်စရိုက် ကိုယ်စီရှိကြသည်။ အကြီးဆုံးသမီးက ထက်မြက်၍ အေးစက်သည်။ သမီးအလတ်က စိတ်ဓာတ်ကြံ့ခိုင်၍ အားကိုးရသည်။ သမီးအငယ်ဆုံးက တက်ကြွ၍ ချစ်စရာကောင်းသည်။ အစပိုင်းတွင်တော့ အခက်အခဲများကြားတွင် မိသားစုသည် မကြာခဏ ရန်ဖြစ်ကြသော်ကြောင့် မည်သည့်ကိစ္စများနှင့် ကြုံတွေ့ရစေကာမူ မိသားစုသည် ကောင်းဒဏ် ဆိုးဒဏ် ကို မျှဝေခံစားကြသည်။
ရုပ်ရှင်ထဲမှ ဇာတ်ကောင်တိုင်းသည် အသက်ဝင်တက်ကြွနေကြသည်။ သာမာန်မိသားစုတစ်ခု၏ နေ့စဉ်ဘဝများထဲမှ နွေးထွေးမှု၊ မိသားစုချင်းချစ်ခင်မှု၊ အချစ်နှင့် ခင်မင်ရင်းနှီးမှုများကို ရောယှက်ထားသည်။ ထို့ကြောင့် လွန်ခဲ့သည့် ရာစုနှစ်က အဖြစ်အပျက်များပင် ဖြစ်သော်လည်း ၂၁ ရာစုမှ လူများကလည်း ကိုယ်ချင်းစာနိုင်ကြပေသည်။
【အား အား အား...ချစ်တို့ရေ..."ကျွန်ုပ်တို့မိသားစု" ကို မြန်မြန်ကြည့်ကြည့်လိုက်ကြဦး...မျှော်လင့်ထားတာနဲ့ လုံးဝကိုမတူဘူး...အရမ်းကောင်းတယ်...】
【ဒီလိုရုပ်ရှင်မျိုးကို ငါမကြိုက်ပေမယ့် အဖွားက ကြည့်လို့ လိုက်ကြည့်လိုက်တာ...တစ်ခါတည်းက ရေတွင်းထဲကျသွားသလိုပဲ...လူကို ငိုအောင်အတင်းလုပ်တဲ့ ရုပ်ရှင်တွေထက် အဆတစ်ရာပိုကောင်းတယ်...အပိုင်းတစ်ပိုင်းမှာပါတဲ့ အချက်အလက်တွေကလည်း များလွန်းလို့ ငါ့မှာ ကြည့်ရင်းနဲ့ အိမ်သာတောင်မသွားနိုင်ဘူး...】
【ဟုတ်တယ်...ဇာတ်အိမ်ကလည်း အရမ်းခိုင်တယ်...သရုပ်ဆောင်တွေကလည်း သရုပ်ဆောင်တာ အရမ်းတော်တယ်...သူတို့တွေ ညစာစားတဲ့ အခန်းတွေဆို အကောင်းဆုံးပဲ...သူတို့စားတာ တကယ်သွားရည်ကျစရာ...】
ရုပ်ရှင်တွင် ထန်ချောင်းချောင်း ဟင်းချက်သောအခန်းများစွာပါ၍ စားသောက်သောဇာတ်ဝင်ခန်းများလည်း အလွန်များသောကြောင့် ပရိသတ်များက ကြည့်ရင်းဖြင့် သွားရည်ကျနေရသည်။
【ဒါရိုက်တာက တမင်သက်သက်များလုပ်နေတာလား...ထန်ချောင်းချောင်း ဟင်းချက်တာကိုပဲ ရိုက်ပြနေတယ်...ကြည့်နေရတဲ့ငါက သွားရည်ကျနေပြီ...】
【ဒီသရုပ်ဆောင်တွေက တကယ်စားနေကြသလိုပဲ...အရင်ကဆို ဇာတ်လမ်းတွဲထဲက သရုပ်ဆောင်တွေက စားပွဲမှာထိုင်ပြီး တူကိုင်တာနဲ့ပဲ ပြီးသွားရော...ဒီထဲမှာတော့ စကားပြောနေရင်းနဲ့တောင် စားနေကြတယ်...အခန်းပြီးသွားရင် ပန်းကန်တွေကပါ ပြောင်နေကြရော...】
【သူတို့စားသောက်နေကြတဲ့ပုံက အရမ်းပီပြင်တယ်...ထမင်းတစ်စေ့ကိုတောင် အလေအလွင့်မဖြစ်စေရတဲ့ အဲ့ဒီခေတ်တုန်းက ပေါက်စီစားကြပြီဆိုရင် မကုန်မချင်း စွပ်ပြုတ်ထဲတို့ပြီး စားကြတာ...】
အချို့ netizen များသည် ဇာတ်လမ်းတွဲကိုကြည့်ရင်းဖြင့် စားသောက်ကြ၍ မကြာခင်တွင် #ငါတို့မိသားစုကတကယ်စားနိုင်တယ်# ဟူသော သတင်းခေါင်းစီးများက နာမည်ကြီးလာကာ အပြိုင်အဆိုင် ဆွေးနွေးမှုများ ပေါ်လာတော့သည်။
ရုပ်ရှင်အဖွဲ့၏ တရားဝင် Weibo အကောင့်မှလည်း တုံ့ပြန်ထားသည်။
"ဒီစားစရာတွေက ကျောက်ရှောင်းရှန့် @ထန်ချောင်းချောင်း လုပ်ထားတာဖြစ်ပြီး ဇာတ်ဝင်ခန်းထဲက စားစရာတိုင်းကို တကယ်စားကြပါတယ်...အဲ့ဒါကြောင့် စားစရာတွေက လုံးဝအလေအလွင့်မရှိပါဘူး(ငါတို့လည်း ကွယ်ရာမှာ ခိုးမစားပါဘူး!)...အစားအသောက်များကို ထိန်းသိမ်းပါ...မင်းနဲ့ငါတို့ကစပြီးတော့..."
【ချောင်းပေါင်က အလုပ်နှစ်ခုလုပ်ရပြီး ပိုက်ဆံကျတော့ တစ်ခုစာပဲရနေတာပေါ့...အလုပ်ကြိုးစားခဲ့ပါတယ်...ဟားဟားဟား...】
【တခြားသရုပ်ဆောင်တွေက ကံကောင်းလိုက်တာ...ထန်ချောင်းချောင်းချက်ကျွေးတာတွေကို စားရတယ်...】
"ကျွန်ုပ်တို့မိသားစု" ၏ rating များသည် တရိပ်ရိပ်တက်လာသည်နှင့်အမျှ အင်တာနက်ပေါ်မှ ဆွေးနွေးမှုများသည်လည်း တဖြည်းဖြည်း ရှုပ်ထွေးလာခဲ့သည်။ ယခင်က သက်ကြီးပိုင်းများသာကြိုက်သော ရုပ်ရှင်ဇာတ်လမ်းတွဲသည် တစ်ချိန်တည်း တူတူထုတ်လွှင့်သော ခေတ်ပေါ်ဇာတ်လမ်းတွဲများကို ကျော်တက်သွားသည်။
တစ်ချိန်တည်းမှာပင် ဒုတိယခေါင်းဆောင်မင်းသမီး ထန်ချောင်းချောင်း၏အကြောင်းက လူပြောအများဆုံးကိစ္စဖြစ်နေသည်။ အတိတ်တွင် ထန်ချောင်းချောင်းသည် အွန်လိုင်းဒရာမာရုပ်ရှင်တစ်ခု၌ မြေခွေးမအဖြစ် သေးငယ်သော ဇာတ်ကောင်နေရာလေး၌သာ ရိုက်ကူးဖူးသည်။ သူမသည် ယခုနာမည်ကြီးနေသော်လည်း ထိုနာမည်ကြီးမှုမှာ ရသစုံရှိုးများကြောင့် ဖြစ်သည်။ ထို့ကြောင့် လူအများစုသည် ထန်ချောင်းချောင်း၏ သရုပ်ဆောင်မှုစွမ်းရည်ကို သိပ်မကောင်းမမြင်ကြပေ။ ထန်ချောင်းချောင်းသည် ရှိုးများနှင့် ကြော်ငြာများ၌သာ ရိုက်ကူးသင့်သည်ဟု ထင်နေကြသည်။
သို့သော် "ကျွန်ုပ်တို့မိသားစု" ထုတ်လွှင့်မှုသည် ထိုလူများကို ကောင်းစွာရိုက်ချလိုက်တော့သည်။
ထန်ချောင်းချောင်းသည် အတွေ့အကြုံကို အခြေခံ၍ သရုပ်ဆောင်သူဖြစ်သောကြောင့် သူမ၏သရုပ်ဆောင်မှုသည် ခံစားမှုအပြည့်နှင့် ဖြစ်သည်။ မီးလောင်မှုကြောင့် ငိုကြွေးသောအခန်းတွင် ပရိသတ်များစွာကိုပါ သနား၍ လိုက်ငိုကြွေးစေသည်။
Xxxxxxxx