Chapter 114
ဘဲဥဆားငံနှင့် ဝက်အူချောင်းများ
ထန်ချောင်းချောင်း၏ သရုပ်ဆောင်မှုစွမ်းရည်သည် အနုပညာကျောင်းကြီးများ၌ တက်ရောက်ထားသော အချို့သရုပ်ဆောင်များထက်ပင် ကောင်းမွန်နေသေးသည်။ ဇာတ်လမ်းတွဲတွင် ထန်ချောင်းချောင်း ရုပ်ရှင်ဘုရင်မနှင့် အခြား သက်ကြီးပိုင်းသရုပ်ဆောင်များနှင့် ယှဉ်တွဲသရုပ်ဆောင်ရသော်လည်း မရှုံးနိမ့်ခဲ့ချေ။ ပရိသတ်များစွာကိုပင် ဖန်အသစ်များအဖြစ် သိမ်းပိုက်သွားသေးသည်။
ဇာတ်လမ်းတွဲက အလွန်အောင်မြင်ကျော်ကြားလာသည်ကို မြင်သောအခါ အဖွဲ့သားများသည်လည်း အလွန်ပျော်ရွှင်နေကြသည်။ ထိုကျော်ကြားမှုကို အခွင့်ကောင်းယူ၍ နေ့စဉ်အပိုင်းကိုထုတ်လွှင့်ပြီးသောအခါ ထိုအပိုင်း၏ ရိုက်ကွင်းနောက်ကွယ်မှ အခန်းများကိုပါ ထုတ်လွှင့်ပေးလိုက်သောကြောင့် ဇာတ်လမ်းတွဲက ပို၍ပင် နာမည်ကြီးလာတော့သည်။
【ဟားဟားဟား ငါအသေရယ်လိုက်ရတယ်...ထန်ချောင်းချောင်းက မထင်မှတ်ထားပဲ အစားအသောက်သရုပ်ဆောင်ခြင်းကို တီထွင်လိုက်မိပြီထင်တယ်...ဒါ တခြားလူတွေကို ဒုက္ခပေးဖို့ နည်းလမ်းကောင်းပဲ...သူနဲ့ ချန်ချမ်တို့ကလည်း တကယ်အချိတ်အဆက်မိတယ်...လိမ္မော်သီးထဲက လိမ္မော်သီးပဲ...】
【ပုံမှန်ဆိုရင် တခြားဇာတ်လမ်းတွဲတွေထဲမှာ cut လို့အော်ပြီးတာနဲ့ သရုပ်ဆောင်တွေက သေသလို တည်တည်ကြီးတွေဖြစ်သွားရော...ဒီအဖွဲ့မှာကျ အကုန်လုံးက ထန်ချောင်းချောင်းနားမှာ ဝိုင်းပြီး အစားအသောက်တွေကို ဆက်စားနေတုန်း...တကယ်ပျော်စရာကောင်းတယ်...】
မောက်လီ၊ ဝူလင်းနှင့် ချမ်ပျောင်တို့ ခဏတာပါဝင်သရုပ်ဆောင်ထားသည့် အခန်းကိုလွှင့်သောအခါ သတင်းခေါင်းစီးများ၌ နာမည်ကြီးသွားပြန်သည်။ ထိုသုံးယောက်တွင် တစ်ယောက်က နိုင်ငံတကာ၌ကျော်ကြားသော ရုပ်ရှင်ဘုရင်မဖြစ်၍ ကျန်သည့်နှစ်ယောက်က နာမည်ကျော် ဒါရိုက်တာများဖြစ်ကြသည်။ ထိုသုံးယောက်သည် ဧည့်သည်သရုပ်တောင်အဖြစ် တူတူပါဝင်သရုပ်ဆောင်ဖို့မပြောနှင့် ပွဲများ၌ တူတူဆုံဖို့ပင် မလွယ်ကူချေ။ "ကျွန်ုပ်တို့မိသားစု" သည် တကယ်ပင် ကောင်းလှပါသည်။
ထိုမျှမက ချမ်ပျောင်နှင့် ဝူလင်းတို့၏ ကတောက်ကဆမှုကိုလည်း လူတိုင်းက သိကြသည်။ ဒါရိုက်တာနှစ်ယောက်သည် သူတို့၏ရန်ငြိုးများက သေသည်အထိ ချေပလိမ့်မည်မဟုတ်ဟု လူများက ထင်နေကြသည်။ ထိုနှစ်ယောက်သည် ထန်ချောင်းချောင်း၏ ဝက်အသည်းခေါက်ဆွဲကိုစားပြီးသောအခါ လက်ဆွဲနှုတ်ဆက်၍ ကျေအေးသွားကြလိမ့်မည်ဟု မမျှော်လင့်ထားကြချေ။
Netizen များသည် အံ့ဩဆွံ့အသွားကြရသည်။ အစားအသောက်၏စွမ်းပကားသည် တကယ်ပင် ကြီးမားလှပါသည်။ ဤသတင်းများက ဇာတ်လမ်းတွဲ၏ ပထမဆုံးနေ့ rating သည် ယခင်စံချိန်ထက် သုံးဆပိုများ၍ စံချိန်တင်သွားတော့သည်။ ထုတ်လွှင့်နေဆဲတွင် ထိပ်ဆုံးစံချိန်တင်ရုံမျှမက တစ်နှစ်လုံး၌လည်း rating အများဆုံး ဇာတ်လမ်းတွဲဖြစ်သွားသည်။
ထန်ချောင်းချောင်း၏ Weibo ဖန်များသည်လည်း ဆယ်သန်းကျော်သွားသည်။ ဖန်များ တစ်သန်းကျော်ခဲ့စဉ်က ထန်ချောင်းချောင်းသည် ဖန်များကို လက်ဆောင်အဖြစ် စားစရာများကို မဲဖောက်ပေးခဲ့သည်။ ယခုတော့ ဆယ်သန်းကျော်သွားခဲ့ပြီ။
သကြားယုန်လေးများသည် ဖန် ၉၉.၉သန်း၌ ရှိနေဆဲအချိန်ကပင် #ထန်ချောင်းချောင်း၏ ဖန် ဆယ်သန်းရောက်လက်ဆောင်# ဟူ၍ သတင်းခေါင်းစီးများ ပြုလုပ်ထားပြီးဖြစ်သည်။ ထို့ကြောင့် ယခု၌ ထန်ချောင်းချောင်းမှ စားစရာများ မဲမဖောက်ပေးလျှင် တရားမည်မဟုတ်ချေ။ စောင့်၍သာ ကြည့်နေလိုက်ကြပါ။
ထန်ချောင်းချောင်းက ပြင်ဆင်ထားပြီးဖြစ်သည်။
"အဆင်သင့်ဖြစ်ပြီ..."
ထန်ချောင်းချောင်းက Weibo ပေါ်၌ ဓာတ်ပုံနှစ်ပုံတင်လိုက်သည်။ ပုံများကို မြင်တွေ့ပြီးသောအခါ netizen များ၌ အတွေးတစ်ခုသာ ရှိတော့သည်။
"ကျွန်ုပ်တို့မိသားစု..."
ပုံတစ်ပုံက ဘဲဥများကို အမည်းရောင်မြေအိုးအကြီးကြီးများ၌ထည့်၍ အဝါရောင်သဲထဲ၌ မြှုပ်ထားသောပုံဖြစ်၍ နောက်တစ်ပုံမှာ ခြံဝန်းတစ်ဝက်နီးပါးအပြည့် ချိတ်ဆွဲထားသော ဝက်အူချောင်းများဖြစ်သည်။
ဤတစ်ခေါက်၌ ဖန်များအတွက် ထန်ချောင်းချောင်း၏လက်ဆောင်မှာ ဘဲဥဆားငံ နှင့် ဝက်အူချောင်းများဖြစ်ပေသည်။
ဘဲဥများသည် "ပိုးအိမ်" ရိုက်ကွင်းအနီးရှိရွာမှ ဘဲမွေးမြူရေးလုပ်သော ရွာသားတစ်ဦးဆီမှ ဝယ်ထားခြင်းဖြစ်သည်။ ထို့ကြောင့် ဘဲဥများသည် ခြံထွက်ဘဲဥစစ်စစ်ဖြစ်သည်။
အစကတော့ ထန်ချောင်းချောင်းသည် သကြားယုန်လေးများအား နှစ်သစ်ကူးလက်ဆောင်အဖြစ် သကြားယုန်ရုပ်လေးများပေးရန် စီစဉ်ထားသော်လည်း ယခု ဖန်အရေအတွက်က ဆယ်သန်းကျော်သွားသောကြောင့် နှစ်ခုပေါင်းလုပ်ရန်ပင် စီစဉ်လိုက်သည်။
ဘဲဥဆားငံများသည် လုပ်ရသည်မှာမခက်ပါ။ ရေထဲသို့ ဆား၊ ဝိုင်အဖြူနှင့် အဝါရောင်သဲများထည့်လိုက်သည်။ ဘဲဥဆားငံများ၏ အဆီအနှစ်ပြည့်ဝမှုအတွက် ဝိုင်ဖြူက အလွန်အရေးကြီးသည်။ ထို့နောက် ထိုရောထားသည်များကို ပျစ်လာသည်အထိ ရောမွှေပေးရသည်။ သန့်ရှင်းသော ဘဲဥများကို ထိုရွှံနှင့် မံ၍ မြေအိုးထဲသို့ ထည့်ကာ လေလုံအောင်ပိတ်ထားလိုက်ရသည်။ တစ်လခန့်ကြာလျှင် စား၍ရပြီဖြစ်သည်။
ဝက်အူချောင်းများအတွက် ဝက်အသားရော အဆီကိုပါ အသုံးပြုရသည်။ တောက်တောက်မစင်းပဲ အတုံးသေးလေးများတုံးလျှင် အရသာက ပို၍ကောင်းသည်။ ထန်ချောင်းချောင်းသည် ပုံမှန်အရသာရော အစပ်အရသာရောကိုပါ ပြုလုပ်ထားသည်။ အူချောင်းထဲသို့ သွပ်ရန် အစာများကို လုပ်ရသည်မှာမခက်ပဲ အူချောင်းထဲသို့ အစာများသွပ်ရသည်ကသာလျှင် ခက်ခဲနေသည်။
ထန်ချောင်းချောင်းသည် ခြံဝန်းတစ်ဝက်စာခန့် ဝက်အူချောင်းများရရင် အချိန်များစွာ အသုံးပြုခဲ့ရသည်။ အန်တီဝမ်သာမက ရှန်းယွဲ့ကိုပါ ခေါ်၍ ကူခိုင်းရသည်။
ရှန်းယွဲ့သည် ထန်ချောင်းချောင်းလက်ထဲမှ ရှုံ့တွနေသော ဝက်အူနှင့် စားပွဲပေါ်မှ ငရုတ်သီး၊ နှမ်းတို့ဖြင့် အရသာနှပ်ထားသော အနီရောင်ဝက်သားစိမ်းပန်းကန်ကြီးကို ကြည့်လိုက်မိသည်။ အသန့်အပြန့်ကြိုက်လွန်းသောဉာဉ်ကြောင့် ရှန်းယွဲ့တစ်ယောက် လက်တွန့်နေမိသည်။
သူ မလုပ်နိုင်ပါ။
ထန်ချောင်းချောင်းသည် တက်ကြွစွာဖြင့် အသားများထည့်နေရင်းက ရှန်းယွဲ့ကို လှမ်းကြည့်၍ ပြောလိုက်သည်။
"ရှင် ဘာလုပ်နေတာလဲ...မြန်မြန်ဖြည့်လေ...ရှင်မကူပေးရင် မစားရဘူးနော်..."
ရှန်းယွဲ့က မျက်မှောင်ကြုတ်လိုက်သည်။
"မင်းရဲ့ဖန်တွေလည်း ကူနေတာမှမဟုတ်တာ...သူတို့ကျ ဘာဖြစ်လို့ စားရတာလဲ..."
ထန်ချောင်းချောင်း: "သူတို့တွေက အများကြီးကူညီထားတယ်လေ...ရုပ်ရှင်မှာ မကောင်းတဲ့ ဝေဖန်ချက်တွေရှိရင် အမြဲကာကွယ်ပေးနေကျ...အဲ့ဒါ ကူပေးတာပဲမဟုတ်ဘူးလား..."
ရှန်းယွဲ့က တိုးတိုးပြောလိုက်သည်။
"ငါလည်း မင်းရဲ့ ဇာတ်လမ်းတွဲကို ကြည့်ပြီး ကြည့်ရှုသူများအောင်လုပ်ပေးတယ်လေ...ဒါဆို ငါ ဒီဟာကြီးကို မလုပ်ပေးပဲ စားလို့ရပြီမဟုတ်ဘူးလား..."
"ဟုတ်ပြီလေ...ဒါဆိုလည်း ဖန်တွေနဲ့တူတူ မဲနှိုက်ဖို့ကိုစောင့်ပေါ့...ရှင်မဲပေါက်ရင် စားရမယ်..."
ထန်ချောင်းချောင်းကပြောလိုက်သည်။
ရှန်းယွဲ့: ...
ရှန်းယွဲ့သည် တစ်ခါမဲပေါက်ဖူးသော်လည်း ကံမကောင်းစွာပင် ဤတစ်ခေါက်တွင်တော့ ပေါက်ဖို့က မသေချာပေ။
သို့သော် ရှန်းယွဲ့အား ကြည့်ရုံသာကြည့်ခိုင်း၍ မစားခိုင်းသည်ကတော့ အဆင်မပြေပါချေ။
ရှန်းယွဲ့သည် အတော်ကြာကြာ စဉ်းစားပြီးမှ နောက်ဆုံး၌ ထန်ချောင်းချောင်းကဲ့သို့ အသားများကို မကိုင်ခင် လက်အိတ်ထူထူနှစ်ထပ်စွပ်လိုက်သည်။
ထန်ချောင်းချောင်းက ပြုံး၍ပြောလိုက်သည်။
"ကျွန်မ သင်ပေးမယ်လေ..."
ဝက်အူချောင်းများကို အဆာသွပ်ပြီးသောအခါ ထန်ချောင်းချောင်းသည် အိမ်ရှေ့ခြံဝန်းထဲ၌ စင်ဆောက်၍ ဝက်အူချောင်းများကို အခြောက်ခံရန် တန်းစီတင်ထားလိုက်သည်။ ပေကျင်းမြို့၏ဆောင်းရာသီသည် ခြောက်သွေ့၍ မိုးသိပ်မရွာသောကြောင့် ဝက်အူချောင်းများကို အခြောက်လှန်းရန် အလွန်သင့်တော်ပေသည်။
ဝက်အူချောင်းများသည် နေရောင်နှင့် ထိတွေ့လိုက်သည်နှင့် အနံ့များက မွှေးပျံ့လာသည်။
ဤနေရာသည် မြို့တော်၏ ထိပ်တန်းစံအိမ်နေရာဖြစ်သော်လည်း နောက်ဘက်ခြံ၌ ဟင်းသီးဟင်းရွက်များစိုက်ထား၍ အိမ်ရှေ့၌ ဝက်အူချောင်းများ နေလှန်းထားလျက်ရှိနေသည်။ ရှန်းယွဲ့သည် ဘာပြောရမည်ပင်မသိဖြစ်နေတော့သည်။
ထန်ချောင်းချောင်းသည် နောက်ထပ် အစားအသောက်မဲနှိုက်ပွဲတစ်ခု ကျင်းပပေးမည်ဟု ကြေငြာလိုက်သည်နှင့်တစ်ပြိုင်နက် အရင်တစ်ခေါက်ကထက်ပင် ပို၍ နာမည်ကြီးသွားတော့သည်။ သူမ၏ဖန်များက တက်ကြွစွာ share ပေးရုံသာမက သူငယ်ချင်းများဖြစ်သော မောက်လီ၊ ချမ်ချမ် တို့နှင့်အတူ ချမ်ဟောင်၊ ချမ်ပျောင်နှင့် ဝူလင်းကဲ့သို့သော ဒါရိုက်တာများကပင် ဝင်ရောက် share ပေးကြသည်။ မသိလျှင် ပေးမည့်ဆုကြေးသည် ငွေသန်းပေါင်းများစွာဖြစ်မည်ဟုပင် ထင်နေကြပေလိမ့်မည်။
မဲနှိုက်ခြင်းသည် ချောမွေ့စွာပြီးဆုံးသွားသည်။ မဲပေါက်သူစာရင်းကို ရပြီးသောအခါ ထန်ချောင်းချောင်းသည် သူတို့၏လိပ်စာများအတိုင်း လျင်မြန်စွာ ပို့ဆောင်ပေးလိုက်တော့သည်။
မဲမပေါက်သူများကလည်း ပိုက်ဆံ သန်း ၁၀၀ ဆုံးရှုံးသွားရသကဲ့သို့ ခံစားနေကြရကာ အလွန်ဝမ်းနည်းနေကြသည်။ အစားအသောက်များကို ရရှိပြီးသောအခါ မည်သူက အရသာအကြောင်းကို တင်မည်လဲဟု မျှော်လင့်စောင့်စားနေကြသည်။
ကိုယ်တိုင်မစားနိုင်သော်လည်း ပုံလေးများမြင်ရလျှင် တော်သေးသည်မဟုတ်လား။
သို့သော် ဖန်များက ဘာမှမတင်ရသေးခင်မှာပင် ရှန်းယွဲ့က သူ၏ Weibo အကောင့်၌ တိုတောင်းသော စာသားလေးကို ရုတ်တရက် ထတင်လိုက်သည်။
【စားပြီးပြီ...အရသာရှိတယ်...】
ရှန်းယွဲ့ တင်လိုက်သည့်ပုံမှာ ဘဲဥဆားငံနှင့် ဝက်အူချောင်းပုံ ဖြစ်လေသည်။
ရှန်းယွဲ့၏ ဘဲဥဆားငံသည် အပြာနုရောင်လေးသမ်းနေ၍ ထက်ခြမ်းခြမ်းထားသည်။ အနီရောင်အနှစ်များကို နူးညံ့သည့်အဖြူရောင်အကာများက ကာရံထားသည်။ ဘဲဥအနှစ်၏အရောင်သည် အရောင်ဖျော့ရာမှ တဖြည်းဖြည်းရင့်သွာသည်။ အလယ်နားသို့ရောက်လေ နီလာလေ ဖြစ်နေသည်။
ထို့အပြင် ဘဲဥအနှစ်များသည် ဆီဝနေ၍ မကျက်တကျက်လေးဖြစ်နေကာ အနှစ်များက အဖြူရောင်ဥအကာကို ကျော်၍ ပန်းကန်အဖြူရောင်ထဲသို့ စီးကျနေသည်။
တစ်ချက်ကြည့်လိုက်ရုံနှင့်ပင် အရသာရှိသည့်ပုံပေါ်၍ စားလိုက်လျှင်လည်း တကယ် အရသာရှိနေပေမည်။
ဘဲဥဆားငံများသည် သင့်တော်ရုံမျှသာ အငံဓာတ်ရှိသည်။ ဘဲဥအကာများကလည်း ချောမွေ့၍ နူးညံ့နေကြသည်။ ဘဲဥအနှစ်ကတော့ အဓိကအသက်ဖြစ်၍ အဆီအနှစ်များနှင့် ပြည့်ဝလှသည်။ နူးလည်းအလွန်နူးညံ့၍ စားပြီးလျှင် အရသာက ပါးစပ်ထဲ၌ စွဲကျန်ခဲ့သည်။ ဆန်ပြုတ်နှင့်တွဲစား၍ဖြစ်စေ ထမင်းကြော်နှင့်တွဲစား၍ဖြစ်စေ အလွန်အရသာရှိနေမည်ဖြစ်သည်။
နီညိုရောင်ဝက်အူချောင်းများကို ခပ်ပါးပါးလှီးထားသည်။ အသားများက ကျစ်လစ်၍ အနံ့က မွှေးကြိုင်နေသည်။ သေချာဝါးပါက အသားများကို ခံစားရမိမည်ဖြစ်သည်။ အရသာကလည်း အားကောင်းလှသည်။
ထန်ချောင်းချောင်းသည် ဝက်အူချောင်းကို ထမင်းနှင့်ရောပေါင်း၍ မြေအိုးထမင်း ပြုလုပ်လိုက်သည်။ အနည်းငံ၍ တမူထူးခြားသော ဝက်အူချောင်း၏အရသာသည် ထမင်းတစ်စေ့ချင်းစီကို ထိုးဖောက်ဝင်ရောက်၍ ဆီနံ့က သင်းပျံ့နေတော့သည်။
ရှန်းယွဲ့က ဘာမှမသိပဲ ဘဲဥဆားငံနှင့် ဝက်အူချောင်းများ၏ပုံကို တင်လိုက်သောအခါ netizen များသည် ပေါက်ကွဲကုန်ကြတော့သည်။
【ကြွားနေတာလား...ဒါ ငါတို့ကို တမင်သပ်သပ် ကြွားနေတာလား...ဘဲဥဆားငံဆိုတာ ငါအကြိုက်ဆုံးစားစရာပဲ...】
【ဘာဖြစ်လို့ ရှန်းယွဲ့က ပထမဆုံးစားရတဲ့လူဖြစ်နေတာလဲ...တစ်မြို့တည်းမှာနေရင်တောင် ပို့တာက အဲ့ဒီလောက် မမြန်နိုင်ဘူးမဟုတ်လား...】
【ဝက်ဆန်...မင်း ဟာကွက်ကိုရှာတွေ့ခဲ့ပြီ...】
【ဒီလူနှစ်ယောက်က ဘယ်အတိုင်းအတာအထိ ဖောက်ပြန်နေကြမှာလဲ...】
【အပေါ်ကလူ...မင်း ဘာဖြစ်လို့ ဒီလိုဆိုးရွားတဲ့စကားကိုပြောထွက်ရတာလဲ...ဒါက ဖောက်ပြန်မှုမှမဟုတ်တာ...သူတို့က စီးပွားဖက်တွေပဲလေ...ကိုယ့်ရဲ့ သူဌေးကို နှစ်သစ်ကူးလက်ဆောင်လေးပေးတာ ဘာများထူးဆန်းလို့လဲ...】
【ဖန်တွေက သူတို့ကိုယ်သူတို့ လှည့်စားပြီး တခြားလူတွေကိုလည်း လှည့်စားနေကြတာပဲ...ဒီတစ်ခုတည်းမှမဟုတ်ဘူး...ရှန်းယွဲ့ Weibo မှာ ပထမဆုံးတင်တာကလည်း ထန်ချောင်းချောင်းနဲ့ပတ်သက်လို့ပဲ...ရှန်းယွဲ့ရဲ့ ရည်ရွယ်ချက်တွေက အရမ်းကို ထင်ရှားနေတာ ဟုတ်ပြီလား...】
...
Netizen များသည် သံသယများဝင်ကုန်ကြသည်။ အချို့က ဖြစ်နိုင်ချေများကို တွက်ဆကြသော်လည်း အချို့ကတော့ မဟုတ်သည့်သတင်းများကို လွှင့်ကြသည်။
ရှန်းယွဲ့ ပုံများတင်လိုက်သည်ကို ထန်ချောင်းချောင်းကတော့ သိပင်မသိလိုက်ချေ။ သူမ သိသွားသည့်အခါတွင်တော့ အလွန်နောက်ကျသွားပြီဖြစ်သည်။ Netizen များ၏ တွေးခေါ်မှုများက စကြာစဠာတစ်ဖက်စွန်းကိုပင် ရောက်နေကြတော့သည်။
ရှန်းယွဲ့သည် သူ့ဘာသာသူ နေတတ်သလိုနေမှန်း ထန်ချောင်းချောင်းသိသော်လည်း ရှန်းယွဲ့သည် အလွန်ရိုးအလှသည်။ မူလဝတ္ထုထံ၌ ရှန်းယွဲ့သည် မည်ကဲ့သို့ ဗီလိန်ဖြစ်သွားမှန်းကို နားမလည်နိုင်ပါချေ။
ထိုအချိန်၌ ရှန်းယွဲ့သည် ဝက်အူချောင်းမြေအိုးထမင်းကို တဝတပြဲစားကာ ချိုင်းထောက်များဖြင့် လေ့ကျင့်ခန်းလုပ်၍ အစာခြေနေလေသည်။
ခုတလောတွင် ထန်ချောင်းချောင်း၏ အောင်မြင်ကျော်ကြားမှုသည် တဟုန်ထိုးတိုးတက်နေသည်။ သူမ နေ့စဉ်လက်ခံရရှိသော စွမ်းအင်များကလည်း များပြားသောကြောင့် ရှန်းယွဲ့၏ခြေထောက်များကို ကုသရန် ပို၍ပင် အဆင်ပြေနေလေသည်။ ကျောက်ပတ်တီးဖြေပြီးသောအခါ ရှန်းယွဲ့သည် ပြန်လည်သန်စွမ်းစေရန် လေ့ကျင့်ခြင်ကို သူကိုယ်တိုင်ပင် စလုပ်ခဲ့သည်။ ယခုဆိုလျှင် ဘီးတပ်ကုလားထိုင်မှထ၍ ချိုင်းထောက်များကို အားပြုကာ လမ်းအနည်းငယ်ပင် လျှောက်နိုင်နေပြီဖြစ်သည်။
ရှန်းယွဲ့က ထန်ချောင်းချောင်းဆီသို့ ခပ်ဖြည်းဖြည်း လျှောက်လာနေသည်ကို ထန်ချောင်းချောင်းက လက်ပိုက်၍ ကြည့်နေသည်။
ရှန်းယွဲ့၏အကြည့်က ထန်ချောင်းချောင်း၏မျက်လုံးများနှင့် ဆုံမိသောအခါ ထန်ချောင်းချောင်းသည် Weibo ပေါ်၌ ရှန်းယွဲ့တင်ထားသောဓာတ်ပုံကိုမြင်၍ စိတ်တိုနေပြီဖြစ်ကြောင်း ရှန်းယွဲ့ သိလိုက်တော့သည်။
နှစ်ယောက်ကြားက ငြိမ်းချမ်းမှုလေးသည်ပျက်စီးပေတော့မည်။
ရှန်းယွဲ့သည် ယခင်က သူနှင့် ထန်ချောင်းချောင်းတို့၏အကြောင်းကို လူများရှေ့ထုတ်ဖော်ပြလိုက်ပါက ထန်ချောင်းချောင်းနှင့် ထန်မိသားစု၏အရှုပ်တော်ပုံကြား ဝင်ပါသွားရမည်ကို စိုးရိမ်နေခဲ့မိသော အချိန်များကို ပြန်စဉ်းစားနေမိသည်။ ယခုတော့ ရှန်းယွဲ့ကိုယ်တိုင်က သူတို့၏ဆက်ဆံရေးကို လူရှေ့ချပြချင်နေပြီဖြစ်သော်လည်း ထန်ချောင်းချောင်းက ခေါင်းငြိမ့်၍ သဘောတူမည့်အချိန်ကို စောင့်နေရဦးမည်ဖြစ်သည်။
လွန်ခဲ့သည့် တစ်နှစ်ခန့်က တစ်စုံတစ်ယောက်ကသာ ဤကဲ့သို့ဖြစ်လာမည်ဟု ပြောခဲ့ပါက ရှန်းယွဲ့သည် သူအသတ်ခံရလျှင်တောင် ယုံမိမည်မဟုတ်ချေ။
ထန်ချောင်းချောင်း၏အကြည့်က ရှန်းယွဲ့ကို ပို၍ မလုံမလဲဖြစ်လာစေသည်။ ထို့နောက် ရုတ်တရက် ရှန်းယွဲ့၏ခြေထောက်သည် ချော်သွား၍ လဲကျတော့မတတ်ဖြစ်သွားသည်။
ထန်ချောင်းချောင်းက ရှန်းယွဲ့ဆီသို့ အပြေးသွားကာ ကူပေးလိုက်သည်။
"ဘာဖြစ်သွားတာလဲ..."
ရှန်းယွဲ့က မျက်မှောင်ကျုံ့၍ နာကျင်စွာပြောလိုက်သည်။
"လမ်းလျှောက်ရင် နည်းနည်းနာနေသေးတယ်...အရိုးကျိုးထားတဲ့နေရာက သေချာပြန်မကောင်းသေးဘူးထင်တယ်..."
"မဖြစ်နိုင်တာ...အရိုးအက်တာက သေးသေးလေးပဲကို..."
ရှန်းယွဲ့အား ထန်ချောင်းချောင်းနေ့တိုင်းလုပ်ကျွေးနေသည့် အစားအသောက်များနှင့်ဆိုလျှင် ထိုကိစ္စသည် ပြဿနာမဟုတ်တော့ပါ။
ထန်ချောင်းချောင်းသည် ရှန်းယွဲ့၏ခါးကို ဖက်၍ ခြေထောက်များကို ငုံ့ကြည့်လိုက်သည်။
"ဘယ်နေရာက နာနေတာလဲ..."
"နေရာတိုင်းကနာနေတာ..."
ရှန်းယွဲ့သည် ခန္ဓာကိုယ်တစ်ဝက်ကို ထန်ချောင်းချောင်းပေါ်သို့ မှီ၍ ခေါင်းကို ထန်ချောင်းချောင်း၏ပုခုံးပေါ်မှီလိုက်ကာ ခပ်တိုးတိုးပြောလိုက်သည်။
ဒါကိုမှ ထန်ချောင်းချောင်းမပြောနိုင်လျှင်တော့ သူမ အရူးသာဖြစ်ပေတော့မည်။
Xxxxxxx