အပိုင်း ၁၁၅
Viewers 24k

Chapter 115

ငါ့ရဲ့ဇနီးဖြစ်ပေးပါ


ဒါကိုမှ ထန်ချောင်းချောင်းမပြောနိုင်လျှင်တော့ သူမ အရူးသာဖြစ်ပေတော့မည်။


"ရှင် ကျွန်မကို လှည့်စားနေပြန်တာပဲ..."


ထန်ချောင်းချောင်းသည် ရှန်းယွဲ့ သူမကို ညာနေမှန်း သတိထားမိသွားသည်။ ထို့ကြောင့် ရှန်းယွဲ့၏ခေါင်းကိုတွန်းပစ်ကာ ခါးကိုဖက်ထားသောလက်ကို ဖြေလျော့၍ တစ်ဖက်သို့လှည့်ကာ ရှန်းယွဲ့အား လျစ်လျူရှုနေလိုက်သည်။


ရှန်းယွဲ့သည် သူ အမှီပြုထားသည်က ရုတ်တရက်ထွက်သွားသောကြောင့် ခြေလှမ်းအနည်းငယ်မျှယိုင်သွားပြီးမှ ချိုင်းထောက်များ‌ပေါ်သို့ အားပြန်ပြုလိုက်ရသည်။


ထန်ချောင်းချောင်းက စိတ်တိုတိုနှင့်ပြောလိုက်သည်။


"ရှင့်ကို ထပ်ယုံရင် ကျွန်မက ဝက်တစ်ကောင်လို ရူးနေလို့ပဲ..."


ထန်ချောင်းချောင်းက ဒေါသတကြီးပြောလိုက်သော်လည်း ရှန်းယွဲ့ဘက်မှ တုံ့ပြန်လာသည်ကို မကြားရချေ။ ထို့ကြောင့် လှည့်ကြည့်လိုက်သောအခါ ရှန်းယွဲ့သည် တိုင်တစ်လုံးကို မှီ၍ အသက်ရှူမြန်ကာ နှဖူးမှလည်း ချွေးများပြန်နေသည်ကို မြင်လိုက်ရသည်။


ထန်ချောင်းချောင်း၏ နှလုံးသားက တင်းကြပ်သွားသည်။ 


"ရှင် ဘာဖြစ်နေတာလဲ...ဘာဖြစ်လို့ ချွေးတွေ တအားထွက်နေတာလဲ..."


"ဘာမှမဖြစ်ပါဘူး...ခဏနားလိုက်ရင်ကောင်းသွားမှာ...မင်းသွားချင်ရင်သွားလို့ရတယ်..."


ရှန်းယွဲ့သည် အလွန်နာကျင်နေသောဝေဒနာကို ကျိတ်ခံရန် ကိုယ့်ကိုယ်ကိုယ် သတိပေး၍ အေးဆေးစွာ ပြုံးပြလိုက်သည်။


ထန်ချောင်းချောင်းသည် စိတ်ပူရမည်လား စိတ်တိုရမည်လားပင်မသိတော့ချေ။


"ရှင်က အရူးပဲ...လေ့ကျင့်ခန်းလုပ်တာမှာလည်း အကန့်အသတ်ရှိသေးတယ်လေ...ရှင်ပင်ပန်းနေတယ်ဆိုရင်ပြောပေါ့...ကျွန်မက အတင်းမတိုက်တွန်းပါဘူး..."


ရှန်းယွဲ့က အသက်ကို ခက်ခဲစွာရှူနေရသည်။


"ငါလည်း မြန်မြန် ပြန်ကောင်းချင်လို့ပါ...အဲ့ဒါမှ လူတွေက ငါတို့နှစ်ယောက်အကြောင်းပြောတဲ့အခါ ငါ့ကို မသန်စွမ်းကောင် လို့ မပြောကြမှာ..."


"ကျွန်မ ရှင့်ကို အဲ့ဒါကြောင့် တစ်ခါမှ မမုန်းဖူးပါဘူး..."


ထန်ချောင်းချောင်းက ရှန်းယွဲ့ကို အခန်းသို့ပြန်ရန် တွဲပေးရင်းက ခပ်တိုးတိုး ရေရွတ်လိုက်သည်။


"ငါသိပါတယ်..."


ရှန်းယွဲ့ အနည်းငယ်ပြုံးသွားသည်။


ရှန်းယွဲ့စကားပြောသည့်အခါ ထွက်လာသော လေနွေးနွေးက ထန်ချောင်းချောင်း၏ နားရွက်ကို ထိကာ ယားကျိကျိဖြစ်သွားသည်။


ထန်ချောင်းချောင်း၏နှလုံးသည် အခုန်မြန်လာတော့သည်။


ထန်ချောင်းချောင်းသည် ရှန်းယွဲ့ကို ကုတင်ပေါ်သို့ တွဲတင်ပေး၍ ဘောင်းဘီခြေထောက်ကို အပေါ်သို့လှန်ကာ ခြေထောက်များကို နှိပ်နယ်ပေးနေလိုက်သည်။ ယနေ့ လေ့ကျင့်ခန်းက ပုံမှန်ထက် များသွားသောကြောင့် နှိပ်နယ်ပေးခြင်းက ရှန်းယွဲ့ကို သက်တောင့်သက်သာဖြစ်စေသည်။


နှိပ်ပေးနေရင်းက ထန်ချောင်းချောင်းသည် ရှန်းယွဲ့၏ခြေသလုံးမှ အမာရွတ်ကို မြင်သွားသည်။


"ရှင် ဒီ အမာရွတ်ကို မဖျောက်ပစ်ဘူးလား..."


ထန်ချောင်းချောင်းက မေးလိုက်သည်။


ရှန်းယွဲ့က အနည်းငယ်ပြုံးကာ ပြောလိုက်သည်။


"ငါမှ မဖျောက်ပစ်ချင်တာ..."


"ဘာဖြစ်လို့လဲ..."


ထန်ချောင်းချောင်းက နားမလည်စွာမေးလိုက်သည်။


"ဒီအမာရွတ်က ငါ့ကို ကားအက်ဆီးဒန့်ဖြစ်ပြီးစအချိန်တွေကို သတိရစေတယ်...အဲ့ဒါကို မြင်ပြီးရင် အန္တရာယ်တွေကို အမြဲသတိထားနေရမယ်ဆိုတဲ့ အတွေးက အမြဲဝင်လာတယ်..."


"အင်း..."


ထန်ချောင်းချောင်းက သဘောတူစွာ ခေါင်းငြိမ့်လိုက်သည်။


"ဒါလည်း အဓိပ္ပာယ်ရှိပါတယ်လေ..."


ရှန်းယွဲ့က မျက်ခုံးများကို ပင့်လိုက်သည်။


"ငါ ဘယ်တုန်းက အဓိပ္ပာယ်မရှိတာကို ပြောဖူးလို့လဲ..."


ဖြစ်ပြန်ပြီ။ ဤလူသည် မကြွားရလျှင် နေနိုင်သူ မဟုတ်ပေ။


"ရှင့်ခြေထောက်က နာတယ်လို့ ခဏခဏ လိမ်နေတာက အဓိပ္ပာယ်မရှိဘူလေ..."


ထန်ချောင်းချောင်းက ရှန်းယွဲ့၏ ပြစ်ချက်များကို ရေတွက်လိုက်သည်။


"ပြီးတော့ Weibo ပေါ်မှာ ရှင်တင်ထားတဲ့ပုံတွေ...ရှင် ကျွန်မကို ကြိုပြီးမမေးဘူး..."


ရှန်းယွဲ့: "ငါက ငါ့ကိုယ်ပိုင်အကောင့်မှာ ငါ့ဘာသာငါတင်တာကို မင်းကို သတင်းပို့နေရဦးမှာလား...ဒီအိမ်မှာ ငါလုပ်လို့ရတာ မရှိတော့ဘူးလား..."


"မကောင်းတဲ့စိတ်ရှိတဲ့လူတွေက ရှင် ဒီတိုင်းတင်လိုက်တဲ့ပုံတွေကို ယူသုံးကြမှာ ရှင်သိသားပဲ...မဟုတ်တဲ့သတင်းတွေ ထွက်လာဦးမှာ..."


"ဘယ်မှာလဲ သတင်းတွေ...ငါ့ကိုပြော...ငါ့ရဲ့ရှေ့နေအဖွဲ့က ဘာမှမလုပ်ရပဲ ငါက ပိုက်ဆံပေးနေရတာ..."


"ကျွန်မ အကောင်းပြောနေတာ...နောက်နေတာမဟုတ်ဘူး..."


ထန်ချောင်းချောင်းက ရှန်းယွဲ့၏ခြေထောက်ကို အားနှင့် ဖိချလိုက်သည်။


ရှန်းယွဲ့က ရုတ်တရက် နာကျင်စွာ အော်ဟစ်လိုက်သည်။


"မင်းယောင်္ကျားကို မင်းသတ်နေတာပဲ..."


"ရှင်ဆက်ပြောနေရင် ကျွန်မ ဆက်ဖိနေရမှာပဲ..."


ထန်ချောင်းချောင်းက ခြိမ်းခြောက်လိုက်သည်။


"ငါ မင်းကိုတော့ကြောက်ပါတယ်..."


ရှန်းယွဲ့က အရှုံးပေးလိုက်သည်။ ရှန်းယွဲ့သည် ထန်ချောင်းချောင်းကိုတော့ မနိုင်သောကြောင့် အခြားနည်းလမ်းမရှိချေ။


"မဟုတ်တဲ့သတင်းတွေကို ငါက ဘာဖြစ်လို့ မတွေ့ရတာလဲ...ကောမန့်‌ထဲက လူတွေက မနာလိုဖြစ်နေကြတာ အသိသာကြီးပဲ..."


ရှန်းယွဲ့က ထန်ချောင်းချောင်းကို တစ်ချက်လှမ်းကြည့်၍ ပြောလိုက်သည်။


"ငါတို့ရဲ့ ရင်းနှီးမှုကို လူတွေရှေ့ချပြလိုက်ရင် မဟုတ်တဲ့သတင်းတွေအကြောင်းကို မင်းစိတ်ပူနေစရာမလိုတော့ဘူးလေ..."


"ဟင့်အင်း..."


ထန်ချောင်းချောင်းက စဉ်းပင်မစဉ်းစားပဲ ရှန်းယွဲ့၏ အဆိုကို ပယ်ချလိုက်သည်။


"ဘာဖြစ်လို့လဲ..."


ရှန်းယွဲ့၏ မျက်နှာက ညှိုးနွမ်းသွားသည်။


"ငါက မသန်စွမ်းဖြစ်နေပြီး မင်းနဲ့ မတန်လို့လား..."


ထန်ချောင်းချောင်းက ပြောလိုက်သည်။


"မဟုတ်တာ..."


ထန်ချောင်းချောင်းသည် ရှန်းယွဲ့အား မသန်စွမ်းသူဟု တစ်ခါမှ မမြင်ခဲ့ဖူးပါ။


"ဒါဆို ငါ့ကိုအကြောင်းပြချက်ပေးလေ..."


ရှန်းယွဲ့သည် ဤတစ်ခေါက်တွင်တော့ အဖြေကို မရမကတောင်းလိုက်သည်။


"ကျွန်မကို လူရှေ့ထုတ်မပြောဖို့ ရှင်ပဲ သတိပေးခဲ့တာလေ...အခုကျတော့လည်း ရှင်ပဲ ထုတ်ပြောချင်နေပြန်ပြီ...ကျွန်မရဲ့ သဘောထားကရော အရေးမပါဘူးလား..."


ထန်ချောင်းချောင်းသည် ရှန်းယွဲ့ကို နှိပ်နယ်ပေးနေသည်ကို ရပ်လိုက်၍ ရှန်းယွဲ့၏ စူးရှသောအကြည့်များအောက်တွင် ဆို့နင့်စွာပြောလိုက်သည်။


"ငါတောင်းပန်ပါတယ်...အဲ့ဒါက အကုန် ငါ့ရဲ့ အပြစ်တွေပါ...ငါ မင်းကို အထင်လွဲခဲ့မိတာ..."


ယခင်က ရှန်းယွဲ့၏ ဆိုးရွားသော အပြုအမူများသည် ထန်ချောင်းချောင်းအပေါ် သက်ရောက်မှုသိပ်မရှိခဲ့သော်လည်း ယခု ရှန်းယွဲ့၏ လေးနက်သော တောင်းပန်မှုကြောင့် အံ့ဩသွားရသည်။


ရှန်းယွဲ့ မည်မျှ မာနကြီးမှန်း ထန်ချောင်းချောင်းသိထားသော်လည်း ယခုတွင်တော့ ရှန်းယွဲ့သည် သူ့ဘက်မှ အရင်အလျှော့ပေးကာ တောင်းပန်နေလေသည်။ ထန်ချောင်းချောင်းသည် ဘာဆက်လုပ်ရမည်ပင်မသိ ဖြစ်သွားသည်။


လူသားတို့၏ခံစားချက်များသည် ရှုပ်ထွေးလှသည်။ ထန်ချောင်းချောင်း၏ ယခင်ဘဝမှ  ကျင့်ကြံခြင်းသည်ကပင် ယခုလောက် ဒုက္ခမများပေ။


ထန်ချောင်းချောင်း၏မူလအစီအစဉ်မှာ ရှန်းယွဲ့၏ခြေထောက်များကို ကောင်းမွန်အောင် အရင်ကုသပေး၍ ပြီးတော့မှ နှစ်ယောက်သား ကွာရှင်းကြရန်ဖြစ်သည်။ ထို့နောက် ထန်ချောင်းချောင်းသည် သရုပ်ဆောင်အဖြစ်ဆက်လုပ်ကိုင်၍ ကျော်ကြားမှုနှင့် ဝိဉာဉ်စွမ်းအင်များကို စုဆောင်းမည်ဖြစ်သည်။ ပျော်စရာကောင်းသော ဘဝပင်ဖြစ်သည်။


သို့သော် ယခုတွင်တော့ ထန်ချောင်းချောင်းသည် ရှန်းယွဲ့အပေါ်၌ တစ်မူထူးခြားသော ခံစားချက်ကို ခံစားနေရပြီဖြစ်သည်။ ထိုခံစားချက်သည် လူသားများက အချစ် ဟု ခေါ်ကြသော ခံစားချက်ပေလား။ ရှန်းယွဲ့ကရော ထန်ချောင်းချောင်းအပေါ်၌ မည်ကဲ့သို့သော ခံစားချက်မျိုး ရှိနေပါသနည်း။


သူမ အနည်းငယ်စိတ်ရှုပ်သွားမိသည်။


ရှန်းယွဲ့သည် ထန်ချောင်းချောင်း ဘာမှမပြောသည်ကို မြင်၍ မေးလိုက်သည်။


"မင်းမှာ စိုးရိမ်စရာကိစ္စရှိနေလို့လား..."


"အင်း..."


"ငါ့ကိုပြောလေ..."


ထန်ချောင်းချောင်းက ခဏမျှ တုံ့ဆိုင်းပြီးမှ ပြောလိုက်သည်။


"ကျွန်မက အခုထိ အချစ်ဇာတ်လမ်းတွေ မရိုက်ရသေးဘူး...တကယ်လို့ ကျွန်မက အိမ်ထောင်ရှိတယ်ဆိုတဲ့ သတင်းတွေထွက်သွားရင် ကျွန်မ အချစ်ဇာတ်လမ်းတွေ မရိုက်ရတော့ရင် ဘယ်လိုလုပ်မလဲ..."


ရှန်းယွဲ့: ...


ထန်ချောင်းချောင်းသည် မည်ကဲ့သို့များ ဤသို့ ဆိုးရွားလွန်းသော အကြောင်းပြချက်ကို ပေးရပါသနည်း...


"မင်းသားချောချောလေးတွေနဲ့ ကြင်နာယုယရတဲ့ အခန်းတွေရှိတယ်လေ...အဲ့ဒီလိုမျိုးအခန်းတွေ ကျွန်မ မရိုက်ရသေးဘူး..."


ထန်ချောင်းချောင်းက ထပ်ဖြည့်ပြောလိုက်သည်။


ကြင်နာယုယတဲ့အခန်း...ဒီမိန်းမက ဒီလိုအခန်း‌တွေ ရိုက်ချင်နေသေးတယ်ပေါ့...


ရှန်းယွဲ့ ထိုအခန်းကို ခဏမျှစဉ်းစားကြည့်လိုက်ရုံဖြင့် မျက်နှာထားက တင်းသွားသည်။


"မရိုက်ရပါဘူး..."


ထန်ချောင်းချောင်းက ခေါင်းကိုငုံ့ကာပြောလိုက်သည်။


"ရှင်က ဘာဖြစ်လို့ ကျွန်မရဲ့အလုပ်ကို ဝင်စွက်ဖက်နေတာလဲ..."


ထန်ချောင်းချောင်းအနေဖြင့် ယခုက ပေါ့ပေါ့းပါးပါးပင်ပြောလိုက်သော်လည်း အနာဂတ်၌ ထိုကဲ့သို့ အခန်းများရိုက်ကူးရမည်ဆိုပါက သရုပ်ဆောင်တစ်ယောက်အနေဖြင့် ငြင်းဆန်၍ရမည်မဟုတ်ချေ။


သရုပ်ဆောင်တစ်ယောက်အနေနှင့် ထန်ချောင်းချောင်းသည် အင်အားမကြီးနိုင်ပါ။


ရှန်းယွဲ့ကပြောလိုက်သည်။


"မဟုတ်ဘူး...ငါဆိုလိုတာက အဲ့ဒီလိုအခန်းတွေမှာဆို မင်းက အတွေ့အကြုံမရှိဖြစ်နေမှာလေ...အဲ့ဒီတော့ ဘယ်ကြည့်ကောင်းမလဲ..."


"ဟုတ်သားပဲ..."


ထန်ချောင်းချောင်းက သေချာစဉ်းစား၍ ခေါင်းငြိမ့်လိုက်သည်။


"ရပါတယ်...ကျွန်မ အသက်ပြည့်ပြီးမှ ကြည့်လို့ရတဲ့ ဇာတ်ကားတွေရှာကြည့်လိုက်မယ်..."


ရှန်းယွဲ့သည် တိတ်ဆိတ်နေသည်။ ဤမိန်းမ၏စိတ်သည် တစ်ခုခုတော့ လွဲမှားနေလေသည်။


"ငါ မင်းကို ကူညီပေးလို့ရတယ်လေ..."


ထန်ချောင်းချောင်းက မျက်လုံးများကို ပင့်ကာ ကြည့်လိုက်သည်။


"ရှင့်မှာ အဲ့ဒီလို ဇာတ်ကားတွေရှိတာလား...ကျွန်မကို ငှားမလို့လား..."


သူမ ဒီည ထိုဇာတ်ကားများကို တိတ်တဆိတ် ခိုးကြည့်နိုင်မည်ထင်သည်။


ရှန်းယွဲ့သည် ထန်ချောင်းချောင်းကြောင့် ကိုယ်တွင်းမှ ဒဏ်ရာများရသည်အထိ အသက်ရှူကြပ်ရတော့မည်ဟု ခံစားနေမိသည်။


ရှန်းယွဲ့သည် ထန်ချောင်းချောင်း၏လက်ကို လှမ်းကိုင်ကာ သူမကို သူနှင့် မျက်နှာချင်းဆိုင်စေလိုက်သည်။


"ငါ မင်းရဲ့ အစမ်းသပ်ခံ ဖြစ်ပေးလို့ရတယ်လေ..."


"ရှင်ကလား..."


ထန်ချောင်းချောင်း၏မျက်လုံးများသည် အပေါ်မှအောက်သို့ လှုပ်ရှားသွားသည်။ ထိုမျက်လုံးများသည် "သေချာလို့လား..." ဟူသည့် အကြည့်များပါဝင်နေသည်။


ရှန်းယွဲ့က ပြောလိုက်သည်။


"ငါလုပ်နိုင်ပါတယ်...မင်း စမ်းသပ်ကြည့်လိုက်ရင် သိသွားမှာပေါ့..."


ပြောနေရင်းဖြင့် ရှန်းယွဲ့သည် ရှေ့သို့ တိုးလိုက်ရာ သူ့မျက်နှာနှင့် ထန်ချောင်းချောင်း၏မျက်နှာတို့သည် အလွန်နီးကပ်သွားကြသည်။ သူတို့သည် အနည်းငယ် လှုပ်လိုက်ရုံနှင့်ပင် ထိမိတော့မလိုဖြစ်နေကြသည်။


ထန်ချောင်းချောင်းက ရုတ်တရက် ထစ်အစွာပြောလိုက်သည်။


"ရှင် ဘာလုပ်ချင်လို့လဲ..."


"ငါတို့က တရားဝင်လင်မယားတွေပဲလေ...ဒီလိုဟာမျိုးကို တရားဝင်လုပ်ခွင့်ရှိတယ်..."


ရှန်းယွဲ့ကပြောလိုက်သည်။


"ဒါပေမယ့်..."


"စိတ်မပူပါနဲ့...ငါမင်းကို နောက်ဆုံးအခေါက်က မေးထားတဲ့မေးခွန်းကို မင်းအခုထိ မဖြေရသေးဘူး..."


"ဘာမေးခွန်းလဲ..."


ထန်ချောင်းချောင်းသည် ရှန်းယွဲ့၏စူးရှသော အကြည့်များဖြင့်အကြည့်ခံနေရသောကြောင့် သူမ၏စိတ်က အလုပ်မလုပ်တော့ဟု ခံစားနေရသည်။


ရှန်းယွဲ့သည် သူ့နဖူးကို ထန်ချောင်းချောင်း၏နဖူးနှင့် ထိကပ်လိုက်၍ နူးညံ့စွာ တီးတိုးပြောလိုက်သည်။


"ငါတို့နှစ်ယောက်ရဲ့ဆက်ဆံရေးကို ဒီ့ထက် ပိုနီးကပ်လာစေချင်တယ်လို့ ငါပြောထားတာလေ...မင်း ငါ့ရဲ့ ဇနီးစစ်စစ် ဖြစ်ပေးနိုင်မလား..."


"မင်း ငါ့ရဲ့ ဇနီးစစ်စစ်ဖြစ်လာရင် ဘယ်လိုလဲ..."


ရှန်းယွဲ့‌ကပြောရင်းဖြင့် ထန်ချောင်းချောင်း၏ မျက်လုံးများကို စူးစိုက်ကြည့်နေသောကြောင့် ထန်ချောင်းချောင်း ရှောင်၍မရဖြစ်သွားသည်။


ထန်ချောင်းချောင်း၏ အသက်ရှူသံများသည် ပုံမှန်မဟုတ်ဖြစ်လာသည်။


ချောမောခြင်းသည် ထောင်ချောက်တစ်ခုပါပဲလား။


နက်မှောင်သောမျက်လုံးများဖြင့် စိုက်ကြည့်နေသော ရှန်းယွဲ့၏မျက်နှာသည် အလွန်ပင် ရင်ခုန်ဖွယ်ကောင်းနေသည်။ မည်သူက ထိုကဲ့သို့သောမျက်နှာကို လွန်ဆန်နိုင်ပါမည်နည်း။


ထန်ချောင်းချောင်း၏မသိစိတ်က "အင်း..." ဟူ၍ သဘောတူမိတော့မလိုပင်ဖြစ်သွားသည်။


သို့သော် ထိုစကားများသည် နှုတ်ခမ်းနားသို့ရောက်လာသောအခါ ပြန်မြိုချလိုက်ရသည်။


ထန်ချောင်းချောင်းသည် ယခင်ဘဝက လူသားမဟုတ်ခဲ့၍ မတော်တဆ မိုးကြိုးပစ်ခံလိုက်ရသောကြောင့်သာ ဤခန္ဓာကိုယ်ကို ရလာခြင်းဖြစ်သည်။ အရွယ်ရောက်ပြီးလူသားတစ်ယောက်အနေဖြင့် နေရသောအချိန်သည် အလွန်တိုတောင်းလွန်းသေးသောကြောင့် လူသားများ၏ စွဲလမ်းမှု ၇ မျိုးနှင့် လိုချင်တပ်မက်မှု ၆ မျိုးတို့ကိုပင် မခံစားဖူးသေးချေ။


သို့သော် ရှန်းယွဲ့နှင့်အတူနေထိုင်ခဲ့‌သောအချိန်များနှင့် သူမအပေါ် ရှန်းယွဲ့ ပြုလုပ်ပေးခဲ့ခြင်းများကို ပြန်စဉ်းစားလိုက်သောအခါတွင်တော့ သူမ၌ ငြင်းစရာစကားမရှိချေ။


ထန်ချောင်းချောင်း သူမကိုယ်သူမ ဘာဖြစ်နေမှန်းပင်မသိတော့ချေ။ သူမသည် လွတ်လပ်၍ လွယ်ကူသောဘဝမျိုးကိုပင် နေထိုင်ခဲ့သည်ဟု အမြဲပြောခဲ့ခြင်းဖြစ်သည်။ ယခုမှ အဘယ်ကြောင့် ထန်ချောင်းချောင်း၏ဘဝသည် အလွန် ရှုပ်ထွေးလာရပါသနည်း။


ရှန်းယွဲ့သည် ထန်ချောင်းချောင်းက တစ်ခုခုပြောမည်ပြင်ပြီးမှ ရပ်သွားသည်ကို မြင်လိုက်သောကြောင့် အသံနိမ့်နိမ့်ဖြင့် မေးလိုက်သည်။


"မင်းရဲ့နှလုံးသားထဲမှာ တခြားတစ်ယောက်ရှိနေလို့လား..."


ထန်ချောင်းချောင်းက မေးလိုက်သည်။


"ဟုတ်တယ် ဆိုရင် ရှင်ဘာလုပ်မလို့လဲ..."


ရှန်းယွဲ့က ခဏရပ်ကာ စဉ်းစားလိုက်သည်။ အတွေးထဲတွင် ထန်ချောင်းချောင်းနှင့် အလုပ်တွဲလုပ်ခဲ့သမျှ အမျိုးသားအနုပညာရှင်တိုင်းကို စဉ်းစားနေမိသည်။ ရှန်းလျန့်ကတော့ ထည့်တွက်စရာပင်မလိုကာ ချက်ချင်းကျော်ပစ်လိုက်သည်။ ဝေ့ရီချီက ပျော့ညံ့လွန်းသည်။ ဟူမြောင်က တဇွတ်ထိုးလုပ်တတ်သည်။ ရှုယုယီက ထုံထိုင်းသည်။


မဖြစ်နိုင်ပါ။ ဤ ပုပ်နေသောဖရဲသီးများထဲမှ မည်သူ့ကိုမှ ထန်ချောင်းချောင်း မျက်စိကျနိုင်စရာမရှိပါ။


ထန်ချောင်းချောင်းက မေးလိုက်ပြန်သည်။


"ကျွန်မတို့က စုံတွဲအစစ်မှမဟုတ်ပဲ...တကယ်လို့ ကျွန်မက တစ်ယောက်ယောက်ကို ချစ်နေတယ်ဆိုရင် ရှင် ကျွန်မကို ထွက်သွားခွင့်ပေးမှာလား..."


ရှန်းယွဲ့က တိဆ်ဆိတ်နေသည်။


"ပေးမယ်..."


ခဏကြာစဉ်းစားပြီးမှ ရှန်းယွဲ့ကပြောလိုက်သည်။


"ပြီးရင် ငါ မင်းကို ပြန်ရအောင် ကြိုးစားမယ်..."


ထန်ချောင်းချောင်းက နှစ်ခါမျှ ရယ်လိုက်သည်။


"ရှင်က အရမ်းသေချာနေတယ်ပေါ့..."


"ဟုတ်တယ်...ဘာဖြစ်လို့လဲဆိုတော့ မင်းအကြောင်းကို ငါ့ထက်ပိုသိတဲ့ ယောင်္ကျား မရှိလို့ပဲ..."


ရှန်းယွဲ့က ထန်ချောင်းချောင်း၏ နှဖူးကို ငြင်သာစွာ ထိကိုင်လိုက်သည်။


"ငါ အလျင်မလိုပါဘူး...မင်း ဖြည်းဖြည်းနဲ့ သေသေချာချာစဉ်းစားပြီးမှ ငါ့ကို အဖြေပြန်ပေးပါ..."


ထန်ချောင်းချောင်းက ခေါင်းကို မသိမသာ ငြိမ့်လိုက်သည်။


Xxxxxxx