အပိုင်း ၁၁၆
Viewers 23k

Chapter 116

 လူသားအနွေးပေးစက်


"ကျွန်ုပ်တို့မိသားစု" ထုတ်လွှင့်ပြီးသည့် နောက်ပိုင်းတွင် ထန်ချောင်းချောင်း၏ ကြော်ငြာမှုတန်ဖိုးသည်လည်း အလွန်မြင့်တက်လာခဲ့သည်။ ကြော်ငြာအများအပြားမှ ထန်ချောင်းချောင်းကို ဖိတ်ခေါ်လာကြသည်။


ပေကျင်း၌ အသစ်ဖွင့်ထားသော ရှော့ပင်းမောတစ်ခုသည် ဆိုင်ဖွင့်ပွဲပါတီကျင်းပရန် စီစဉ်၍ အနုပညာရှင်အများအပြားကို ဖိတ်ကြားထားရာ ထန်ချောင်းချောင်းလည်း တစ်ဦးအပါအဝင်ဖြစ်သည်။


အနုပညာရှင်အများအပြား တက်ရောက်သောကြောင့် ရှော့ပင်းမောက ကော်ဇောနီအခမ်းအနားပါ စီစဉ်ပေးထားသည်။ ပေကျင်း၏ အပူချိန်က အေးခဲမှု သုညအောက်ရောက်နေသောကြောင့် အမျိုးသမီးအနုပညာရှင်များသည် ညနေခင်းပွဲတက်‌ဂါဝန်များဖြင့် ကြာကြာနေနိုင်မည်မဟုတ်သောကြောင့် ကော်ဇော်နီအခမ်းအနားကိုတော့ ကြာမြင့်စွာမလုပ်ချေ။


ထန်ချောင်းချောင်းသည် ဤအခေါက်၌ ချမ်ချင်းနှင့်အတူ ပွဲတက်ရောက်လာသည်။ သူတို့နှစ်ယောက်သည် "ကျွန်ုပ်တို့မိသားစု" ၌ ညီအစ်မများအဖြစ် အခန်းများစွာသရုပ်ဆောင်ခဲ့ကြသည်။ Weibo ၌လည်း တကယ့် ညီအစ်မများနှင့်တူသည်ဟု အပြောခံနေရခြင်းဖြစ်သည်။


ထိုနှစ်ယောက် ကားပေါ်မှ ဆင်းလိုက်သောအခါ လူတိုင်း၏ အာရုံစိုက်မှုက သူတို့ဆီတို့ ရောက်လာကြသည်။ တစ်ယောက်က အမည်းရောင်ဝတ်ဆင်၍ တစ်ယောက်က အဖြူရောင်ဝတ်ဆင်ထားကာ နှစ်ဦးလုံးသည် သွယ်လျသော ခန္ဓာကိုယ်များနှင့် ကျက်သရေရှိနေကြသည်။


"နင် မအေးဘူးလား..."


ချမ်ချင်းသည် ဘေးပတ်ပတ်လည်မှ အော်ဟစ်နေကြသော ဖန်များကို ပြုံးပြနှုတ်ဆက်ပြီးသောအခါ ထန်ချောင်းချောင်းကို အသံတိုးတိုးဖြင့်မေးလိုက်သည်။


ချမ်ချင်းသည် လက်ရှည်နှင့် အမည်းရောင်ဂါဝန်ရှည်ကြီးကို ဝတ်ထားသောကြောင့် သူမ၏ လည်ပင်းမှလွဲ၍ ခန္ဓာကိုယ်တစ်ခုလုံးက လုံခြုံနေသည်။ သို့သော် ကားပေါ်မှ ဆင်းဆင်းချင်းမှာပင် ရေခဲကန်ထဲ ကျသွားသကဲ့သို့ ခန္ဓာကိုယ်တစ်ခုလုံးက အေးစက်သွားတော့သည်။


ချမ်ချင်း၏ မျက်နှာပေါ်မှ အပြုံးသည်ပင် အေးခဲမတတ်ဖြစ်သွား၍ အခန်းထဲသို့ ချက်ချင်းပင် တန်းဝင်သွားလိုက်ချင်တော့သည်။


သို့သော် ချမ်ချင်း၏ဘေးမှ ထန်ချောင်းချောင်းကတော့ အေးအေးဆေးဆေးပင်။ ထန်ချောင်းချောင်းသည် နွေဦး‌လေပြေကဲ့သို့ အပြုံးချိုချိုလေးနှင့် ဘယ်နှင့်ညာမှ ဖန်များကို လက်ပြနှုတ်ဆက်နေသည်။


ထန်ချောင်းချောင်း၏အဝတ်အစားက ချမ်ချင်းထက် ပို၍ ခန္ဓာကိုယ်ပေါ်နေသည်ကတော့ အမှန်ပင်။ ထန်ချောင်းချောင်းသည် အဖြူရောင် ကိုယ်ကျပ်ရင်ပြတ်ဂါဝန်ကို ဝတ်ထား၍ အရှည်ကလည်း ခြေသလုံးအထိသာရောက်သည်။ ဆံပင်ကိုလည်း ဆံထုံးထုံး၍ ‌အပေါ်သို့ လိပ်တင်ထားသေးသည်။ ထန်ချောင်းချောင်း၏ ပခုံးများနှင့် ခြေထောက်များသည် အေးစက်သောလေ၏ဒဏ်ကို တိုက်ရိုက်ထိတွေ့နေကြရသည်။ အလွန်‌အေးနေမည်မဟုတ်လား။


"မအေးပါဘူး...ကျွန်မက မွေးတည်းက အအေးဒဏ်ခံနိုင်လာတာ..."


ထန်ချောင်းချောင်းသည် ယခု၌ ဝိဉာဉ်စွမ်းအင်များ ပြည့်နေပြီဖြစ်သောကြောင့် ဤမျှ အအေးဓာတ်လေးသည် ပြဿနာမဟုတ်ပါ။


"ငါမယုံဘူး...နင် အရမ်းကို တောင့်ခံ‌နေတာပဲဖြစ်မယ်..."


ချမ်ချင်းက သံသယအပြည့်နှင့် ပြောလိုက်သည်။


ထန်‌ချောင်းချောင်းသည် ချမ်ချင်း၏မျက်နှာကို သူမ၏လက်များကို အုပ်ကာကိုင်လိုက်သည်။


"နွေးတယ်မဟုတ်လား..."


အေးခဲတော့မတတ်ဖြစ်နေသော ချမ်ချင်း၏မျက်နှာသည် ရုတ်တရက် နွေးထွေးသွားကာ အလွန်သက်တောင့်သက်သာရှိသွားသည်။ ထန်ချောင်းချောင်း၏ လက်များသည် နွေးထွေးလွန်းနေသည်။


ချမ်ချင်းသည်မျက်လုံးများပြူး၍ ထန်ချောင်းချောင်း၏လက်မောင်းကိုလည်း ကိုင်ကြည့်လိုက်ရာ လက်မောင်းသည်လည်း နွေးနေပြန်သည်။


ထန်ချောင်းချောင်းသည် လက်စသတ်တော့ ရွေ့လျားနိုင်သည့် လူသားအနွေးပေးစက်ကြီး ဖြစ်နေပါတကား။


ထို့ကြောင့် ချမ်ချင်းသည် ဘာမှမပြောပဲ ထန်ချောင်းချောင်း၏လက်မောင်းကို တင်းကျပ်စွာ ဖက်ထားလိုက်သည်။ ထို့နောက် သူမ၏ကိုယ်လုံးကို ထန်ချောင်းချောင်း၏ ကိုယ်လုံးနှင့် ကပ်ထားလိုက်တော့သည်။


"ဒီညတော့ ငါ နင့်ရဲ့နောက်ပဲ လိုက်နေတော့မယ်..."


သူတို့နှစ်ယောက်၏ ရင်းနှီးသောအပြုအမူများကြောင့် ဖန်များက အော်ဟစ်ပြီးရင်း အော်ဟစ်နေကြတော့သည်။


တိုက်ရိုက်ထုတ်လွှင့်နေသည့် ချန်နယ်ထဲတွင်လည်း netizen များကြောင့် ကောမန့်များက တက်ပြီးရင်း တက်နေကြသည်။


【လိမ္မော်သီးပေါ်မှာ လိမ္မော်သီးဟေ့...】


【လိမ္မော်သီးအဖြစ်အပျက် အကြီးကြီးတော့ ဖြစ်နေပြီ...】


【ဒီလိမ္မော်သီးအခိုက်အတန့်လေးက အရမ်းချစ်ဖို့ကောင်းတာပဲ...】


[T/N: "လိမ္မော်သီး" သည် မိန်းကလေးအချင်းချင်းချစ်ကြိုက်မှု(Girl love, Yuri) ကိုခေါ်သော အသုံးအနှုန်းနောက်တစ်မျိုးဖြစ်သည်။ ထိုအသုံးအနှုန်းသည် နာမည်ကြီး Yuri manga ဖြစ်သော "Citrus" မှ သက်ဆင်းလာခြင်းဖြစ်သည်။]


...


ထိုအချိန်၌ ရှန်းယွဲ့သည် ရှော့ပင်းမောသို့ အစောကြီးထဲက ရောက်နေပြီး၍ နားနေခန်း၌ ထိုင်နေပြီဖြစ်သည်။ ဤ အသစ်စက်စက်ရှော့ပင်းမော၏ ပိုင်ရှင်က ရှန်းယွဲ့နှင့် နှစ်ပေါင်းများစွာ အလုပ်တွဲလုပ်လာသူဖြစ်သောကြောင့် ရှန်းယွဲ့ကိုပါ ဖိတ်ကြားထားခြင်းဖြစ်သည်။


ရှန်းယွဲ့သည် ထိုအကြောင်းကို ထန်ချောင်းချောင်းအား မပြောပြထားချေ။ အချိန်ရောက်မှ ထန်ချောင်းချောင်းအား အံ့ဩသွားအောင်လုပ်မည်ဟု စိတ်ကူးထားသော်လည်း ယခုကဲ့သို့ အဖြစ်အပျက်မျိုးနှင့်ကြုံရမည်ဟူ၍တော့ မတွေးထားမိချေ။


ရှန်းယွဲ့သည် တိုက်ရိုက်ထုတ်လွှင့်သည့် ချန်နယ်ထဲမှ ကောမန့်များကိုဖတ်ကာ မျက်မှောင်ကျုံ့၍ လီကျိအား မေးလိုက်သည်။


"လိမ္မော်သီး ဆိုတာ ဘာကိုဆိုလိုတာလဲ..."


လီကျိသည် စိတ်ရှုပ်သော မျက်နှာထားဖြင့် ခေါင်းကုတ်လိုက်သည်။


"အဲ့ဒါက...အမ်..."


ရှန်းယွဲ့: "ရှင်းပြဖို့ အရမ်းခက်လို့လား..."


လီကျိသည် အနည်းငယ်ရှင်းပြလိုက်၍ ရွှတ်နောက်နောက်ပြောလိုက်သည်။


"သူဌေး သူတို့တွေက နောက်နေတာပါ...တကယ်လို့ မမှတ်ပါနဲ့..."


ရှန်းယွဲ့သည် ဤအကြောင်းကို ယခင်ကလည်း စဉ်းစားခဲ့ဖူးသည်။ "ကျွန်ုပ်တို့မိသားစု" ရိုက်ကွင်းဆီသို့ ရှန်းယွဲ့ သွားခဲ့စဉ်က ထန်ချောင်းချောင်းနှင့် ချမ်ချင်းတို့သည် ရုပ်ရှင်ရိုက်ပြီးသည်‌တောင်မှ တပူးပူး တတွဲတွဲနေ၍ အလွန်ရင်းနှီးကြပုံပေါ်သည်။


ရှန်းယွဲ့သည် ဂရုစိုက်ရမည့်အရာအားလုံးကို သေချာလေ့လာထားပြီးဖြစ်သော်လည်း ထန်ချောင်းချောင်းသည် မိန်းမများကို ကြိုက်သောကြောင့် သူ့ကို ငြင်းနေခြင်းရော ဖြစ်နိုင်မည်လား။


သူ ချမ်ချင်းကိုလည်း အာရုံစိုက်ရတော့မည့်ပုံပေါ်နေသည်။


ထန်ချောင်းချောင်းနှင့် ချမ်ချင်းတို့ လက်မှတ်ဘုတ်ပြားပေါ်၌ လက်မှတ်ရေးထိုးပြီးကြသောအခါ ပွဲတင်ဆက်သူက သူတို့ကို အင်တာဗျူးရန်တားလိုက်သည်။


ပွဲတင်ဆက်သူသည် ထန်ချောင်းချောင်းနှင့် ချမ်ချင်းတို့ လက်များ တင်းကျပ်စွာကိုင်ထားကြသည်ကိုတွေ့သောအခါ ရယ်၍ ဟာသပြောလိုက်သည်။


"မင်းသမီးတို့နှစ်ယောက်က အရမ်းရင်းနှီးကြတဲ့ပုံပဲနော်..."


ချမ်ချင်းက ကလေးကဲ့သို့ ချွဲနွဲ့ကာ ထန်ချောင်းချောင်း၏ပခုံးပေါ်သို့ မှီလိုက်သည်။


"သူက ကျွန်မရဲ့ Youlemie လေးလေ...ကျွန်မရဲ့ အနွေးပေးစက်လေး...သူ မရှိပဲ ကျွန်မ မနေနိုင်ဘူး..."


[T/N: Youlemei သည် ခွက်နှင့်ရောင်းချသော အသင့်ဖျော် milk tea အမျိုးအစားဖြစ်သည်။ ခွက်ထဲသို့ ရေနွေးထည့်လိုက်ရုံနှင့် လတ်ဆတ်၍ ပူနွေးသော milk tea ကို အဆင်သင့်သောက်သုံးနိုင်မည်ဖြစ်သည်။]


ထန်ချောင်းချောင်းကပြောလိုက်သည်။


"နောက်မှ အစ်မကို အပူပေးခ ပိုက်ဆံတွေ ပြန်တောင်းမှာနော်..."


ပွဲတင်ဆက်သူ: "မင်းသမီးတို့နှစ်ယောက်က တကယ်ပျော်တတ်တာပဲ..."


ထို့နောက် ပွဲတင်ဆက်သူသည် သူတို့နှစ်ယောက်၏ လက်ရှိ အနုပညာလှုပ်ရှားမှုများအကြောင်း မေးမြန်းသည်။ ချမ်ချင်းက ဖြေနေကျအတိုင်း ဖြေပြီးသွားသောအခါ မိုက်ခရိုဖုန်းက ထန်ချောင်းချောင်းဘက်သို့ လှည့်လာသည်။


"ချောင်းချောင်းကလည်း အခု ရုပ်ရှင်ဇာတ်လမ်းတွဲတွေမှာ အရမ်းနာမည်ကြီးလာတယ်နော်...နောက်ထပ် ဘာအစီအစဉ်တွေများ လုပ်ဖို့ ရှိနေပါလဲ..."


ထန်ချောင်းချောင်း: "နောက်ထပ်ကတော့ အခု ရိုက်ကူးပြီးသွားတဲ့ "ပိုးအိမ်" ဆိုတဲ့ ဇာတ်ကားလေး ထွက်ဖို့ရှိပါတယ်...အကုန်လုံးလည်း အားပေးကြမယ်လို့ မျှော်လင့်ပါတယ်..."


ပွဲတင်ဆက်သူ: "ဒီနေ့တော့ ဒီလောက်ပါပဲ...ဒီရှော့ပင်းမောနဲ့ ပတ်သတ်လို့ရော ဘယ်လို မြင်ပါသလဲရှင့်..."


ထန်ချောင်းချောင်းက လှည့်ပတ်ကြည့်လိုက်သည်။


"အရမ်းခမ်းနားပါတယ်..."


ပွဲတင်ဆက်သူ: "ဒီရှော့ပင်းမောကို ဒီ့ထက်ပိုကောင်းလာ‌နိုင်ဖို့ ပေးစရာ အကြံဉာဏ်လေးတွေရော ရှိလား..."


ထန်ချောင်းချောင်းက နှုတ်ခမ်းကို စူကာ သူမ၏အတွေးများကို ထုတ်ပြောလိုက်သည်။


"ပေးစရာ အကြံဉာဏ်တော့မရှိပါဘူး...အနာဂတ်မှာ ပစ္စည်းတွေကို သက်သာတဲ့ဈေးနှုန်းနဲ့တော့ ဝယ်ချင်ပါတယ်..."


ပွဲတင်ဆက်သူ: ...


တိုက်ရိုက်ထုတ်လွှင့်သည့်ချန်နယ်ထဲမှ netizen များ: 


【ကိစ္စမရှိဘူး...ထန်ချောင်းချောင်းက အမှန်တွေပြောလိုက်ပြီ...】


【ဟားဟားဟား ရှော့ပင်းမောရဲ့ တည်ဆောက်ပုံနဲ့ပတ်သတ်လို့ ငါဘာမှနားမလည်ဘူး...ပစ္စည်းတွေကို ဈေးသက်သက်သာသာနဲ့ ဝယ်နိုင်ရင်ရပြီ...ဒါမျိုးမှကြိုက်တာ...အလုပ်သမားလေးတစ်ယောက်ရဲ့ သနားစရာအိပ်မက်လေးပါပဲ...】


"ညီမ ချမ်းနေတာလား...အသံတွေတောင် တုန်နေပြီ..."


ထန်ချောင်းချောင်းက လှည့်ကာ ပွဲတင်ဆက်သူကို မေးလိုက်သည်။


ပွဲတင်ဆက်သူသည် ပါးလွှာသောစကတ်ကိုသာဝတ်ထားသည်။ ယခု၌ ထန်ချောင်းချောင်းတို့နှင့်အတူ အခန်းတွင်း၌ရှိသော လက်မှတ်ဆိုင်းဘုတ်နား၌ ရပ်နေသော်လည်း သူမသည် တစ်ချိန်လုံး တံခါးနား၌ နေကာ ဧည့်သည်များကို ကြိုဆိုနေခဲ့ရသည်။ ထို့ကြောင့် လေအေးများတိုက်ခတ်ခြင်းဒဏ်ကို တစ်နေကုန်နီးပါး ခံစားနေရသည်။ မိုက်ခရိုဖုန်းကို ကိုင်ထားသောလက်များဆိုလျှင် နီရဲနေကြပြီဖြစ်သည်။


ထန်ချောင်းချောင်းက ပွဲတင်ဆက်သူကို မေးလိုက်သောအခါ ပွဲတင်ဆက်သူ၏နှလုံးသား၌ ‌‌နွေးထွေးမှုများ ရိုက်ခတ်သွားရတော့သည်။ ထန်ချောင်းချောင်းသည် သူမကို ဂရုစိုက်ပေးသော ပထမဆုံး အနုပညာရှင်ပင်ဖြစ်သည်။


ပွဲတင်ဆက်သူက လည်ပင်းကို ကျုံ့လိုက်ကာ ပြောလိုက်သည်။


"မအေးဘူးလို့ပြောရင်တော့ လိမ်ညာရာကျနေမလားပဲ..."


ချမ်ချင်းက ပြောလိုက်သည်။


"ညီမလည်း ချောင်းချောင်းကို လာကိုင်လိုက်...သူက တကယ့်ကို အကြီးစားအနွေးပေးစက်ပဲ..."


ပွဲတင်ဆက်သူ: "ဟင်..."


ထန်ချောင်း‌ချောင်းသည် ပွဲတင်ဆက်သူ၏ အေးစက်နေသော လက်များကို ပွတ်ပေးကာ ဝိဉာဉ်စွမ်းအင်များကို တိတ်တဆိတ် ပြင်ဆင်ထားလိုက်သည်။


ထူးဆန်းစွာပင် ပွဲတင်ဆက်သူသည် ထန်ချောင်းချောင်း၏လက်များကို ကိုင်လိုက်သောအခါ အနွေးဓာတ်က သူမ၏ကိုယ်ထဲ စီးဝင်သွားသကဲ့သို့ တောင့်တင်းအေးစက်နေသော ခန္ဓာကိုယ်သည် အတော်ပင် သက်တောင့်သက်သာရှိသွားသည်။


ထန်ချောင်းချောင်းသည် တကယ်ပင် အနွေးပေးစက် ‌ဖြစ်နေပါရောလား။ ချမ်ချင်းက ထန်ချောင်းချောင်းနား အတင်းကပ်နေသည်မှာ မဆန်းတော့ပါ။


ထန်ချောင်းချောင်းသည် ပရိသတ်ကြားထဲရှိ ဖန့်ယွမ်ကို လက်ယပ်ခေါ်လိုက်သည်။ ဖန့်ယွမ်သည် အိတ်တစ်လုံးကို ကိုင်၍ အနားရောက်လာသောအခါ ထန်ချောင်းချောင်းက အိတ်ထဲမှ ကုတ်အင်္ကျီအသေးလေးတစ်ထည်ကို ထုတ်လိုက်သည်။ ထိုကုတ်အင်္ကျီသည် ထန်ချောင်းချောင်းအတွက် ပြင်ဆင်ထားခြင်းဖြစ်သော်လည်း ထန်ချောင်းချောင်းက မလိုအပ်ပါ။


ထန်ချောင်းချောင်းက ပွဲတင်ဆက်သူအား ကုတ်အင်္ကျီကို လှမ်းပေးလိုက်သည်။


"ညီမကို ဒါလေး ငှားလိုက်မယ်..."


"အားနာစရာကြီးရှင်...ပြီးရင် အစ်မ ဝတ်ရမှာမဟုတ်လား..."


ပွဲတင်ဆက်သူက အမြန် ငြင်းဆန်လိုက်သည်။


"ကျွန်မက မချမ်းပါဘူး ပြီးတော့ အခုပဲ အထဲဝင်ရတော့မှာကို...ညီမက ဒီမှာဆက်နေနေရဦးမှာ...ကုတ်အင်္ကျီမဝတ်ပဲ ဘယ်လိုနေမလဲ...မိန်းကလေးတစ်ယောက်က သူ့ကိုယ်သူ အအေးခံပြီး ခန္ဓာကိုယ်ကို ဒုက္ခ‌မပေးသင့်ဘူး..."


ပွဲတင်ဆက်သူသည် ခံစားရလွန်း၍ မျက်ရည်များပင် ဝိုင်းလာသည်။


"ကျေးဇူးတင်ပါတယ်ရှင်..."


【ထန်ချောင်းချောင်းက ‌နွေးထွေးလိုက်တာ...အတွင်းရော အပြင်ကို တကယ်ကို နွေးထွေးမှုအစစ်အမှန်ပဲ...】


【ထန်ချောင်းချောင်းက ဘယ်လောက်တောင်နွေးနေလို့လဲ...ချမ်ချင်းကတော့ တွယ်ကပ်နေတာ တစ်ချိန်လုံး လွှတ်ကို မလွှတ်တော့ဘူး ဟားဟားဟား...】


【ငါလဲ လူသားအနွေးပေးစက်ရဲ့ အနွေးဓာတ်လေးကို ခံစားချင်တယ်...မနာလိုဘူး...】


...


ထန်ချောင်းချောင်းနှင့် ချမ်ချင်းတို့သည် ခန်းမထဲသို့ လျှောက်ဝင်လာကြရာ အပြင်အဆင်များက အလွန်ခမ်းနားနေသည်ကို တွေ့လိုက်ကြရသည်။


ဤအခမ်းအနားသည် အနုပညာရှင်များကို ဆုပေးသည့်အခမ်းအနားနှင့်မတူပဲ ပါတီပွဲတစ်ခုကဲ့သို့သာ ပြင်ဆင်ထားသည်။ တက်ရောက်လာကြသောလူများသည် နှစ်ယောက်တစ်တွဲ သုံးယောက်တစ်တွဲ အစုလေးများဖွဲ့ကာ စကားပြောနေကြသည်။


ထန်ချောင်းချောင်း လှည့်ပတ်ကြည့်နေစဉ်တွင် အမျိုးသမီး အသံတစ်သံကို ကြားလိုက်ရသည်။


"ထန်ချောင်းချောင်း..."


ထန်ချောင်းချောင်းက မျက်လုံးပင့်ကြည့်လိုက်သောအခါ အဝေးတစ်နေရာမှ လက်များ ဝှေ့ယမ်းပြနေ၍ သူမဆီသို့ အပြေးလာနေသော ဖန်ထျန့်ကို တွေ့လိုက်ရတော့သည်။


"အစ်မ ဘာဖြစ်လို့ အခုမှလာတာလဲ...ကျွန်မစောင့်နေတာ အကြာကြီးရှိနေပြီ..."


ဖန်ထျန့်သည် ချမ်ချင်းကိုလည်း ပြုံးပြကာ နှုတ်ဆက်လိုက်သည်။ ဖန်ထျန့်သည် သူမအဖေ၏ ဖိတ်စာဖြင့် ပွဲတက်လာခြင်းဖြစ်သည်။


"နင်ဒီမှာရှိနေတော့ ရှန်းလျန့်လည်း ဒီကိုရောက်နေတဲ့အဓိပ္ပာယ်လား..."


ထန်ချောင်းချောင်းက သံသယရှိစွာမေးလိုက်သည်။


"အစ်မ အမှန်းတော်သွားပြီ...ဟုတ်တယ် အစ်ကို ရှန်းလျန့်က ဟိုနားမှာလေ..."


ဖန်ထျန့်က ပြုံးကာ ရှန်းလျန့်ရှိနေသည့်နေရာကို လက်ညှိုးထိုးပြလိုက်သည်။ ရှန်းလျန့်သည် ဝိုင်ခွက်တစ်ခွက်ကိုကိုင်ကာ အခြားလူများနှင့် စကားပြောနေသည်။


ထန်ချောင်းချောင်းကမေးလိုက်သည်။


"နင်က ဘာဖြစ်လို့ နင့်ရဲ့ အစ်ကိုရှန်းလျန့်ဆီမသွားပဲ ငါ့ကို လိုက်ရှာနေတာလဲ..."


ဖန်ထျန့်က ပြောလိုက်သည်။


"သူက တခြားလူတွေနဲ့ စကားပြောနေရလို့ ကျွန်မကို တစ်ချိန်လုံး စကားမပြောနိုင်ဖြစ်နေတာ...ဒီမှာလည်း အစ်မနဲ့သိတဲ့လူတွေ သိပ်မရှိလောက်ဘူးထင်လို့ အစ်မကို အဖော်လာလုပ်ပေးနေတာလေ...ကျွန်မ စိတ်ထားမကောင်းဘူးလား..."


ထန်ချောင်းချောင်းက နှုတ်ခမ်းစူလိုက်သည်။


"နင်ပြောနေတာတွေကို ငါ ဘာဖြစ်လို့ မယုံပါလိမ့်...ဒီနေ့တော့ ငါ ဟမ်ဘာဂါ မယူလာဘူးနော်..."


ဖန်ထျန့်က ခြေထောက်ဆောင့်ကာပြောလိုက်သည်။


"ကျွန်မက အဲ့ဒီလို လူစားမျိုးဖြစ်မလား...အစ်မရဲ့ ဘဲဥဆားငံနဲ့ ဝက်အူချောင်းတွေရော မပါဘူးလား...ကျွန်မက အဲ့ဒီလို လူမဟုတ်ဘူးနော်..."


ထန်ချောင်းချောင်း: ...


အဲ့ဒီလို လူမျိုးမဟုတ်ဘူးဆိုရင် ဘာဖြစ်လို့ အစားအသောက်တွေအကြောင်း ထည့်ပြောနေသေးတာလဲ...


ဖန်ထျန့်က စကားလမ်း‌ကြောင်းလွှဲကာ ပြုံး၍မေးလိုက်သည်။


"အစ်မရဲ့ ဘဲဥဆားငံနဲ့ ဝက်အူချောင်းတွေကို လုပ်တော့ လုပ်ပြီးသွားပြီပေါ့..."


ဖန်ထျန့်သည် ခုနကမှ သူမ လာသည်မှာ အစားအသောက်အတွက် မဟုတ် ဟု ပြောနေသည်မဟုတ်လား။ ထန်ချောင်းချောင်း ဘာပြောရမည်မသိပင် ဖြစ်သွားသည်။


"ကျွန်မတောင် မရလိုက်ဘူး...အစ်မတစ်ယောက်တည်းတော့ အဲ့ဒါတွေ စားမကုန်ပါဘူး...အများကြီးလုပ်ထားတာကို..."


ချမ်ချင်းက ပျင်းရိပျင်းတွဲဖြင့် ဝင်ကြွားလိုက်သည်။


"ငါတော့ရတယ်...ချောင်းချောင်းက ငါ့ကို အများကြီး ပေးထားတာ...ဘဲဥဆိုရင် စေးပိုင်ပြီး အဆီအနှစ်ပြည့်ပြည့်ဝဝနဲ့ အရမ်း အရသာရှိတယ်..."


"ကျွန်မလည်း ရချင်တယ်လေ...အစ်မ တစ်ယောက်ကိုပဲ မျက်နှာသာပေးပြီး နောက်တစ်ယောက်ကို မမေ့ထားသင့်ဘူး...ကျွန်မတို့ အခက်အခဲတွေကို တူတူကျော်ဖြတ်ခဲ့ကြတာပဲကို..."


ဖန်ထျန့်က အသံကျယ်ကျယ်ဖြင့် ပြောလိုက်သည်။


Xxxxxxxx