Chapter 117
ဒါက သတ်မှတ်ထားတဲ့ ဖန်အရေအတွက်ပြည့်သွားလို့ ဖန်တွေအတွက်ပေးတဲ့ လက်ဆောင်လေးပဲကို...ဘာတွေ ရေးကြီးခွင်ကျယ်လုပ်နေတာလဲ...
ထန်ချောင်းချောင်းက ပြောလိုက်သည်။
"ဟုတ်ပါပြီ...ငါအိမ်ပြန်ရောက်တဲ့အထိစောင့်ဦး...အိမ်ပြန်ရောက်ရင် ပို့ပေးလိုက်မယ် ဟုတ်ပြီလား..."
ဖန်ထျန့်သည် ကလေးပင်ရှိသေး၍ သူမကို ထန်ချောင်းချောင်း ထိန်းမနေချင်ပေ။
ထိုအချိန်တွင် ချမ်ချင်းသည် သူမကို လှမ်းခေါ်နေသော သူငယ်ချင်းအချို့ကို တွေ့လိုက်ရသည်။ ထို့ကြောင့် မလွှတ်ချင် လွှတ်ချင်ဖြင့် သူမ၏ လူသားအနွေးပေးစက်လေးကို လက်လွှတ်လိုက်ရပြီး ခဏ ထွက်သွားရသည်။
ချမ်ချင်း ထွက်သွားချင်း၌ပင် ဖန်ထျန့်သည် ထန်ချောင်းချောင်းအား ဘေးနားသို့ ဆွဲခေါ်၍ မေးလိုက်သည်။
"အစ်မကို တခြားမေးစရာလည်းရှိလို့...အင်တာနက်ပေါ် တင်နေကြတဲ့ အစ်မနဲ့ ရှန်းယွဲ့တို့အကြောင်းက တကယ်လား..."
ထန်ချောင်းချောင်းက မျက်ခုံးများကိုပင့်လိုက်သည်။
"ဘာဖြစ်လို့လဲ...နင်က အတင်းအဖျင်းသတင်းထောက်အနေနဲ့ အလုပ်ပြောင်းသွားပြီလား..."
"အဲ့ဒါတွေက အတုပဲနေမှာပါ...အစ်မက အရမ်းကောင်းတဲ့ အစ်ကိုရှန်းလျန့်ကိုတောင် မကြိုက်တာ...အဲ့ဒီ ရေခဲတုံးမျက်နှာကြီးကို ဘယ်လိုကြိုက်မှာလဲ..."
ဖန်ထျန့်ကပြောလိုက်လေသည်။
"နင်က ရှန်းလျန့်ကိုကျတော့ အသေအလဲလိုက်ပြီးတော့...ရှန်းယွဲ့ကျတော့ ဘာကွာလို့လဲ..."
ထန်ချောင်းချောင်းက ဖန်ထျန်ကို မေးလိုက်သည်။
ဖန်ထျန်က ခပ်ပေါ့ပေါ့ပင် ပြောလိုက်သည်။
"အစ်ကိုရှန်းလျန့်က နာမည်ကြီးလေ...စင်ပေါ်က အတောက်ပဆုံးကြယ်လေး...ဒါပေမယ့် အစ်ကိုရှန်းလျန့်ရဲ့ ဦးလေးကျတော့...ကျွန်မ သူ့ကိုတွေ့ဖူးပါတယ်...သူက တော်တော်တော့ချောပါတယ်...ဒါပေမယ့် သူက အေးစက်စက်နဲ့ အစ်ကိုရှန်းလျန့်လိုမျိုး မနူးညံ့မကြင်နာတတ်ဘူး..."
ရှန်းလျန့်က နူးညံ့တယ်တဲ့လား...
ထန်ချောင်းချောင်းသည် ရှန်းလျန့်၏ ဟန်ဆောင်နိုင်စွမ်းကို တွေးလိုက်မိသည်။ ရှန်းလျန့်နှင့်ထန်ရို့တို့၏ ဆက်ဆံရေးပေါ်လွင်သွားမှုက ရှန်းလျန့်၏ အဆင့်အတန်းကို မထိခိုက်သည်မှာ မဆန်းတော့ပါ။
ထန်ချောင်းချောင်းက ပြောလိုက်သည်။
"နင် ဒီလောက်အသက်ငယ်ငယ်လေးနဲ့ ဘာဖြစ်လို့ မမြင်နိုင်ဖြစ်နေတာလဲ..."
"မမြင်နိုင်ဖြစ်နေတာ အစ်မလေ..."
ဖန်ထျန်က ခပ်ဆတ်ဆတ်ပြန်ပြောလိုက်သည်။ ထို့နောက် အနောက်သို့လှည့်ကြည့်၍ ထပ်ပြောလိုက်သည်။
"အဓိက က အစ်မမဟုတ်ပါဘူး...ဟိုဘက်ကလူကလည်း မမြင်နိုင်ဖြစ်နေတာပဲ..."
ထန်ချောင်းချောင်းက နားမလည်ဖြစ်သွားသည်။
"နင် ဘာကိုဆိုလိုချင်တာလဲ..."
"ဟိုမှာကြည့်လေ..."
ဖန်ထျန်က လက်ညှိုးထိုးပြလိုက်သည်။
ဖန်ထျန် လက်ညှိုးထိုးပြနေသည့်နေရာကို ထန်ချောင်းချောင်းကြည့်လိုက်သောအခါ ဤနေရာ၌ ရှိမည်မထင်ထားသော ရှန်းယွဲ့ကို တွေ့လိုက်ရတော့သည်။
ရှန်းယွဲ့ ထွက်ပေါ်လာမှုကြောင့် လူများက ရုတ်ရုတ်သဲသဲ ဖြစ်သွားကြသည်။ လီကျိသည် ရှန်းယွဲ့၏ ဘီးတပ်ကုလားထိုင်ကို အနည်းငယ်သာ တွန်းလိုက်ရ၍ လူများက ရှန်းယွဲ့ကို အပြေးအလွှား လာနှုတ်ဆက်နေကြသည်။
ရှန်းယွဲ့သည် ကားမတော်တဆမှုမှ ခြေထောက်ဒဏ်ရာကြောင့် တစ်နှစ်ကြာမျှ သိုသိပ်စွာနေခဲ့သည်။ ရှန်းယွဲ့ လူကြားထဲ ပြန်ထွက်လာသည်မှ မကြာသေးချေ။ ထို့ကြောင့် ရှန်းအုပ်စု သို့မဟုတ် အောင်းရှင်းရင်းနှီးမြှုပ်နှံမှုတို့နှင့် အလုပ်တွဲလုပ်သော လူများသည် ရှန်းယွဲ့နားသို့ တိုးဝှေ့လာနေကြတော့သည်။
ရှန်းယွဲ့သည် လူအုပ်ကြီးကို ယဉ်ကျေးစွာ ခေါင်းငြိမ့်ပြလိုက်သည်။ အနားမှ လူအုပ်ကြီးကို ရှင်းပြီးသောအခါ ရှန်းယွဲ့သည် လူအုပ်ထဲမှ ထန်ချောင်းချောင်းကို ရှာတွေ့သွားသည်။
လီကျိက ခါးကိုင်းကာ ရှန်းယွဲ့ကို တီးတိုးပြောလိုက်သည်။
"သူဌေး...သူဌေးက မမလေးဆီသွားရင် သူစိတ်ဆိုးသွားမလား...ဒီထဲမှာ အတင်းအဖျင်းသတင်းထောက်တွေ အများကြီးရှိနေတယ်..."
ရှန်းယွဲ့ကလည်း ခပ်တိုးတိုးပြန်ပြောလိုက်သည်။
"ကိစ္စမရှိဘူး...ငါက သူ့ရုပ်ရှင်ရဲ့ ထုတ်လုပ်သူပဲလေ...ထုတ်လုပ်သူနဲ့ မင်းသမီးတို့ စကားပြောကြတာ ပုံမှန်ပါပဲ..."
လီကျိသည် ရင်ထဲ၌ ကျိတ်ရယ်လိုက်မိသည်။ ဤနှစ်ယောက်သည် တကယ်ပင် လှည့်စားနိုင်ကြသည်ပဲ။
သို့သော် ထိုအချိန်မှာပင် ရှန်းယွဲ့၏ အမြင်အာရုံကို အမျိုးသမီးတစ်ဦးက ကွယ်လိုက်သောကြောင့် ရှန်းယွဲ့က မျက်လုံးပင့်ကြည့်လိုက်သည်။
"မင်းကိုး..."
လှိုင်းတွန့်ပုံစံဆံပင်များနှင့် နို့နှစ်ရောင်ဂါဝန်ရှည်ကြီး ဝတ်ထားသော အမျိုးသမီးတစ်ဦးသည် ရှန်းယွဲ့နား၌ ရပ်နေသည်။ ထန်ချောင်းချောင်းသည် ထိုအမျိုးသမီး၏ မျက်နှာကို ထင်ရှားစွာမြင်ရ၍ ရှန်းယွဲ့ကို ပန်းပွင့်ကဲ့သို့ လှပစွာ ပြုံးပြနေသည်ကိုလည်း မြင်လိုက်ရသည်။
"သူ ဘယ်သူလဲ အစ်မသိလား..."
ဖန်ထျန်က မေးလိုက်သည်။
ထန်ချောင်းချောင်းက ခေါင်းခါပြလိုက်သည်။
"သူက ရှန်းယွဲ့ နိုင်ငံခြားမှာ ကျောင်းသွားတက်တုန်းက ရှန်းယွဲ့ရဲ့ အတန်းဖော်လေ..."
ထန်ချောင်းချောင်းက အံ့ဩစွာမေးလိုက်သည်။
"နင်က ဘာဖြစ်လို့ အဲ့ဒီလောက်တောင်သိနေရတာလဲ...နင့်ရဲ့ အစ်ကိုရှန်းလျန့်ကိုပဲ အာရုံစိုက်နေတာမဟုတ်ဘူးလား..."
ဖန်ထျန်က ပြုံးလိုက်သည်။
"ဘာဖြစ်လို့လဲဆိုတော့ သူက ကျွန်မရဲ့ အစ်မဝမ်းကွဲဖြစ်နေလို့ပေါ့...သူ့နာမည်က ဖန့်မန်လေ...အဲ့ဒါကြောင့် ကျွန်မသိနေတာပေါ့..."
ထန်ချောင်းချောင်းက မျက်မှောင်ကျုံ့လိုက်သည်။
"နင့်ရဲ့မိသားစုနဲ့ ရှန်းမိသားစုက တကယ်ပဲဆွေမျိုးတော်နေတာပေါ့..."
"အစ်မကို ကျွန်မ လျှို့ဝှက်ချက်တစ်ခုပြောပြမယ်..."
ဖန်ထျန်က လျှို့ဝှက်စွာဖြင့် ဘေးဘီကိုကြည့်ရင်း ပြောလိုက်သည်။
"ကျွန်မရဲ့ ဝမ်းကွဲအစ်မက ဦးလေးရှန်းယွဲ့ကို လိုက်ကြိုက်ဖူးတယ်လို့ ကျွန်မကြားဖူးတယ်...ဒါပေမယ့် ဖမ်းမမိသွားဘူးတဲ့..."
"တကယ်လား..."
ထန်ချောင်းချောင်းက စိတ်ဝင်စားသွားသည့်ပုံနှင့် မေးစေ့ကို လက်ချောင်းများဖြင့်ကိုင်လိုက်သည်။ ထို ဖန့်မန်သည် လှပ၍ ခန္ဓာကိုယ်ကလည်း အချိုးအစားကျကာ အလွန်အမင်းချမ်းသာသော သူဌေးသမီးလည်းဖြစ်နေသေးသည်။
"သူက အခု တရုတ်ကိုပြန်ရောက်နေပြီဆိုတော့ ဦးလေးရှန်းကို ထပ်လိုက်ကြိုက်နေဦးမလားပဲ...အို အစ်မချောင်းတော့ ဖိအားတွေ များနေတော့မယ်..."
ဖန်ထျန်က စိတ်လှုပ်ရှားစွာ ပြောနေသည်။
"ငါက ဘာဖိအားများနေရမှာလဲ..."
ထန်ချောင်းချောင်းက ရယ်ချင်စိတ်နှင့် ပြောလိုက်သည်။
ဖန်ထျန်: "ကျွန်မရဲ့ အစ်မဝမ်းကွဲက အရမ်းတော်တာ...တကယ်လို့ သူက ဦးလေးရှန်းကို ဆွဲယူသွားရင် ဘယ်လိုလုပ်မလဲ..."
ထန်ချောင်းချောင်းက ခေါင်းကိုစောင်းကာ ဖန်ထျန်ကို ကြည့်လိုက်သည်။
"ရှန်းယွဲ့က ငါ့ရဲ့ ပိုင်ဆိုင်မှုမှမဟုတ်ပဲ...သူ့ဟာသူ ဘာလုပ်လုပ် ငါနဲ့ ဘာဆိုင်လို့လဲ..."
ဖန်ထျန်က ထန်ချောင်းချောင်း၏ လက်မောင်းကို ခပ်ဖွဖွထိုးလိုက်ကာ စနောက်သည့် မျက်နှာဖြင့် ပြောလိုက်သည်။
"ဟန်ဆောင်မနေပါနဲ့...အစ်မ မျက်နှာမှာ အကုန်မြင်နေရတာကို..."
ထန်ချောင်းချောင်းက စိတ်ကျဉ်းကျပ်စွာဖြင့် ချောင်းအနည်းငယ် ဆိုးလိုက်သည်။
"နင်က အရမ်းတွေးနေတာကိုး..."
ဖန်ထျန်: "အစ်မကို မစတော့ပါဘူးလေ...ကျွန်မတို့က သူငယ်ချင်းတွေပဲမဟုတ်လား..."
ထန်ချောင်းချောင်း: "အဲ့ဒီလိုလည်း မဟုတ်ပါဘူး...နင်က ရှန်းလျန့်ရဲ့ဖန်လေ...သူ့ရဲ့ဖန်တွေနဲ့ ငါ့ရဲ့ဖန်တွေ မတည့်ကြတာ နင်လည်း သိမှာပေါ့...အဲ့ဒီတော့ နင်ကလည်း ငါ့ရဲ့ ပြိုင်ဘက်ပဲ...နင့်ကိုငါ ဘယ်လိုယုံရမှာလဲ..."
ဖန်ထျန်က စိုးရိမ်သွားသည်။
"အစ်မ မကောင်းကြောင်းကို ကျွန်မ တစ်ခါမှမပြောဖူးပါဘူး...ကျွန်မက ဦးနှောက်သေနေတဲ့ ဖန်မှမဟုတ်တာ..."
"ပြီးတော့ အစ်မကို ကျွန်မက အမြဲ အားပေးနေမှာပါ...အနာဂတ်မှာ အစ်မ အရသာရှိတာ တစ်ခုခုလုပ်တိုင်း ကျွန်မကို အရင်ဆုံး သတိရပေးရင်ပေါ့..."
ဖန်ထျန်က ဆက်ပြောလိုက်သည်။
"နင်က ညီအစ်မကောင်းပါပဲ..."
ထိုသို့ဖြင့် ဖန်ထျန်သည် သူမ၏ဝမ်းကွဲအစ်မကို ရောင်းစားလိုက်တော့သည်။
ဖန်ထျန်က သွားဖြီးပြလိုက်သည်။
"အစ်မကို ကျွန်မ အများကြီးပြောပြထားပြီးပြီနော်...ကျွန်မကို ဝက်အူချောင်းနည်းနည်း ပိုပေးပါ..."
---
ရှန်းယွဲ့သည် သူ့ရှေ့မှ အမျိုးသမီးကို ကြည့်လိုက်သည်။
"မင်း ဘယ်တုန်းက တရုတ်ကိုပြန်ရောက်နေတာလဲ..."
ဖန့်မန်က ပြုံး၍ ပြောလိုက်သည်။
"ငါ ပြန်ရောက်နေတာ တစ်ရက် နှစ်ရက်လောက်တော့ရှိပြီ..."
ရှန်းယွဲ့က ပေါ့ပေါ့ပါးပါးပင်ပြောလိုက်သည်။
"ငါတို့ အချိန်ရရင် တရုတ်မှာရှိတဲ့ အတန်းဖော်တွေစုပြီး တွေ့ကြမယ်လေ..."
"သိပ်လည်း ယဉ်ကျေးမနေပါနဲ့...ငါတို့က အတန်းဖော်တွေပဲကို...ငါဒီနေ့အားတယ်...ဒီပွဲပြီးရင် တစ်နေရာရာသွားပြီး စကားပြောကြမလား..."
ဖန့်မန်က ပြောလိုက်သည်။
ရှန်းယွဲ့၏မျက်နှာကတော့ တည်တည်ငြိမ်ငြိမ်ပင်။
"ငါကတော့ ဒီနေ့ မအားဘူး..."
ဖန့်မန်က ပြောလိုက်သည်။
"ဘာဖြစ်လို့လဲ...နင့်ရဲ့ ရည်းစားလေးကို အိမ်ပြန်ပြီး အဖော်လုပ်ပေးရမှာမို့လို့လား..."
ရှန်းယွဲ့က ဘာမှပြန်မပြောချေ။
"အင်တာနက်ပေါ်မှာ သတင်းတွေအများကြီး ငါတွေ့ပါတယ်နော်...ဂါဝန်အဖြူနဲ့ တစ်ယောက်မလား...ဒါပေမယ့် အဲ့ဒါက မီဒီယာပေါ်က မဟုတ်သတင်းတွေလို့ပဲ ငါထင်ပါတယ်...အရင်တုန်းက နင် ဒီလိုမျိုး အနုပညာအသိုင်းအဝိုင်းကို စိတ်မဝင်စားတာ ငါမှတ်မိနေတယ်လေ..."
ဖန့်မန်က ထန်ချောင်းချောင်းရှိရာဘက်သို့ ကြည့်၍ ပြောလိုက်သည်။
လီကျိသည် အသံတိတ်နေမိသည်။ ထိုစကားများကြောင့် ဒေါသလည်း တော်တော်လေးထွက်နေမိသည်။
"မင်း ဘာပြောချင်နေတာလဲ..."
ရှန်းယွဲ့က အနည်းငယ် စိတ်မရှည်သည့်လေသံဖြင့် မေးလိုက်သည်။
ဖန့်မန်က ပြောလိုက်သည်။
"နင်က အရင်လိုပဲ စိမ်းကားတုန်းပဲကိုး...အရင်က အတန်းဖော်တွေနဲ့ မတွေ့ရတာကြာတာတောင် စကားပြောတာက စိတ်မရှည်ဘူး..."
ရှန်းယွဲ့: "ငါအချိန်ရရင် တွေ့ကြမယ်လို့ ငါပြောပြီးပြီပဲ..."
လူစကားနားမလည်ဘူးလား...
"ဒါဆိုလည်း ငါ့ကို အချိန်အတိအကျပြောလေ...နင် ဘယ်တော့ အားမှာလဲ..."
ဖန့်မန်က မေးလိုက်သည်။ ဤတစ်ခေါက် သူမ တရုတ်သို့ပြန်လာခြင်းမှာ ရှန်းယွဲ့အတွက်ပင်ဖြစ်သည်။
ကျောင်းတက်နေစဉ်က ရှန်းယွဲ့သည် ဖန့်မန်အား ငြင်းခဲ့သည်။ ထို့ကြောင့် ဖန့်မန်သည် ခဏမျှ လက်လျှော့ခဲ့၍ မကြာခင်တွင် ရှန်းယွဲ့ ကားမတော်တဆမှုဖြစ်သွားကြောင်း သိခဲ့ရသည်။ ဖန့်မန်သည် စိုးရိမ်တကြီး စိတ်ပူခဲ့ရသော်လည်း ရှန်းယွဲ့က သူမ၏ဆက်သွယ်မှုများကို လုံးဝပြန်မဖြေပဲ ပုန်းကွယ်သွားခဲ့သည်။ မကြာသေးခင်ကမှ ဖန့်မန်သည် ရှန်းယွဲ့ကို အနုပညာသတင်းများထဲတွင် တွေ့လိုက်ရခြင်းဖြစ်သည်။ ရှန်းယွဲ့သည် ဘီးတပ်ကုလားထိုင်တွင် ထိုင်နေသော်လည်း သူ၏ တက်ကြွသောပုံစံကတော့ မပြောင်းမလဲပင်ရှိနေကာ အလွန် ချောမောနေဆဲပင် ဖြစ်သည်။
ပြောင်းလဲသွားသည်က ရှန်းယွဲ့၏ဘေးတွင် ရှန်းယွဲ့၏ ချစ်သူဟု သတင်းများထွက်နေသော အမျိုးသမီးအနုပညာရှင်တစ်ဦးလည်း ရှိနေခြင်းဖြစ်သည်။
သို့သော် အရေးတော့မကြီးပါ။ ရှန်းယွဲ့သည် ထို အမျိုးသမီးအနုပညာရှင်နှင့် အထင်လွဲခံနေရခြင်းသာဖြစ်၍ သူမ၌ အခွင့်အရေးရှိသေးသည်ဟု ဖန့်မန် ယုံကြည်ထားသည်။
ဖန့်မန်၏ မဆုံးနိုင်တော့သော မေးခွန်းများကြောင့် ရှန်းယွဲ့ စိတ်မရှည်ဖြစ်လာသည်။
ရှန်းယွဲ့သည် ထန်ချောင်းချောင်းရှိရာသို့ ကြည့်လိုက်သောအခါ နှစ်ယောက်သား အကြည့်ချင်းဆုံသွားကြသည်။ ထန်ချောင်းချောင်း၏ မျက်လုံးများသည် ခံစားချက်မဲ့နေ၍ အနည်းငယ် မပျော်သည့်ပုံပေါက်နေသည်။
ထန်ချောင်းချောင်း တစ်ခုခုကိုများ အထင်လွဲသွားတာလား...
ထန်ချောင်းချောင်းသည် မနေနိုင်ပဲ ရှန်းယွဲ့ကို ကြည့်လိုက်မိသည်။ ဘာဖြစ်လို့များ အခုထိ ထိုမိန်းမနှင့် စကားပြောနေရပါသနည်း။ ပြောစရာတွေက မကုန်နိုင်သေးဘူးလား။
ထန်ချောင်းချောင်းသည် ပြုံး၍ တွေးလိုက်သည်။
ယောင်္ကျားတွေက မိန်းမချောချောလေးတွေကိုမြင်တာနဲ့ လမ်းတောင်မလျှောက်နိုင်ကြတော့ဘူးပဲ...
ဟွန့်...ခွေးလိုလူ...
ထိုအချိန်မှာပင် ချမ်ချင်းက ထန်ချောင်းချောင်းနား ပြန်ရောက်လာကာ ထန်ချောင်းချောင်းကို ဆွဲ၍ ပြောလိုက်သည်။
"ဟိုဘက်မှာ ဒါရိုက်တာနဲ့ ထုတ်လုပ်သူတွေ အများကြီးရှိတယ်...ငါ မိတ်ဆက်ပေးမယ် လာခဲ့..."
ထန်ချောင်းချောင်းက ပြန်ပြောလိုက်သည်။
"ဟုတ်ကဲ့..."
ခွေးလိုလူကို စိတ်ထဲမှ ဖယ်လိုက်တော့သည်။ အလုပ်က ပိုအရေးကြီးသည်မဟုတ်လား။
ထို့ကြောင့် ထန်ချောင်းချောင်းသည် ချမ်ချင်း၏လက်ကိုကိုင်ကာ နောက်သို့ ပြန်မကြည့်ပဲ ထွက်လာခဲ့တော့သည်။
ရှန်းယွဲ့သည် ထန်ချောင်းချောင်းနှင့် ချမ်ချင်းတို့ တပူးပူး တတွဲတွဲဖြစ်သွားကြပြန်သည်ကို မြင်သောအခါ မျက်မှောင်ကြုတ်လိုက်သည်။ သူ့ရှေ့မှ ဖန့်မန်ကိုလည်း ပို၍ စိတ်မရှည်ဖြစ်လာသည်။
"ငါ အခုတလော မအားဘူး...မင်း တွေ့ချင်တယ်ဆိုရင် ဖုန်းနံပါတ်ထားခဲ့လေ...ငါအချိန်ရရင် ဆက်သွယ်လိုက်မယ်..."
ရှန်းယွဲ့အနောက်မှ လီကျိသည်ပင် ရှန်းယွဲ့ပြောသည်ကို ကြားသောအခါ ရှက်သွားမိသည်။ သူ့သူဌေးက အညှာအတာကင်းစွာ ပြောလိုက်သောကြောင့် လီကျိသည် ချောမောလှပသော မိန်းမပျို၏ မျက်နှာကိုပင် မကြည့်ရဲဖြစ်သွားသည်။
ဖန့်မန်၏ မျက်နှာသည်လည်း ဖြူလျော်သွားသည်။ ရှန်းယွဲ့သည် သူမ၏ဖုန်းနံပါတ်ကိုပင် မသိမ်းထားမည်ဟု သူမ မမျှော်လင့်ထားချေ။ ရှန်းယွဲ့အတွက်တော့ ဖန့်မန်ဟူသော မိန်းမသည် ရှိပုံပင်မပေါ်ပေ။
ဖန့်မန်၏ နှလုံးသားထဲတွင် ခံစားချက်များ ရောထွေးနေသော်လည်း အနည်းငယ်တော့ ပြုံးထားဆဲဖြစ်သည်။ ဖန့်မန်သည် ရှန်းယွဲ့ကို အတင်းအကြပ် တိုက်တွန်း၍ရမည့်ပုံ မပေါ်ချေ။ ထို့ကြောင့်
"ကောင်းပြီလေ...နင်အားတဲ့အချိန်ကို စောင့်တာပေါ့..."
ဟူ၍သာ ပြောလိုက်သည်။
ဖန့်မန်နှင့် ကိစ္စရှင်းပြီးသွားသောအခါ ရှန်းယွဲ့သည် ပတ်ဝန်းကျင်ကို လှည့်ပတ်ကြည့်လိုက်သော်လည်း ထန်ချောင်းချောင်းအား ရှာမတွေ့တော့ချေ။ ချမ်ချင်း မည်သည့်နေရာ၌ ရှိနေသည်ကိုပင် မသိရတော့။
ရှန်းယွဲ့ လီကျိအား ထန်ချောင်းချောင်းတို့ကို လိုက်ရှာခိုင်းမည်ပြင်သော်လည်း ရှော့ပင်းမော၏သူဌေးက စကားပြောရန် စင်ပေါ်ရောက်နေပြီဖြစ်သည်။ လူတိုင်းက လုပ်လက်စများကို ရပ်ကာ နားထောင်ရန်ပြင်နေကြသောကြောင့် ရှန်းယွဲ့သည် ထိုအစီအစဉ်ကို လက်လျှော့လိုက်ရသည်။
Xxxxxxxx