Chapter 118
မှားယွင်းသောအချက်ပေးသံ
သူဌေး၏ ရှည်လျားသော စကားပြောခြင်း ပြီးဆုံးသွားသောအခါတွင်တော့ ညစာစားပွဲ စတင်တော့သည်။
ညစာစားပွဲသည် ဘူဖေးစတိုင်ဖြစ်သည်။ ကြယ်ငါးလုံးရှော့ပင်းမော၏ ဖွင့်ပွဲနှင့်လျော်ညီစွာပင် ခန်းမ၏ တစ်ဝက်ခန့်သည် ကမ္ဘာတစ်ဝှမ်းမှ အစားအသောက်များနှင့် ပြည့်နေသည်။
ပျင်းရိဖွယ်ပါတီပွဲသည် ယခုမှပင် အနည်းငယ်စိတ်ဝင်စားဖွယ်ကောင်းလာတော့သည်။
ချမ်ချင်းသည် ရုပ်ရှင်ဘုရင်မ ဖြစ်သည့်အားလျော်စွာ အခြားလူများနှင့် ပြောဆိုဆက်ဆံနေရ၍ မအားဖြစ်နေသည်။ မင်းသမီးလေး ဖန်ထျန်သည်လည်း ထန်ချောင်းချောင်းနှင့် အချိန်အနည်းငယ် တူတူနေပေးသော်လည်း ယခုတော့ ဘယ်ရောက်သွားပြီမသိချေ။ ရှန်းလျန့်ကို လိုက်ရှာနေပြန်ပြီထင်သည်။
ရှန်းယွဲ့ကိုတော့ ထန်ချောင်းချောင်းမတွေ့ချေ။
ထန်ချောင်းချောင်းကို အနှောင့်အယှက်ပေးရန် မည်သူမျှ မရှိသည်ကလည်း ကောင်းပါသည်။ စားကောင်းသောက်ဖွယ်များစွာကိုမြင်သောအခါ ထန်ချောင်းချောင်း၏ မျက်လုံးများ တောက်ပသွားကြကာ တစ်မျိုးချင်းစီကို စားကြည့်ရန် ဆုံးဖြတ်လိုက်သည်။
စားသောက်ရခြင်းမှာ ကောင်းမွန်သောကိစ္စပင်မဟုတ်လား...
အစားအသောက်များသည် ကြယ်ငါးပွင့်အဆင့် စားဖိုမှူးကပြုလုပ်ထားသည်ကို စားရုံနှင့်ပင်သိနိုင်သည်အထိ ကောင်းမွန်ကြသော်လည်း ဧည့်သည်အများစုသည် အချင်းချင်း သိသည်ဖြစ်စေ မသိသည်ဖြစ်စေ စကားပြောဆိုနေကြခြင်းနှင့်ပင် အချိန်ကုန်နေ၍ အစားအသောက်များကို မစားရခြင်းမှာ သနားစရာပင်ဖြစ်သည်။
"အရသာဘယ်လိုရှိလဲ..."
ထန်ချောင်းချောင်းက ပျော်ရွှင်စွာ စားသောက်နေချိန်တွင် ဖန့်မန်က သူမအနားသို့ လျှောက်လာလေသည်။
ထန်ချောင်းချောင်းသည် ပါးစပ်ထဲမှ ဝိုင်နီဖြင့်ချက်ပြုတ်ထားသော တန်ဖိုးကြီးငန်းအသည်းကို မြိုချကာ ပြောလိုက်သည်။
"အရမ်းအရသာရှိတယ်...နည်းနည်းစားကြည့်မလား..."
ဖန့်မန်က လက်ထဲမှ ချမ်ပိန်ခွက်ကို လှုပ်ပြကာ ပြုံးလိုက်သည်။
"ကျွန်မ ရိုင်းနေမိပြန်ပါပြီ...ကိုယ့်ကိုယ်ကိုယ် မိတ်မဆက်ရသေးဘူးနော်...ကျွန်မနာမည်က..."
"ရှင့်နာမည်က ဖန့်မန် ဆိုတာ ကျွန်မသိပါတယ်..."
ထန်ချောင်းချောင်းက ပြောလိုက်သည်။
ဖန့်မန်: "ရှင်က ကျွန်မကိုသိနေတာလား...ဖန်ထျန်ပြောပြထားတာလား..."
ထန်ချောင်းချောင်းက ခေါင်းငြိမ့်ပြကာ ဗဲနီလာစေ့များနှင့်ချက်ထားသော သိုးသားကို နောက်တစ်ဖဲ့ ထပ်ယူလိုက်သည်။
"အို...ဒီဟာက နည်းနည်းအကျက်လွန်နေတာပဲ..."
ဖန့်မန်သည် ထန်ချောင်းချောင်း၏ ဂရုမစိုက်ရှိနေသည့်ပုံကို ကြည့်၍ နှုတ်ခမ်းများကိုစူလိုက်သည်။
"ဒါဆိုရင် ကျွန်မနဲ့ ရှန်းယွဲ့တို့ရဲ့ ဆက်ဆံရေးကိုလည်း သိမှာပေါ့..."
"ရှင်တို့က အတန်းဖော်တွေလေ...ဖန်ထျန် ပြောပြထားပါတယ်..."
ဖန့်မန်က ပြုံးလိုက်သည်။
"ဟုတ်တယ်...ကျွန်မတို့က အတန်းဖော်တွေလေ...အချင်းချင်းသိလာတာ နှစ်ပေါင်းတော်တော်ကြာနေပြီ..."
ဒီအမျိုးသမီး ဘာကို ပြောချင်နေတာပါလိမ့်...
ထန်ချောင်းချောင်း၏အမူအယာသည် သိပ်မပြောင်းလဲပဲ အစားအသောက်များနားသို့သာ ပိုတိုးကပ်သွားသည်ကို တွေ့လိုက်ရသောအခါ ဖန့်မန်သည် မနေနိုင်ပဲ ပြုံးမိသွားသည်။
အစားအသောက်ကတွေပဲ အရမ်းအရသာရှိနေတာလား...ရှင်ကပဲ အရမ်းငတ်နေတာလား...
ပွဲက တခြားအမျိုးသမီးအနုပညာရှင်တွေနဲ့ မိန်းမပျိုတွေကို ကြည့်ပါဦး...ဘယ်သူကများ ထန်ချောင်းချောင်းလို စားပဲစားနေလို့လဲ...
ရှန်းယွဲ့၏ ဝေဖန်တတ်သည့် ပုံစံနှင့်ဆိုလျှင် ဤအမျိုးသမီးကို လုံးဝကြိုက်မည်မဟုတ်မှန်း ဖန့်မန် ပို၍ပင် သေချာသွားသည်။ အခု နာမည်ကြီးနေသော သတင်းသည် မီဒီယာများ၏ မဟုတ်မမှန်လုပ်ကြံမှုများသာဖြစ်ပေလိမ့်မည်။
"ရှင်နဲ့ ရှန်းယွဲ့တို့ရဲ့ သတင်းတွေကို ကျွန်မ တွေ့ပါတယ်...ရှင်လည်း တော်တော် ဒုက္ခရောက်နေမှာပဲနော်..."
ဖန့်မန်က ပြောလိုက်သည်။
ထန်ချောင်းချောင်းက ခဏရပ်သွားသည်။
"ဘာမှမဖြစ်ပါဘူး..."
ရှန်းယွဲ့ သူ့ကိုယ်သူ ထိန်းချုပ်နေသရွေ့တော့ ထန်ချောင်းချောင်း အဆင်ပြေပါလိမ့်မည်။
ဖန့်မန်က တွေးနေမိသည်။
နင်ကတော့ ဘာဖြစ်မှာလဲ...နင့်လို အနုပညာရှင်သေးသေးလေးက ရှန်းမိသားစုလို အရမ်းချမ်းသာတဲ့မိသားစုရဲ့ ဂုဏ်သတင်းကို မှီပြီး အခွင့်အရေးယူနေတာကိုး...
"ရှန်းယွဲ့က ဒီ အနုပညာအသိုင်းအဝိုင်းကို မကြိုက်ဘူး...ဒီလိုကိစ္စမျိုးနဲ့ ကြုံနေရတာ သူလည်း တော်တော်စိတ်ညစ်နေမှာ...နောက်ဆိုရင် ပရိသတ်ကို ပိုပြီး ရှင်းရှင်းလင်းလင်း ပြောပြပေးဖို့ ကျွန်မ တောင်းဆိုပါရစေ..."
ဖန့်မန်က ယဉ်ကျေးစွာ ပြောလိုက်သည်။
"မင်း သူ့ကို ဒီလိုကိစ္စတွေနဲ့ သွားပြီး နှောင့်ယှက်နေစရာမလိုပါဘူး...ငါရှင်းပြချင်ရင် ငါ့မှာ ပါးစပ်ပါတာပဲ..."
ရှန်းယွဲ့၏အသံက အမျိုးသမီးအနောက်မှ ရုတ်တရက် ထွက်ပေါ်လာသည်။
ဖန့်မန်က မသက်မသာပုံစံဖြင့် ခေါင်းကိုလှည့်ကာ ရှင်းပြလိုက်သည်။
"ငါက နင် ဒီလိုသတင်းတွေကြောင့် စိတ်အနှောင့်အယှက်ဖြစ်မှာစိုးလို့ပါ...အဲ့ဒါကြောင့်..."
ထန်ချောင်းချောင်းကလည်း ဖန့်မန်ဘက်မှ ဝင်ကူပြောပေးလိုက်သည်။
"သူလုပ်တာ မှန်တယ်လို့ ကျွန်မထင်ပါတယ်..."
ရှန်းယွဲ့က ထန်ချောင်းချောင်းကို စူးရှသည့်အကြည့်ဖြင့် ကြည့်လိုက်သည်။
"ဖန့်မန်...ငါ့ရဲ့ကိစ္စတွေကို ငါ့ဘာသာငါ ဖြေရှင်းနိုင်တယ်...မင်း ငါ့ကို ဝင်ကူညီဖို့ မလိုဘူး..."
ရှန်းယွဲ့၏စကားများသည် သတိပေးစကားများကဲ့သို့ ဖြစ်နေကြပြီဖြစ်သည်။ ဖန့်မန်သည်လည်း ထုံထိုင်းသောသူမဟုတ်သောကြောင့် ခပ်ရှက်ရှက်နှင့်ပင် ပြောလိုက်သည်။
"ငါ့နေရာမဟုတ်တာကို ငါဝင်ပါမိသွားတယ်ထင်တယ်...နင်တို့နှစ်ယောက် စကားပြောကြပါ...ငါ ဟိုဘက်သွားပြီး ကြည့်လိုက်ဦးမယ်..."
ရှန်းယွဲ့၏ ရေခဲကဲ့သို့ အေးစက်သော အမူအယာသည် ဖန့်မန်အား ယခုချက်ချင်းမပျောက်ကွယ်သွားလျှင် ရှန်းယွဲ့ကို ပို၍ အနှောင့်အယှက်ပေးနေသကဲ့သို့ ဖြစ်နေမည်ဟု ပြောနေသကဲ့သို့ ရှိနေသည်။
ဖန့်မန်ထွက်သွားသောအခါ ရှန်းယွဲ့သည် သူ၏ဘီးတပ်ကုလားထိုင်ကို ထန်ချောင်းချောင်းနားသို့ လှိမ့်သွားလိုက်သည်။
"ငါ မင်းကို လိုက်ရှာနေတာ တော်တော်ကြာပြီ..."
ထန်ချောင်းချောင်းက ပြောလိုက်သည်။
"ဘာဖြစ်လို့ ကျွန်မကို လိုက်ရှာနေတာလဲ...ရှင့်ရဲ့ အတန်းဖော်တွေနဲ့ တူတူရှိနေသင့်တာ မဟုတ်ဘူးလား...ရှင့်သူငယ်ချင်းက ရှင်နဲ့တွေ့ဖို့ အဝေးကြီးက လာရတာကို...ဒီလို အပြုအမူမျိုးက မကောင်းဘူးနော်..."
ရှန်းယွဲ့သည် ထန်ချောင်းချောင်း၏စကားများကိုကြားသောအခါ တစ်ခုခုလွဲနေပြီဟု ထင်လိုက်မိသည်။ ထန်ချောင်းချောင်း၏လေသံက မနာလိုဖြစ်နေသကဲ့သို့ ဖြစ်နေသည်။
"မင်း စိတ်ဆိုးနေတာလား..."
ထန်ချောင်းချောင်းက မျက်တောင်တစ်ချက်ခတ်လိုက်သည်။
"မဆိုးပါဘူး...ဒီမှာ အရသာရှိတဲ့ အစားအစာတွေ အများကြီးရှိနေတာကို...ကျွန်မကို ပျော်တာထက်တောင် ပိုလုပ်ပေးနိုင်သေးတယ်..."
သို့သော် ထန်ချောင်းချောင်းက ဘာမှမဖြစ်သကဲ့သို့ ဟန်ဆောင်လေလေ၊ ရှန်းယွဲ့က ပိုပျော်လေ ဖြစ်နေသည်။
ဘာမှနားမလည်သောမိန်းကလေးသည် ယခုတော့ မနာလိုဝန်တိုတတ်လာပြီဖြစ်သည်။ ရှန်းယွဲ့သည် ဖန့်မန်က သူထင်သလောက် စိတ်ရှုပ်စရာမကောင်း ဟုပင် ရုတ်တရက် ခံစားလာမိသည်။
"ခုနက ချမ်ချင်းနဲ့ ဘာတွေလုပ်နေတာလဲ..."
ရှန်းယွဲ့က မေးလိုက်သည်။
ထန်ချောင်းချောင်း: "ဒါရိုက်တာတွေနဲ့ ထုတ်လုပ်သူတွေကို သွားတွေ့နေတာ..."
"နောက်ဆိုရင် ချမ်ချင်းနဲ့ ဝေးဝေးနေပါ..."
ရှန်းယွဲ့က ခပ်တည်တည်ပြောလိုက်သည်။
ထန်ချောင်းချောင်းက နားမလည်စွာ ပြန်မေးလိုက်သည်။
"ဘာဖြစ်လို့လဲ..."
ရှန်းယွဲ့: "ဘာဖြစ်လို့လဲဆိုတော့..."
ထိုအချိန်မှာပင် ခန်းမထဲ၌ စူးရှကျယ်လောင်သောအသံကြီး ပေါ်လာ၍ လူတိုင်းကိုလန့်သွားစေသည်။
မည်သူအော်လိုက်မှန်းမသိသော်လည်း အသံတစ်သံက ထွက်ပေါ်လာသည်။
"အဲ့ဒါ မီးလောင်တာကို အချက်ပေးတဲ့အသံပဲ...မီးလောင်နေပြီ...ပြေးကြတော့..."
ထိုအသံ ထွက်ပေါ်လာပြီးပြီးချင်းမှာပဲ ခန်းမသည် ဖရိုဖရဲနှင့် ငရဲကျသကဲ့သို့ ဖြစ်သွားသည်။ လူတိုင်းသည် အလုအယက်နှင့် ထွက်ပြေးရန် ကြိုးစားနေကြတော့သည်။
ထန်ချောင်းချောင်းသည် စကားတစ်ခွန်းမှမပြောပဲ လက်ထဲမှ ဓားနှင့် ခက်ရင်းကို ပစ်ချလိုက်သည်။ ထို့နောက် ရှန်းယွဲ့၏ ဘီးတပ်ကုလားထိုင်ကို လှေကားထိပ်သို့ တွန်းသွားလိုက်သည်။
"မီးလောင်နေရင် ကျွန်မတို့ ဓာတ်လှေကားသုံးလို့မရဘူး...ကျွန်မ ရှင့်ကို လှေကားကနေ ခေါ်ချပေးသွားမယ်..."
ရှန်းယွဲ့က စိုးရိမ်စွာပြောလိုက်သည်။
"ငါ့ကို စိတ်မပူပါနဲ့...မင်းဘာသာမင်းသာ လွတ်အောင်သွား..."
ထန်ချောင်းချောင်း: "ဘယ်လို အဓိပ္ပာယ်မရှိတာတွေပြောနေတာလဲ...ကျွန်မ ရှင့်ကို ဘယ်လိုလုပ် ပစ်ထားခဲ့နိုင်မှာလဲ..."
ထန်ချောင်းချောင်းသည် အမြန်လှုပ်ရှားလိုက်သောကြောင့် ထွက်ပေါက်သို့ အခြားသူများထက် အရင်ရောက်သွားသည်။
"ကျွန်မ ရှင့်ကို ချီလိုက်မယ်..."
ထန်ချောင်းချောင်းသည် ရှန်းယွဲ့ စကားပြန်ပြောသည်ကိုပင် မစောင့်တော့ပဲ ရုတ်တရက် ပွေ့ချီလိုက်တော့သည်။ ထို့နောက် အောက်သို့ ပြေးဆင်းမည် လုပ်နေဆဲမှာပင် မန်နေဂျာက အမောတကောနှင့် ရောက်လာသည်။
"အထင်မှားတာပါ...ဘာမီးမှမလောင်ပါဘူး...မကြောက်လန့်ကြပါနဲ့ခင်ဗျာ..."
ဖြစ်ပုံက ခန်းမသည် မနေ့က မီးလောင်လျှင်အချက်ပေးသည့်စနစ်ကို စမ်းသပ်ခဲ့၍ အချိန်မှတ်စက်ကို ပိတ်ရန် မေ့ခဲ့ခြင်းဖြစ်သည်။ ထို့ကြောင့် ယခုည၌ ဤကဲ့သို့ အလန့်တကြားဖြစ်သွားကြရခြင်းဖြစ်သည်။
မှားယွင်းသော အချက်ပေးမှုပါပေ။
လူတိုင်းသည်လည်း ယခုမှပင် သက်ပြင်းချနိုင်တော့သည်။ ထိုအချိန်၌ အပြင်ဘက်သို့ ပြေးထွက်သွားပြီဖြစ်သော ထန်ချောင်းချောင်းသည် ဆွံ့အသွားသည်။
မင်းသမီးလေးက ရှန်းယွဲ့ကို ပွေ့ချီထားသောပုံစံသည် လူတိုင်း၏အကြည့်ကို ဖမ်းစားလိုက်တော့သည်။
ထန်ချောင်းချောင်းသည် ဖြူဖွေးရှင်းသန့်နေသော ဂါဝန်နှင့် ဒေါက်ဖိနပ်မြင့်မြင့်များကိုစီးထားရာ အဖြူရောင်ငန်းတစ်ကောင်ကဲ့သို့ ကျက်သရေရှိနေသည်။ သူမ၏လက်ထဲမှ ၁.၈ မီတာ အရပ်နှင့် လူထွားကြီးကို ဖယ်ကြည့်လိုက်လျှင်ပေါ့။
ထို့အပြင် ထန်ချောင်းချောင်းကိုကြည့်ရသည်မှာ အားစိုက်ထုတ်နေရပုံလည်း မပေါ်ချေ။
ထန်ချောင်းချောင်းနှင့် လူအုပ်ကြီးသည် အပြန်အလှန်စိုက်ကြည့်နေမိကြသည်။ နှစ်ဖက်လုံး၏ အမူအယာများမှာ တူညီစွာပင် အံ့ဩနေကြသည့်ပုံပေါ်နေသည်။
အခြေအနေသည် လုံးဝတိတ်ဆိတ်နေသည်။
စက္ကန့်အနည်းငယ်အကြာတွင်တော့ တစ်စုံတစ်ယောက်က ဖွီးခနဲ ထရယ်လိုက်တော့သည်။
"ငါ့ကို မြန်မြန်ချလေ..."
ရှန်းယွဲ့က ပြောလိုက်သည်။
ထိုအခါမှသာ ထန်ချောင်းချောင်းသည် အိပ်မက်မှနိုးလာသူကဲ့သို့ ရှန်းယွဲ့ကို လျင်မြန်စွာ အောက်သို့ ချပေးလိုက်တော့သည်။
ရှန်းယွဲ့၏ခြေထောက်များသည် မြေပေါ်သို့ထိသွား၍ ခဏမျှ ယိုင်တိုင်တိုင် ရပ်နေလိုက်သည်။ အနည်းငယ်မျှ ယိုင်တိယိုင်တိုင်ဖြစ်ပြီးသောအခါ ထန်ချောင်းချောင်းသည် ရှန်းယွဲ့၏ခါးကို ဖက်လိုက်၍ ရှန်းယွဲ့၏ ပခုံးကိုမှီကာ သူမ၏မျက်နှာတစ်ခုလုံးကို ကွယ်ထားလိုက်သည်။
အဆင်သင့်ပင်ဖြစ်သွားသည်။ ရှန်းယွဲ့၏ ပခုံးက ထန်ချောင်းချောင်း၏မျက်နှာကိုကွယ်ရန် အနေတော်ပင်ဖြစ်သည်။
ဒုက်ခပါပဲ...
ဘဝသည် ခက်ခဲလွန်းလှသည်။ ထန်ချောင်းချောင်းသည် ဤပုံစံဖြင့်တော့ လူများ၏ အာရုံစိုက်ခြင်းကို မခံချင်ပါ။
ရှန်းယွဲ့သည် ရယ်ရမလား ငိုရမလားပင်မသိဖြစ်နေသည်။ ဤ မှားယွင်းသော အချက်ပေးသံကအကြောင်းမဟုတ်သော်လည်း ယခုနှင့်ဆိုလျှင် ထန်ချောင်းချောင်းက ရှန်းယွဲ့ကို မင်းသမီးကဲ့သို့ ပွေ့ချီခြင်းမှာ သုံးကြိမ်မြောက်ဖြစ်သည့်အပြင် ယခုအကြိမ်က ရှန်းယွဲ့နှင့် အလုပ်တွဲလုပ်သူများပါ ပါသည့် လူအုပ်ကြီးရှေ့၌ ဖြစ်နေသည်။ လူမှုရေးသေကြောင်းကြံခြင်းနှင့်ပင် တူနေတော့သည်။
ပုံမှန်ဆိုလျှင်တော့ ရှန်းယွဲ့သည် အရှက်ရ၍ ဒေါသထွက်နေမိမည်ဖြစ်သည်။ သို့သော် အရေးအကြောင်းနှင့်ကြုံလာသောအခါ ထန်ချောင်းချောင်းသည် ရှန်းယွဲ့ကို ပထမဆုံး စိတ်ပူပေးခဲ့သည်။ ဤကဲ့သို့ အခြေအနေ၌တောင်မှ ထန်ချောင်းချောင်းသည် ရှန်းယွဲ့ကို မထားခဲ့ပဲ ပွေ့ချီပေးသွားခဲ့သည်။
ရှန်းယွဲ့သည် ရုတ်တရက် ရယ်လိုက်၍ ပျော်ရွှင်စွာ ပြုံးနေလိုက်မိသည်။
ထန်ချောင်းချောင်းသည် ရှန်းယွဲ့၏ရင်ဘတ် တုန်ခါလာသည်ကို ခံစားမိသွားသောကြောင့် မျက်လုံးပင့်ကြည့်လိုက်သောအခါ ရှန်းယွဲ့၏ ပြုံးရယ်နေသာ မျက်နှာကို တွေ့လိုက်ရသည်။
ဒီလူ ရူးနေပြီလား...
ထန်ချောင်းချောင်းသည် စိတ်ကို တည်ငြိမ်အောင် လုပ်လိုက်သည်။ ထို့နောက် ရှန်းယွဲ့ကို ဘီးတပ်ကုလားထိုင်ပေါ်သို့ ပြန်ထိုင်နိုင်ရန် ကူညီပေးကာ တစ်ဖက်သို့ လှည့်၍ ရှန်းယွဲ့နောက်၌ ရပ်လိုက်သည်။ သူမသည် ကို့ရို့ကားယားနိုင်သော အပြုံးကို ယဉ်ကျေးစွာ ပြုံးပြလိုက်၍ ရှန်းယွဲ့ကို ခန်းမထဲသို့ ပြန်တွန်းပေးသွားလိုက်သည်။
စဉ်းစားကြည့်လျှင် မိမိကိုယ်တိုင်က ရှက်ကြောက်သည့်ပုံကို မဖော်ပြသရွေ့ အခြားလူများကသာ ရှက်နေရမည်ဖြစ်သည်။
မည်သို့ပင်ဖြစ်စေ ထန်ချောင်းချောင်း၏ "ကင်းကောင်ဘာဘီ" ဟူသောနာမည်ကတော့ လူကြားထဲ ပျံ့နှံ့သွားပြီဖြစ်သည်။
ထန်ချောင်းချောင်းက ရှန်းယွဲ့ကို ခန်းမဆီသို့ ပြန်တွန်းလာသောအခါ လူတိုင်းနီးပါး၏ အကြည့်များက သူတို့ပေါ်သို့ ရောက်နေကြသည်။
ချမ်ချင်းက လူအုပ်ကြားထဲ၌ရပ်ကာ လက်မနှစ်ချောင်းထောင်၍ ပြုံးပြလိုက်သည်။ ရှန်းလျန့်က ဝိုင်ခွက်ကိုကိုင်တာ ကြောင်တောင်တောင်ပြုံးနေသည်။ ဖန်ထျန်ကတော့ ခါးကိုကုန်း၍ ဟက်ဟက်ပက်ပက် ရယ်နေကာ သူမဘေး၌ရပ်နေသော ဖန့်မန်ကတော့ မျက်နှာက ပြုံးနေသော်လည်း မျက်လုံးများက မပြုံးကြပေ။
ပြောစရာမလိုစွာပင် လူအများစုသည် သူတို့၏ မိုဘိုင်းဖုန်းများဖြင့် ဓာတ်ပုံများ ထုတ်ရိုက်နေကြလေသည်။
ရှန်းယွဲ့က အသံကို နှိမ့်ကာပြောလိုက်သည်။
"အခုကတော့ ဘာမှမဖြစ်သေးဘူး...ဒါပေမယ့် မကြာခင်မှာ သတင်းက အင်တာနက်ပေါ်မှာ ပျံ့တော့မှာ...ငါ့ ဂုဏ်သိက္ခာက အဖတ်ဆယ်မရတော့အောင် ပျက်စီးသွားရင် ဘယ်လိုလုပ်မလဲ...'
ထန်ချောင်းချောင်းက အံ့ကြိတ်ကာ ပြန်ပြောလိုက်သည်။
"ကျွန်မက ဘာလုပ်ပေးနိုင်မှာလဲ..."
ရှန်းယွဲ့သည် အရှက်ရခြင်းအတွက် ထန်ချောင်းချောင်းဆီက လျော်ကြေးတောင်းနေလျှင်တော့ ထန်ချောင်းချောင်းသည်လည်း ခံရသူတစ်ယောက် ဖြစ်သည်မဟုတ်လား။
ရှန်းယွဲ့က ရယ်ချင်စိတ်ကို မနည်းမျိုသိပ်လိုက်ရသည်။
"မင်း ငါ့ကို တာဝန်ယူရမယ်နော်..."
ထန်ချောင်းချောင်း: "..."
မရှက်မရှိသည့်နေရာတွင်တော့ မကောင်းဆိုးဝါးရှန်းသည် ထိပ်ဆုံးနေရာတွင် ရှိလိမ့်မည်။
Xxxxxxx