အပိုင်း ၁၁၉
Viewers 23k

Chapter 119

ကျွန်မ မိန်းမတွေကို ကြိုက်တယ်


တကယ်တော့ ရှန်းယွဲ့ပြောသကဲ့သို့ပင် ခန်းမထဲသို့ ထန်ချောင်းချောင်း စဝင်လာတည်းက ထန်ချောင်းချောင်းနောက်သို့ ‌လိုက်နေသော အတင်းအဖျင်းသတင်းထောက်တစ်ဦး ရှိနေလေသည်။ ထိုသတင်းထောက်သည် သတင်းထူး တစ်ခုခု ရလိုရငြား လိုက်နေခြင်းဖြစ်သည်။


မီးအချက်ပေးသံ မြည်လာသောအခါ သတင်းထောက်သည် အရင် ထွက်ပြေးရန် မစဉ်းစားပဲ ကင်မရာကို ကောက်ကိုင်ကာ ထန်ချောင်းချောင်းနောက်သို့ ဓာတ်ပုံများရိုက်ရန် အပြေးအလွှားလိုက်သွားတော့သည်။ ထိုသတင်းထောက်၏ ကုမ္ပဏီက နှစ်စဉ်အလုပ်အကြိုးစားဆုံးဆုကို သူ့အား မပေးလျှင် တရားမည်မဟုတ်တော့ပါ။


ထို့ကြောင့် ထန်ချောင်းချောင်းတစ်ယောက် ရှန်းယွဲ့ကို ထွက်ပေါက်ဆီသို့ တွန်းခေါ်သွားသည်ကိုရော၊ ရှန်းယွဲ့အား ပွေ့ချီသွားသည်ကိုရော အကုန်လုံးကို အပြည့်အစုံ ဗီဒီယိုရိုက်ထားကာ Weibo ပေါ်၌ တင်လိုက်ပြီဖြစ်သည်။


"မိန်းမချောလေးက သူရဲကောင်းကို ပြန်ကယ်နေရပြီ...ထန်ချောင်းချောင်းက ရှန်းယွဲ့ကို မင်းသမီးလို ပွေ့ချီတာကို ကြည့်ချင်ရင် ဒီကို နှိပ်ပါ..."


မည်မျှ ဆွဲဆောင်မှုရှိသော ‌သတင်းခေါင်းစီးပါလိမ့်။ ထိုဗီဒီယိုသည် အင်တာနက်ပေါ်၌ အလျင်အမြန်ပင် ပျံ့နှံ့သွားတော့သည်။


【ဒီဗီဒီယိုက မကောင်းဘူး...ငါ အကျယ်ကြီး အော်ရယ်မိသွားပြီ...】


【ထန်ချောင်းချောင်းက တကယ် သန်မာတာပဲ...သူသာ ငါ့ဘေးမှာရှိရင် ငါလည်း လုံခြုံတယ်လို့ ခံစားမိမှာပဲ...】


【ငါတော့ မအံ့ဩဘူး...ချောင်းချောင်းက ယောင်္ကျားကြီးကိုတောင် တစ်မီတာလောက် လွင့်သွားအောင်ကန်နိုင်တာပဲ...ဒီလို ယောင်္ကျားတစ်ယောက်ကို ချီတာတော့ ဘာအရေးလဲ...မင်းတို့အကုန်လုံးက မဟုတ်တာကို အရေးလုပ်ပြောနေကြတာပဲ...】


【ဒီနှစ်ယောက်ရဲ့ ဆက်ဆံရေးက မာနကြီးတဲ့ ဥက္ကဌနဲ့ ချောမောလှပတဲ့ မင်းသမီး လို့ ထင်ထားတာ...တကယ်တော့ ပြောင်းပြန်ဖြစ်နေတာပဲ...ထန်ချောင်းချောင်းက ယောင်္ကျားလေးအနေနဲ့တောင် တော်တော်သန်မာနေပြီ...】


【ဘုရားရေ ဒါက အချစ်မဟုတ်ရင်ဘာလဲ...မီးအချက်ပေးသံ မြည်လာတုန်းက ထန်ချောင်းချောင်းက ဘာမှမစဉ်းစားပဲ ရှန်းယွဲ့ကို တွန်းသွားတာ ပြီးတော့ အောက်ထပ်ကိုလည်း ပွေ့ချီသွားဖို့ လုပ်နေသေးတယ်...ဒီပါတီ ရှိတဲ့နေရာက ဆယ်လွှာမှာကို...အရမ်း ချစ်ဖို့ကောင်းတာပဲ...ထန်ချောင်းချောင်းက ရှန်းယွဲ့ရဲ့ခါးကို ဖက်ထားတုန်းကလည်း ရှန်းယွဲ့ဘယ်‌လောက်ပျော်နေလဲဆိုတာ သူ့မျက်လုံးတွေမှာ အတိုင်းသားပေါ်နေတာ...သူတို့ရဲ့ အရပ်အနေအထားကလည်း ကွက်တိပဲ...ငါတော့ သူတို့စုံတွဲရဲ့ ဖန်ဖြစ်သွားပြီ...】


【အပေါ်ကလူ...စာချုပ်ချုပ်ကြရအောင်...ငါတို့တွေ သူတို့စုံတွဲကို အင်တာနက်ပေါ်မှာ တခြားလူတွေလည်း ပေးစားချင်လာအောင်လုပ်ပေးရမယ်...အချိုမုန့် တူတူစားကြစို့...】


......


ထန်ချောင်းချောင်းက ရှန်းယွဲ့အား မင်းသမီးကဲ့သို့ ပွေ့ချီသည့်ပုံကို ကာတွန်းပုံစံဖြင့် လှုပ်ရှားအောင်ပြုလုပ်ထားသည့် ဗီဒီယိုသည် အင်တာနက်ပေါ်၌ နေရာအနှံ့သို့ ပျံ့နှံ့သွားတော့သည်။ လက်မြန်သော netizen များက "အလွန်ချစ်ဖွယ်ကောင်း၍ချောမောလှပသော မင်းသမီးလေး၏ နေ့စဉ်ဘဝ" ဟူ၍ ဗီဒီယိုတစ်ခုပင် ပြုလုပ်လိုက်ကြသေးသည်။


ဗီဒီယို၏အစတွင် ကာတွန်းပုံစံဖြင့် မင်းသမီးလေး ထန်ချောင်းချောင်းက ချိုသာစွာဖြင့် "ကျွန်မက ချစ်ဖို့ကောင်းတဲ့ မိန်းမပျိုလေးပါ..." ဟုပြောလိုက်၍ နောက်တွင် အားမာန်အပြည့်ဖြင့် "အားအင်အပြည့်နဲ့ ရှေ့ဆက်မယ်..." ဟု အော်ပြောလိုက်သည်နှင့် စထားသည်။ ထို့နောက် ထန်ချောင်းချောင်း၏ တစ်နေ့တာ လုပ်ငန်းစဉ်များကို ပြထားသည်။ Live လွှင့်နေခြင်းဖြင့် ပြောင်းဖူးအခွံနင်ခြင်း၊ နှာဘူးကောင်ကို ကန်ခြင်း၊ ဇာတ်လမ်းရိုက်နေစဉ်တွင် ဝက်ကို လိုက်ဖမ်းခြင်းနှင့် ကျီးကန်းများ၏ အထိုးဆိတ်ခံရခြင်း အစရှိသည်တို့ဖြစ်သည်။ နောက်ဆုံးအခန်း၌ ထန်ချောင်းချောင်းသည် ကြီးမားသောရွှေချိန်းကြိုးကြီးများနှင့် နေကာမျက်မှန်ကို တပ်၍ ပြောလိုက်သည်။


"သန်မာရတာလည်း အထီးကျန်လိုက်တာနော်..."


【ဟားဟားဟားဟား...ငါပြုံးနေမိပြီ...တကယ်ကို ပြီးပြည့်စုံတဲ့ အကျဉ်းချုပ်ပဲ...】


【ချောင်းပေါင်ရဲ့ ဝမ်းနည်းဖို့ကောင်းပြီး သွေးတွေနဲ့ပြည့်နေတဲ့ အတိတ်တွေက ခက်ခဲလိုက်တာ...】


【တကယ်တော့ သန်မာတဲ့ ထန်ချောင်းချောင်းကိုငါကြိုက်တယ်...ချစ်ဖို့ကောင်းတဲ့ အနုပညာရှင်ဆိုတာ ပေါများလွန်းလို့...မိန်းမတွေက ဘာဖြစ်လို့ ပျော့ညံ့နေရမှာလဲ...】


【ဟုတ်တယ်...ချောင်းပေါင်က ဘယ်လိုပုံစံပဲဖြစ်ဖြစ် သူက ငါ့အချစ်ပဲ...】


......


မင်းသမီးထန်ချောင်းချောင်းအကြောင်းကို အင်တာနက်ပေါ်၌ တက်ကြွစွာဆွေးနွေးနေကြသည်။ ခန်းမထဲတွင်တော့ မှားယွင်းသောမီးအချက်ပေးမှုကိစ္စကို ဖြေရှင်းပြီးသွားသောအခါ ပါတီပွဲကို ဆက်လက်ကျင်းပနေကြသည်။


လူတိုင်းသည် သိက္ခာရှိသူများဖြစ်ကြသောကြောင့် ခုနက အဖြစ်အပျက်ကို ရင်ထဲ၌ အလွန်ပြောချင်နေကြ‌သော်လည်း ကာယကံရှင်၏ရှေ့၌တော့ ဘာကိုမှ ထုတ်ပြောကြမည်မဟုတ်ချေ။


ရှန်းယွဲ့သည် စီးပွားရေးလောက၌ လေးစားအားကျခံရသောလူဖြစ်သည်။ ထို့ကြောင့် လူအုပ်ဆီသို့ ပြန်ရောက်လာသောအခါ ထိုအဖြစ်အပျက်သည် သူနှင့် ဘာမှမဆိုင်တော့သကဲ့သို့ ဖြစ်သွား၍ ပုံမှန်လိုပင် ရယ်ရယ်မောမောနှင့် စကားပြောနေနိုင်ပေသည်။


ထန်ချောင်းချောင်းကတော့ ချမ်ချင်းနှင့် ဖန်ထျန်တို့၏ ထောင့်တစ်နေရာကို ဆွဲခေါ်သွားခြင်းကို ခံလိုက်ရ၍ နာရီဝက်မျှ အရယ်ခံလိုက်ရသည်။ အကယ်၍ ထန်ချောင်းချောင်းသာ ထိုနှစ်ယောက်ကို သူမ၏လက်ရာ အစားအသောက်များ မကျွေးတော့ဟု မခြိမ်းခြောက်လိုက်ပါက ဘယ်အချိန်ထိ ရယ်နေကြဦးမည်မသိပါ။


ထန်ချောင်းချောင်းသည် စိတ်ထဲ၌ တွေးနေမိသည်။


ငါဘယ်လိုတောင် ဆိုးရွားတဲ့ သူငယ်ချင်းတွေ ရထားပါလိမ့်...


"ဪ ကလေးမရယ် ငါက နင့်ကို ရယ်နေတာမဟုတ်ပါဘူး...ငါက နင့်ကို အရမ်းချစ်တာပါ..."


ချမ်ချင်းက မျက်လုံးထောင့်မှ မျက်ရည်များကို သုတ်၍ ထန်ချောင်းချောင်း၏ ပခုံးကို လှမ်းဖက်လိုက်သည်။ ထို့နောက် ပြောင်စပ်စပ်ဖြင့် ပြောလိုက်သည်။


"နင်သာ ယောင်္ကျားလေးဖြစ်ရင် ငါ နင့်ကို မရမကလိုက်ပြီး ငါ့ကောင်လေး လုပ်ပစ်လိုက်မှာ...နင်သာ ငါ့နားမှာရှိရင် ငါအရမ်း လုံခြုံနေရမှာ...ကျွန်မရဲ့ကောင်လေးက အရမ်း သန်မာတာ..."


ထန်ချောင်းချောင်းသည် မျက်မှောင်ကျုံ့၍ သူမ ယောင်္ကျားလေးဖြစ်သွားသည့်ပုံကို စဉ်းစားလိုက်မိသောအခါ တုန်လှုပ်သွားမိသည်။


"ဟင့်အင်း...ကျွန်မက မိန်းမပဲ ဖြစ်ချင်တာ..."


သို့သော်လည်း ထန်ချောင်းချောင်းဖြစ်ချင်သော မိန်းမပုံစံက သူမနှင့် မိုင်ပေါင်း တစ်ထောင်မျှ ဝေးကွာနေပြီဖြစ်သည်။


"တကယ်တော့..."


ချမ်ချင်းက တယုတယဖြင့် ပြောလိုက်သည်။


"ငါက မိန်းမဆိုလည်း အဆင်ပြေပါတယ်..."


ဖန်ထျန်: ဟယ် ငါက ဒီမှာ တတိယလူကြီး ဖြစ်နေပြီလား...


ဤအခြေအနေသာ Weibo ပေါ်၌ အတင်ခံလိုက်ရပါက ချမ်ချင်းနှင့် ထန်ချောင်းချောင်းတို့ကို ship နေကြသူများ ဆူညံပွက်လောရိုက်ကုန်ကြမည်ဖြစ်သည်။ ဖန်ထျန်သည် ဖုန်းကို မြှောက်၍ ဗီဒိယို ရိုက်ထားချင်မိသော်လည်း မလုပ်ရဲဖြစ်နေသည်။


ထန်ချောင်းချောင်းကတော့ ချမ်ချင်း စနောက်နေသည်ကို အခုထိ မသိသေးချေ။ ထန်ချောင်းချောင်း တစ်ခုခုပြောဖို့ပြင်လိုက်သောအခါ သူတို့နောက်မှ တစ်စုံတစ်ယောက်က ချောင်းနှစ်ချက်မျှ ဆိုးလိုက်သံ ထွက်ပေါ်လာသည်။


သူတို့နောက်၌ ရှန်းယွဲ့ ဘယ်အချိန်တည်းက ရောက်နေမှန်းပင် မသိလိုက်ကြပါ။


ချမ်ချင်း၏ မျက်လုံးများသည် ထန်ချောင်းချောင်းနှင့် ရှန်းယွဲ့ကြား အလျင်အမြန်ပြေးသွား၍ ရှန်းယွဲ့ကို စိတ်ပါလက်ပါ ပြုံးပြလိုက်သည်။


"ဟဲလို..."


ရှန်းယွဲ့သည် ချမ်ချင်းအား အေးစက်စွာကြည့်လိုက်သည်။ ခုနက ချမ်ချင်းပြောနေသည်များကို သူကြားသွားခဲ့သည်။ ဤအမျိုးသမီးသည် တကယ်ပင် လေးနက်သူမဟုတ်ပါချေ။


ချမ်ချင်းက ထန်ချောင်းချောင်းနားသို့ကပ်ကာ တိုးတိုးလေးမေး‌လိုက်သည်။


"သူက ဘာဖြစ်လို့ ငါ့ကို ရန်လိုနေရတာလဲ..."


ထန်ချောင်းချောင်းကတော့ မအံ့ဩပါ။


"သူက အမြဲအဲ့ဒီလိုပဲ...နေ့တိုင်း ရေခဲတုံးလိုမျက်နှာနဲ့..."


ချမ်ချင်းက "ဪ..." ဟူ၍သာပြောလိုက်ကာ အဓိပ္ပာယ်ပါသည့် အပြုံးကို ပြုံးလိုက်သည်။ ချမ်ချင်းသည် တစ်ချက်ကြည့်လိုက်ရုံဖြင့် ထန်ချောင်းချောင်းနှင့် ရှန်းယွဲ့တို့၏ဆက်ဆံရေးသည် ထုတ်လုပ်သူနှင့် မင်းသမီးတို့၏ ဆက်ဆံရေးထက်ပိုနေသည်ကို သိလိုက်သည်။ သို့သော် ချမ်ချင်းသည် ဤအနုပညာအသိုင်းအဝိုင်း၌ ကျင်လည်ခဲ့သည်မှာ နှစ်ပေါင်းများစွာ ကြာပြီဖြစ်သည်။ အနုပညာရှင်တိုင်း၌ လျှို့ဝှက်ချက်ကိုယ်စီရှိကြသည်ကို ချမ်ချင်းသိသည်။ ထန်ချောင်းချောင်းက ပြောချိန်တန်လျှင် သူမ ဘာသာ ထုတ်ပြောလာမည်ဖြစ်သည်။ ချမ်ချင်း အတင်းမေးရန် မလိုအပ်ပါ။


"လာ သွားကြမယ်...လူတွေ တိတ်တိတ်ဆိတ်ဆိတ် စကားပြောကြပါစေ..."


ချမ်ချင်းသည် ပွဲကြီးပွဲကောင်းကြည့်ရန် စောင့်နေသော ဖန်ထျန်ကို ဆွဲခေါ်သွားလိုက်သည်။


လူပိုနှစ်ယောက် ထွက်သွားသောအခါ ရှန်းယွဲ့သည် မျက်မှောင်ကြုတ်၍ ထန်ချောင်းချောင်းကို ကြည့်လိုက်သည်။


ထန်ချောင်းချောင်းကတော့ ရှန်းယွဲ့ စဉ်းစားနေသည်ကို ဘာမှမသိပဲ မေးလိုက်သည်။


"ရှင် ဘာဖြစ်နေတာလဲ...မျက်နှာက စူပုတ်နေတာပဲ..."


ရှန်းယွဲ့က ပြောလိုက်သည်။


"မင်း ငါ့ကို အဖြေပြန်မပေးနိုင်တာ အဲ့ဒီမိန်းမကြောင့်လား..."


"ဘယ်မိန်းမလဲ..."


ထန်ချောင်းချောင်းက မေးလိုက်သည်။


"ချမ် ဆိုတဲ့ မျိုးရိုးနာမည်နဲ့ မိန်းမ..."


"ဟင်..."


ရှန်းယွဲ့သည် ထန်ချောင်းချောင်းအား ကြောင်တောင်တောင်နှင့် ကြည့်လိုက်သည်။


"မင်းက မိန်းမတွေကို ကြိုက်တာလား..."


ရှန်းယွဲ့ ဘာကိုဆိုလိုသည်ကို ထန်ချောင်းချောင်း ချက်ချင်း နားလည်သွားတော့သည်။


"သူပြောတာကို ရှင်ကြားသွားတာလား..."


ထန်ချောင်းချောင်းသည် မျက်လုံး‌ကိုဝေ့၍ ပြောလိုက်သည်။


"ကျွန်မ တကယ်ပဲ မိန်းမတွေကို ကြိုက်တယ်..."


အမျိုးသမီးများသည် မွှေးကြိုင်၍ နူးညံ့သည်။ နံစော်သော ယောင်္ကျားများထက် အဆ တစ်သောင်းမျှ ပို၍ ချစ်ဖို့ကောင်းကြသည်။


ရှန်းယွဲ့: "..."


"ဘာလုပ်ရပါ့မလဲနော်...ရှင်က လိင်အမျိုးအစားကိုလည်း ပြောင်းပစ်လို့မရဘူးမဟုတ်လား..."


ထန်ချောင်းချောင်းက နောင်တရသည့်ပုံစံဖြင့် ပြောနေသည်။


"ငါသာ မိန်းမဖြစ်သွားရင် ငါနဲ့ တူတူရှိပေးမယ်လို့ မင်းကတိပေးနိုင်လား..."


ရှန်းယွဲ့က မေးလိုက်သည်။


ထန်ချောင်းချောင်းက ဘာမှပြန်မပြောနိုင်ဖြစ်သွားသည်။


အစ်ကိုရေ...ရှင်က ပိုခက်အောင် ကစားချင်နေတာလား...


ရှန်းယွဲ့က ဆက်ပြောလိုက်သည်။


"လိင်အမျိုးအစားပြောင်းတဲ့ ခွဲစိတ်မှုတွေက အခု အရမ်းအဆင့်မြင့်နေကြတာ...စမ်းကြည့်တာ မမှားဘူး...ငါ လီကျိကို ဆရာဝန်နဲ့ ဆက်သွယ်ခိုင်းလိုက်မယ်..."


ထို့နောက် ရှန်းယွဲ့သည် ပြန်ရန် ဘီးတပ်ကုလားထိုင်က လှည့်လိုက်သည်။


ထန်ချောင်းချောင်းသည် ဘီးတပ်ကုလားထိုင်ကို အမြန်လှမ်းဆွဲ၍ ထိတ်လန့်စွာပြောလိုက်သည်။


"ကျွန်မက နောက်နေတာပါ..."


ရှန်းယွဲ့၏ မျက်နှာအချိုးအစားများက ‌လှပသော်လည်း သူသာ မိန်းမဖြစ်သွားပါက...ထိုပုံရိပ်သည် တွေးကြည့်ရုံနှင့်ပင် ကြောက်ဖွယ်ကောင်းနေပြီဖြစ်သည်။


"မင်း ငါ့ကိုမနိုင်မှန်းငါသိပါတယ်..."


ရှန်းယွဲ့က ခေါင်းကိုလှည့်ကာ အနိုင်ရသောအပြုံးဖြင့် ပြုံးလိုက်သည်။


ထန်ချောင်းချောင်းက စိတ်ထဲမှာ ပြောလိုက်မိသည်။


ဒီလူကတော့လေ...မကောင်းဆိုးဝါးရှန်းက တော်တော်ကိုဆိုးဝါးတာပဲ...


---


မီးအချက်ပေးမှုမတော်တဆသည် ထန်ချောင်းချောင်းကို ကင်းကောင်ဘာဘီ ဟု ပို၍ နာမည်တွင်စေခဲ့သော်လည်း အခွင့်အရေးများကလည်း ရှိလာကြသည်ပင်။


ထန်ချောင်းချောင်းသည် အချက်ပေးသံကြားသောအခါ မပြာသွားပဲ နည်းလမ်းတကျနှင့် လုပ်စရာရှိသည်များကို လုပ်သည့်အပြင် အခြားလူများကိုပါ ကူညီပေးသောကြောင့် ပေကျင်းမီးသတ်ဌာနသည် ထန်ချောင်းချောင်းအား မီးသတ်ဌာနကိုယ်စားလှယ်အဖြစ် ခန့်အပ်လိုက်သည်။


ဤသည်မှာ အဆိုးထဲမှ အကောင်းပင်မဟုတ်လား။


ထန်ချောင်းချောင်းသည် မီးသတ်ဌာန၏ကိုယ်စားလှယ်ဖြစ်ရသည်ကို အလွန်ပျော်ရွှင်နေမိသည်။ သူမသည် မီးလောင်သောအခါ မည်ကဲ့သို့‌ ရှောင်တိမ်းရမည်ကို ပြသော ပညာပေး ဇာတ်လမ်းအတိုလေးများကို တက်ကြွစွာ ပါဝင်ရိုက်ကူးပေးသည်။ ထန်ချောင်းချောင်း ကလေးများနှင့် သက်ကြီးရွယ်အိုများကို ချီသောအခန်းများသည် လူစားမထည့်ပဲ သူမကိုယ်တိုင် သရုပ်ဆောင်ထားခြင်းဖြစ်သည်။


ထို ဇာတ်လမ်းတိုလေးများသည် တီဗီချန်နယ်များနှင့် ရုပ်ရှင်ရုံများ၌ ရုပ်ရှင်မပြခင် ထုတ်လွှင့်ပြသခြင်းဖြစ်သောကြောင့် ထန်ချောင်းချောင်း၏ ဖန်များသည် အရှိန်အဟုန်ဖြင့် များပြားလာသည်။ သကြားယုန်လေး‌များသည်လည်း ယခုမှ အိပ်မက်မှ လန့်နိုးလာကြသကဲ့သို့ဖြစ်နေကြသည်။ ထန်ချောင်းချောင်းကို follow လုပ်သည့် လူအရေအတွက်က အလွန်များပြားလာကြသည်။


ကြယ်ငါးပွင့် ရှော့ပင်းမော၏ဖွင့်ပွဲပါတီပြီးသောအခါ နှစ်သစ်ကူးဧည့်ခံပွဲက ရောက်လာပြန်သည်။


ဤနှစ်သစ်ကူးတွင်တော့ ထန်ချောင်းချောင်းသည် အအားမနေရပေ။ သူမဆီသို့ နှစ်သစ်ကူးအကြိုဂီတပွဲ၌ ဖျော်ဖြေရန် ဖိတ်စာရောက်လာလေသည်။


ဂီတပွဲကီုစီစဉ်သူက ထန်ချောင်းချောင်းကို ရှာတွေ့သောအခါ သူမ အား ဖိတ်ကြားရသည့်အကြောင်းရင်းမှာ ရှိုး၌  "သူရဲကောင်း၏တေးသံ" ကို ထန်ချောင်းချောင်း သီဆိုသည်ကိုမြင်၍ ထန်ချောင်းချောင်းသည် သီချင်းဆိုရာ၌ ပါရမီရှိသည် ဟု ထင်သောကြောင့် ဟူ၍ ပြောသည်။


ထန်ချောင်းချောင်းသည် နားမလည်နိုင်ဖြစ်သွားသည်။ ထိုပွဲစီစဉ်သူသည် သူမအား လာလှောင်ပြောင်နေသည်ဟု ထင်လိုက်မိသည်။


ထန်ချောင်းချောင်းသည် အရူး မဟုတ်ပါ။ ဇာတ်လမ်းတွဲ၏ ထိုအပိုင်းကို ထုတ်လွှင့်စဉ်က netizen များထံမှ ဝေဖန်ချက်များကို မြင်ခဲ့ရသည်။ ထိုသီချင်းကိုဆိုရန် ပါးစပ်ဟလိုက်သည်နှင့် သူမ ကီးလွဲသွားသည်ကို သိလိုက်သည်။


ထို့ကြောင့် သီချင်းဆိုရန် သူမနှင့် အဆင်မပြေနိုင်ဟု ထန်ချောင်းချောင်းပြောသည့်အခါ ပွဲစီစဉ်သူက စိတ်မပူရန် ပြောသည်။ သူတို့သည် ထန်ချောင်းချောင်းအား တစ်ယောက်တည်း ဆိုခိုင်းမည်မဟုတ်ပဲ ရှောင်ဝေ့တို့မိန်းကလေးအိုင်ဒေါအဖွဲ့နှင့် တွဲဖက်သီဆိုရန် စီစဉ်ထား‌သည် ဟု ဆိုသည်။


ထိုအကြံသည်လည်း မဆိုးလှပါ။


ဖျော်ဖြေချိန်တွင် ထန်ချောင်းချောင်းသည် မိန်းကလေးအဖွဲ့ထဲ ရောနေမည်ဖြစ်၍ အများဆုံး ကနေရမည်သာဖြစ်သည်။ သူမ၏ ကီး‌ကြောင်ခြင်းသည်လည်း သိပ်သိသာတော့မည်မဟုတ်သဖြင့် ထန်ချောင်းချောင်းသည် ဖိတ်ကြားမှုကို ဝမ်းမြောက်စွာပင် လက်ခံလိုက်သည်။


ရှောင်ဝေ့တို့မိန်းကလေးအိုင်ဒေါအဖွဲ့သည် ယခု နှာဘူးမန်နေဂျာနှင့် ကုမ္ပဏီကို ပထုတ်လိုက်ပြီးသောအခါ အလွန်ပင် အောင်မြင်နေကြသည်။ သူတို့သည် ထန်ချောင်းချောင်းအား အလွန်ကျေးဇူးတင်နေကြသည်ဖြစ်၍ ထန်ချောင်းချောင်းက သူတို့နှင့် တွဲဖက်၍ဖျော်ဖြေမည်ဆိုသောအခါ အလွန်ပျော်ရွှင်နေကြသည်။


ထန်ချောင်းချောင်းသည် သူတို့နှင့် အကလေ့ကျင့်ကာ ရှောင်ဝေ့ကလည်း နားလည်စွာပင် ထန်ချောင်းချောင်းအတွက် သီဆိုရမည့် စာသားအနည်းငယ်သာ ပေးထားသည်။


မကြာမီမှာပင် နှစ်သစ်ကူးအကြိုညသို့ ရောက်ရှိလာတော့သည်။ ထန်ချောင်းချောင်းနှင့် ရှောင်ဝေ့တို့အဖွဲ့သည် စင်နောက်၌ စောင့်နေကြလေသည်။


Xxxxxx