အပိုင်း ၁၂၀
Viewers 23k

Chapter 120

 ထပ်သီဆိုပေးပါ


သကြားယုန်လေးများသည် နှစ်သစ်ကူးအကြိုညဂီတပွဲ၌ ထန်ချောင်းချောင်း ဖျော်‌ဖြေမည်ကို သိထားပြီးကြပြီဖြစ်သည်။ ထို့ကြောင့် လက်မှတ်များကို ကြိုတင်ဝယ်ယူထားကြကာ ထန်ချောင်းချောင်းကို အစွမ်းကုန် အားပေးရန် အဆင်သင့်‌ဖြစ်နေကြလေပြီ။


ရှန်းယွဲ့သည်လည်း VIP နေရာ၌ ထိုင်နေပြီဖြစ်သည်။ ထိုနေရာသည် ရေခဲသေတ္တာပါ ပါသောကြောင့် ရှန်းယွဲ့ စားချင် သောက်ချင်သည်ကို အဆင်သင့် ယူစားလိုက်ရုံသာဖြစ်သည်။ ရှန်းယွဲ့၏နေရာသည် စတိတ်စင်ကို ကောင်းစွာမြင်ရသော နေရာ ဖြစ်သည်။


"သူဌေး...မမလေးရဲ့ ဖန်တွေအားလုံးက ဟိုနားမှာ..."


လီကျိက ပရိသတ်များထဲမှ တစ်နေရာကို လက်ညှိုးထိုးပြလိုက်သည်။


ရှန်းယွဲ့က လှမ်းကြည့်လိုက်သည်။ ဂီတပွဲသို့လာသော သကြားယုန်လေးများ တော်တော်များသည်။ သူတို့သည် လက်ထဲ၌ ဆိုင်းဘုတ်များကိုင်ထားကြသည်။ ပွဲစလျှင် ဖန်များသည် သူတို့၏ အားပေးမှုကို ပြသသည့်အနေဖြင့် မီးအလင်းချောင်းများကို ကိုင်မြှောက်ကြလိမ့်မည်။


"ဒါနဲ့ သူဌေး...ဒါက သူဌေးအတွက်..."


လီကျိသည် သူ့ခြေထောက်နားမှ အိတ်တစ်အိတ်ကို ကောက်ယူ၍ အထဲမှ ပစ္စည်းတစ်ခုကို ထုတ်ကာ ရှန်းယွဲ့အားပေးလိုက်သည်။


ရှန်းယွဲ့က နားမလည်ဖြစ်သွားသည်။


"ဒါက..."


လီကျိက ပြုံးလိုက်သည်။


"ခန်းမထဲ ကျွန်တော်ဝင်လာတုန်းက မမလေးရဲ့ ဖန်တွေနဲ့ တွေ့လာလို့...သူတို့က ကျွန်တော့်ကို ပစ္စည်းတချို့နဲ့ ဒီ မီးလင်းတဲ့နဖူးစည်းကို ပေးလိုက်တာ...ပျော်စရာကြီး..."


"သူတို့က ဒီခေါင်းစည်းကို နှစ်ခုတောင်ပေးလိုက်တာ...အတော်ပဲဖြစ်သွားတာပေါ့...ကျွန်တော်တို့ တစ်ယောက်တစ်ခုစီ ယူလို့ရတယ်..."


လီကျိက ပြောရင်းဖြင့် နဖူးစည်းကို ခေါင်း၌ စည်းလိုက်သည်။ နဖူးစည်းသည် ကြီးမားသော ပန်းရောင်စာလုံး သုံးလုံးဖြင့် ပြည့်နေသည်။


"ထန်ချောင်းချောင်း"


ရှန်းယွဲ့သည် ဖန်များအဖွဲ့အတွက် သူကိုယ်တိုင်ရေးပေးခဲ့သော စာလုံးများကို ကြည့်နေမိသည်။


ဤစာလုံးများကို သူကိုယ်တိုင်ရေးခဲ့သည်ဖြစ်သော်လည်း ဒါကြီးကို ဝတ်ရမည်ဆိုလျှင်တော့..


မဖြစ်နိုင်ပါ...အလွန်ရှက်စရာကောင်းပေသည်...


ည ၈နာရီတွင် ဂီတဖျော်ဖြေပွဲသည် တရားဝင်စတင်တော့သည်။


ရှန်းယွဲ့သည် စင်ပေါ်မှ ခုန်ပေါက်၍သီချင်းအော်ဆိုနေသော အဆိုတော်ကို ကြည့်၍ မျက်နှာက ရွံရှာနေသည့်ပုံ ပေါက်နေသည်။


"ဒီလောက် သီချင်းဆိုမကောင်းတာတောင်မှ ဖျော်ဖြေခွင့်ရနေသေးတာလား...အနုပညာလောကမှာ တခြား ဘယ်သူမှ မရှိတော့ဘူးလား..."


လီကျိကတော့ နှစ်ခြိုက်သည့်ပုံဖြင့် သီချင်းဆိုနေသည်ကို သေချာကြည့်နေသည်။


"ကျွန်တော်ကတော့ မဆိုးဘူးထင်ပါတယ်...အကုန် တက်ကြွနေကြတာနဲ့ဆိုရင် နားထောင်လို့ကောင်းပါတယ်...ပြီးတော့ အဲ့ဒီအဆိုတော်က တော်တော်နာမည်ကြီးတာ..."


ရှန်းယွဲ့က လီကျိအား လှမ်းကြည့်လိုက်သည်။


"မင်းလည်း မင်းရဲ့အကြိုက်တွေကို ကောင်းအောင် လုပ်ထားသင့်တယ်...မကောင်းတဲ့ ‌အမျှော်အမြင်တွေက ငါတို့ကုမ္ပဏီရဲ့ အနာဂတ်တိုးတက်မှုတွေကို ထိခိုက်လိမ့်မယ်..."


လီကျိသည် ပြောမိသည့်အတွက် နောင်တပင်ရသွားသည်။


ငါပြောတာနဲ့ ကုမ္ပဏီနဲ့ ဘာဆိုင်လို့လဲ...


ရှန်းယွဲ့သည် ဤကဲ့သို့ ဖျော်ဖြေမှုမျိုးကို မကြိုက်လျှင် အိမ်မှာပဲနေ၍ တိုက်ရိုက်ထုတ်လွှင့်သည်ကိုပဲ ကြည့်သင့်သည်။ ထန်ချောင်းချောင်း ထွက်လာသည်အထိစောင့်ကြည့်၍ ပြီးသွားလျှင် ပိတ်လိုက်လို့ ရသည်မဟုတ်လား။ ဤသို့ မကြိုက်သည်များကို နားထောင်၍ ဒုက္ခခံနေစရာမလိုချေ။


လီကျိကပြောလိုက်သည်။


"သူဌေး...မမလေးက အနုပညာလောက ကဆိုတော့ သူဌေးလည်း မမလေးနဲ့စကား‌ပြောရင် ပြောစရာရှိအောင် ခေတ်ပေါ်အနုပညာရှင်တွေအကြောင်း နည်းနည်းတော့သိထားသင့်တယ်လို့ ကျွန်တော်ထင်တယ်..."


ရှန်းယွဲ့က အေးစက်စွာပင် ပြန်ပြောလိုက်သည်။


"မလိုပါဘူး...တခြားလူတွေကို ငါစိတ်မဝင်စားဘူး..."


ရှန်းယွဲ့သည် တကယ်ပင် ထန်ချောင်းချောင်းကလွဲ၍ အခြားလူများအကြောင်းကို စိတ်မဝင်စားပါ။ သူသည် အခြားလူများ၏ ဖျော်ဖြေမှုကို ကြည့်ရင်းဖြင့်လည်း ရန်စွယ်ငေါငေါဖြစ်နေသည်။


နောက်ထပ်လာသည့် ဖျော်ဖြေမှုများသည်လည်း ရှန်းယွဲ့၏ အပြောအဆိုကိုခံနေရသည်။ ဖျော်ဖြေမှုများသည် ရှန်းယွဲ့အမြင်တွင်တော့ အမျိုးအစား ၂ မျိုးသာရှိသည်။ "မိစ္ဆာအသံဆိုးက ဦးနှောက်ကို ထိုးဖောက်နေခြင်း" နှင့် "ကြားလျှင် သေဆုံးသွားနိုင်သည့် သီချင်းဆိုခြင်း" တို့ ဖြစ်သည်။


လီကျိကတော့ စိတ်ထဲက တွေးနေမိသည်။


တကယ်တော့ ထန်ချောင်းချောင်းကလည်း သီချင်းဆိုတာ အဲ့ဒီလောက်ကောင်းနေတာမှမဟုတ်တာကို...


ဂီတပွဲသည် တဖြည်းဖြည်းနှင့် တစ်ဝက်သို့ရောက်လာသည်။ ခန်းမ၏အခြေအနေကလည်း ပို၍ ပို၍ တက်ကြွလာကြသည်။ ရှောင်ဝေ့တို့ မိန်းကလေးအိုင်ဒေါအဖွဲ့က ချစ်စရာကောင်းသည့် ပုံစံလေးများဖြင့် ထွက်လာ၍ ဖျော်ဖြေကြသောအခါ ပရိသတ်များသည် အော်ဟစ်၍ မဆုံးနိုင်ဖြစ်နေကြတော့သည်။


သို့သော် ထိုအဖွဲ့ထဲ၌ ထန်ချောင်းချောင်းမပါချေ။ ထန်ချောင်းချောင်းက ဒုတိယသီချင်းမှသာ ပါဝင်မည်ဖြစ်သည်။


ပထမသီချင်း ဖျော်ဖြေ‌နေစဉ်က ရှန်းယွဲ့သည် စိတ်မပါ လက်မပါဖြင့်သာ သီချင်းပြီးသည့်အထိ ကြည့်နေမိသည်။ မိန်းကလေးများက ဖျော်ဖြေပြီး ပြန်ဆင်းသွားမှသာ စင်ပေါ်သို့ အာရုံစူးစိုက်၍ ကြည့်လိုက်တော့သည်။


သိပ်မကြာခင်မှာပင် မိန်းကလေးများသည် အဝတ်အစားလဲပြီး၍ စင်ပေါ်သို့ ပြန်ရောက်လာကြသည်။ သို့သော် စင်‌သည် အလွန်မှောင်မည်းနေ၍ စင်နှင့်နီးကပ်လွန်းသော ပရိသတ်များကသာ စင်ပေါ်၌ မည်သူများရှိ‌နေသည်ကို မြင်ရသည်။


သကြားယုန်လေးများသည် စင်ပေါ်ရှိအရိပ်များထဲမှ ထန်ချောင်းချောင်းကို မနည်းလိုက်ရှာနေကြရသည်။


သူတို့သည် မြင်ရသည့်အရိပ်များကို ရေတွက်ကြည့်လိုက်သည်။


'ဟင်...ထန်ချောင်းချောင်း မပါဘူးလား...'


အစီအစဉ်အရ ဤသီချင်း၌ ထန်ချောင်းချောင်း ပါရမည်ဖြစ်သည်။


ငါတို့ ချောင်းပေါင် ဘယ်မှာလဲ...


ထိုအချိန်၌ စင်‌အနောက်မှ အသံကျယ်ကြီးတစ်သံ ထွက်ပေါ်လာသည်။ စင်ပေါ်၌ မီးအလင်းတန်းတစ်တန်း ပေါ်ထွက်လာသောကြောင့် လူတိုင်း၏အကြည့်က ထိုအလင်းတန်းနောက်သို့လိုက်ကာ အပေါ်သို့ မော့ကြည့်လိုက်ကြသည်။


စင်၏အပေါ်၌ ဒါန်းတစ်စင်းသည် တွဲလဲခိုနေကာ ထိုဒါန်းပေါ်၌ ထိုင်နေသော အမျိုးသမီးတစ်ဦးသည် စင်ပေါ်သို့ ဖြည်းညင်းစွာ ကျဆင်းလာသည်။


ထိုအမျိုးသမီးသည် တကယ်ပင် ထန်ချောင်းချောင်း ဖြစ်နေတော့သည်။


ဂီတပွဲဖျော်ဖြေမှု၏ ဒီဇိုင်းသည် လျှို့ဝှက်ထားခြင်းဖြစ်သောကြောင့် ရှန်းယွဲ့အပါအဝင် လူတိုင်းသည် ထန်ချောင်းချောင်း၏ပုံစံကို မြင်ရသည်မှာ ယခု ပထမဆုံးဖြစ်သည်။


ထန်ချောင်းချောင်းသည် အနီရောင် ကြိုးသိုင်းစကတ်ကိုဝတ်ဆင်ထား၍ လှိုင်းတွန့်ဆံပင်များကို ညာဘက်ပခုံးပေါ်သို့ သိမ်း၍ တင်ထားကာ ဘယ်ဘက်၌ အင်္ကျီအရောင်နှင့်ဆင်တူ ပန်းပွင့်အဆင်တန်ဆာကို တပ်ထားသည်။


ကင်မရာက ထန်ချောင်းချောင်း၏မျက်နှာကို ရိုက်ပြလိုက်သောအခါ ထန်ချောင်းချောင်း၏ မျက်လုံးများသည် စူးရှ၍ နှုတ်ခမ်းများက ပြုံးနေကြသည်။ သူမ၏ အိုင်ဒေါမိတ်ကပ်သည် ပုံမှန်နှင့် မတူပဲ အနီရောင် မျက်လုံးအခြယ်အသများနှင့် မျက်နှာကလည်း တလက်လက်တောက်ပနေသော အလင်းများဖြင့် ဝင်းလက်နေသည်။


ထန်ချောင်းချောင်း၏ တစ်ကိုယ်လုံးသည် ရင်သပ်ရှုမောဖွယ်ကောင်းစွာ အလွန်ပင် လှပနေတော့သည်။


"အားးးးးး...ထန်ချောင်းချောင်း..."


"ထန်ချောင်းချောင်း...ချစ်တယ်..."


"ထန်ချောင်းချောင်းက လှလိုက်တာ..."


"ငါ့အစ်မရဲ့ခါးက ခါးမဟုတ်တော့ဘူး...သေးသွယ်တဲ့ ဓားလိုဖြစ်နေပြီ..."


ထန်ချောင်းချောင်း ထွက်လာသည်နှင့် တစ်ပြိုင်နက် ပွဲသည် ဆူညံသွားတော့သည်။ သူမ၏ ဖန်များပင်ဖြစ်စေ ဖန်မဟုတ်သူများပင်ဖြစ်စေ လူတိုင်းသည် အလွန်အံ့ဩမှင်သက်နေကြသည်။


ရှန်းယွဲ့သည် ထန်ချောင်းချောင်း၏ အပြင်အဆင်ကို အကြိမ်ကြိမ်အခါခါ စိတ်ကူးယဉ်ခဲ့မိသည်။ စင်ဘေးမှ အရိပ်များကိုပင် တွေ့လိုတွေ့ငြား ကြည့်နေမိခဲ့သော်လည်း ယခု ထန်ချောင်းချောင်း ထွက်ပေါ်လာသောအခါတွင် အလွန် အံ့ဩသွားရသည်သာဖြစ်သည်။


ယနေ့တွင် ထန်ချောင်းချောင်းသည် အသက်ရှူမှားလောက်အောင်ပင် လှပနေသည်။ လှပရုံသာမကပဲ အထက်စီးလည်း ဆန်နေသည်။ ထန်ချောင်းချောင်းသည် ကမ္ဘာလောက အမြင့်တစ်နေရာ၌ နေနေ၍ လူများက သူမကို ဒူးထောက်ခစားကာ သူမ၏ သီချင်းသံဖြင့် စိုးမိုးသိမ်းပိုက်တော့မ ည့်ဟန် ဖြစ်နေသည်။


စင်ပေါ်သို့ ထန်ချောင်းချောင်း ခြေချလိုက်သည်နှင့် တစ်ပြိုင်နက် စတိတ်စင်တစ်ခုလုံးသည် မီးများလင်းထိန်သွား၍ တက်ကြွသော သီချင်းသံလည်း ထွက်ပေါ်လာသည်။


ထန်ချောင်းချောင်းနှင့် မိန်းကလေးအိုင်ဒေါအဖွဲ့သည် စတင်၍ သီချင်းဆိုကာ စည်းချက်နှင့်အတူ ကနေကြတော့သည်။


ထန်ချောင်းချောင်းသည် "သူရဲကောင်း၏တေးသံ" ကို ကီးကြောင်စွာ သီဆိုခဲ့သောကြောင့် သကြားယုန်လေးများသည် သူတို့၏ အိုင်ဒေါအတွက် ချွေးပြန်နေကြရသည်။ ထန်ချောင်းချောင်းသည် တိတ်ဆိတ်စွာပင် ရပ်၍ စကားလုံး တစ်လုံး နှစ်လုံးလောက်သာ ဆိုမည်ဟု ထင်ထားကြသည်။ အချို့ သရုပ်ဆောင်များသည်လည်း နှစ်သစ်ကူးဖျော်ဖြေပွဲများ၌ ထိုသို့ပင် ဆိုကြသည်မဟုတ်လား။


သို့သော် ဤကဲ့သို့ အရှိန်အဟုန်ဖြင့် ဝင်လာလိမ့်မည်ဟုတော့ သကြားယုန်လေးများ မထင်ထားကြချေ။


ထန်ချောင်းချောင်းသည် သူမ၏ ချွန်ထက်သော ဒေါက်ဖိနပ်များနှင့် ကကွက်များကို လုံးဝ စည်းချက်ကျအောင် ကနေသည်။ ခြေလှမ်းများသည် တိကျနေသည်။ ခါးကိုလှည့်၍ ဆံပင်ကိုခါကာ ခွန်အားအပြည့်နှင့် ကနေသော်လည်း အလွန်လည်း ဆွဲဆောင်အားပြင်းနေသည်။ ကနေရင်းဖြင့် တစ်ခါ တစ်ခါ၌လည်း ပရိသတ်ဖက်ကို မျက်လုံးတစ်ဖက် မှိတ်ပြလိုက်သေးသည်။ ထန်ချောင်းချောင်းသည် လှပ၍ အလွန် ချစ်ဖွယ်ကောင်းနေသည်။ ပရိသတ်ထဲမှ လူတိုင်းသည် အရူးများကဲ့သို့ အော်ဟစ်နေကြတော့သည်။


ထန်ချောင်းချောင်း၏ ခန္ဓာကိုယ်သည် အလွန်သွယ်လျ၍ ခါးပတ်ပတ်ထားသောပုံစံကလည်း သူမ၏ခါးကို ပုရွက်ဆိတ်၏ခါးကဲ့သို့ သေးသွယ်နေစေသည်။ ရှည်လျားသောခြေထောက်များကလည်း ဖြူဖွေးကာ လှပ‌လွန်းနေသည်။


ပို၍ အံ့ဩဖွယ်ကောင်းသည်က ထန်ချောင်းချောင်းသည် ဤည၌ ကီးမကြောင်နေခြင်းဖြစ်သည်။ သူမ သီဆိုရမည့်စာသားမှာ သိပ်မများသော်လည်း စာကြောင်းတိုင်းက သံစဉ်နှင့် ကွက်တိဖြစ်နေသည်။ သီချင်းဆိုရင်းဖြင့် ကပြဖျော်ဖြေရသည်မှာ အချိန်ကြာမြင့်စွာလေ့ကျင့်ထားသော အိုင်ဒေါများသာမဟုတ်လျှင် သာမာန်လူတစ်ယောက်အတွက် အလွန်ခက်ခဲမည်ဖြစ်သည်။ သို့သော် ထန်ချောင်းချောင်းကတော့ လုံးဝအဆင်ပြေနေကာ သူမ၏ အသက်ရှူသံကပင် သီချင်းဆိုသံကို အနှောင့်အယှက်မဖြစ်ချေ။


ဤည၌ ထန်ချောင်းချောင်းသည် ကျွမ်းကျင်သော အိုင်ဒေါအဖြစ် လုံးဝပြောင်းလဲသွားတော့သည်။


လီကျိသည် အော်ဟစ်၍ အားပေးရလွန်းသဖြင့် အသံပင်ဝင်မတတ်ဖြစ်နေကာ ရှန်းယွဲ့ကတော့ တိတ်ဆိတ်စွာပင် ထန်ချောင်းချောင်း၏ ဖျော်ဖြေမှုကို အားပေးနေလေသည်။


ထန်ချောင်းချောင်းသည် အလွန်တက်ကြွ၍ စင်ပေါ်၌ အရောင်အဝါများတောက်ပ‌နေလေသည်။ ထန်ချောင်းချောင်းသည် စင်ပေါ်၌ ဖျော်ဖြေရန် မွေးဖွားလာသူသာဖြစ်ပေသည်။


ထန်ချောင်းချောင်း၌ မျက်နှာဘယ်နှမျိုးတောင် ရှိနေပါသနည်း။


ပုံမှန်ဆိုလျှင်တော့ ထန်ချောင်းချောင်းသည် ရွာသူလေးတစ်‌ယောက်ကဲ့သို့ ဟင်းရွက်ခြံထဲတွင် အချိန်ကုန်ကာ မီးဖိုထဲ၌လည်း အချိန်များစွာ နေနေတတ်သည်။ တစ်ခါတစ်ရံတော့ ရူးကြောင်ကြောင်ပုံလေးပေါက်သော်လည်း ထန်ချောင်းချောင်းသည် တစ်ခါတစ်ရံ၌လည်း အလွန်လေးနက်သောစိတ်ဖြင့် တာဝန်ယူတတ်ကာ မတရားမှုကို တော်လှန်ရသည်ကိုလည်း မြတ်နိုးသည်။


ယခုတွင်လည်း မျက်နှာနောက်တစ်မျိုး ဖြစ်နေပြန်လေပြီ။


သို့သော် ထန်ချောင်းချောင်း မည်ကဲ့သို့သော ပုံစံပင်ဖြစ်နေပါစေ ရှန်းယွဲ့ကတော့ ကြိုက်နေမိသည်ပင်။


ထိုအချိန်၌ ပရိသတ်များ၏အော်သံက ရှန်းယွဲ့ကို သူ့အတွေးများဆီမှ ပြန်ဆွဲခေါ်လိုက်သည်။ မြှင့်တင်လိုက်သော စင်မြင့်က ထန်ချောင်းချောင်းနှင့် မိန်းကလေးအဖွဲ့ကို အပေါ်သို့ ‌မြောက်သွားစေသည်။


ထန်ချောင်းချောင်းသည် စင်ပေါ်၌ အလွန်စိတ်နှစ်ဝင်နေသည်။ သကြားယုန်လေးများက ဆိုင်းဘုတ်များကို ခက်ခဲစွာကိုင်၍ သူမကို အော်ဟစ်အားပေးနေကြသည်ကို မြင်သောအခါ ထန်ချောင်းချောင်းသည် မနေနိုင်ပဲ သကြားယုန်လေးများ‌ဆီသို့ အနမ်းတစ်ပွင့် မှုတ်ထုတ်ပေးလိုက်သည်။


ထိုအနမ်းသည် ကြီးမားသော တီဗီမျက်နှာပြင်ကြီးမှတစ်ဆင့် ခန်းမတစ်ခုလုံးဆီသို့ ရောက်သွားတော့သည်။


ဟာ...ဒုက်ခပါပဲ...


အနမ်းလေးက ချစ်ဖို့ကောင်းပြီး ချိုမြလိုက်တာ...


တခြားလူများကလည်း တွေးနေကြသည်။


ထန်ချောင်းချောင်းရဲ့ ဖန်ဖြစ်ဖို့ အရမ်းနောက်ကျသွားပြီလား...


ရှန်းယွဲ့က မျက်မှောင်ကျုံ့လိုက်သည်။ သူရှိနေသောနေရာနှင့် အနမ်း၏လားရာနေရာသည် တည့်မနေပေ။ ရှန်းယွဲ့သည် ဤ VIP ‌နေရာ၌ ဈေးကြီးပေးဝယ်၍ ထိုင်နေရခြင်းသည် အလွန်အထီးကျန်စရာကောင်းသည်ဟု ခံစားလာရမိသည်။ ပရိသတ်ထဲ၌ ထန်‌ချောင်းချောင်း၏ ဖန်များနှင့် အတူရှိနေရလျှင် ပိုကောင်းပေလိမ့်မည်။


"အား...ဒီဘက်ကိုလည်း ကြည့်ပါဦး...ဒီဘက်မှာလည်း ဖန်တွေရှိသေးတယ်လေ..."


လီကျိကတော့ ဂုဏ်သိက္ခာကို ဂရုမစိုက်ပဲ အော်ဟစ်နေလေသည်။ အခြေအနေက ဝရုန်းသုဉ်းကား ဖြစ်နေပြီးသားပဲ ဟု လီကျိကတွေးသည်။ သူတို့ရှိသည့်ဘက်ကို မည်သူကမှ အာရုံစိုက်ကြမည်မဟုတ်ပါ။


ရှန်းယွဲ့သည် လက်ထဲ၌ကိုင်ထားသော နဖူးစည်းကို ကြည့်လိုက်သည်။ ထန်ချောင်းချောင်းသည် ဖန်များကိုမြင်နေခြင်းမှာ ထိုနဖူးသည်းများဝတ်ထားသောကြောင့် ဖြစ်မည်ဟု ရှန်းယွဲ့တွေးလိုက်သည်။ ထို့ကြောင့် စိတ်ကို ခဏမျှ ပြင်ဆင်ပြီးသောအခါ ရှန်းယွဲ့သည် နဖူးစည်းကို တိတ်ဆိတ်စွာ ဝတ်ဆင်လိုက်တော့သည်။


ဘာဖြစ်ဖြစ်ပါလေ...


ရှန်းယွဲ့ရှိနေသည့်နေရာသည် စင်နှင့် အတော်ဝေးနေသည်ကတော့ စိတ်မကောင်းစရာပင်ဖြစ်သည်။ ထန်ချောင်းချောင်းသည် ရှန်းယွဲ့ကို လုံးဝ မမြင်မိပါ။


ခဏကြာသောအခါ အားပြင်းသော သီချင်းဆိုခြင်းနှင့် အကများ ပြီးဆုံးသွား၍ နောက်ဆုံးအပြီးသတ်အတွက် ထန်ချောင်းချောင်းနှင့် မိန်းကလေးများသည် မြှင့်တင်ထားသော စင်ပေါ်၌ ချစ်စရာကောင်းသော ပို့စ်များ လုပ်ထားလိုက်ကြသည်။


ထန်ချောင်းချောင်းသည် လက်တစ်ဖက်ကို မြှောက်၍ တစ်ဖက်ကို ခါး၌ထောက်ထားလိုက်သည်။ ကခုန်ပြီးသောကြောင့် နဖူးပေါ်၌ ချွေးများ ပြန်နေသည်။


ပရိသတ်များဆီမှ မိုးခြိမ်းသံတမျှ လက်ခုပ်ဩဘာသံများထွက်လာသည်။ စင်ပေါ်မှလူများသည် ဆက်ပြုံးနေ၍ စင်က အောက်သို့ ကျသွားကာ ပြီးပြည့်စုံစွာ စင်ပေါ်က ဆင်းရမည့်အချိန်ကို စောင့်နေကြသည်။


ထန်ချောင်းချောင်းသည် လက်ကို ဖြောင့်တန်းစွာ မြှောက်ထား၍ စောင့်နေသော်လည်း အချိန်အတော်ကြာသည်အထိ သူမခြေထောက်အောက်မှ စင်က လှုပ်မလာချေ။


ထန်ချောင်းချောင်းသည် ခေါင်းကိုအနည်းငယ်လှည့်ကြည့်လိုက်သောအခါ အခြားမိန်းကလေးများ၏စင်များသည် အောက်သို့ တဖြည်းဖြည်း ကျကုန်ကြပြီဖြစ်သည်။ မိန်းကလေးများ၏ မျက်နှာသည်လည်း အံ့ဩနေကြသည့်ပုံပေါ်နေသည်။


အခြား မိန်းကလေးများအကုန် အောက်သို့ရောက်သွားချိန်၌ပင် ထန်ချောင်းချောင်းက စင်၏အလယ်၌ ထီးထီးကြီး ကျန်နေသေးသည်။


ဘာတွေဖြစ်နေတာလဲ...


ထန်ချောင်းချောင်းသည် ခြေထောက်အောက်မှ မြင့်တက်နေသော လေးထောင့်ပုံစံ စင်လေးကို ခြေထောက်နှင့် ဆောင့်ကြည့်သော်လည်း ဘာမှဖြစ်မလာချေ။


သူမ၏မျက်နှာသည် နားမလည်မှုများနှင့် ပြည့်နေတော့သည်။


ပရိသတ်များသည် ထန်ချောင်းချောင်း၏ မြှင့်တင်ထားသော စင်မြင့်က စက်ပိုင်းဆိုင်ရာ ချို့ယွင်းသွား၍ စင်ပေါ်၌ တစ်ယောက်တည်း ကျန်ခဲ့သည်ဖြစ်ကြောင်း လျင်မြန်စွာပင် သဘောပေါက်သွားကြသည်။


ပရိသတ်များသည် ထန်ချောင်းချောင်း၏ မျက်နှာကို ကြည့်လိုက်ကြပြန်သည်။ ထန်ချောင်းချောင်းသည် တစ်ယောက်တည်းအထီးကျန်၍ အားနည်းကာ ကူကယ်ရာမဲ့နေလေသည်။ ပရိသတ်များက သနားစိတ်ဝင်ကြသော်လည်း မတတ်နိုင်ချေ။ အခြေအနေက အလွန်ရယ်စရာကောင်းနေသည်မဟုတ်လား။


ရယ်သံများ ငြိမ်သွားသောအခါ ပရိသတ်များက အော်ဟစ်လာကြသည်။


"နောက်တစ်ပုဒ်ဆို...နောက်တစ်ပုဒ်ဆို..."


ဤကဲ့သို့ အနုပညာရှင်များကို ဖမ်းမိဖို့ဆိုသည်မှာ ခက်ခဲသောကြောင့် လွယ်လွယ်နှင့် မလွှတ်ပေးချင်ကြချေ။


ဘာဖြစ်တယ်...ငါ့ကို သီချင်းထပ်ဆိုစေချင်နေကြတာလား...


ထန်ချောင်းချောင်းသည် ဆွံ့အသွားသည်။ သူမသည် ဤကဲ့သို့သော အခြေအနေအတွက် ဘာမှမပြင်ဆင်ထားမိချေ။


ထိုအချိန်၌ ထန်ချောင်းချောင်းသည် ဒါရိုက်တာက စင်ဘေး၌ရပ်ကာ ခဏမျှ အချိန်ဆွဲပေးရန် လက်အမူအယာများ အသည်းအသန်ပြနေသည်ကို တွေ့လိုက်ရသည်။ အဖွဲ့မှလူများသည်လည်း စင်၏ပြဿနာကို ဖြေရှင်းနေကြသည်။


"ဘာသီချင်း နားထောင်ချင်ကြပါသလဲ..."


ထန်ချောင်းချောင်းသည် မတတ်နိုင်ပဲ ပရိသတ်များကို မေးလိုက်ရတော့သည်။


"သူရဲကောင်း၏တေးသံ..."


ပရိသတ်ထဲမှ လူအများအပြားက အော်ဟစ်လိုက်ကြသည်။


ထန်ချောင်းချောင်းက ပြောလိုက်သည်။


"ဘယ်သူကများ ပါးစပ်ကိုဖွင့်ပြီး ရှေးရိုးသီချင်းကို တောင်းဆိုမှာလဲနော်...ကျွန်မကို မကြိုက်တဲ့လူပဲဖြစ်မယ်...ဒီသီချင်းတောင်းတဲ့လူတွေကတော့ ဒုက္ခရောက်ချင်နေပြီနဲ့တူတယ်..."


ပရိသတ်များက ရယ်လိုက်ကြသည်။


Xxxxxxxxxx