Chapter 3
Viewers 12k

🎬 Chapter 3



လုဝမ်ရှင်းက သူ အမှန်တရားတစ်ခုကို ရှာဖွေတွေ့ရှိသွားသကဲ့သို့ ခံစားလိုက်ရပြီး ကုယန်ရှန်းကိုကြည့်ကာ ခြောက်သွေ့သောလေသံဖြင့် ပြန်ဖြေလိုက်သည်။ 

"မမှားပါဘူး..."


ကုယန်ရှန်း - "ဒါဆို မင်းနောက်ကျနေတာပေါ့..."


ဒါရိုက်တာရှုက ကုယန်ရှန်းအား မည်သူနောက်ကျနေသည်ကို ထည့်မပြောခဲ့ချေ။ ထို့ကြောင့် ကုယန်ရှန်းက လုဝမ်ရှင်းကိုမြင်ချိန်တွင် နောက်ကျနေသော အနုပညာရှင်ဟု အထင်လွဲသွားခဲ့သည်။


လုဝမ်ရှင်းက စိတ်ရှုပ်ထွေးသွားခဲ့သည်။

နောက်ကျတာလား... ဘာကို နောက်ကျတာလဲ...


"ဘာတွေဖြစ်နေတာလဲ...ရှန်းကောက လုဝမ်ရှင်းနဲ့ သိတာလား..."


"မဖြစ်နိုင်တာ... ငါ တစ်ခါမှ မကြားဖူးပါဘူး..."


လေ့ကျင့်ရေးခန်းထဲတွင် အသံများ တစ်စတစ်စတိုးလာခဲ့သည်။ ဒါရိုက်တာရှုက သူတို့ကို အေးစက်သောမျက်နှာဖြင့် ဆူလိုက်သည်။

"ဘာလို့ ဒီလောက်ဆူညံနေကြတာလဲ... တိတ်တိတ်နေကြမယ်..."


အပြစ်ရှိစိတ်နှင့် စိတ်လှုပ်ရှားနေခဲ့သော ဝမ်မန်နှင့် ယှဉ်လျှင် ဒါရိုက်တာရှုက ပို၍ဂရုတစိုက်စူးစမ်းနိုင်စွမ်း ရှိပေသည်။


ကုယန်ရှန်းနှင့် လုဝမ်ရှင်းတို့ကြားက ဆက်ဆံရေးကို သူ ရေရေရာရာမသိသော်လည်း ကုယန်ရှန်း၏လေသံအရ သဘောမကျသူတစ်ဦးကို ဆက်ဆံပုံမျိုးမဟုတ်ချေ။ ကုယန်ရှန်း နားလည်မှုလွဲသွားသည်ကို မြင်ချိန်တွင် သူ ရှေ့တိုးပြီး ပြောလိုက်သည်။


"လုဝမ်ရှင်း ဘာလို့ ဒီလောက်နောက်ကျနေတာလဲ...အင်တာဗျူး စတော့မယ် မြန်မြန်ဝင်လာခဲ့တော့..."


လုဝမ်ရှင်း : ?


ဒါရိုက်တာရှုက လုဝမ်ရှင်းကို အကြိမ်အနည်းငယ် မျက်စိမှိတ်ပြခဲ့သော်လည်း တစ်ဖက်လူက နားမလည်ခဲ့ချေ။


"ကုလောင်ရှီးက အရမ်းအလုပ်ရှုပ်နေတာနော်...အချိန်ဖြုန်းမနေနဲ့ မြန်မြန်ဝင်လာခဲ့..."  


ဒါရိုက်တာရှု၏စိတ်ထဲ၌ သူ့ကို 'ငတုံး' ဟု ဆဲလိုက်သော်လည်း ကုယန်ရှန်း ရှေ့တွင်မူ ပြုံးပြနေဆဲဖြစ်သည်။


လုဝမ်ရှင်း သူ့အမြင်ကို ထုတ်မပြောနိုင်မီ သူ့ဘေးနားရှိဝေ့ဇယ်က ပိုလျင်မြန်စွာ တုံ့ပြန်လာခဲ့သည်။ သူ လုဝမ်ရှင်းအတွက် အင်တာဗျူးဖြေရန် အခွင့်အလမ်းတစ်ခု ဖန်တီးပေးမိခဲ့ပြီဟု တွေး၍ လုဝမ်ရှင်းကို ပျော်ရွှင်စွာ တွန်းလွှတ်လိုက်သည်။

"ရှင်းရှင်း...မြန်မြန်ဝင်သွားချေ..."


ကုယန်ရှန်းက တစ်ခုခုမှားနေသည်ကို သတိထားမိခဲ့သည်။ လုဝမ်ရှင်း၏တုံ့ပြန်မှုက အင်တာဗျူးလာဖြေသူတစ်ဦးနှင့် မတူနေချေ။


ဘေးနား၌ ရပ်နေသော ရှန့်ချောင်ပင်လျှင် ထူးဆန်းသလို ခံစားခဲ့ရသည်။

"သူက နောက်ကျနေတဲ့သူလား..." 


"ဟုတ်ပါတယ် ဟုတ်ပါတယ်...သူပါ..."  

ဒါရိုက်တာရှုက လျင်မြန်စွာ တုံ့ပြန်လိုက်သည်။


ဒါရိုက်တာရှုက ဝမ်မန်နှင့် ကွဲပြားသည်။ ဝမ်မန်က ဝမ်ယွီကို သူမ၏ကိုယ်ပိုင်စိတ်ဝင်စားမှုအပေါ် အခြေခံ၍ ရွေးချယ်ခဲ့ခြင်းဖြစ်သည်။


သို့သော် ဒါရိုက်တာရှုကမူ ဒါရိုက်တာတစ်ဦးအနေဖြင့် ကုမ္ပဏီဘက်တွင် ရပ်တည်ရမည်ဖြစ်သည်။ လုဝမ်ရှင်း၏မတော်တဆ ပေါ်လာမှုက ဝမ်ယွီထက် အချိန်ကိုက်သောကြောင့် သူ့ကို ဝမ်ယွီနေရာ၌ အစားထိုးလိုက်လျှင် ပိုကောင်းပေလိမ့်မည်။


လုဝမ်ရှင်းက ဝမ်မန်၏မှုန်မှိုင်းနေသော မျက်နှာကိုမြင်ချိန်တွင် ရုတ်တရက် စိတ်ကျေနပ်သွားခဲ့သည်။ မည်သို့ဖြစ်စေ လူများစွာရှိနေသောကြောင့် သူတစ်ဦး ထပ်ဝင်လိုက်လျှင်လည်း ကိစ္စမရှိချေ။


"လူစုံပြီဆိုတော့ စကြတာပေါ့..."

ရှန့်ချောင် စကားပြောပြီးသည်နှင့် အနုပညာရှင်များက စိတ်လှုပ်ရှားကာ ပျော်ရွှင်လာခဲ့ကြသည်။


"ရှေ့ဆုံးတန်းဘယ်ဘက်က ပထမဆုံးလူကနေစပါမယ်...ကျေးဇူးပြုပြီး တစ်မိနစ်အတွင်း ကိုယ့်ကိုယ်ကိုယ်မိတ်ဆက်ပါ..."


"ဟယ်လို ကုလောင်ရှီး...ကျွန်တော့်နာမည်က ကျန်းလင်ပါ...အသက် 19 နှစ်ရှိပါပြီ... မနှစ်ကပွဲဦးထွက်ခဲ့ပြီး အဆို၊ အကတွေမှာ တော်ပါတယ်..."


- ကလင်


အချိန်မှတ်စက်သံမြည်လာသည်နှင့် ပြောနေသည့်သူ ပြီးပြီး၊ မပြီးပြီး နောက်လူသို့ ဆက်သွားရမည်ဖြစ်သည်။


မိမိကိုယ်ကို မိတ်ဆက်နေသည့်လမ်းတစ်ဝက်တွင် တစ်စုံတစ်ခု မှားနေသည်ကို လုဝမ်ရှင်း သဘောပေါက်လာခဲ့သည်။ 

အဓိကဇာတ်လိုက်ရှို့ဝမ်ယွီက ဘာလို့မရှိနေတာလဲ...


လုဝမ်ရှင်း၏အိမ်မက်ထဲ၌ ဤဝတ္ထု၏ ဇာတ်ကြောင်းကို အသေးစိတ်မဖော်ပြထားချေ။ သူက သူ၏ထောက်ခံချက်များ ဖြတ်လုခံရသည်ကိုသာ သိခဲ့ပြီး အဓိကဇာတ်လိုက်နှင့် အမျိုးသားဇာတ်လိုက်တို့ ရသစုံရှိုး၌ အတူပေါ်လာသည်ကို မနာလိုဖြစ်ခဲ့သည်။


သို့သော် ဝတ္ထုအလယ်ရှိ ဇာတ်ကြောင်းနှင့် အသေးစိတ်အချက်များကိုမူ လုဝမ်ရှင်း ရှင်းရှင်းလင်းလင်းမသိချေ။ 

အခု ဝမ်ယွီက ဒီမှာမရှိတော့ ကုယန်ရှန်းက ဝမ်ယွီကို ဘယ်လိုသွားရွေးမှာလဲ...


လုဝမ်ရှင်း မနေနိုင်ဘဲ တွေးလိုက်မိသည်။

ဝမ်ယွီ တကယ်ကြီးအရွေးမခံရဘူးဆိုရင် ဘယ်လိုလုပ်မလဲ...ငါ စာချုပ်ဖျက်သိမ်းဖို့ ပြောခဲ့လို့ လိပ်ပြာအကျိုးသက်ရောက်မှုဖြစ်သွားတာလား...


"နောက်ဆုံးတစ်ယောက်..."


လုဝမ်ရှင်းက စိတ်ပျံ့လွင့်နေဆဲဖြစ်ပြီး လေ့ကျင့်ရေးခန်းထဲရှိ တင်းမာသော လေထုနှင့် မသက်ဆိုင်သကဲ့သို့ သူ့အသွင်အပြင်မှာ ကွဲထွက်နေခဲ့သည်။


တစ်စုံတစ်ယောက်က သူ့လက်မောင်းကို လာထိချိန်မှသာ ကြောင်တက်တက်ဖြင့် အသိပြန်ဝင်လာခဲ့သည်။


"မင်းအလှည့်..."


လုဝမ်ရှင်းက ကျေးဇူးတင်စကားပြောပြီး ရှေ့သို့ လျှောက်သွားလိုက်သည်။

"လုဝမ်ရှင်းပါ..."


စိတ်လှုပ်ရှားနေပုံရသော အခြားအနုပညာရှင်များနှင့်မတူဘဲ လုဝမ်ရှင်းက တည်ငြိမ်နေပုံရပြီး သူ၏စကားအဆုံးသတ်နားတွင် ပျင်းရိမှုအနည်းငယ် ပါဝင်နေခဲ့သည်။


ထို့နောက် လေ့ကျင့်ရေးခန်းက တစ်ဖန်တိတ်ဆိတ်သွားခဲ့သည်။


အချိန်အတန်ကြာ စောင့်ပြီးနောက် လုဝမ်ရှင်းက ဆက်ပြောရန် ရည်ရွယ်ချက်မရှိတော့သည်ကို မြင်ချိန်တွင် ရှန့်ချောင် ဗလာဖြစ်စွာ မေးလိုက်သည်။

"ထပ်မပြောတော့ဘူးလား..."


လုဝမ်ရှင်း ခေါင်းညိတ်ပြလိုက်သည်။


ရှန့်ချောင် : ????


တစ်မိနစ်ကသာ အရမ်းမတိုနေဘူးဆိုရင် တခြားအနုပညာရှင်တွေက သူတို့ရဲ့အားသာချက်နဲ့၊ ထူးခြားချက်တွေကို ပြောပြကြမှာ‌ဆိုပေမယ့် လုဝမ်ရှင်းကတော့...


ကိုယ့်ကိုယ်ကိုယ် မိတ်ဆက်တာက နာမည်ပဲတဲ့လား...


ဝမ်မန်ကမူ လုံးလုံးမအံ့သြသွားဘဲ သူမ၏ မျက်လုံးထဲ၌ လှောင်ပြောင်သရော်သောအရိပ်အယောင် ပေါ်လာခဲ့သည်။


သူမ၏အမြင်တွင် လုဝမ်ရှင်းက အလွန် တုံးအလှသည်။


သူ့ကိုယ်သူ မိမိုက်တယ်ထင်နေတာလား ဒါမှမဟုတ် သူများနဲ့ မတူတာလုပ်ရင် ကုယန်ရှန်းရဲ့အာရုံကို ဆွဲဆောင်နိုင်မယ်လို့ တကယ်ကြီး ထင်နေတာလား...


ဟ တုံးချက်...


ကုယန်ရှန်းက ဘယ်လိုလုပ် အဲဒီလောက်အပေါ်ယံဆန်မှာလဲ...


အနုပညာရှင်များအားလုံး သူတို့ကိုယ်သူတို့ မိတ်ဆက်ပြီးသွားချိန်တွင် လေ့ကျင့်ရေးခန်းက တိတ်ကျသွားခဲ့သည်။


ခဏအကြာတွင်...


"လုဝမ်ရှင်း..."


လုဝမ်ရှင်း၏ပဟေဠိဖြစ်နေသော အမူအရာကို မြင်ချိန်တွင် ကုယန်ရှန်း၏ နှုတ်ခမ်းထောင့်များ အနည်းငယ်ကော့ညွှတ်သွားခဲ့သည်။ သူ၏အေးစက်စက်အသံက တိတ်ဆိတ်သော လေ့ကျင့်ခန်းထဲ၌ ရှင်းလင်းစွာ ထွက်ပေါ်လာခဲ့သည်။


"ကိုယ် မင်းနဲ့ အလုပ်အတူတွဲလုပ်ဖို့ စောင့်နေမယ်..."


လုဝမ်ရှင်း: "……?"


ဝမ်မန်နှင့် ကျန်သောအနုပညာရှင်များ- "!"


"အဲဒီအတိုင်း ပြီးသွားပြီလား..."


အနုပညာရှင်များက ဆက်လက်တိတ်ဆိတ်မနေနိုင်တော့ဘဲ သူတို့၏မျက်လုံးများထဲတွင် အံအားသင့်မှုများ ပေါ်လာခဲ့သည်။


"လုဝမ်ရှင်းရဲ့ဘဝက ဒရာမာဆန်ချက်ပဲ... သူ မဂ္ဂဇင်းထောက်ခံချက်ဆုံးရှုံးပြီးတာနဲ့ ချက်ချင်း ရုပ်ရှင်ဧကရာဇ်ကု ရွေးတာခံလိုက်ရရော..."


"အဲဒါကို ပွဲပြောင်းပြန်လှန်တယ်လို့ခေါ်တာမလား...အရမ်းမနာလိုဖြစ်တာပဲ..."


"ဝမ်ယွီ လုဝမ်ရှင်းရဲ့ထောက်ခံချက်ကို ဖြတ်လုတုန်းက လုဝမ်ရှင်းလည်း သူ့ဆီက တစ်ပုံစံတည်းပြန်ယူလိမ့်မယ်လို့ တွေးဖူးခဲ့ရဲ့လား..."


"ဘာပေါက်ကရတွေပြောနေတာလဲ...အဲဒီထောက်ခံချက်ကို အေးဂျင့်က ပေးခဲ့တာ... ဝမ်ကောဘာသာ တောင်းတာမဟုတ်ဘူး... ငါတို့အားလုံးက တက်သစ်စကြယ်ပွင့်တွေလေ...အဲဒီတော့ အေးဂျင့်ပြောတာကို နားထောင်ရမှာပဲမလား..."


"ဘာပဲဖြစ်ဖြစ် ဝမ်ယွီ ဒီနေ့သွားရိုက်တဲ့ ထောက်ခံချက်က လုဝမ်ရှင်းဟာဆိုတာ အမှန်ပဲလေ...လုဝမ်ရှင်းက စာချုပ်မှာ လက်မှတ်ထိုးပြီးသားကို သူ့အေးဂျင့်က အစားထိုးလိုက်တာ..."


"အခုတော့ လုဝမ်ရှင်းက အင်တာဗျူးမှာ ဝမ်ယွီအစား အရွေးခံလိုက်ရပြီ... သောက်ကျိုးနည်း လုဝမ်ရှင်းက တော်တော်မိုက်တာပဲ..."


"တကယ်တော့ ဝမ်ယွီကိုယ်တိုင်လာရင်တောင် အရွေးခံရဖို့ မသေချာဘူးလေ..."


"ဟုတ်တယ်..."


စကားဝိုင်း၏အဓိကလူ လုဝမ်ရှင်းကမူ ပျော်ရွှင်မှုများ မခံစားနေရချေ။ အခြားအနုပညာရှင်များ၏ စိတ်လှုပ်ရှားနေသော ခံစားချက်များနှင့် ယှဉ်လျှင် သူက အလွန်တည်ငြိမ်နေသည်။


ဒီဇာတ်ကြောင်းသွေဖယ်တာကြီးက ဘယ်လိုလုပ် ငါ ထင်ထားတာထက် ပိုဆိုးနေရတာလဲ...ဒါက ဘာကိုဆိုလိုတာလဲ...


ပြီးတော့...


ဘယ်လောက်ပဲ ဇာတ်ကြောင်းပြောင်းနေပါစေ အမြှောက်စာဖြစ်တဲ့ကံကနေ ငါ မလွတ်မြောက်နိုင်ဘူးလို့ ဆိုလိုတာလား...


အဲဒါက တကယ်ပဲ လိပ်ပြာအကျိုးသက်ရောက်မှုဆိုရင် ငါ့လက်ထဲမှာရှိနေတဲ့ ဇာတ်ညွှန်းက အမှိုက်မဖြစ်သွားဘူးလား...


"ဂုဏ်ပြုပါတယ် လုဝမ်ရှင်း..."

ဒါရိုက်တာရှုက ပြုံးလိုက်၏။ လုဝမ်ရှင်းကို အစားထိုးပါဝင်ရန် ခွင့်ပြုခဲ့သော ရွေးချယ်ချက်က မှန်ကန်သည်ဟု သူမ ခံစားလိုက်ရသည်။ ကုယန်ရှန်းက လုဝမ်ရှင်းကို အလွန်ကျေနပ်နေပုံရသည်။

"ကုလောင်ရှီးကို မြန်မြန်ကျေးဇူးတင်လိုက်လေ..."


"ကျေးဇူးတင်ပါတယ် ကုလောင်ရှီး..." 

လုဝမ်ရှင်း ပြုံးပြလိုက်သော်လည်း သူ့အမူအရာ၌ တုံ့ဆိုင်းမှုအချို့ရှိနေသည်ကို ကုယန်ရှန်း မြင်လိုက်ရသည်။


သူ မျက်ခုံးပင့်လိုက်ပြီး အနည်းငယ်အံ့အားသင့်သွားခဲ့သည်။ သူ ပိုစူးစမ်းရန် ပြင်လိုက်စဉ် အခန်းထဲပြန်ဝင်လာသော ဝေ့ဇယ်က လုဝမ်ရှင်းကို ဖက်လာခဲ့သည်။

"ဂုဏ်ပြုပါတယ် ရှင်းရှင်း"


ဝေ့ဇယ်က သူ့လက်များကို လုဝမ်ရှင်း၏ ပုခုံးတစ်ဝိုက်တွင် ရစ်ပတ်ပြီး လုဝမ်ရှင်းအတွက် ပျော်ရွှင်နေခဲ့သည်။  

"မင်း ငါ့ကို ညစာလိုက်ကျွေးရမယ်နော်..."


လုဝမ်ရှင်းက သူ့ကို အမူအရာမဲ့စွာ စိုက်ကြည့်လိုက်သည်။ 

"မင်းကို တုတ်စာပဲကျွေးမယ်..."


ဝေ့ဇယ်: "……"


မင်း ဘာလို့ ဒီလောက်ရက်စက်ရတာလဲ... အားးး...


ကုယန်ရှန်း ထွက်သွားပြီးနောက် အနုပညာရှင်များအားလုံး တစ်ယောက်ပြီး တစ်ယောက် ထွက်သွားခဲ့ကြသည်။ လုဝမ်ရှင်းလည်း ထွက်သွားရန်ပြင်လိုက်စဉ်တွင် ဝမ်မန်က သူ့ကို တားလာခဲ့သည်။

"ခဏနေဦး..."


ဝေ့ဇယ်လည်း လုဝမ်ရှင်းနှင့်အတူ ရပ်တန့်သွားသည်ကိုမြင်ချိန်တွင် ဝမ်မန်က အေးစက်စက်မျက်နှာဖြင့် ပြောလိုက်၏။ 

"ဝေ့ဇယ် မင်း အရင်သွားတော့..."


ဝေ့ဇယ်က တန့်သွားပြီး လုဝမ်ရှင်းကို ကြည့်လိုက်သည်။ သူက လုဝမ်ရှင်း ခေါင်းညိတ်ပြလာသည်ကို မြင်ချိန်တွင် လေ့ကျင့်ရေးအခန်းထဲမှ တွန့်ဆုတ်စွာ ထွက်သွားခဲ့သည်။


ဝေ့ဇယ် ထွက်သွားပြီးနောက် ဝမ်မန်၏ မျက်နှာက ပို၍ကြည့်ရဆိုးလာခဲ့သည်။ သူမက ဖုံးကွယ်ရန်ပင် စိတ်မ၀င်စားတော့ဘဲ လှောင်ပြောင်လာခဲ့သည်။

"လုဝမ်ရှင်း မင်း တကယ်သရုပ်ဆောင်နိုင်တာပဲ...မင်း ဒါရိုက်တာကျန်းကို အထင်သေးတာ အံ့သြစရာမရှိတော့ဘူး... မင်းမှာ ပိုကြီးတဲ့ပစ်မှတ်ရှိနေတာပဲ...မင်း ဒီလောက် လောဘကြီးနေတာ ကုန်အောင်စားနိုင်မှာမို့လို့လား..."


"ငါ မင်းကို သတိပေးလိုက်မယ်... သူတို့နာမည်ကြီးလာအောင် ကုယန်ရှန်းကို အသုံးချဖို့ ကြိုးစားခဲ့တဲ့ ကြယ်ပွင့်တွေက သူ့ရှေ့နေရဲ့ စာကလွဲပြီး ဘာဆိုဘာမှမရခဲ့ကြဘူးနော်..."


"ကုယန်ရှန်းရဲ့မျက်လုံးထဲမှာ မင်းက ထူးခြားတယ်လို့ ကိုယ့်ဘာသာထင်နေတာတော့ မဟုတ်ဘူးမလား..."


လုဝမ်ရှင်းက ဝမ်မန် သူ့ကို အသံဖိုင်ကိစ္စပြောလာမည်ဟု ထင်ထားခဲ့သည်။ အကယ်၍သာ ဝမ်မန်က ဤငြီးငွေ့ဖွယ်ကောင်းသော စကားများပြောရန် ရည်ရွယ်ချက်ရှိရှိ ခေါ်ခြင်းဖြစ်သည်ကို သူ သိခဲ့ပါက လုဝမ်ရှင်း သူမကို အကြည့်တစ်ချက်ပင် ပေးမည်မဟုတ်ချေ။ ၎င်းက အချိန်ဖြုန်းခြင်းသာဖြစ်သည်။


လျစ်လျူရှုခံထားရသော ဝမ်မန်က လုဝမ်ရှင်း တွေးနေသည်များကို မသိချေ။ လုဝမ်ရှင်းက ကုယန်ရှန်းထံမှ မျက်နှာသာပေးခံရမှုကြောင့် ဆောင့်ကြွားကြွားဖြစ်နေသည်ဟုသာ တွေးမိပြီး သူမ နှလုံးသားထဲရှိ ဒေါသက ပိုကြီးမားလာခဲ့သည်။


"အရမ်းတွေ ကျေနပ်အားရမနေနဲ့ဦး...ကုယန်ရှန်း မင်းကို ဘယ်လိုသဘောထားလဲဆိုတာ အသာထား...မင်း မလိုအပ်တဲ့လှုပ်ရှားမှုတစ်ခုလုပ်ရဲတာနဲ့ ကုယန်ရှန်းရဲ့ ပရိသတ်တွေက မင်းကို အပိုင်းပိုင်းဆွဲဖြဲကြလိမ့်မယ်..."


"ခင်ဗျား ဘာပြောချင်နေတာလဲ..."


လုဝမ်ရှင်းက ၎င်းကိုကြားပြီးနောက် နားလည်သွားခဲ့သည်။ ဝမ်မန်က သူ့ကို အာရုံစိုက်မှုရှာခဲ့သည့်အတွက် ဝေဖန်ပြောဆိုလိုခြင်း မဟုတ်ပေ။ သူမက သူ့ကို ရသစုံရှိုးတွင် ပါဝင်ရန် လက်လျှော့စေလိုခြင်းဖြစ်သည်။


သို့သော် သူမထက်ပင် လုဝမ်ရှင်းကိုယ်တိုင်ကိုက ရသစုံရှိုး၌ ပါဝင်ရန် ဝန်လေးနေသည်ကို ဝမ်မန် စိတ်ကူးကြည့်မိလိမ့်မည်မဟုတ်ချေ။


ဝမ်မန်၏ဒေါသထွက်နေသော အကြည့်ကို မြင်ချိန်တွင် လုဝမ်ရှင်းက ရုပ်ပိုင်းဆိုင်ရာသာမက စိတ်ပိုင်းဆိုင်ရာပါ ပေါ့ပါးသွားသကဲ့သို့ ခံစားရပြီး ပြုံးကာ ရန်စသောလေသံဖြင့် ပြောလိုက်သည်။

"ဘာလဲ ဒီနေ့အရွေးခံရမယ့်သူက ဝမ်ယွီပဲ ဖြစ်သင့်တယ်လို့ ခင်ဗျား ထင်နေတာမလား...ဒါဆိုရင်တော့ ကျွန်တော်က ခင်ဗျားကို တကယ်စိတ်ပျက်သွားစေတာပဲနော်... ဘာလို့ဆို ကုယန်ရှန်းရွေးလိုက်တဲ့သူက ကျွန်တော်ဖြစ်နေတယ်လေ..."


"လုဝမ်ရှင်း စာချုပ်က မချုပ်ရသေးဘူး... မင်း ပျော်ဖို့ မစောလွန်းနေဘူးလား..."


"အဲဒီတော့ ဘာဖြစ်လဲ...ခင်ဗျား ကျွန်တော့်ရဲ့ထောက်ခံချက်ကို ပြောင်းနိုင်တာနဲ့ပဲ ကုယန်ရှန်းရဲ့ဆုံးဖြတ်ချက်ကို ဝင်စွက်ဖက်နိုင်တယ်လို့ မဆိုလိုဘူး... ခင်ဗျားရဲ့မျက်လုံးထဲ ဘယ်သူရှိနေနေ အရေးမပါဘူး...အဓိကက ကုယန်ရှန်းရဲ့မျက်လုံးထဲ အခုရှိနေတဲ့သူက ကျွန်တော်ဆိုတာပဲ..."


လုဝမ်ရှင်း၏လေသံက မောက်မာနေပြီး သူ့အပြုအမူကလည်း မောက်မာနေသည်။ သူ ထိုစကားများပြောပြီးနောက် ဝမ်မန်ကို တုံ့ပြန်ရန် အခွင့်အရေးမပေးဘဲ လှည့်ထွက်လာခဲ့သည်။


သူ ပြန်လှည့်မကြည့်လျှင်ပင် ဝမ်မန်၏မျက်နှာက အိုးဖင်ကဲ့သို့ မဲမှောင်နေမည်ကို လုဝမ်ရှင်းတွေးကြည့်နိုင်သည်။ 


လုဝမ်ရှင်း မူလက ရသစုံရှိုးရိုက်ကူးရေးအား မည်သို့ငြင်းရမည်ကို အနည်းငယ်စိုးရိမ်နေခဲ့သည်။ ကုယန်ရှန်း၏ရုပ်ရှင်ဧကရာဇ်အဆင့်အတန်းကြောင့် သူကဲ့သို့ လူမသိသူမသိကြယ်ပွင့်လေးက ကုယန်ရှန်းကို စော်ကားသလိုမဖြစ်စေရန် လူကြားထဲ ဗြောင်ငြင်းလိုက်၍မရချေ။


သူ့အတွက် ကုယန်ရှန်းကို သီးသန့်ဆက်သွယ်ရန်က ပို၍ပင်ခက်ခဲလှသည်။ သူက အခြားသူများ၏အမြင်ကို ဂရုမစိုက်သော်လည်း မရိုးမသားရည်ရွယ်ချက်များရှိနေသူတစ်ဦးအဖြစ် အထင်လွဲခံရရန် လွယ်ပေသည်။


ထို့အပြင် ကုယန်ရှန်းက အဓိကဇာတ်လိုက်၏အမျိုးသားဇာတ်လိုက်ဖြစ်သောကြောင့် သူ ထိုလူကို အဆက်အသွယ်မလုပ်သင့်ပေ။


စောစောက ဝမ်မန် ပြောလာစဥ် လုဝမ်ရှင်း ရုတ်တရက် ဉာဏ်အလင်းရသွားခဲ့သည်။


ဝမ်မန်က အငြိုးကြီးသူဖြစ်ပြီး အနုပညာရှင်များစွာရှေ့တွင် 'လုဝမ်ရှင်း ကျန်းကျန့်ချင်ကို မတောင်းပန်သရွေ့ ဘာအရင်းအမြစ်မျှရမည်မဟုတ်' ဟုပြောခဲ့သည်။ 


လုဝမ်ရှင်း ထိုစကားကို ပထမဆုံးကြားစဥ်က ၎င်းကို အလေးအနက်မထားခဲ့ပေ။


သူက အမြှောက်ဇာတ်ကောင်ဖြစ်သည်ကို စသိကတည်းက မည်သည့်အရင်းအမြစ်ကိုမျှ ဂရုမစိုက်တော့ချေ။


သို့သော် ယခုမူ……


ဝမ်မန်က သူမ ပြောသည့်အတိုင်းလုပ်ရန် လုဝမ်ရှင်း မျှော်လင့်မိသည်။


သူ့ကို မည်သည့်အရင်းအမြစ်မျှ မပေးသည်က ကောင်းလှပြီး ရသစုံရှိုးကို ကြားဖြတ်လုသွားပါက ပိုကောင်းပေလိမ့်မည်။ လုဝမ်ရှင်း စောစောက ထိုစကားလုံးများကို ဝမ်မန်၏ဒေါသကိုဆွရန် တမင်ပြောခဲ့ခြင်းဖြစ်သည်။


အချိန်အတန်ကြာ လက်တွဲခဲ့ပြီးနောက် ဝမ်မန်၏အကျင့်စရိုက်ကို လုဝမ်ရှင်းနားလည်နေပြီဖြစ်သည်။


ဝမ်မန်က ထိန်းချုပ်လိုစိတ်ပြင်းပြသူဖြစ်သည်။ လုဝမ်ရှင်းက အလားအလာကောင်းရှိသော်လည်း ထိန်းချုပ်မရချေ။ ဝမ်မန်အတွက်မူ ငွေရှာပေးသောနွားထက် နာခံပြီး သူမ ထိန်းချုပ်သမျှ ငြိမ်ခံနေနိုင်သူက ပိုအရေးပါပေသည်။


လုဝမ်ရှင်းက သူ၏လျင်မြန်စွာ တုံ့ပြန်နိုင်စွမ်းအတွက် သူ့ကိုယ်သူ မချီးကျူးဘဲ မနေနိုင်ဖြစ်သွားခဲ့သည်။ ယခု ဝမ်မန်၏ အကူအညီဖြင့် သူ ရသစုံရှိုးကိုငြင်းရန်အကြောင်းပြချက်များ တွေးနေစရာမလိုတော့ချေ။ ဝမ်မန်က သူ့အစား ပိုတွေးပေးပေလိမ့်မည်။



🎬🎬🎬