Chapter 5
Viewers 12k

🎬 Chapter 5

Hot Search



လုဝမ်ရှင်း ဖုန်းချပြီးနောက် ဝမ်မန်ထံမှ ဖုန်းခေါ်ဆိုမှုကို လက်ခံရရှိခဲ့သည်။


သူမက စကားပလ္လင်ခံမနေဘဲ လိုရင်းကို ပြောလာခဲ့သည်။

"နေ့လည်ကျရင် ကုမ္ပဏီကို ရသစုံရှိုးစာချုပ်ကိစ္စ ဆွေးနွေးဖို့လာခဲ့..."


လုဝမ်ရှင်းက များစွာမတွေးပေ။ ကုယန်ရှန်းပြောခဲ့သော ပူးပေါင်းဆောင်ရွက်မှုအတွက်မူ သူ ယခုအချိန်တွင် မမှန်းဆနိုင်သလို မှန်းဆရန်လည်း ပျင်းလှသည်။


သူ နေ့လယ်တွင် ဝမ်မန်နှင့် အချိန်ယူဆွေးနွေးရသဖြင့် ပုံဆွဲရန်အချိန်မရှိတော့မည်ကို ခန့်မှန်းမိသည်။ သူ အချိန်ကိုညှစ်ထုတ်ပြီး သူ့လက်ထဲရှိပုံကြမ်းကို အရောင်ထည့်ရုံသာတတ်နိုင်ခဲ့သည်။


 ***


နေ့လည်သုံးနာရီတွင်...


လုဝမ်ရှင်းက ဝမ်မန်၏ရုံခန်းထဲသို့ ဝင်လာခဲ့သည်။


ရုံးခန်းထဲရှိပန်းရနံ့ပြင်းပြင်းက လုဝမ်ရှင်းကို မထိန်းချုပ်နိုင်စွာ နှာချေစေခဲ့သည်။


သူ ဝင်လာသည်ကို မြင်ချိန်တွင် ဝမ်မန်က မေးပင့်ပြီး ပြောလာခဲ့သည်။ 

"ထိုင်..."


ဝမ်မန်က သူမ လက်ထဲရှိစာချုပ်ကို လုဝမ်ရှင်းထံ တွန်းပို့ပေးပြီး ပြောလိုက်သည်။ 

"စာချုပ်ကိုကြည့်ပြီး ဘာပြဿနာမှမရှိရင် လက်မှတ်ထိုးလိုက်..."


လုဝမ်ရှင်းက ၎င်းကို ကြည့်ပင်မကြည့်ဘဲ မောက်မာသော အပြုအမူပြလိုက်သည်။

"မလိုပါဘူး ကျွန်တော်က စာချုပ်ဖျက်ချင်တာ..."


ဝမ်မန်က စားပွဲခုံကို လက်ချောင်းများဖြင့် ခေါက်နေလျက်မှ အားအနည်းငယ် ထည့်မိသွားခဲ့သည်။


ယနေ့မတိုင်မီအထိ ဝမ်မန်က လုဝမ်ရှင်း စာချုပ်ဖျက်သိမ်းလိုသော စကားကို အတည်မယူခဲ့ချေ။ သူမ လုဝမ်ရှင်းကို ဂရုတစိုက်ကြည့်လိုက်ပြီး အကြည့်များ အနည်းငယ်ပြောင်းလဲသွားသည်။


အချိန်အတန်ကြာပြီးနောက် သူမ၏နီနီရဲရဲနှုတ်ခမ်းများက လှုပ်ရှားသွားခဲ့သည်။

"မင်း တကယ်ကြီး ချန်ယွမ် ပြောသလို စပွန်ဆာတွေ့နေတာလား..."


"ခင်ဗျားအပူ မပါပါဘူး...ဒါနဲ့ နေမကောင်းတာနဲ့ အချိန်မရှိတာက ခင်ဗျားရဲ့ အသုံးအများဆုံး ဆင်ခြေတွေပဲနော်..." 

လုဝမ်ရှင်း၏လေသံတွင် လှောင်ပြောင်သရော်မှု အပြည့်ရှိနေသည်။


ဝမ်မန်က စိတ်ထဲတွင် ကျိန်ဆဲလိုက်သည်။ ရှန့်ချောင်က လုဝမ်ရှင်းကို ဆက်သွယ်ခဲ့မည်ဟု သူမ မတွေးမိဘဲ လုဝမ်ရှင်းက သူမကို ယခင်က သူမ လုယူသွားခဲ့သည့် အရင်းအမြစ်များကြောင့် လှောင်ပြောင်နေသည်ဟု တွေးလိုက်မိ၏။


တစ်ချိန်တည်းမှာပင် ဝမ်မန် ထူးဆန်းသလို ခံစားလိုက်ရသည်။ 


အဘယ်ကြောင့်ဆိုသော် သူမ လုဝမ်ရှင်း၏အရင်းအမြစ်များကို ယူခဲ့စဉ်တိုင်း လုဝမ်ရှင်းက မည်သည့်ခံစားချက်မျှ မပြသလို ဂရုစိုက်ပုံလည်း မရခဲ့ချေ။


သူက စာချုပ်ပါအကြောင်းအရာများကို ဖြည့်ဆည်းရန်အတွက်သာ အရင်းအမြစ်များယူနေပုံရသောကြောင့် သူ မကျေမနပ်ဖြစ်နေသည်ဟု မပြောနိုင်ခဲ့ချေ။


လုဝမ်ရှင်း ရိုက်ကူးရေးလုပ်နေသောအချိန်ကို ဝမ်မန် မြင်ဖူးသည်။ သူက လေးနက်သွားချိန်တွင် တောက်ပသောကြယ်ပွင့်နှင့် တူလှသည်။


လုဝမ်ရှင်းသာ ထိုအရင်းအမြစ်များကို အမှန်တကယ် ဂရုမစိုက်ပါက ရိုက်ချက်တိုင်းကို အလွန်အလေးအနက်ထားနေရန် မလိုအပ်ချေ။


ဝမ်မန် ၎င်းကို အဖြေရှာမရခဲ့ပေ။ ပထမဆုံးအနေဖြင့် လုဝမ်ရှင်းက သူမ စိတ်ကူးထားသည်ထက် ဆက်ဆံရခက်သည်ဟု ခံစားခဲ့ရသည်။


သို့သော် ၎င်းက ခက်ခဲလျှင်ပင် လုဝမ်ရှင်း၏စာချုပ်သက်တမ်းမကုန်သေးသရွေ့ ဝမ်မန် သူ့ကို ခြယ်လှယ်နိုင်ဆဲဖြစ်သည်။


"လုဝမ်ရှင်း မင်းက ဉာဏ်ကောင်းပါတယ်...ကိစ္စအသေးအမွှားလေးကြောင့်နဲ့ မင်းရဲ့တောက်ပတဲ့ အနာဂတ်ကို လက်လျှော့လိုက်စရာမလိုပါဘူး...မင်း စိတ်လိုက်မာန်ပါ မလုပ်သင့်ဘူးနော်..."


"ဒီရသစုံရှိုးမှာပါရင် မင်း ဖန်သားပြင်ကြီးပေါ်မှာ ပေါ်လာနိုင်မယ်မှန်းသိသင့်တယ်... မင်း သရုပ်ဆောင်ရတာ မကြိုက်ဘူးလား...အခွင့်အရေးကို အမိအရဆုပ်ကိုင်ထားသရွေ့ ရသစုံရှိုး ထုတ်လွှင့်ပြီးတာနဲ့ တစ်ယောက်ယောက်က မင်းကို ဇာတ်ညွှန်း လာပေးမှာပေါ့..."


"ငါ ဝမ်ယွီကို ဘက်လိုက်ခဲ့တယ်ဆိုတာ ဝန်ခံပါတယ်... လူတွေက တစ်ကိုယ်ကောင်းဆန်ကြတာပဲလေ... သူက ငါ့ကို မင်းထက် အကျိုးအမြတ်တွေ ပိုယူလာပေးနိုင်တယ်..."


"ဒါပေမယ့် မင်း သေချာသတ်မှတ်ထားတဲ့ အမြင့်ကို ရောက်တာနဲ့ မင်းနေရာကို ဘယ်သူမှ အစားထိုးတော့မှာ မဟုတ်ဘူး... ပြီးတော့ အရင်းအမြစ်တွေလည်း ပြတ်မှာ မဟုတ်ဘူး..."


လုဝမ်ရှင်းက ဝမ်မန်ကို ကြည့်လိုက်ပြီး သူ့မျက်လုံးထဲတွင် လှောင်ပြောင်သရော်မှု အရိပ်အယောင် ပေါ်လာခဲ့သည်။ 

"ခင်ဗျားရဲ့အချိန်က အဖိုးတန်ပါတယ် ကျွန်တော် မဖြုန်းပစ်နိုင်ပါဘူး..."


လုဝမ်ရှင်းက ဝမ်မန်နှင့် ငြင်းခုံရန် အလွန်ပျင်းလွန်းသောကြောင့် ဖျက်သိမ်းသည့်စာချုပ်ကို ထုတ်ပြီး ဝမ်မန်ရှေ့သို့တွန်းပို့လိုက်သည်။


ရုံးခန်းအတွင်းရှိ လေထုက ရုတ်တရက် အေးစက်သွားပြီး ဝမ်မန်လည်း စိတ်ရှည်မှု ကုန်ဆုံးသွားကာ စာချုပ်ဖျက်သိမ်းသည့်စာကို ဘေးသို့ လွှင့်ပစ်လိုက်သည်။

"ဒါပေမယ့် မင်းက စာချုပ်ဖျက်ကြေးပေးနိုင်လို့လား..."


-ဘီးဇ် ဘီးဇ်

ဝမ်မန်၏ဖုန်းက မြည်လာပြီး သူတို့နှစ်ဦးကြားရှိ တင်းမာနေသောလေထုကို ချိုးဖျက်လာခဲ့သည်။


"ဟယ်လို မစ္စရှု..."


လုဝမ်ရှင်းက ဖုန်းတစ်ဖက်မှ ပြောသည်များကို မကြားနိုင်သော်လည်း ဝမ်မန်၏မျက်နှာ တဖြည်းဖြည်းမည်းမှောင်လာသည်ကို မြင်လိုက်ရ၏။


မိနစ်အနည်းငယ်ကြာပြီးနောက် ဝမ်မန်က ဒေါသတကြီးဖြင့် ဖုန်းချလိုက်သည်။

"လုဝမ်ရှင်း ငါ မင်းကို တကယ်လျှော့တွက်မိခဲ့တာပဲ..."


လုဝမ်ရှင်း : ?


ဝမ်မန်က လှောင်ရယ်လိုက်သည်။ 

"အထက်လူကြီးတွေက စာချုပ်ဖျက်ဖို့ သဘောတူလိုက်ပြီ စာချုပ်ဖျက်ကြေးလည်း ပေးစရာမလိုတော့ဘူး..."


လုဝမ်ရှင်းက သူ့မျက်လုံးထဲရှိ အံ့အားသင့်မှုကို ဖုံးဖိပြီး တည်ငြိမ်အောင်လုပ်လိုက်သည်။


"မင်း ရုပ်ရှင်ဧကရာဇ်ကုကို ဘယ်လိုချိတ်ပြီးတော့ မင်း စာချုပ်ဖျက်ဖို့အတွက် ကူပြောပေးအောင် သိမ်းသွင်းလိုက်လဲတော့ ငါ မသိဘူး..."


– ဒေါက် ဒေါက် ဒေါက်

ရုံးခန်းတံခါးခေါက်သံထွက်လာခဲ့သည်။


"ဝင်လာခဲ့..."


"အစ်မမန် ဒါက လုဝမ်ရှင်းရဲ့စာချုပ်ဖျက်သိမ်းတဲ့စာပါ..."


အခန်းထဲဝင်လာသော မိန်းကလေးက လုဝမ်ရှင်းရှေ့သို့ စာချုပ်ဖျက်သိမ်းသော စာနှင့် ရသစုံရှိုး ရိုက်ကူးရေးအတွက် စာချုပ်ကို တွန်းပို့လာခဲ့သည်။ 

"မစ္စရှုက မင်း ဒီရသစုံရှိုးစာချုပ်မှာ လက်မှတ်ထိုးပြီးတာနဲ့ စာချုပ်ဖျက်လို့ရပြီလို့ ပြောလိုက်တယ်..."


ကုယန်ရှန်း ပြောခဲ့သော ပူပေါင်းဆောင်ရွက်မှုမှာ ရသစုံရှိုးတွင် ပါဝင်ခြင်းဖြစ်သည်ကို လုဝမ်ရှင်း ရုတ်တရက် နားလည်သွားခဲ့သည်။


ဒါပေမယ့် ကုယန်ရှန်းက ဘာလို့ငါ့ကို ကူညီတာလဲ...ငါနဲ့အတူ ရသစုံရှိုးရိုက်ချင်လို့တော့ မဟုတ်ပါဘူးနော်...


အဓိပ္ပာယ်မရှိတာ...


လုဝမ်ရှင်းက အကြောင်းအရင်းကို နားမလည်သော်လည်း ကုယန်ရှန်း၏ အကူအညီမပါဘဲ သူ ဤမျှမြန်မြန် စာချုပ်ဖျက်နိုင်လိမ့်မည် မဟုတ်ချေ။


စားပွဲပေါ်ရှိ စာချုပ်နှစ်ခုကိုငေးကြည့်ပြီး လုဝမ်ရှင်း စက္ကန့်အနည်းငယ်တုံ့ဆိုင်းသွားခဲ့သည်။ သူ တစ်ဖန် ထပ်ငြင်းနေလျှင် အလွန်မိုက်မဲပုံ ရသွားပေလိမ့်မည်။


သို့သော် သူ စာချုပ်၌ လက်မှတ်ထိုးပါက ကုယန်ရှန်းနှင့်အတူ ရသစုံရှိုးရိုက်ရမည်ဟု ဆိုလိုသည်။


စက္ကန့်အနည်းငယ်အတွင်း လုဝမ်ရှင်းက အတွေးများစွာ ပေါ်လာကာ ကောင်းကျိုး၊ ဆိုးကျိုးများကို ချိန်ဆပြီးနောက် လက်မှတ်ထိုးရန် ရွေးချယ်ခဲ့သည်။


မည်သို့ပင်ဖြစ်စေ သူ မန်းဂိုးအင်တာတိန်းမန့်မှ ထွက်ရန်က ဦးစားပေးဖြစ်ပြီး စာချုပ်လျော်ကြေးငွေ ယွမ်10 သန်းကို ပေးချေရန်လည်း မတတ်နိုင်ချေ။ သူ့လက်ထဲရှိ အသံဖိုင်ဖြင့် လုပ်နိုင်သမျှမှာ ဝမ်မန်ကို ခြိမ်းခြောက်ရန်သာ ဖြစ်သည်။ ၎င်းကို စာချုပ်ဖျက်သိမ်းရန် အသုံးမပြုနိုင်ချေ။


လုဝမ်ရှင်း ခဏမျှစဉ်းစားပြီးနောက် ကုယန်ရှန်းကို ကျေးဇူးတင်ရန် ရသစုံရှိုးရိုက်ကူးပေးနိုင်သည်ဟု တွေးလိုက်၏။ တစ်ဖက်လူက ၎င်းကို မလိုအပ်သော်လည်း ဤသည်မှာ လုဝမ်ရှင်း သူ့ကို ကျေးဇူးဆပ်နိုင်သည့် တစ်ခုတည်းသော နည်းလမ်းဖြစ်သည်။


ဝမ်မန်၏ရုံးခန်းထဲမှ ထွက်လာပြီးနောက် လုဝမ်ရှင်း အနည်းငယ်လန်းဆန်းသွားပြီး သူ့စိတ်ထဲရှိ စိတ်အားငယ်မှုကို လျစ်လျူရှုလိုက်သည်။


သူ ကုမ္ပဏီမှ အလျင်စလိုမထွက်သွားဘဲ အောက်ထပ်ရှိ အကစတူဒီယိုသို့ သွားလိုက်သည်။


လုဝမ်ရှင်း အကစတူဒီယို တံခါးကို တွန်းဖွင့်လိုက်စဉ် အတူစု၍ တစ်ခုခုကိုငုံ့ကြည့်နေကြသော ခေါင်းလုံးလုံးလေးများကို တွေ့လိုက်ရသည်။


"အဟမ်း..."

လုဝမ်ရှင်း တမင်ချောင်းဟန့်လိုက်သည်။ ဝေ့ဇယ်က ဖုန်းကို ကမန်းကတန်း သူ့နောက်တွင် ဝှက်လိုက်သည်။ သူမော့ကြည့်လိုက်ရာ လုဝမ်ရှင်းကို တွေ့လိုက်ရသဖြင့် ချက်ချင်းသက်ပြင်းချမိသွားခဲ့သည်။


"ရှင်းရှင်း...မင်းတော့ ငါ့ကို လန့်သေအောင်လုပ်နေတာပဲ..." 

ဝေ့ဇယ်က သူ့ရင်ဘတ်ကို အကဲပိုစွာပုတ်လိုက်သည်။


"မင်းက အကမလေ့ကျင့်ဘဲ ဘာတွေကြည့်နေတာလဲ..."


"ဝမ်ယွီကောရဲ့ အင်တာဗျူးကို ကြည့်နေတာ..." 

ဝေ့ဇယ်က ဖုန်းကို တစ်ဖန်ကောက်ကိုင်လိုက်ပြီး သူ၏ခေါင်းလုံးလုံးလေးမှာ အခြားသူများနှင့် ပြန်နီးကပ်သွားခဲ့သည်။


ဝေ့ဇယ်၏ဘေးနားရှိ ဆံပင်အပြာရောင် ကောင်လေးက လုဝမ်ရှင်းကို ဖိတ်ခေါ်လာခဲ့သည်။ 

"ကောရော အတူကြည့်ချင်လား..."


လုဝမ်ရှင်းက အနားလျှောက်သွားပြီး ကြည့်လိုက်ရာ ဖုန်းမျက်နှာပြင်ပေါ်တွင် အလွန်ရင်းနှီးနေသော နေရာကို တွေ့လိုက်ရသည်။ 

"ကုမ္ပဏီ နားနေခန်းလား..."


"ဟုတ်တယ် အပေါ်ထပ်က..." 

ဝေ့ဇယ်က ပြန်ဖြေလာခဲ့သည်။


လုဝမ်ရှင်း ပြန်ကြည့်လိုက်ရာ ဝမ်ယွီက အဖြူရောင်ဝတ်စုံဝတ်ထားပြီး တောက်ပစွာ ပြုံးနေသည်ကို တွေ့လိုက်ရ၏။


တစ်စုံတစ်ယောက်က ရုတ်တရက် သက်ပြင်းချလိုက်သည်။ 

"ငါ ကုမ္ပဏီကို ရောက်တာကြာလှပြီ...ဝမ်ယွီနဲ့ တစ်ခါမှစကားမပြောဖူးဘူး..."


"ငါလည်း မပြောဖူးဘူး..."


"ငါတော့ ပြောဖူးတယ်..." 

ဝေ့ဇယ် ဂုဏ်ယူစွာပြောလိုက်သည်။ 

"ဝမ်ယွီကောက အရမ်းကြင်နာတာကွ...ငါ အရင်က သူ့ကိုသန့်စင်ခန်းထဲမှာ တွေ့ဖူးတယ်... သူက ငါ့ကို တစ်ရှူးပေးပြီးတော့ လိုသေးလားတောင် မေးသေးတယ်..."


ဝေ့ဇယ် တွေးသည်နှင့် မတူစွာပင် အခြားသူများ၏အာရုံက ဝမ်ယွီအပေါ်မဟုတ်ဘဲ သူ့အပေါ် ကျလာခဲ့သည်။

"ဟာ မင်း သန့်စင်ခန်းသွားတာ တစ်ရှူးမယူသွားဘူးလား..."


ဝေ့ဇယ် : "……"


လုဝမ်ရှင်းက မနေနိုင်ဘဲ ရယ်မောပြီး သူ၏မီးခိုရောင် ဆံပင်များကို ပွတ်လိုက်သည်။ 

"မင်းရော ဝမ်ယွီရဲ့သီးသန့်အင်တာဗျူးမှာ မပါချင်ဘူးလား..."


ဝေ့ဇယ်က အနည်းငယ်ရှက်ရွံ့သွားပြီး ခေါင်းညိတ်ပြလိုက်စဉ် လုဝမ်ရှင်းက သူ့ခေါင်းပေါ် ရေအေးလောင်းချလာခဲ့သည်။ 

"မဖြစ်သေးပါဘူး... မင်းက သန့်စင်ခန်းသွားတဲ့အချိန် တစ်ရှူးမယူသွားတတ်တဲ့သူဆိုတာ အင်တာနက်တစ်ခုလုံးကို သိသွားစေချင်လို့လား..."


"ဟားဟားဟား..."


"ဟားဟားဟားဟား...ရှောင်ဇယ်ရာ ငါ ရယ်သေတော့မှာပဲ..."


ဝေ့ဇယ်၏မျက်လုံးများ ပြူးသွားပြီး အချိန်ခဏခန့် မည်သို့ပြန်ပြောရမည်မသိ ဖြစ်၍ ကြမ်းပြင်ပေါ်လူးလှိမ့်ရယ်နေသော သူ့အသင်းဖော်များကို ကြည့်လိုက်သည်။


"ငါ... ငါ ဘာမှ ထုတ်မပြောပါဘူးနော်..." 

ဝေ့ဇယ်က ယုံကြည်ချက်မရှိဘဲ ပြန်ချေပလိုက်သည်။ သူ့အား မည်သူမျှမယုံကြသည်ကိုကြည့်ပြီး လုဝမ်ရှင်း၏လည်ပင်းတစ်ဝိုက်ကို ရှက်ရွံ့စွာ ဖက်လိုက်သည်။


"ရှင်းရှင်း ဒီနေ့ ကုမ္ပဏီကို ဘာလာလုပ်တာလဲ..."


"စာချုပ်ဖျက်ဖို့လာတာ..."


 "ဘယ်လို..."


 "ဘယ်လို..."


 "ဘယ်လို..."


 "ဘယ်လို..."


ခေါင်းလုံးလေး လေးလုံးက ရုတ်တရက် မတ်လာပြီး လုဝမ်ရှင်းကို မယုံကြည်မှုဖြင့် ကြည့်လာခဲ့ကြသည်။ ဝေ့ဇယ်က ပထမဆုံး တုံ့ပြန်လာသူဖြစ်သည်။


"စာချုပ်ဖျက်ချင်လို့လား ဒါပေမယ့် စာချုပ်ဖျက်ရင် လျော်ကြေးငွေက..."


"ငါ စာချုပ်မှာ လက်မှတ်ထိုးပြီးသွားပြီ ဟီးဟီး..."


ဝေ့ဇယ်နှင့် အခြားသူများ ချက်ချင်းပါးစပ်ပိတ်သွားကြသော်လည်း သူတို့၏ စူးစမ်းလိုစိတ်ကို မထိန်းနိုင်ဘဲ လုဝမ်ရှင်းကို ကြည့်လိုက်ကြသည်။


"ဒါဆို နောက်ကျ ကုမ္ပဏီကို မလာတော့ဘူးလားဟင်..." 

ဝေ့ဇယ် အနည်းငယ်ဝမ်းနည်းသွားခဲ့၏။


လုဝမ်ရှင်းက သူ၏ပါးဖောင်းဖောင်းလေးကိုကြည့်ပြီး လိမ်ဆွဲကာ ပြောလိုက်သည်။ 

"မင်းတို့တွေ အက ကောင်းကောင်းလေ့ကျင့်ပြီး စောစော ပွဲဦးထွက်ကြပေါ့... ငါ မင်းတို့ရဲ့ဖျော်ဖြေပွဲကို လာကြည့်မယ်လေ..."


"တကယ်လား..."


လုဝမ်ရှင်းက ခေါင်းညိတ်ပြလိုက်သည်။ ဝေ့ဇယ်က ဝမ်းနည်းနေဆဲဖြစ်သဖြင့် သူ့အသင်းဖော်များက သူ့ပခုံးကိုပုတ်ပြီး ခေါင်းပုတ်ပေးကာ နှစ်သိမ့်ပေးလိုက်ကြသည်။


"အဲဒါက ရှင်းရှင်းအတွက် ကောင်းတဲ့အရာပဲလေ...သူ့မန်နေဂျာက သူ့အပေါ် လုံးဝမကောင်းဘူး..."


"ဟုတ်တယ် ငါတို့ သူ့ကို အကောင်းဆုံးဖြစ်အောင် ဆုတောင်းပေးသင့်တယ်..."


"ငါ သိပါတယ်... ငါက ဒီတိုင်း နည်းနည်း ဝမ်းနည်းနေရုံပါ..."


လုဝမ်ရှင်းက အဖွဲ့အဖြစ် ပွဲဦးမထွက်သော်လည်း ယခင်က အကနှင့် အဆိုသင်တန်းများ တက်ဖူးပြီး ဝေ့ဇယ်တို့နှင့် အတန်းတူခဲ့ကြသည်။


လုဝမ်ရှင်းက အဖွဲ့ဖွဲ့ရန် ရည်ရွယ်ချက်မရှိသောကြောင့် ဝမ်မန်က သူ့ကို မော်ဒယ်လမ်းကြောင်းလိုက်ရန် ညွှန်ကြားခဲ့သည်။


လုဝမ်ရှင်းတွင် အလွန်အံ့ချီးဖွယ်ရာအသွင်အပြင်ရှိသည်။ သူက လူသိမများသော်လည်း အချို့ဘရန်းငယ်လေးများက သူ့ကို ကြော်ငြာများရိုက်ရန် ကမ်းလှမ်းလာကြဆဲဖြစ်သည်။


"ရှင်းရှင်း ငါတို့ရဲ့အကအသစ်ကို ကြည့်ချင်လား..."  

ဝေ့ဇယ်၏မျက်လုံးများက တောက်ပနေသည်။


သူ သဘောမတူပါက ဝေ့ဇယ် ထိုင်ငိုလိမ့်မည်လားဟု လုဝမ်ရှင်း သံသယဖြစ်မိသွားသည်။


လုဝမ်ရှင်း ခေါင်းညိတ်လာသည်ကိုမြင်စဉ် ဝေ့ဇယ်က ကြမ်းပြင်ပေါ်၌ထိုင်နေသော သူ့အသင်းဖော်များကို စိတ်လှုပ်ရှားစွာဖြင့် ဆွဲထူလိုက်သည်။ 

"မြန်မြန်လေး...အကဆက်လေ့ကျင့်ကြရအောင်..."


သူ့အသင်းဖော်များက ညဉ်းတွားလာခဲ့ကြသည်။ 

"ငါတို့ နာရီဝက်နားဖို့ သဘောတူထားတာမဟုတ်ဘူးလား...အခုက မိနစ်နှစ်ဆယ်တောင် မပြည့်သေးဘူးလေ..."


ဝေ့ဇယ်က အများအားဖြင့်ပျင်းရိရသည်ကို နှစ်သက်သော်လည်း ယခုတွင် သူက လုဝမ်ရှင်းအတွက် ရုတ်တရက် ကချင်နေသည်။


သီချင်းသံက တစ်ဖန်ထွက်ပေါ်လာပြီး အသံမြင့်လာခဲ့သည်။


ဝေ့ဇယ်နှင့် အခြားသူများက နေရာယူထားပြီးဖြစ်ကာ သီချင်းသံ ဖြေညှင်းစွာ စတင်လာသည်နှင့် သူတို့စည်းချက်ညီညီ ညာဘက်သို့ယိမ်းနွဲ့လိုက်ကြသည်။


လုဝမ်ရှင်းက ဝေ့ဇယ်ကို လိုက်ကြည့်ကာ သူ့စိတ်ထဲ မအံ့သြဘဲ မနေနိုင်ချေ။ ဝေ့ဇယ်မှာ လွန်ခဲ့သောလအနည်းငယ်ခန့်က အကဆရာထံမှ ဇွန်ဘီကဲ့သို့ ကခြင်းကြောင့် ဆူခံခဲ့ရသည်။


ဝေ့ဇယ်၏လေးနက်သော အမူအရာကို ကြည့်ပြီး လုဝမ်ရှင်းက မနေနိုင်ဘဲ သူတို့၏ လှုပ်ရှားမှုများနောက်လိုက်ခဲ့မိသည်။


ထိုအကက မခက်ခဲပေ။ ပွဲဦးထွက်ရန်အတွက် အရေးကြီးဆုံးအရာမှာ ခက်ခဲသောကကွက်များမဟုတ်ဘဲ လှုပ်ရှားမှုများတည်ငြိမ်ရန်နှင့် အမှားများမလုပ်မိရန်ဖြစ်သည်။


လုဝမ်ရှင်းက အကအခြေခံရှိပြီး ကကွက်များစွာက ဆင်တူသည်။ သူ တစ်ကြိမ်သာ ကြည့်ရုံဖြင့် အကြမ်းဖျင်းနားလည်နိုင်သည်။


သီချင်းဒုတိယအပိုဒ်စချိန်၌ လုဝမ်ရှင်းက သူ့ကုတ်အင်္ကျီကို ချွတ်ပြီး လူလေးဦးနှင့်အတူ ဝင်ကလိုက်သည်။


နောက်ဆုံးစည်းချက်ပြီးသွားချိန်တွင် လူငါးယောက်လုံး တစ်ချိန်တည်းရပ်သွားခဲ့သည်။


"ရှင်းရှင်းရဲ့အကြည့်စူးစူးတွေက ငါ့ကို သတ်နေတာပဲ..."


ဝေဇယ် မထိန်းထားနိုင်ဘဲ အော်ဟစ်ချင်လာခဲ့သည်။  

"ငါ မင်းနဲ့ စောစောတွေ့ခဲ့ရင် မင်းကို ငါတို့ အဖွဲ့ထဲဝင်ဖို့ သေချာပေါက်ဆွဲခေါ်မှာ..."


"ရှင်းရှင်းက သင်ယူတာအရမ်းမြန်တာပဲ... ငါတို့ တစ်ခါပဲကရသေးတယ်..."


"ကကွက်သိပ်မခက်လို့ပါ..."  

လုဝမ်ရှင်း နှိမ့်ချစွာ ပြောလိုက်သည်။

"ငါ အရင်က ကကွက်အများကြီးသင်ဖူးခဲ့တယ်လေ...ဒီကကွက်က သိပ်မကွာဘူး..."


"ကကွက် တကယ်မခက်ဘူး...ဝေ့ဇယ်ပဲ ကမရနေတာ..."  

အသင်းဖော်များက နောက်ပြောင်လိုက်သော်လည်း သူတို့စိတ်ထဲတွင် ဝေ့ဇယ်ကို လိုက်လျောနေဆဲဖြစ်သည်။


"ငါ ကြိုးကြိုးစားစားသင်နေပါတယ်... ငါ တိုးတက်လာလား မလာဘူးလားဆိုတာ ရှင်းရှင်းကိုမေးကြည့်လိုက်..."


"ဒါပေါ့..."  

လုဝမ်ရှင်းက သူ့ကို ရက်ရောစွာ ချီးမွမ်းပေးလိုက်သည်။ 

"အရင်ထက် အများကြီးပိုတော်လာတယ်...အရမ်းချောလာတယ်..."


"ကြည့် ကြည့်...ရှင်းရှင်းက ငါ့ကိုချောလို့ ချီးမွမ်းနေတယ်တွေ့လား..."  

ချီးမွမ်းခံရမှုကြောင့် ဝေ့ဇယ်၏အမြီးက ကောင်းကင်သို့ ပျံတက်လုနီးပါးဖြစ်နေပြီး လုဝမ်ရှင်း၏ပခုံးပေါ် ဂုဏ်ယူစွာ မှီချလိုက်သည်။


"ငါနာမည်ကြီးလာတဲ့အချိန်ကျ တစ်နှစ်ကို ဖျော်ဖြေပွဲ ရှစ်ဆယ် တစ်ရာလောက်လုပ်ပစ်မယ်...မင်း ဖျော်ဖြေပွဲတိုင်းကို လာကြည့်ရမယ်နော်...ငါ မင်းကို အရမ်းကောင်းတဲ့မြင်ကွင်းနဲ့ VIP လက်မှတ်ပေးမယ်...အဲဒါမှ မင်း ငါ့ရဲ့ချောမောမှုတွေကို ရှုစားလို့ရမှာ..."


"ထတော့ နေ့ခင်းကြောင်တောင်ကြီး အိပ်မက်မက်မနေနဲ့..."  

သူ့အသင်းဖော်က ဝေ့ဇယ်၏နေ့လယ်ခင်းအိပ်မက်ကို မညှာမတာရိုက်ချိုးလာခဲ့သည်။ 

"ငါတို့မှာ အခု ဖျော်ဖြေပွဲတစ်ခုတောင် မရှိသေးဘူး..."


ဝေ့ဇယ်က လေကြီးရသည်ကို ကြိုက်ပြီး သူက စိတ်လှုပ်ရှားနေစဉ်တွင် ဘာမဆိုပြောလေ့ရှိသည်။

"ငါ ဂရုမစိုက်ဘူး...ငါတို့ အနာဂတ်မှာ သေချာပေါက် လူကြိုက်အများဆုံးယောင်္ကျားလေးအဖွဲ့ ဖြစ်လာမှာ..."


ညနေပိုင်းတွင် လုဝမ်ရှင်းက သူ့ဖောက်သည်ထံ ပုံကြမ်းပို့ပြီးနောက် ချက်ချင်းငွေလက်ခံရရှိခဲ့သည်။


သူ အလုပ်များအပြီးသတ်ပြီး နောက်ဆုံးတွင် ရှန့်ချောင်ထံ မက်ဆေ့ခ်ျပို့ရန် သတိရသွားခဲ့သည်။

- ကျေးဇူးတင်ပါတယ်...ကုလောင်ရှီးကိုလည်း ကျွန်တော့်အစား ကျေးဇူးတင်တယ်လို့ ပြောပေးပါဦး...


အချိန်ခဏစောင့်ပြီးနောက် ပြန်စာမရခဲ့သဖြင့် သူ အလုပ်များနေခြင်းဖြစ်မည်ဟု လုဝမ်ရှင်း ခန့်မှန်းလိုက်သည်။ ထို့နောက် သူ အိပ်ရန် စောနေသေးသောကြောင့် ဖုန်းကြည့်ရန် ကြံလိုက်သည်။


သူ အိပ်ရာထဲလှဲပြီး ဖုန်းဖွင့်လိုက်ချိန်တွင် WeChat အကြောင်းကြားချက်များ တစ်ခုပြီးတစ်ခု မြည်လာခဲ့သည်။


[ထိပ်တန်းကြယ်ပွင့်လေးဝေ့] ! ! !


[ထိပ်တန်းကြယ်ပွင့်လေးဝေ့] ရှင်းရှင်းရေ Weibo ကိုကြည့်လိုက်ဦး...


[ထိပ်တန်းကြယ်ပွင့်လေးဝေ့] အားးးးးးးး ငါ၊ ငါ နဲ့ မင်း...


[ထိပ်တန်းကြယ်ပွင့်လေးဝေ့] အားးး ငါအရမ်းစိတ်လှုပ်ရှားနေပြီ...ဘုရားရေ အဲဒါတကယ်ကြီး...


လုဝမ်ရှင်း အချိန်အတန်ကြာကြည့်နေသော်လည်း သူ ဘာပြောချင်နေသည်ကို နားမလည်နိုင်သောကြောင့် Weibo ကို ဖွင့်ကြည့်လိုက်သည်။


ဝေ့ဇယ်က ဘာကြည့်ရန်ပြောနေသည်ကို မသိသဖြင့် လုဝမ်ရှင်းလည်း Weibo ပေါ်ရှိ သူ၏သီးသန့်မက်ဆေ့ချ်များကို ကြည့်လိုက်သည်။ နိုတီများတက်လာသည်ကလွဲ၍ ဝေဇယ်ထံမှ မည်သည့်မက်ဆေ့ချ်မျှ မရှိနေချေ။


ငါက ဘာကိုကြည့်ရမှာလဲ...


[ထိပ်တန်းကြယ်ပွင့်လေးဝေ့] ရှင်းရှင်းရေ ငါတို့ hot search ပေါ်တက်နေပြီ...


[အီးတီ] ညဘက်ကြီး အိမ်မက်မက်မနေနဲ့...


ထို့နောက်တွင် ဝေ့ဇယ်က စခရင်ရှော့နှစ်ပုံ ပို့လာခဲ့သည်။


လုဝမ်ရှင်း ပထမဆုံးတစ်ပုံကို နှိပ်ကြည့်လိုက်ရာ ၎င်းက Weibo ၏ hot search ရှာဖွေမှု စခရင်ရှော့ဖြစ်သည်။


#မောင်ငယ်လေးရဲ့ဘေးတိုက်မျက်နှာက အရမ်းချောတာပဲ...


လုဝမ်ရှင်း၏နှလုံးဆောင့်ခုန်သွားပြီး ဒုတိယစခရင်ရှော့ကို နှိပ်လိုက်သည်။


၎င်းက ဗီဒီယိုတစ်ပုဒ်၏စခရင်ရှော့တစ်ခု ဖြစ်သည်။


ရင်းနှီးနေသော အကစတူဒီယိုထဲတွင် မီးခိုးရောင်ခေါင်းလေးလုံး၏အလယ်၌ လုဝမ်ရှင်း၏နီညိုရောင်တောက်တောက်ခေါင်းလေးရှိနေသည်။


လုဝမ်ရှင်း : "!"


သူတို့ အမှန်ပင် hot search တက်နေ၏။



🎬🎬🎬