အခန်း(၁၃၂)
- ပွဲစတော့မယ်
နောက်တစ်နေ့ကျတော့
ရှောင်ဟန်ကျန့်က သူ့ဇနီးက လူတိုင်းကို ကြာဇံလုပ်နည်း အခမဲ့ သင်ကြားပေးချင်ကြောင်း
မော့ချင်းလင်ကို ပြောခဲ့သည်။
မော့ချင်းလင်က
အလွန်ပျော်သွားပြီး ရုံးတော်မှာ သင်ကြားပေးဖို့အတွက် ရှစ်ချင်းလျို့ကို ဖိတ်ခေါ်ခဲ့သည်။
သူမကို
ကူညီဖို့အတွက် မြို့ခံတွေပါ စီစဥ်ပေးခဲ့သည်။
ရှစ်ချင်းလျို့က
ဆေးကြောပြီး ပဲစိမ်းတွေကို ရေစိမ်ခဲ့သည်။
နောက်တစ်နေ့ကျတော့
သူမက သူတို့ကိုခေါ်ကာ စီရင်စုရုံးတော်ကို သွားခဲ့သည်။
မော့ချင်းလင်က
သူ့လူတွေဖြင့် စီရင်စုမြို့မှာ သွားကြေငြာခိုင်းခဲ့သည်။
ထို့ကြောင့်
လူအများအပြား လာသင်ယူကြပြီး အထူးသဖြင့် ရေခဲလုပ်နည်းကနေ အကျိုးအမြတ် အများကြီး ရသွားသည့်လူတွေ
လာကြသည်။
စာသင်သားရဲ့ဇနီးက
ရှားပါး စားသောက်ကုန် ပြုလုပ်နည်း သင်ကြားပေးမည့် သတင်းကို ကြားတော့ လူအများစုက လာရောက်ခဲ့ကြသည်။
ရှစ်ချင်းလျို့က
ရေစိမ်ထားသည့် ပဲစိမ်းတွေကို ဆယ်ယူပြီး အဆင့်ဆင့် ပြုလုပ်ပုံကို ကိုယ်တွေ့လုပ်ပြရင်း
ရှင်းပြခဲ့သည်။
ထို့နောက်
ကြာဇံဖြင့် ချက်ပြုတ်စားသောက်လို့ ရသည့် ဟင်းလျာတချို့ကို ချရေးခဲ့သည်။
ဥပမာအားဖြင့်
ဝက်သား၊ ဂေါ်ဖီထုပ်နှင့် ကြာဇံနှပ်၊ ဝက်ရိုးကြာဇံ
ပဲငံပြာရည်နှပ်၊ သိုးသားနှင့် ကြာဇံကြော်၊ ကြေးအိုး စသည်တို့
ဖြစ်သည်။
ပိုင်ရွှီကလည်း
ပိုင်မိသားစုရဲ့ စားဖိုမှူးကို သွားသင်ယူခိုင်းခဲ့သည်။
သူက ချက်ပြုတ်နည်း
အကုန်မှတ်ထားပြီး သူတို့စားသောက်ဆိုင်မှာ ပြုလုပ်ပေးပြီး မြည်းစမ်းစေခဲ့သည်
ပဲစိမ်းကို
များသောအားဖြင့် ဆန်ပြုတ်ချက်ပြုတ်ရာမှာ အဓိကပစ္စည်းအနေနှင့် အသုံးပြုသည်။
ထို့ကြောင့်
ပဲစိမ်းကနေ ကြာဇံ လုပ်လို့ ရမည့် အကြောင်း လူထုက မထင်ထားခဲ့ပေ။
လုပ်နည်းက
မခက်တာကြောင့် သူတို့က အိမ်ပြန်ရောက်တော့ ထပ်ပြီး စမ်းလုပ်ခဲ့ကြသည်။
အရသာ
အလွန်ရှိတာကို ကြောစရာပင် မလိုပေ။
လူတွေက
အရင်က ရှစ်ချင်းလျို့ကို စာသင်သားရဲ့ ဇနီးဟု ခေါ်ကြသည်။
အခုတော့
လူတွေက သူ့ကို အသိအမှတ်ပြုကာ လေးစားသမှုကို ပြသောအားဖြင့် မိန်းကလေးရှစ်ဟု ပြောင်းခေါ်ကြလေသည်။
စီရင်စုမြို့မှာ
ကြာဇံ လုပ်နည်း၃ရက်တိုင်တိုင် သင်ကြားပေးပြီးနောက် ရှစ်ချင်းလျို့က
စီရင်စုမြို့ကို ထပ်မလာတော့ပေ။
အကယ်၍
တစ်ယောက်ယောက်က သင်ယူချင်ပါက ရှာ့ရှီရွာကိုသွားကာ သူမကို သွားရှာရမည် ဖြစ်သည်။
သူမက
လာသည့် လူတိုင်းကို သင်ပေးသည်။
ထို့နောက်
သူမက ကျေးရွာမှာ စတင် သင်ကြားပေးခဲ့သည်။
ရလာဒ်အနေနှင့်
သူမရွာကလူတွေက မကြာခင်မှာ ကြာဇံကို အဓိကထား ရောင်းလာခဲ့သည်။
ထိုစကားကိုကြားတော့
စီရင်စုမြို့က လူအများအပြား အပြေးအလွှားလာကာ သင်ယူခဲ့ကြသည်။
အများစုက
စီးပွားရေးသမားတွေ ဖြစ်သည်။
ရှစ်ချင်းလျို့ရဲ့အကြောင်းက
တဖြည်းဖြည်း ပြန့်သွားခဲ့သည်။
အထူးသဖြင့်
သူမက ရေခဲလုပ်နည်းနှင့် ဘိလပ်မြေလုပ်နည်းကို ပေးသည့်လူပဲဆိုတာ လူတွေ သိကုန်သည့်အချိန်မှာ
သူမက ပိုကျော်ကြားလာခဲ့သည်။
နန်ရှီ
စီရင်စုမြို့မှာ ကြာဇံတွေ ကျယ်ကျယ်ပြန့်ပြန့်ရှိကုန်ပြီး ထင်သည့်အတိုင်း
လူတချို့က အိမ်လုပ်ကြာဇံတွေကို မြို့တော်နှင့် တခြားနေရာတွေကို
သွားရောင်းခဲ့သည်။
ပိုင်မိသားစု
စားသောက်ဆိုင်ပက ကြာဇံဟင်းလျာများကို ပထမဆုံး မိတ်ဆက်ပေးခဲ့တာဖြစ်ပြီး
ရှစ်ချင်းလျို့ကို မူပိုင်ခွင့် ပေးခဲ့သည်။
ရှစ်ချင်းလျို့က
ဘိလပ်မြေလုပ်နည်းကိုပေးခဲ့သူဖြစ်ပြီး သူမ ခင်ပွန်းနှင့် ဘုရင်မင်းမြတ်ဆီ တင်ပြခိုင်းခဲ့တာ
ဖြစ်သည်။
ထိုသတင်းဟာလည်း
ပြန့်သွားခဲ့သည်။
ဘိလပ်မြေဖြင့်ခင်းထားသည့်လမ်းကြောင့်
ရလာသည့် အကျိုးကျေးဇူးတွေကို မြို့တော်မှာ ပြောဆိုကြရင်း ရှစ်ချင်းလျို့က ပိုနာမည်ကြီးလာခဲ့သည်။
ဒါတွေက
နောက်ပိုင်း ကိစ္စတွေ ဖြစ်သည်။
လူတိုင်းကို
ကြာဇံလုပ်နည်း သင်ပေးပြီးနောက် သူမက ရှောင်မူတို့သားအဖကိုခေါ်ကာ စကိတ်ဘုတ်ပြား ပြုလုပ်ခိုင်းခဲ့သည်။
ဒီနေ့မှာတော့
ရှောင်ဟန်ကျန့်နှင့် သူ့အတန်းဖော်တွေက အဆင့်မြင့်စာသင်သား ကျင်းပသည့် စီရင်စုမြို့က
ပန်းဧည့်ခံပွဲကို သွားမှာဖြစ်သည်။
ထိုအဆင့်မြင့်စာသင်သားက
မိသားစုဝင်တွေကိုလည်း ခေါ်ခွင့်ပြုထားသည်။
သူ့ဇနီးက
သူတို့ကို ကြိုဆိုမှာဖြစ်သည်။
ရှောင်ဟန်ကျန့်နှင့်
တခြားလူတွေ ဝင်လိုက်တော့ အဆင့်မြင့်စာသင်သားရဲ့ သားဖြစ်သူက သူတို့ကို ဧည့်ဆောင်ထဲ ကြိုဆိုခဲ့သည်။
သူတို့ထိုင်ပြီးသည်နှင့်
သူက ရှောင်ဟန်ကျန့်နှင့် အတန်းဖော်တွေကို လက်ဖက်ရည် ကမ်းပေးခဲ့သည်။
ထို့နောက်
တခြားလူတွေကို ဧည့်ခံဖို့ ခေါ်သွားခံလိုက်ရလေသည်။
ရှောင်ဟန်ကျန့်က
လက်ဖက်ရည်ခွက်ကိုင်ကာ တစ်ငုံသောက်လိုက်သည်။
သူက ချက်ချင်းပင်
ပြဿနာကို ရှာတွေ့သွားခဲ့သည်။
သူက ခေါင်းငုံ့ပြီး
လက်ဖက်ရည်ခွက်ကိုကြည့်ကာ သူ့မျက်လုံးက မြူးထူးနေခဲ့သည်။
ကြည့်ရတာ
ဝူမိသားစုဆီမှာ အစီအစဥ် နှစ်ခု ရှိပုံရသည်။
သူက အဆင့်မြင့်စာသင်သားတစ်ဦးက
စီရင်စုမြို့က အခြေခံစာသင်သားတွေနှင့် ကျောင်းသားတွေကို ပန်းတွေကို ကြည့်ရှုခံစားဖို့
ဘာကြောင့် ရုတ်တရက် ဖိတ်ကြားတာလဲဟု သိချင်မိခဲ့သည်။
လက်စသတ်တော့
သူတို့က သူရောက်လာတာကို စောင့်နေကြတာ ဖြစ်သည်။
မဟုတ်ပါက
ရှစ်မိသားစုရဲ့ စတုတ္ထသားက ဝူမိသားစုရဲ့ စွန့်ပစ်တာ ခံရမည်ဖြစ်သည်။
အကယ်၍
ဒီအစီအစဥ်အောင်မြင်သွားပြီး သူ နောက်မှ သိခဲ့ရင် သူ့ကို ဆွဲခေါ်ခဲ့သည့် ရှစ်မိသားစုရဲ့
စတုတ္ထသားကိုသာ လက်စားချေမည်ဖြစ်သည်။
ဝူမိသားစုက
အလွန်ဉာဏ်ကောင်းသည်။
အဆင့်မြင့်စာသင်သားရဲ့
သားဖြစ်သူက ဝေးဝေးမှာ ရပ်နေသော်လည်း သူ့ကို မကြာခဏကြည့်နေတာကို သတိထားမိတော့ ရှောင်ဟန်ကျန့်က
မသိချင်ယောင်ဆောင်ကာ လက်ဖက်ရည် နှစ်ငုံသောက်ခဲ့သည်။
ထိုအခါမှ
ထိုလူက စိတ်ကျေနပ်စွာ အကြည့်ပြန်ရုတ်သိမ်းသွားခဲ့သည်။
ဝူမိသားစုဆီ
မလာခင် ရှောင်ဟန်ကျန့်က သူတစ်ခုခုဖြစ်သွားမှာစိုးလို့ သူ့အတွက် အဆိပ်ဖြေဆေး ပြင်ဆင်ခဲ့တာကြောင့်
ထိုအရာကို သူမျိုချလိုက်သည်။
အားပြင်းသည့်အဆိပ်
မဟုတ်ပါက ထိုဆေးက ကုသပေးနိုင်သည်။
ခဏလောက်ထိုင်ပြီးနောက်
အဆင့်မြင့်စာသင်သားရဲ့ သားဖြစ်သူက ရှစ်မိသားစုရဲ့ စတုတ္ထသားကို ခေါ်လာခဲ့သည်။
သူက ရှောင်ဟန်ကျန့်ကို
ပြုံးပြကာ ပြောခဲ့သည်။ "သခင်လေးရှောင်၊ ကျောင်းသားရှစ်က သခင်လေးရဲ့ ဇနီးရဲ့ ဦးလေးဆိုလို့
သူ့ကို ဒီကိုခေါ်လာခဲ့တာ၊ ဘေးမှာ ထိုင်ခိုင်းလို့ စိတ်ထဲမထားဘူးမလား။"
လူအများရှေ့မှာ
ဒီလိုတွေ မပြောချင်သော်လည်း သူငြင်းလို့မရပေ။
ရှောင်ဟန်ကျန့်က
ခပ်ဖွဖွပြုံးကာ ခေါင်းငြိမ့်ပြခဲ့သည်။ "ဒါပေါ့ စိတ်ထဲ မထားပါဘူးဗျာ။"
သူက ခေါင်းပင်မော့ကာ
ရှစ်မိသားစုရဲ့ စတုတ္ထသားကို နှုတ်ဆက်ခဲ့သည်။ "နံပါတ်လေး ဦးလေး။"
ရှစ်မိသားစုရဲ့
စတုတ္ထသားက ရှောင်ဟန်ကျန့်ကို နည်းနည်းကြောက်သည်။
ဒီလူက
မြင်နေရသလို နူးညံ့ရည်မွန်ပုံမရဘူးဟု သူခံစားနေရသည်။
သူလည်း
ဟိုမိန်းမယုတ်လို ရက်စက်လောက်သည်။
သူက အားတင်းပြုံးခဲ့လေသည်။
"မတွေ့တာကြာပြီ။"
ရှစ်မိသားစုရဲ့
တတိယသားက သူ့ညီကို ကိုယ့်ဘာသာသွားဖို့ အားပေးခဲ့သည်။
သူ့အစီအစဥ်တွေကို
ရှောင်ဟန်ကျန့် သိထားကြောင်း သူ မပြောခဲ့ပေ။
ထို့ကြောင့်
ရှစ်မိသားစုရဲ့ စတုတ္ထသားက စိတ်အေးနေခဲ့သည်။
ခဏနေတော့
ရှောင်ဟန်ကျန့်က လက်ဖက်ရည် တစ်ဝက်လောက် သောက်ပြီးသွားတာကို သူတွေ့လိုက်သည်။
ရှစ်မိသားစုရဲ့
စတုတ္ထသားက ပြုံးကာ ပြောခဲ့သည်။ "ငါ့လက်ဖက်ရည်လည်း ကုန်တော့မယ်၊ မင်းကိုလည်း ထည့်ပေးမယ်။"
ထိုအချိန်မှာ
အစေခံလေးတွေက အနားမှာ မရှိပေ။
ရှောင်ဟန်ကျန့်က
ပြုံးကာ ပြောခဲ့သည်။ "ဟုတ်ကဲ့ ဒါဆိုလည် နံပါတ်လေး ဦးလေးကိုပဲ ဒုက္ခပေးရတော့မှာပဲ။"
ရှစ်မိသားစုရဲ့
စတုတ္ထသားက ခွက်နှစ်ခွက်ကိုင်ပြီး အဆောက်အဦးငယ်လေးကနေ ထွက်သွားခဲ့သည်။
ခဏနေပြီးနောက်
သူက ခွက်တွေဖြင့် ပြန်လာခဲ့သည်။
"ကျေးဇူးတင်ပါတယ်။"
ရှောင်ဟန်ကျန့်က ခွက်ကိုယူပြီး မှုတ်သောက်ခဲ့သည်။
ထိုအချင်းအရာက
ရှစ်မိသားစုရဲ့ စတုတ္ထသားနှင့် အဆင့်မြင့်စာသင်သားရဲ့ သားဖြစ်သူကို စိတ်အေးစေခဲ့သည်။
ခဏနေတော့
လူတိုင်းရောက်လာပြီဖြစ်ကာ ပွဲကျင်းပသူပါ ပါလေသည်။
အဆင့်မြင့်စာသင်သားက
ဦးဆောင်ကာ ကဗျာ တစ်ပုဒ် ရွတ်ဆိုခဲ့သည်။
သူက ဧည့်ခံသည့်
လက်ဖက်ရည်ကို ဝိုင်ဖြင့်လည်း အစားထိုးခဲ့သည်။
ရှောင်ဟန်ကျန့်ကလည်း
ခွက်အနည်းငယ်လောက် သောက်ခဲ့သည်။
အစောပိုင်းက
လက်ဖက်ရည်နှစ်ခွက်နှင့် အခု ဝိုင်ထဲမှာပါ အထူးပစ္စည်း ပါဝင်နေခဲ့သည်။
အတူတူရောသွားသည့်အခါ
ဆေးအရှိန်က နည်းနည်းပြင်းနေသည်။
အခုထိ
ဆေးသောက်ထားသည့် လူဘေးမှာ ဘာလို့ မိန်းမတစ်ယောက်မှ မရှိသေးတာလဲက ရှင်းပြဖို့ခက်နေသည်။
သို့သော်လည်း
သူသောက်ခဲ့သည့် အဆိပ်ဖြေဆေးက ဆေးရဲ့ ဂုဏ်သတ္တိကို မြန်မြန် ဖြေဖျောက်ပေးနေခဲ့သည်။
ကဗျာကိုခဏရွတ်ပြီးနောက်
ရှစ်မိသာစုရဲ့ စတုတ္ထသားက ဗိုက်နာလာကာ အိမ်သာ ခဏ ထွက်သွားခဲ့သည်။
ရှောင်ဟန်ကျန့်က
ခွက်ကိုစကားနေသည်။ မကြာခင် ပွဲကြီးပွဲကောင်း စတော့မည်။
တစ်ဖက်မှာလည်း
ရှစ်မိသားစုရဲ့ စတုတ္ထသားက အမျိုးသမီးတွေ စုဝေးနေသည့် နေရာကို ဖြတ်သွားပြီး ခြံဝင်းထဲ
ဝင်သွားခဲ့သည်။
သူတံခါးခေါက်လိုက်တော့
အမျိုးသမီးတစ်ဦးက တံခါးလာဖွင့်ပေးခဲ့သည်။
ရှစ်မိသားစုရဲ့
စတုတ္ထသားကို တံခါးမှာမြင်လိုက်တော့ သူမက မျက်မှောင်ကြုတ်ခဲ့သည်။ "သခင်လေးရှောင်
ဘယ်မှာလဲ။"
ရှစ်မိသားစုရဲ့
စတုတ္ထသားက မပျော်မရွှင်ဖြစ်နေသည်။ ဒီအမျိုးသမီးက တကယ်ရဲတင်းသည်။
ရှောင်ဟန်ကျန့်က
အခု အဆင့်အတန်းမြင့်အရာရှိကြီး၏ တပည့်ဖြစ်နေပြီဖြစ်သည်။
သူက ဘယ်လိုကြောင့်
ကုန်သည်ရဲ့ တရားမဝင် သမီးကို ချစ်မိမည်နည်း။
သို့ပေမယ့်
သူက မျက်နှာထက်က မဖော်ပြခဲ့ပေ။
ထိုအစား
သူက ပြုံးကာ ပြောခဲ့သည်။ "ငါက အရင်လာကြည့်တာ၊ မင်း အဆင်သင့်ပဲလား၊ သူဆေးပါတဲ့
လက်ဖက်ရည် သောက်ထားတယ်၊ အခြေအနေ မဟန်တော့ရင် ငါခေါ်လာခဲ့မယ်။"
ထိုအခါမှ
ဝူရှီရှီရဲ့ မျက်နှာထက်က မနှစ်မြို့မှုတွေ ပျောက်သွားခဲ့သည်။ "စိတ်မပူပါနဲ့၊ ဒီကိစ္စ
ချောချောမွေ့မွေ့ ပြီးသ၍ ဝူမိသားစုက ရှင့်ကို မနှိပ်စက်ပါဘူး။"
ဒီလူက
အရင်က သူမကို လက်ထပ်ချင်ဖူးသည်။
သူက ငန်းသားစားချင်သည့်
ဖားပြုပ်နှင့် တူနေသည်။
အိမ်ပြန်ပြီး
ကိုယ့်ရုပ်ကိုယ် မှန်ထဲပြန်ကြည့်ပါလား။
အကယ်၍
သူမ လက်ထပ်ရမည်ဆိုရင်တောင် ရှောင်ဟန်ကျန့်လို လူကိုသာ လက်ထပ်လိုသည်။
သူက ရုပ်ချောပြီး
တောက်ပသည့် အနာဂတ်ရှိနေသည်။
ရှောင်ဟန်ကျန့်မှာ
ဇနီးရှိပြီးသားဖြစ်သော်လည်း ရွာသူသာ ဖြစ်သည်။
သူမလို
ဝူမိသားစုက သခင်မလေးကို ဘယ်လို ယှဥ်နိုင်မည်နည်း။ ထို့ကြောင့် သူမ စိတ်ထဲမထားပေ။
ဒီကိစ္စပြီးရင်
သူမ နေရာရအောင် သူမ အစ်ကိုကြီးက ထိုရွာသူကို သတ်ပေးမည့်အကြောင်း ကတိပေးထားသည်။
အနာဂတ်မှာ
သူမက အဆင့်မြင့်စာသင်သား သို့မဟုတ် အရာရှိကြီး၏ ဇနီး ဖြစ်လာနိုင်သည်။
ရှောင်ဟန်ကျန့်ရဲ့
ချောမောသည့် ရုပ်ရည်နှင့် သန်မာသည့် ကိုယ်ထည်ကို တွေးပြီးနောက် ဝူရှီရှီက ရှက်သွေးဖြာသွားခဲ့သည်။
ရှစ်မိသားစုရဲ့
စတုတ္ထသားက သူမရဲ့ အရှက်မရှိမှုကို အသံတိတ် ကျိန်ဆဲလိုက်သည်။
သူက တံခါးကိုကျော်ကြည့်လိုက်တော့
အတွင်းမှာ ဘယ်သူမှ မရှိပေ။
သူက ဝူရှီရှီကို
အခန်းထဲ တွန်းထည့်ပြီး လဲချလိုက်သည်။
သူက ကြွေပုလင်းလေး
ထုတ်ယူပြီး အထဲက ဆေးတွေကို သူမကို တိုက်လိုက်သည်။
သူက လက်မြှောက်ပြီး
ဝူရှီရှီရဲ့ လည်ပင်းနောက်ကို အကြိမ် အနည်းငယ် ခုတ်ချပြီး သတိမေ့အောင် ပြုလုပ်ခဲ့သည်။
ထိုကိစ္စပြီးမှ
ပွဲထဲပြန်ဝင်သွားခဲ့သည်။
သူ ဝင်ထိုင်ပြီးနောက်
ရှောင်ဟန်ကျန့်ရဲ့ ချောမောသည့် မျက်နှာထက်က မူမမှန်သည့် အနီရောင်အလွှာလေးကို မြင်လိုက်လေသည်။
မျက်လုံးတွေကလည်း
အရက်မူးနေသလို ရီဝေဝေဖြစ်နေသည်။
သူ့ရင်ထဲက
မနာလိုမှုတွေကို ဖိနှိပ်ပြီး ရှောင်ဟန်ကျန့်အနား တိုးသွားကာ ပြောခဲ့သည်။ "ဟန်ကျန့်
မင်းမူးနေပြီ၊ မင်းအမူးပြေအောင် ငါခေါ်သွားပေးမယ်။"
ရှောင်ဟန်ကျန့်က
မူးမူးဖြင့် "အင်း" ဟု ပြန်ဖြေခဲ့သည်။
ထို့နောက်
ရှစ်မိသားစုရဲ့ စတုတ္ထသားက သူ့ကိုတွဲခေါ်ကာ ခြံဝန်းအပြင်ထွက်သွားခဲ့သည်။