အပိုင်း ၁၃၃
Viewers 14k

 

အပိုင်း(၁၃၃) - ပျော်ဖို့ကောင်းလား

 

ရှစ်မိသားစုရဲ့ စတုတ္ထသားက ရှောင်ဟန်ကျန့်ကို ခေါ်ထုတ်လာခဲ့သည်။

 

ထိုအချင်းအရာက ပွဲလာသည့် အဆင့်မြင့်စာသင်သားနှင့် သခင်လေးဝူရဲ့ အာရုံကိုသာ ဖမ်းစားသွားနိုင်ခဲ့သည်။

 

သခင်လေးဝူက စာသင်သား စာမေးပွဲ ဝင်ဖြေနေတာကြောင့် ဖိတ်ကြားခံခဲ့ရသည်။

 

ထို့ကြောင့် သူ့မိသားစုကို ခေါ်လာနိုင်ခဲ့သည်။

 

မဟုတ်ပါက သူ့ရဲ့ သွေးသားတစ်ဝက် တော်စပ်သည့် ညီမ ရုတ်တရက်ပေါ်လာတာက ရုတ်တရက် ဆန်ပေလိမ့်မည်။

 

အခုလူတိုင်းက ကဗျာရွတ်သူကရွတ် ဝိုင်သောက်သူက သောက်နေကြသည်။

 

ဒါ့အပြင် ရှစ်မိသားစုရဲ့စတုတ္ထသားက ရှောင်ဟန်ကျန့်ရဲ့ ဇနီးရဲ့ ဦးလေးဖြစ်တာကြောင့် အတန်းဖော်တွေဟာလည်း များများစားစား မတွေးခဲ့ပေ။

 

ပိုင်ရွှီက မြို့ပြင်ရောက်နေကာ ပွဲမတက်ခဲ့ပေ။

 

ရှစ်မိသားစုရဲ့ စတုတ္ထသားက ရှောင်ဟန်ကျန့်ကို ဘေးဘက်ခြံဝန်းဆီ လမ်းပြခဲ့သည်။

 

ခြံထဲဝင်လိုက်သည်နှင့် သူ့ကိုမှိန်းမောစွာ ကြည့်ခဲ့သည့် ရှောင်ဟန်ကျန့်က ခပ်မတ်မတ် ရပ်လိုက်သည်။

 

သူ့မျက်နှာထက်က နီရဲမှုအလွှာကသာ သူမူးကြောင်း ဖော်ပြထားပေမယ့် မျက်လုံးတွေက ကြည်ရှင်းနေသည်။

 

သူက လမ်းလျှောက်တာ ရပ်လိုက်ပြီး ရှစ်မိသားစုရဲ့ စတုတ္ထသားကို မြူးထူးသည့်ဟန်ဖြင့် ကြည့်လိုက်သည်။ "နံပါတ်လေး ဦးလေး ကျွန်တော့်ကို ဘယ်ခေါ်သွားမလို့လဲ။"

 

ရှစ်မိသားစုရဲ့ စတုတ္ထသားက ခြံဝန်းအတွင်းထဲဝင်ပြီးပါက ရှောင်ဟန်ကျန့်ကို ဘယ်လို ချပေးပြီး ဝူရှီရှီ ရှိသည့် အခန်းထဲ ဘယ်လိုပုံစံဖြင့် တစ်ယောက်တည်း လွှတ်ရမလဲဆိုတာ တွေးနေခဲ့သည်။

 

ရှောင်ဟန်ကျန့်က ချက်ချင်း အမူးပြေကာ သူ့ကို မေးလာလိမ့်မည်ဟု မထင်မိခဲ့ပေ။

 

သူက ထိတ်လန့်သွားခဲ့သည်။

 

သူက တံတွေးမျိုချလိုက်လေသည်။ "ဟင့်အင်း ဘယ်မှ မသွားပါဘူး။"

 

ရှောင်ဟန်ကျန့်က ပွင့်ပွင့်လင်းလင်း မေးခဲ့သည်။ "ကျွန်တော့် လက်ဖက်ရည်ကို ဆေးခတ်ရတာ ပျော်ရဲ့လား။"

 

ရှစ်မိသားစုရဲ့ စတုတ္ထသားက မျက်လုံးတွေ ပြူးကျယ်သွားခဲ့သည်။ "မင်း မင်း။"

 

မင်း ဘယ်လိုသိတာလဲ။ သူက သူ့ကိုယ်သူ မေးခဲ့လေသည်။

 

စောနက သူက မူးချင်ယောင်ဆောင်နေတာကို သူသဘောပေါက်သွားခဲ့သည်။

 

ရှောင်ဟန်ကျန့်က ပြောခဲ့သည်။ "ကျွန်တော် ဘယ်လိုသိလဲဆိုတာ ခင်ဗျား သိစရာ မလိုပါဘူး၊ ကျွန်တော့်ကို ဘာလုပ်ချင်တာလဲဆိုတာ မှန်မှန်ပြော၊ မဟုတ်ရင်တော့ တရားရုံးကို သွားပြီး ကျွန်တော့်ကို ဆေးခတ်ပြီး အန္တရာယ်ပြုပါတယ်ဆိုပြီး သွားတိုင်ပြီး ဖမ်းခိုင်းမယ်၊ အဲလက်ဖက်ရည်ခွက်က စားပွဲပေါ် ရှိတုန်းပဲလေ။"

 

ရှစ်မိသားစုရဲ့ စတုတ္ထသားက ကြက်သေ သေနေခဲ့သည်။

 

ထင်သည့်အတိုင်း ဒီလူကလည်း အယုတ်တမာမထက် ဘာမှ မသာပေ။

 

ရှောင်ဟန်ကျန့်က စီရင်စုမြို့က တရားသူကြီးမင်းနှင့် ကောင်းမွန်သည့် ဆက်ဆံရေးရှိတာ သူသိသည်။

 

အကယ်၍ သူသာ တကယ်သွားတိုင်တန်းရင် အဖမ်းခံရနိုင်သည်။

 

သူက အရဲစွန့်ပြီး ဝူမိသားစုက သူတို့ကို ဆေးခတ်ခိုင်းကြောင်းတွေ သူက ကူညီပေးမည့် အကြောင်း ပြောခဲ့သည်။

 

သူပြောသည့်စကားတွေထဲမှာ သူကူညီမည့်အကြောင်းက သူ့ကိုယ်သူ ကာကွယ်ခဲ့လေသည်။

 

သူက သူ့တူမနှင့်ရှောင်ဟန်ကျန့်ကို အန္တရာယ် မပြုချင်တာကြောင့် သူ့ကိုယ်သူ လုပ်ဖို့ ရွေးခဲ့ကြောင်း ပြောခဲ့သည်။

 

ရှောင်ဟန်ကျန့်က ခပ်ဟဟရယ်ကာ ပြောခဲ့သည်။ "နံပါတ်၄ဦးလေးက တကယ် ဉာဏ်ကောင်းတာပဲ၊ ဒီနည်းနဲ့ ခင်ဗျားလည်း ဝူမိသားစုရဲ့ ဆက်စပ်သွားလို့ ရတာပေါ့၊ ကျွန်တော် ဒီမှာ မူးချင်ယောင်ဆောင်နေမှာမလို့ ခင်ဗျား သွားတော့။"

 

ရှစ်မိသားစုရဲ့ စတုတ္ထသားက ကြက်သေသေသွားခဲ့သည်။ "မင်းငါ့ကို မတားဘူးလား။"

 

ရှောင်ဟန်ကျန့်က မျက်ခုံးပင့်ခဲ့သည်။ "ဘာလို့ တားရမှာလဲ။"

 

သူက ဆက်ပြောခဲ့သည်။ "ဝူမိသားစုက ကျွန်တော့်ကို မကောင်းကြံချင်နေမှတော့ ခင်ဗျားက သူတို့ကိုသွားပြီး မကောင်းကြံလိုက်၊ ကျွန်တော်က ပွဲကြည့်မယ်။"

 

ရှစ်မိသားစုရဲ့ စတုတ္ထသားက ဆွံ့အသွားခဲ့သည်။ ဒီလောက်တောင် ပွင့်လင်းရလား။

 

ဒီလူက အကြံတွေ ဝှက်ထားသည်ဟု သူခံစားခဲ့ရသည်။

 

အခုတော့ သူ ဂရုမစိုက်တော့ပေ။

 

သူလာဘ်ထိုးထားသည့် လူတွေလည်း လာတော့မည်ဖြစ်သည်။

 

သူက လက်ခုပ်ပုံစံပြုပြီး ရှောင်ဟန်ကျန့်ကို ပြောခဲ့သည်။ "ကူညီပေးတဲ့အတွက် ကျေးဇူးတင်ပါတယ်။"

 

ထို့နောက် ရှောင်ဟန်ကျန့်က သိပ်မဝေးသည့်နေရာက တဲလေးထဲသွားပြီး ထိုင်လိုက်သည်။

 

သူက မူးချင်ယောင်ဆောင်ပြီး တိုင်ကို မှီထားခဲ့သည်။

 

ရှစ်မိသားစုရဲ့ စတုတ္ထသားက ဝူရှီရှီ ရှိသည့် အခန်းကို အမြန်လျှောက်သွားခဲ့သည်။

 

သူတံခါးတွန်းဖွင့်လိုက်သည့် အချိန်မှာ ဝူရှီရှီက နိုးနေပြီ ဖြစ်သည်။

 

သူမက နီရဲသည့် မျက်နှာဖြင့် အင်္ကျီတွေ ဆွဲဖြဲထားသည်။

 

ဝူမိသားစု ပြင်ထားပေးသည့်ဆေးက တော်တော် ပြင်းပုံရသည်။

 

ဝူရှီရှီက အမျိုးသမီးတစ်ယောက်ဖြစ်တာကြောင့် ဆေးစွမ်းက မြန်မြန်ပြခဲ့သည်။

 

ရှစ်မိသားစုရဲ့ စတုတ္ထသားက မျက်လုံး မှေးကျဥ်းလိုက်ပြီး သူမ မျက်နှာကို ထိဖို့ အမြန်လျှောက်သွားလိုက်သည်။

 

ဝူရှီရှီက ဆင်ခြင်တုံတရားတွေ မရှိတော့ပေ။

 

သူမ အခု အရမ်းပူနေလေသည်။

 

သူမ မျက်နှာထက်က အေးစက်သည့် အထိအတွေ့လေးကြောင့် သူမက ဖက်ထားလိုက်လေသည်။

 

ထို့နောက် သူမက ရှစ်မိသားစုရဲ့ စတုတ္ထသားရဲ့ အဝတ်တွေကို ဖြဲပစ်ဖို့ ပြင်ခဲ့သည်။

 

သူမရဲ့ အရှက်မရှိမှုကို ရှစ်မိသားစုရဲ့ စတုတ္ထသားက ရင်ထဲက အသံတိတ် ကျိန်ဆဲလိုက်သည်။

 

ဒီမိန်းမက တကယ့် မိန်းမပျက်ပဲ။

 

အတိတ်တုန်းက သူမကို သူသဘောကျခဲ့သော်လည်း သူမက သူ့ကို ဖားပြုပ်တစ်ကောင်လို သဘောထားပြီး သူမလို ဝူမိသားစုရဲ့ သခင်မလေးနှင့် မတန်ကြောင်း မောက်မာစွာ ဆက်ဆံခဲ့သည်။

 

အစက သူရဲ့ နှစ်သက်သဘောကျမှုတွေက ပျောက်ကွယ်သွားခဲ့သည်။

 

သူမက ကိုယ်ခန္ဓာကို ရှောင်ဟန်ကျန့်ဆီ ရက်ရက်ရောရော ပေးနေတာ သိလိုက်ရတော့ ရွံရှာသွားခဲ့သည်။

 

သူက မျက်လုံးမှေးကျဥ်းပြီး ဝူရှီရှီရဲ့ မျက်နှာကို ပုတ်လိုက်သည်။ "မိန်းမယုတ် နင်က ရှောင်ဟန်ကျန့်ကို လွတ်ပြီ၊ နင်လည်း ငန်းသားစားချင်တဲ့ ဖားပြုပ်ပဲ၊ အခု နင်က ငါ့လက်ထဲမှာပဲ ငါနင့်ကို ဘယ်လို ဖြေရှင်းမလဲဆိုတာ ကြည့်ရအောင်။"

 

သူက စကားပြောပြီးသည်နှင့် အပြင်ကို အမြန်ထွက်သွားခဲ့သည်။

 

ဝူရှီရှီက သူ့ကိုဖက်ကာ လိုက်ပါခဲ့သည်။

 

တံခါးနားရောက်သည့်အချိန်မှာ ရှစ်မိသားစုရဲ့ စတုတ္ထသားက ခြေသံတွေ ကြားခဲ့သည်။

 

သူက ချက်ချင်း ကျယ်လောင်စွာ ပြောခဲ့သည်။ "မိန်းကလေးဝူ ကျေးဇူးပြုပြီး လေးစားပေးပါ၊ မင်းငါ့ကို ဒီကိုမြှားခေါ်လာမယ်လို့ မထင်မိခဲ့ဘူး၊ မင်းက ငါ့ရဲ့ ဖြူစင်မှုတွေကို ဖျက်စီးချင်တာပဲ၊ ဒီလို မလုပ်ပါနဲ့၊ ငါလက်ထပ်မှာ မဟုတ်ဘူး၊ မင်းငါ့ကို ကြိုက်ရင်လည်း ဝူမိသားစုကိုပြောပြီး ငါ့ကို လာပြောခိုင်းလို့ ရတာပဲ၊ ငါစိတ်ဝင်စားရင် လက်ထပ်ဖို့ ကမ်းလှမ်းမှာပေါ့၊ ငါ့ကို ဒုက္ခထပ်မပေးပါနဲ့တော့၊ မင်းက မိန်းကလေးပါ၊ ငါမင်းကို နာကျင်အောင် လုပ်မှာ မဟုတ်ဘူး၊ ငါတို့ရဲ့ ရိုးရာဖြစ်တဲ့ လက်မထပ်ခင် အရှက်ရစရာတွေကို ဘယ်တော့မှ မလုပ်ဘူး။"

 

သူ အချက်ကျကျ ပြောပြီးသည်နှင့် လူအုပ်ကြီးက ခြံဝန်းထဲ ဝင်လာခဲ့သည်။

 

သူတို့က ရှစ်မိသားစုရဲ့ စတုတ္ထသားရဲ့ စကားတွေကို ကြားလိုက်သည်။

 

သူတို့ဝင်လာသည့်အချိန်မှာပဲ ရှစ်မိသားစုရဲ့ စတုတ္ထသားက ဆက်တိုက် ငြင်းဆိုနေဆဲ ဖြစ်သည်။

 

သို့ပေမယ့် အမျိုးသမီးတစ်ယောက်က သူ့နောက်ကဖက်ပြီး သူ့အင်္ကျီကိုဖြဲနေသည်။

 

"အဲ့တာ ဘယ်သူလဲ၊ ကျက်သရေ မရှိချက်။"

 

"နေ့ခင်းကြောင်တောင်ကြီးမှာ ဘယ်လိုတောင် အရှက်မဲ့နေတာလဲ။"

 

"သူက ဒီက မိသားစုဝင် တစ်ယောက်များလား။"

 

အဆင့်မြင့်စာသင်သားရဲ့ အမူအရာက ပြောင်းလဲသွားခဲ့သည်။ "မဟုတ်ဘူး။ သူက ကျွန်တော်တို့ မိသားစုက မဟုတ်ဘူး။"

 

သူများတွေ အထင်လွဲသွားပါက အနာဂတ်မှာ သူ့မိသားစုက သမီးတွေ မြေးမတွေ ဘယ်လို အိမ်ထောင်ပြုရတော့မည်နည်း။

 

"ဒါဆို ဘယ်ကလဲ၊ ပြည့်တန်ဆာထက်တောင် ပိုဆာလောင်နေတယ်။"

 

လူတိုင်းက ခန့်မှန်းချက်တွေ ပေးနေခဲ့သည်။

 

ရှစ်မိသားစုရဲ့ စတုတ္ထသားက ဝူသခင်လေးကို ကူကယ်ရာမဲ့စွာ ကြည့်ခဲ့သည်။ "သခင်လေးဝူ မြန်မြန်လေး ညီမဖြစ်သူကို ဆွဲပါဦး။"

 

သခင်လေးဝူရဲ့ မူလက မည်းမှောင်သည့် မျက်နှာက ပိုမှုန်ကုပ်လာခဲ့သည်။

 

ကိစ္စတွေက ဒီလိုဖြစ်သွားမည်ဟု သူ မထင်မိခဲ့ပေ။ ရှောင်ဟန်ကျန့်က ဘယ်မှာလဲ။

 

ဒါ့အပြင် သူ့ရဲ့ ညီမဖြစ်သူကိုတွေ့လိုက်တော့ တစ်ခုခုမှားနေတာကို သဘောပါက်သွားခဲ့သည်။

 

သို့ပေမယ့် သူ မတားနိုင်သလို ဖော်ထုတ်လို့လည်း မရပေ။

 

ရှောင်ဟန်ကျန့်ကို အကောက်ကြံသည့်ကိစ္စသာ ပေါ်သွားပါက ရှောင်ဟန်ကျန့်က သေချာပေါက် လက်စားချေမည်ဖြစ်သည်။

 

သူတို့က ရှောင်ဟန်ကျန့်ကို မကြောက်ဘဲ သူ့နောက်က သူ့ဆရာကို ကြောက်တာ ဖြစ်သည်။

 

ဒါ့အပြင် မကြာခင်က စီရင်စုမြို့မှာ  ရှောင်ဟန်ကျန့်နှင့် ရှစ်ချင်းလျို့ရဲ့ ဂုဏ်သတင်းက ပိုမွှေးလာခဲ့သည်။

 

လူတွေက သူတို့ရဲ့ ရက်ရောမှုကနေ အကျိုးအမြတ်တွေရကာ အပိုငွေတွေ ရှာနိုင်ခဲ့သည်။

 

ဒီကိစ္စသာ ပေါ်သွားပါက စီရင်စုမြို့ကလူတွေက ဝူမိသားစုကို သေအောင် ဆဲဆိုလိမ့်မည်။

 

ထို့ကြောင့် သူက အစေခံကို အကြည့်တစ်ချက် ပေးလိုက်သည်။

 

သူက ချက်ချင်းရှေ့ထွက်လာပြီး ဝူရှီရှီရဲ့ မျက်နှာကို ရိုက်ခဲ့လေသည်။ "ခွေးမ လွယ်လွယ်မူးတာပဲ၊ မူးနေတုန်းလား။"

 

ဆိုလိုတာက သူမ မူးနေလို့ ဒီလို ပြုမူတာဆိုသည့် သဘော ဖြစ်သည်။

 

သူတို့ တတ်နိုင်သလောက် ကာကွယ်ရမည် ဖြစ်သည်။

 

အစေခံလေးက ခြံပြင်ပြေးထွက်သွားပြီး ဝူရှီရှီရဲ့ အစေခံတွေကို သွားခေါ်ခဲ့သည်။

 

အရင်တုန်းကတော့ သူတို့က ရှောင်ဟန်ကျန့်ကို ထောင်ချောက်ဆင်ချင်တာကြောင့် အနားမှာ ဘယ်သူမှ ရှိမနေပေ။

 

မူလအစီအစဥ်က ရှောင်ဟန်ကျန့်က ဝူရှီရှီကို ဘေးခြံဝန်းရဲ့ အပြင်မှာတွေ့ပြီး သူက မူးနေတာကြောင့် သူမကို ဖျက်စီးဖို့ ခြံဝန်းထဲ အတွင်းဆွဲခေါ်သွားသည့် ပုံစံလုပ်ဖို့ ပြင်ထားတာ ဖြစ်သည်။

 

ဒီအသက်ကယ်ပေါက်က ရှစ်မိသားစုရဲ့ စတုတ္ထသားကိုလည်း အခွင့်အရေး ရစေခဲ့သည်။

 

ဝူရှီရှီက ပါးရိုက်ခံလိုက်ရတော့ ကြက်သေသေသွားခဲ့သည်။

 

သူမက ရှစ်မိသားစုရဲ့ စတုတ္ထသားကို လွှတ်ပေးလိုက်ပြီး မျက်နှာကို လက်ဖြင့် အုပ်ထားခဲ့သည်။

 

သူ့အစေခံလေးတွေကလည်း ပြေးလာခဲ့သည်။ "မမလေး မူးနေတာလား။"

 

သခင်လေးဝူက လေသံနိမ့်နိမ့်ဖြင့် အမိန့်ပေးခဲ့သည်။ "မင်းတို့ မမလေးကို ပြန်ပို့လိုက်။"

 

အစေခံမလေး နှစ်ယောက်က ရှေ့တိုးပြီး ဝူရှီရှီကို အတင်းဆွဲခေါ်သွားခဲ့သည်။

 

ရှစ်မိသားစုရဲ့ စတုတ္ထသားရဲ့ မျက်လုံးကလည်း လင်းလက်နေခဲ့သည်။

 

သူက ဝူရှီရှီကိုကြည့်ကာ ပြောခဲ့သည်။ "မင်း ငါ့ကိုကြိုက်လို့ ဒီလိုတွေ လုပ်တယ်ဆိုရင်တောင် ဒီလို မဖြစ်သင့်ဘူး၊ ဟင်း လူတွေ အများကြီးကြည့်နေကြတာ အနာဂတ်မှာ မင်း ဘယ်လို အိမ်ထောင်ပြုတော့မှာလဲ။"

 

ထို့နောက် သူက ကူကယ်ရာမဲ့ပြီး တုံ့ဆိုင်းဟန်ကိုပြပြီး ပြောခဲ့သည်။ "ဒါဆိုလည်း ငါ... ငါကပဲ မင်းကို လက်ထပ်ယူပါ့မယ်။"