အခန်း(၁၃၄) - ကိုယ်စိုက်ပျိုးတာကို ကိုယ်ရိတ်သိမ်းရမှာပဲ
ရှစ်မိသားစုရဲ့စတုတ္ထသားက ဝူမိသားစုရဲ့ သမီးဖြစ်သူ လူအများရှေ့မှာ
အရှက်ကွဲရတာကို မလိုလားပေ။
သူမက အနာဂတ်မှာလည်း တခြားဘယ်သူနဲ့မှ အိမ်ထောင်ပြုလို့ရတော့မှာလည်း
မဟုတ်ပေ။
သူက ဟန်ပန်လေးလုပ်ကာ ပြောခဲ့သည်။ "ကျွန်တော် ဘာတတ်နိုင်ဦးမှာလဲ၊
သူ့ကို ယူဖို့ပဲ ရှိတော့တာပေါ့။"
ထို့နောက် သူက စာသင်သား အရိုအသေပြုသည့် လက်ဟန်ပြုလျက် သခင်လေးဝူကို
ပြောခဲ့သည်။ "မိန်းကလေးဝူက အရက်မသောက်နိုင်လို့ ဒီလို မဖွယ်မရာတွေ ပြုလုပ်မိသွားတာပါ၊
သူအမူးပြေသွားမှ သတ်သေတာမျိုး ဖြစ်မှာစိုးလို့ သူ့ကို သေချာ စောင့်ကြည့်သင့်ပါတယ်၊
သူ့ကို အပြစ်မတင်ပါနဲ့၊ ရည်ရွယ်ချက်ရှိရှိ လုပ်တာမှ မဟုတ်တာ။"
သူက အင်တင်တင်ဖြင့် ပြောခဲ့သည်။ "ကျွန်တော်.. ကျွန်တော်
တာဝန်ယူပါ့မယ်၊ မနက်ဖြန် မင်္ဂလာပွဲအတွက် ဝူမိသားစုဆီ အောင်သွယ်တော် လွှတ်လိုက်ပါ့မယ်။"
ဒါတွေက တတိယအစ်ကို သူ့ကို သင်ပေးခဲ့တာ ဖြစ်သည်။
သူ့အစီအစဥ်သာ အောင်မြင်သွားရင် သူက ဝူမိသားစုရဲ့ တရားမဝင်သမီးကို
လက်ထပ်တော့မည်အကြောင်း လူထုကို ကြေငြာမည်ဖြစ်သည်။
သူက လက်ထပ်ဖို့ ရည်ရွယ်ထားတာကြောင့် ဘယ်သူ့ကိုမှ ကိုယ့်ဘာသာကိုယ်
သတ်သေတာမျိုး ခွင့်မပြုဖို့ သခင်လေးဝူကို ပြောခဲ့လေသည်။
အကယ်၍ မိန်းကလေးဝူသာ တစ်ခုခုဖြစ်သွားပါက ဝူမိသားစုက သူမကို
သေချာ မစောင့်ရှောက်လို့ ဖြစ်သည်။
သူမကို ဖိအားပေး လုပ်ခိုင်းခဲ့တာ ဝူမိသားစု ဖြစ်သည်။
မဟုတ်ပါက ဝူမိသားစုက သူမကို သတ်ပစ်ပြီးမှ ကိုယ့်ဘာသာကိုယ် သတ်သေကြောင်း
လုပ်ကြံရင် သို့မဟုတ် သူမကို သီလရှင် ဝတ်ခိုင်းပစ်ခဲ့ရင် သူသာ အကြီးမားဆုံး ဆုံးရှုံးမှုကြီး
ဖြစ်မှာ ဖြစ်သည်။
သူသာ ထိုစကားတွေကို လူအများရှေ့မှာ ပြောခဲ့ပါပ သူမနဲ့လက်ထပ်ပေးဖို့
ဝူမိသားစုကို ဖိအားပေးရုံသာမက လူတွေကလည်း သူ့အတွက် စိတ်မကောင်းဖြစ်ကြမည်ဖြစ်သည်။
သူကို လူကြီးလူကောင်းဆန်ကာ လူသားဆန်သည့်လူအဖြစ်လည်း ချီးကျူးကြလိမ့်မည်။
ထင်သည့်အတိုင်းပင် မျက်နှာကြီး မည်းမှောင်နေသည့် သခင်လေးဝူကလွဲရင်
လူတိုင်းက သူ့ကို ကြင်နာတတ်သည့် လူအဖြစ် သတ်မှတ်ပြီး သနားကြင်နာနေကြသည်။
အကယ်၍ သူတို့သာ သူ့နေရာမှာဆိုရင် ဒီလို အရှက်မရှိသည့် ကျက်သရေ
မရှိသည့် အမျိုးသမီးကို လက်ထပ်ယူမည် မဟုတ်ပေ။
သူမ အရက်မူးနေတော့ကော ဘာလုပ်ရမည်နည်း။
သူမက အတင်းဖက်တွယ် မြူဆွယ်ပြီး အိမ်ထောင်မပြုရသေးခင် မလုပ်သင့်သည့်
အရာကို လုပ်ဆောင်ခိုင်းသည် မဟုတ်လား။
ဒါက တကယ်ကို အရှက်တကွဲ အကျိုးနည်း ဖြစ်သည်။
ဝူမိသားစုရဲ့ သွန်သင်ဆုံးမမှုက တကယ်ဆိုးဝါးသည်။
ဘယ်သူမှ ဝူမိသားစုက အမျိုးသမီးတွေကို သဘောမကျသင့်ပေ။
အိမ်ပြန်ရောက်သည့်အခါ အိမ်က မိသားစုဝင်တွေ အိမ်ထောင်ပြုလိုပါက
ဝူမိသားစုက အမျိုးသမီးတွေကို ဖယ်ချန်ထားသင့်ကြောင်း ဆွေးနွေးရမည်။
သခင်လေးဝူက အလွန်ဒေါသထွက်သဖြင့် သွေးအန်မတတ်ဖြစ်နေသည်။
ရှစ်မိသားစုရဲ့ စတုတ္ထသားက ဒီနေ့ကိစ္စရဲ့ ကြိုးကိုင်သူဆိုတာ
သူ နောက်ဆုံးတော့ နားလည်သွားခဲ့သည်။
ဒီခွေးမသားက သူ့အစီအစဥ်ကို ပြောင်းလဲရဲသလို သူတို့ကိုတောင်
အကောက်ကြံရဲသေးတယ်။
သူက ဒါတွေကို တွေးခဲ့ပြီးသားဖြစ်သည်။
သူ အိမ်ပြန်ရောက်သည့်အခါ ထိုအရှက်မရှိသည့် တရားမဝင်သမီးကို
ပိုးကြိုးအဖြူတစ်ချောင်းပေးကာ အဆုံးစီရင်ခိုင်းမှာ ဖြစ်သည်။
ဤနည်းဖြင့် သူမက အရက်မူးပြီး အရာရာကို ဖျက်စီးခဲ့ကြောင့် လူထုကို
ပြောမှာ ဖြစ်သည်။
သူမက အသက်ရှင်သန်ဖို့အတွက် အရှက်မဲ့လွန်းသည်။
သူမ သေသွားပါက သူမကို လွှတ်မပေးချင်သူတွေ များများရှိမည် မဟုတ်ပေ။
သေသွားရင် ပြီးပြီဖြစ်သည်။
အရှက်မရှိသည့် ရှစ်မိသားစုရဲ့ စတုတ္ထသားက ဒီလို အစီအစဥ်တွေ
ရှိနေလိမ့်မည်ဟု မထင်ခဲ့ပေ။
လူအများရှေ့မှာ သူက မှားယွင်းပြီး မိန်းကလေးဝူကို အတင်းလက်ထပ်ဖို့
ဖိအားပေးသူဖြစ်အောင် ပြုမူခဲ့သည်။
သခင်လေးဝူက ထိုကိစ္စကို အလွန်စက်ဆုပ်ရွံရှာနေသည်။
သူမ မသတ်သေအောင်လည်း သေချာကြည့်ထားဖို့ ရှစ်မိသားစုရဲ့ စတုတ္ထသားက
ရည်ရွယ်ချက်ရှိရှိ ပြောခဲ့သေးသည်။
ဒီလိုဆိုမှတော့ သူက ဘယ်လိုလုပ် ပိုးကြိုးအဖြူပေးပြီး သူမ ဘဝကို
အဆုံးသတ်ခိုင်းလို့ ရတော့မည်နည်း။
အခု သူတို့မိသားစုမှာ ရွေးချယ်စရာ မရှိဘဲ ဝူရှီရှီကို ရှစ်မိသားစုရဲ့
စတုတ္ထသားနှင့်သာ လက်ထပ်ပေးဖို့သာ ရှိတော့သည်။
ရှစ်မိသားစုရဲ့ စတုတ္ထသား ငတုံးက ဘယ်တုန်းက ဒီလောက် ဉာဏ်ကောင်းလာတာလဲ။
တခြားလူတွေကလည်း ပြောလာခဲ့သည်။
"သခင်လေးဝူတို့ရဲ့ မမလေးက ဒီလိုလူဖြစ်တာတောင် စာသင်သားရှစ်က
သူ့ကို လက်ထပ်ချင်နေတုန်းပဲ၊ သူက တကယ့် လူကြီး လူကောင်းပဲ။"
"စာသင်သားရှစ်က တကယ်ကြင်နာတတ်တာပဲ။"
"မိန်းကလေးဝူကလည်း စာသင်သားရှစ်ကို သဘောကျနေပြီး စာသင်သားရှစ်ကလည်း
သူ့ကို လက်ထပ်မယ်ဆိုတော့ သူတို့နှစ်ယောက် ယူလိုက်တာလည်း မဆိုးပါဘူး။"
အဓိကအချက်က တခြားဘယ်သူမှ သူမကို မယူချင်လို့ ဖြစ်သည်။
"ဟုတ်တယ်၊ စာသင်သားရှစ်ရဲ့ ဒီနေ့ဆုံးဖြတ်ချက်ကြောင့် တစ်နေ့ကျမှ
အရက်နဲ့ ဂုဏ်ပြုရအောင်။"
ရှစ်မိသားစုရဲ့စတုတ္ထာသားက သူ့ကိုယ်သူ အပ်သည့်သည့်အမျိုးသမီးကြောင့်
ပြဿနာ တက်ရုံသာမက သူမက ကျူးလွန်ခဲ့ပြီး သူက ဖြူစင်မှုတွေ ဆုံးရှုံးခဲ့ရသည်။
ဒါတောင် သူက လက်ထပ်ယူဖို့ ဆန္ဒရှိသေးသည်။
လူအနည်းစုကသာ ထိုသို့လုပ်ဖို့ ဆန္ဒရှိလိမ့်မည်။
လူတိုင်းရဲ့ စကားက သခင်လေးဝူကို ပိုမို ပျို့အန်လာစေချင်ခဲ့သည်။
သူက အားတင်းပြီး မကျေမနပ်ပြောလေသည်။ "သူတို့နှစ်ယောက်က
ရင်းရင်းနှီးနှီးအခြေအနေ ဖြစ်ပြီးမှတော့ ကျွန်တော်တို့ ဝူမိသားစုက စာသင်သားရှစ်နဲ့
လက်ထပ်ပေးမှာပါ။"
အခု ထိုစကားကို ကျယ်ကျယ် ထုတ်ပြောဖို့ သူ့အတွက် တကယ်ခက်ခဲနေသည်။
ဝူမိသားစုရဲ့ ဂုဏ်သတင်းက ပျက်စီးနေပြီဖြစ်ကာ ဝူမိသားစုက တခြားအမျိုးသမီးတွေ
အိမ်ထောင်ပြုဖို့ ခက်ခဲကုန်လိမ့်မည်။
ရှစ်မိသားစုရဲ့ စတုတ္ထသားရဲ့ အကောက်ကြံမှုအောင်မြင်သွားတာကို
သူ မကျေမနပ် ဖြစ်နေဆဲ ဖြစ်သည်။
လူတိုင်း ဘာမှ ဆက်မှတ်ချက် မပြုတော့ဘဲ သူ့ကို ဂုဏ်ပြုခဲ့ကြသည်။
ဒါက အပေါ်ယံသာဖြစ်ပြီး လူတိုင်းက စိတ်ထဲကနေ ဝူမိသားစုရဲ့ သွန်သင်မှုတွေကို
ရွံရှာနေကြသည်။
အဆင့်မြင့်စာသင်သားက အားတင်းပြုံးထားပေမယ့် ရင်ထဲမှာတော့ အသံတိတ်
ကျိန်ဆဲနေသည်။
ဝူမိသားစုက ဘာတွေလုပ်နေတာလဲ။
သူတို့က ရှောင်ဟန်ကျန့်ကို အကောက်ကြံတာ မဟုတ်ဘူးလား။
ဘယ်လိုလုပ် ရှစ်မိသားစုရဲ့ စတုတ္ထသားက သူ့တို့ကို ပြန်အကောက်ကြံတာ
ဖြစ်သွားတာလဲ။
အဆင့်မြင့်စာသင်သားမိသားစုက ဝူမိသားစု၏ အမျိုးမကင်း ဆက်ဆံရေး
ဖြစ်သည်။
ဒါ့အပြင် အဆင့်မြင့်စာသင်သားရဲ့ သားဖြစ်သူက စီရင်စုမြို့မှာ
အခြေခံစာသင်သား ဖြစ်သည်။
သို့ပေမယ့် ဆရာဟုန်က လယ်သမား၏ သားဖြစ်သူကို တပည့်အဖြစ် လက်ခံခဲ့သည်။
သူတို့သားအဖ နှစ်ယောက်လုံးက မကျေနပ်ခဲ့ပေ။
ထို့ကြောင့် ဝူမိသားစုက သူ့အိမ်ကိုလာပြီး ပန်းဧည့်ခံပွဲမှာ
ရှောင်ဟန်ကျန့်ကို အကောက်ကြံမည့်အကြောင်းပြောတော့ သူသဘောတူခဲ့တာဖြစ်သည်။
ယခုကဲ့သို့ ကျရှုံးသွားလိမ့်မည်ဟု မတွေးမိခဲ့ပေ။
ဝူမိသားစုရဲ့ ဂုဏ်သတင်း ထိခိုက်သွားရုံသာမက သူတို့လည်း ထိခိုက်မှုရှိလိမ့်မည်။
ဒီကိစ္စရပ်တွေအကုန်လုံးက သူတို့ရဲ့ ခြံနောက်ဘက်မှာ ဖြစ်ခဲ့တာဖြစ်သည်။
ထိုအချိန်မှာပဲ ရှောင်ဟန်ကျန့်က အမူးပြေလာပုံရကာ သိပ်မဝေးသည့်နေရာမှာရပ်ပြီး
သူ့အတန်းဖော်တွေနှင့် ပွဲကြည့်နေခဲ့သည်။
သခင်လေးဝူနှင့် အကြည့်ချင်းဆုံသည့်အခါမှာ သူက အဓိပ္ပာယ်ပါပါပြုံးပြလိုက်တော့
သခင်လေးဝူက ရင်တုန်သွားခဲ့သည်။
သို့ပေမယ့် သူထပ်ဂရုမစိုက်ပေ။
သူက ဝူရှီရှီကို ခေါ်ကာ ထွက်သွားခဲ့သည်။
ထိုမတော်တဆမှု ပြီးပြီးသည့်နောက် ပန်းဧည့်ခံပွဲတော်ကို ဆက်မကျင်းပတော့ပေ။
ထို့ကြောင့် လူအုပ်ကြီးလည်း ပျောက်ကွယ်သွားခဲ့သည်။
လျင်မြန်စွာပင် ထိုသတင်းက စီရင်စုမြို့တစ်ခုလုံးကို ပြန့်သွားခဲ့သည်။
ဝူမိသားစုရဲ့ တရားမဝင်သမီးက နန်ရှီစီရင်စုမြို့တစ်ခုလုံးမှာ
အရှက်မရှိဆုံး အမျိုးသမီးဖြစ်လာပြီး အထူးသဖြင့် တခြားအမျိုးသမီးတွေရဲ့ မျက်လုံးထဲမှာဖြစ်သည်။
သူတို့က လမ်းမှာရပ်ပြီး မိန်းကလေးဝူကို ပျော်ရွှင်စွာ ဆဲဆိုနေခဲ့သည်။
ထိုသို့သော သမီးကို ပျိုးထောင်ခဲ့သည့် ဝူမိသားစုကိုလည်း အမျိုးသားတွေက
အထင်အမြင်သေးနေကြသည်။
တစ်နေ့တည်းမှာပဲ ဝူမိသားစုရဲ့ တခြားသမီးတစ်ယောက်ရဲ့ မင်္ဂလာပွဲအစီအစဥ်ဟာလည်း
အဖျက်ခံလိုက်ရလေသည်။
သူမက သခင်လေးဝူနှင့် တစ်မအေတည်းကမွေးသည့် ညီမအရင်း ဖြစ်သည်။
အကယ်၍ ဝူမိသားစုသာ အာဏာ မကြီးဘဲ နောက်ကွယ်မှာ တရားသူကြီးမင်း
ရှိမနေပါက ဝူမိသားစုက အမျိုးသမီးတွေနှင့် လက်ထပ်ထားသည့် လူတွေပင် ကွာရှင်းဖို့ တောင်းဆိုကြလိမ့်မည်ဖြစ်သည်။
ဝူမိသားစုက သမီးတွေက သူတို့ကို ကာကွယ်ပေးမည့် မိသားစု ရှိတာကြောင့်
အိမ်ထောင်ပြုပြီးတာတောင် အလွန်မောက်မာကြသည်။
သူတို့က ယောက္ခမတွေ ယောက်မတွေကို အဖတ်မလုပ်ပေ။
ဝူမိသားစုက လွှမ်းမိုးခြယ်လှယ်တတ်သည့် အမျိုးသမီးတွေတောင်ရှိသည်။
သူတို့က သူတို့ခင်ပွန်းရဲ့ ကိုယ်လုပ်တော် ကိုယ်ဝန်ပျက်ကျအောင် ဆေးခတ်ပြီး တစ်လောင်းတည်းဖြင့်
အသက်နှစ်ချောင်း သေအောင် ကြံစည်ခဲ့သည်။
ဒါတွေက အရင်က ဖုံးကွယ်ထားသည့် ကိစ္စတွေဆိုသော်လည်း အခု စတင်
ပေါ်လာခဲ့သည်။
အချိန်ခဏအတွင်း ဝူမိသားစုရဲ့ အပုပ်အပွသတင်းတွေ ပျံ့နှံ့သွားပြီး
ဘယ်သူမှ ဝူမိသားစုက သမီးတွေကို လက်မထပ်ရဲကြတော့ပေ။
အခု လူတိုင်းက ရှစ်မိသားစုရဲ့ စတုတ္ထသားရဲ့ သတ္ထိနှင့် တာဝန်ယူမှုကို
ထပ်လေးစားနေကြသည်။
ဝူမိသားစုမှာ ဝူရှီရှီကို အိမ်ပြန်ခေါ်လာပြီး အဆိပ်ဖြေဆေး တိုက်ခဲ့သည်။
သူမ နိုးလာတော့ သခင်ကြီးဝူရဲ့ ပါးရိုက်ခြင်းကို ခံလိုက်ရသည်။
"မင်းက ဘာမှဖြစ်ဖြစ်မြောက်မြောက် မလုပ်နိုင်တဲ့အပြင် အရာအားလုံးကို
ဖျက်စီးပစ်တယ်၊ မင်းက ဝူမိသားစုကို သိက္ခာကျစေတာပဲရှိတယ်။"
သခင်ကြီးဝူက တကယ်ဒေါသထွက်နေသည်။ "ရှစ်မိသားစုနဲ့ လက်ထပ်ပြီးရင်
ထပ်ပြန်မလာနဲ့တော့။"
ဝူရှီရှီက မျက်နှာကိုအုပ်ကာ ငိုခဲ့သည်။
ဖြစ်ခဲ့တာတွေကို သူမ သိပြီးပြီဖြစ်သည်။
သူ့ကို သူမ ရင်ထဲက အလွန်မုန်းတီးနေသည်။
ရှစ်မိသားစုရဲ့ စတုတ္ထသားက ဘယ်လိုလုပ် သူမကို ဒီလို အကောက်ကြံရတာလဲ။
သူမ ရှောင်ဟန်ကျန့်ကို လက်ထပ်ချင်နေဆဲ ဖြစ်သည်။
သူမက ဘယ်လိုလုပ်ပြီး အဲ့ဖားပြုပ်နဲ့ ဖြစ်လာရပါသလဲ။
သူမက ခုခံကာ ရှိုက်ငိုခဲ့သည်။ "အီးဟီး... ရှစ်မိသားစုရဲ့
စတုတ္ထသားနဲ့ လက်မထပ်ချင်ဘူး၊ အဲအစား သေလိုက်တာမှ ကောင်းသေးတယ်။"
သခင်ကြီးဝူက အေးစက်စွာ ခနဲ့ခဲ့သည်။ "မင်းမှာ ဒီလိုပြောခွင့်မရှိဘူး၊
ဒီထောင်ချောက်ထဲကျတာ မင်းတုံးအလို့ဖြစ်တာ၊ ကိုယ်စိုက်ပျိုးတာကို ကိုယ်ရိတ်သိမ်းရမှာပဲ။"
သူအခု သူမကို လည်ပင်းညှစ်သတ်ပစ်ချင်နေပေမယ့် ဘာမှ မတတ်နိုင်ပေ။
သူ့သမီး သေသွားပါက ဝူမိသားစုရဲ့ ဂုဏ်သတင်းက ပိုဆိုးလာမည်ဖြစ်သည်။
ဝူရှီရှီက မေ့လဲမတတ် အော်ငိုနေခဲ့သည်။
သခင်ကြီးဝူ ထွက်သွားပြီးနောက် ဝူမိသားစုက အိမ်ထောင်မပြုရသေးသည့်
အမျိုးသမီးတွေက သူမရဲ့ အခန်းတံခါးကို သွားခေါက်ကာ ဝင်သွားခဲ့သည်။
သူတို့က သူမရဲ့ဆံပင်ကို ဆောင့်ဆွဲ၊ ဆဲဆို၊ ရိုက်နှက်ကာ ဒေါသပုံချခဲ့သည်။
တစ်ဖက်က ရှစ်မိသားစုရဲ့ စတုတ္ထသားက ခြံထဲမှာ အစ်ကို၊ အဖေဖြစ်သူနှင့်
အတူထိုင်ကာ အရက်သောက် မြေပဲ စားနေခဲ့သည်။
သူတို့အလွန် စိတ်လွတ်ပေါ့ပါးနေသည်။
ထို့နောက် တံခါးခေါက်သံကြားလိုက်ရလေသည်။
တံခါးဖွင့်လိုက်တော့ ရှစ်ချင်းလျို့က ရှောင်ဟန်ကျန့်ဖြင့် ကျေနပ်အားရစွာ
ပြုံးပြီးဝင်လာခဲ့သည်။
ရှစ်မိသားစုရဲ့စတုတ္ထသားရဲ့ မူလက အပြုံးမျက်နှာက တောင့်တင်းသွားခဲ့သည်။
ဒီအယုတ်တမာမရဲ့ အပြုံးက နည်းနည်း ကြက်သီးထစရာကောင်းသည်ဟု သူခံစားနေရသည်။