အပိုင်း(၁၃၅) - လာပါ၊ လုပ်စမ်းပါ
ရှစ်သခင်မကြီးနှင့်တခြားလူတွေက ရှစ်ချင်းလျို့နှင့် ရှောင်ဟန်ကျန့်ကို
တွေ့လိုက်တော့ မြောက်ကြွမြောက်ကြွ မလုပ်နိုင်တော့ပေ။
သို့ပေမယ့် ရှစ်ချင်းလျို့ကတော့ အခုမှ အိမ်ပြန်လာသလို ပြုမူနေသည်။
သူမက ရှောင်ဟန်ကျန့်ကို အလွန်ပျူငှာဟန်ဖြင့် ရှောင်ဟန်ကျန့်ကို
ဆွဲထိုင်လိုက်သည်။
စားပွဲပေါ်က အရက်နှင့်မြေပဲတွေကိုကြည့်ကာ သူမက ပြောခဲ့သည်။
"ရှင်တို့တွေ မကြာခင်ရက်တွေတုန်းက ကောင်းကောင်း နေထိုင်နေကြတာပဲ။"
ရှစ်မိသားစုရဲ့ စတုတ္ထသားက မလုံမလဲ ပြုံးခဲ့သည်။ "ဒီနေ့ပါပဲ။"
ဒါက အမှန်ဖြစ်သည်။
သူက သူ့ပညာသင်စရိတ်အတွက် အများကြီး သုံးခဲ့ရသည်။
ရှစ်မိသားစုရဲ့ ငွေအများစုကို သူ့ပညာရေးအတွက် သုံးခဲ့ရသည်။
ပုံမှန်အချိန်ဆိုရင် အိမ်မှာ ဆင်းဆင်းရဲရဲသာစားရသည်။
တစ်ခါတစ်ရံမှ အဟာရပြည့် အစားအစာတွေစားပြီး အရက်နှင့် မြေပဲလှော်
စားကြသည်။
အော် ဟုတ်သား အယုတ်တမာမလေး အိမ်မှာရှိတုန်းကတော့ သူမက အတင်းအကြပ်
နေ့တိုင်း အသားဝယ်ခိုင်းခဲ့သည်။
ထိုနေ့ရက်တွေတုန်းက ရှစ်မိသားစုရဲ့ ဟင်းအကောင်းဆုံး နေ့ရက်တွေ
ဖြစ်သည်။
သူတို့ မစားရဘဲ အကုန်လုံး အယုတ်တမာမရဲ့ ပါးစပ်ထဲပဲ ရောက်ကုန်တာတော့
နှမြောဖို့ကောင်းသည်။
ရှစ်ချင်းလျို့က သူ့ကို ခပ်ဖွဖွပြုံးကာ ကြည့်ခဲ့သည်။
"ဂုဏ်ပြုပွဲတောင် လုပ်နေပြီလား။"
သူမ အပြုံးနောက်က မကောင်းသည့် ခံစားချက်ကို ရှစ်မိသားစုရဲ့
စတုတ္ထသားက ခံစားနေမိသည်။ "မင်းတို့ နှစ်ယောက်က ဘာလာလုပ်တာလဲ။"
ဒီနှစ်ယောက်ကို ကိုင်တွယ်ဖြေရှင်းရမှာ သူ တကယ် ကြောက်သည်။
ရှစ်ချင်းလျို့က အင်္ကျီလက်ထဲက နွယ်ပင်တွေဖြင့် လုပ်ထားသည့်
ကြာပွတ်ကို ထုတ်လိုက်သည်။
ရှစ်မိသားစုက ချက်ချင်း ခေါင်းပုဝင်ကုန်လေသည်။
ရှစ်ချင်းလျို့ရဲ့ မူလက ပြုံးနေသည့် မျက်နှာက မည်းမှောင်နေပြီး
ရှစ်မိသားစုရဲ့ စတုတ္ထသားကို ကြာပွတ်ဖြင့်ညွှန်ကာ ပြောခဲ့သည်။ "ဒီနေ့ ရှင်ကများ
ကျွန်မ ယောက်ျားကို ဆွဲခေါ်သွားရဲသေးတယ်၊ ဘာပဲဖြစ်ဖြစ် ကျွန်မတို့ ဒီကိစ္စကို ရှင်းရမှာပဲ။"
ရှစ်မိသားစုရဲ့စတုတ္ထသားက ချက်ချင်းထပြီး ရှစ်သခင်မကြီးရဲ့
နောက်ကို ဝင်ပုန်းခဲ့သည်။ "ဝူမိသားစုက လုပ်ခိုင်းတာလေ။"
သူက ထပ်ပြောခဲ့သည်။ "မင်းယောက်ျားကို ငါ အဲမိန်းမနဲ့ မအိပ်ခိုင်းခဲ့ဘူးလေ။"
ရှစ်ချင်းလျို့က အေးစက်စွာ ခနဲ့ခဲ့သည်။ "ဒါက ကျွန်မ ယောက်ျားက
အာဏာကြီးပြီး ရှင့်အစီအစဥ်တွေ သိသွားလို့ မဟုတ်လား။"
သူမက မတ်တပ်ရပ်ပြီး မြေကြီးပေါ်မှာ ကြာပွတ်ကို ယမ်းနေသည်။
"ပြောပါဦး၊ ကျွန်မတို့ ဒီကိစ္စကို ဘယ်လိုဖြေရှင်းကြမလဲ။"
ကြာပွတ်က မြေကြီးကို ရိုက်ခတ်သံကိုကြားတော့ ရှစ်မိသားစုက ဦးရေပြားတွေ
ထုံကျဥ်နေလေသည်။
ဒီအယုတ်တမာမက အနိုင်ကျင့်နေတာပဲဟု သူတို့က တွေးနေလေသည်။
ရှစ်မိသားစုရဲ့ စတုတ္ထသားင သူအရင်က ကြာပွတ်ဖြင့်ရိုက်ခံရတုန်းက
ခံစားချက်ကို ပြန်အမှတ်ရပြီး ငိုချင်နေလေသည်။
သူက ထစ်ငေါ့စွာ ပြောလေသည်။ "မင်း... မင်း...ပြောလေ၊ ဘာလိုချင်တာလဲ။"
သူထပ် အရိုက်မခံချင်ပေ။
အရိုက်ခံရတာက နာကျင်ရုံတင်မကဘဲ မျက်နှာနှင့် လက်တွေမှာပါ အမာရွတ်တွေ
ကျန်ခဲ့သည်။
မနက်ဖြန်ကျရင် ဝူမိသားစုဆီ မင်္ဂလာပွဲဆွေးနွေးဖို့ သူသွားရဦးမည်ဖြစ်သည်။
ရှစ်ချင်းလျို့က မျက်ခုံးပင့်ခဲ့သည်။ "ရှင်တို့တွေ နာခံရင်
ဒီကိစ္စကို ဒီတိုင်းထားလိုက်မယ်။"
ရှစ်မိသားစုရဲ့ စတုတ္ထသားက ချက်ချင်းခေါင်းငြိမ့်ခဲ့သည်။
"ငါတို့ နာခံပါ့မယ်၊ နာခံပါ့မယ်။"
ရှစ်မိသားစုရဲ့ စတုတ္ထသားကလည်း သူ့သား ထပ်အရိုက်ခံရမှာ စိုးရိမ်နေသည်။
ဒီအယုတ်တမာမက တကယ့်ကို အကြင်နာကင်းမဲ့သည်။
"ဆက်ပြော ငါတို့ နားထောင်မယ်။"
ထိုအခါမှ ရှစ်ချင်းလျို့က ပြန်ထိုင်ခဲ့သည်။ "သခင်မကြီး
မနက်ဖြန်ကျရင် ရှင့်အဖိုးတန်သားနဲ့ လက်ထပ်ပွဲကမ်းလှမ်းဖို့ လိုက်သွား၊ သူ့ရဲ့ ဂုဏ်သိက္ခာနဲ့
ဖြူစင်မှုကို ဖျက်စီးလို့ ဝူမိသားစုကို နစ်နာကြေးတောင်း၊ မင်္ဂလာပွဲအတွက် ငွေ ၂ပြားနဲ့
တောင်းရမ်းပြီး ဝူမိသားစုဆီက တင်သွင်းပစ္စည်းအဖြစ် ငွေပြား ၁၀၀၀ တောင်းချေ။"
သူမ ပြောလိုက်သည့်အချိန်မှာ ရှစ်မိသားစုက ကြက်သေ သေသွားခဲ့သည်။
"ဘာ။"
ရှစ်မိသားစုရဲ့ စတုတ္ထသားက ပြောခဲ့သည်။ "ငွေ ၂ပြားက မနည်းဘူးလား၊
ပြီးတော့ ဝူမိသားစုက တင်သွင်းပစ္စည်းအဖြစ် ဘာလို့ ငွေပြား ၁၀၀၀ ပေးရတာလဲ။"
ရှစ်ချင်းလျို့က ရှစ်မိသားစုရဲ့ စတုတ္ထသားကို အထင်သေးစွာ ကြည့်လိုက်သည်။
"ငတုံး၊ သူ့လို မသန့်စင်ဘဲ စျေးပေါတဲ့မိန်းမပျက်ကို ငွေ ၂ပြားနဲ့ တင်တောင်းတာတောင်
ဝူမိသားစုကို မြှောက်ပင့်လွန်းရာကျနေပြီ။"
တခြား အမျိုးသမီးတွေကိုဆိုရင်တော့ သူမက မိန်းမပျက်လို့ ခေါင်းစဥ်တပ်မည်
မဟုတ်ပေ။
သို့ပေမယ့် သူမယောက်ျားနှင့် အိပ်ရဖို့ အစီအစဥ်ချပြီး သူမ နေရာယူဖို့
သူမကိုတောင်သတ်ဖို့လုပ်သည့် ထိုအမျိုးသမီးကိုတော့ သူမ သည်းမခံနိုင်ပေ။
ရှစ်မိသားစုက ကြက်သေ သေနေခဲ့သည်။
ထိုအယုတ်တမာမက အကြင်နာမဲ့ရုံသာမက ပါးစပ်ကလည်း ကြမ်းတမ်းသည်။
ရှစ်မိသားစုရဲ့ စတုတ္ထသားက ဆွံ့အနေခဲ့သည်။ "သူက အဲလောက်စျေးမပေါပါဘူး
ဟုတ်တယ်မလား။"
ထိုသို့မေးလိုက်တော့ သူ့ရင်ထဲမှာ ပိုရွံသွားခဲ့သည်။
ရှစ်ချင်းလျို့က ပြောခဲ့သည်။ "သူက ရှင့်ကို အတင်းဖက်တွယ်နေတာကို
အမျိုးသားတွေ အများကြီး မြင်သွားခဲ့တယ်လေ၊ မိန်းမပျက် မဟုတ်ဘူးလား၊ ဝူမိသားစုက ငြင်းရင်
ကျွန်မပြောသလိုလုပ်ပြီး တင်တောင်းငွေ ၂ပြားပေးလိုက်။"
ရှစ်မိသားစုရဲ့ စတုတ္ထသားက ဒီအယုတ်တမာမက တကယ် နိုင့်ထက်စီးနင်းလုပ်တာကိုသိပြီး
သူက တံတွေးမျိုချလိုက်သည်။ "ဒါက ဝူမိသားစုကို အရှက်ခွဲတာမလား။"
ရှစ်ချင်းလျို့က သူ့ကို အကြံပြုဟန်ဖြင့် ကြည့်ခဲ့သည်။
"အခုတော့ သဘောပေါက်ပြီလား၊ ကျွန်မ လိုချင်တာလည်း ဝူမိသားစု အရှက်ကွဲတာပဲ၊ ဘယ်လိုထင်လဲ။"
ရှစ်မိသားစုရဲ့ စတုတ္ထသားက ဘာပြန်ပြောရမှန်း မသိ ဖြစ်နေသည်။
"ဒါဆို ငါတို့က ဘာလို့ ငွေပြား ၁၀၀၀ တောင်းရမှာလဲ။"
ဝူမိသားစုက သူနဲ့အကြွေးရှင်းချင်ဦးမည်ဟု သူခံစားနေရသည်။
သူတို့က ဒီလောက် ကြေးများသည့် တင်သွင်းငွေကို ပေးပါ့မလား။
သူ့မူလ အစီအစဥ်က မိန်းကလေးတစ်ယောက်ကို လက်ထပ်မှာ ဖြစ်ပြီး သူ့ရဲ့
တတိယအစ်ကို အကြံပြုသည့်အတိုင်း လုပ်မှာ ဖြစ်သည်။
ဝူရှီရှီကို သူမ မိဘအိမ်ကို ပြန်ခေါ်သွားပြီး ထွက်သွားပေးဖို့
ငြင်းဆန်မည်။
သူတို့ဆီကနေ တင်သွင်းငွေ အဲလောက် အများကြီး သူ တကယ် မလိုချင်ပေ။
ရှစ်ချင်းလျို့က ပြောခဲ့သည်။ "သူတို့ကို ခြိမ်းခြောက်ဖို့
ခြေကုပ်ကျားကုပ်လိုတယ်လေ၊ ကျွန်မ ယောက်ျားကို ဆေးခတ်ဖို့ သူတို့ ရှင့်ကိုခိုင်းခဲ့တယ်ဆိုတဲ့
အချက်ကိုသုံး၊ သူတို့သဘောမတူရင် စီရင်စုမြို့တရားရုံးကိုသွားပြီး တရားစွဲ။"
ရှစ်မိသားစုရဲ့ စတုတ္ထသား တုံ့ဆိုင်းနေတုန်းကို မြင်သည့်အခါ
သူမက ဆက်ပြောခဲ့သည်။ "ဒါ့အပြင် ဒီနေ့ကိစ္စမှာ ရှင့်ကိုယ်ရှင် အနိုင်ရသူလို့ ထင်နေတာလား၊
ကျွန်မ ယောက်ျားက သူ သောက်တဲ့ အရက်နဲ့ လက်ဖက်ရည်တွေ ဆေးခတ်ခံထားရတယ်ဆိုတာ အစကတည်းက
သိပြီးသား၊ တကယ်လို့ အဲထောင်ချောက်ထဲ ကျွန်မ ယောက်ျားသာ တကယ်ကျသွားရင်
သူတို့က ရှင့်ကို အပြစ်ပုံချမှာ၊ ဘာပဲဖြစ်ဖြစ် ဆေးက ရှင့်လက်ထဲကနေ လာတာပဲလေ။"
ရှစ်ချင်းလျို့က လေးလေးနက်နက် တွေးနေသည့် ရှစ်မိသားစုရဲ့ စတုတ္ထသားကို
ကြည့်ကာ ဆက်ပြောလိုက်သည်။ "ဒီကိစ္စသာ ပေါ်သွားရင် ကျွန်မ ယောက်ျား၊ ကျွန်မ ယောက်ျားရဲ့
ဆရာနဲ့ ကျွန်မက ရှင့်ကို အလွတ်ပေးမယ် ထင်နေတာလား၊ ရှင့်ကို နယ်စပ်ပို့ပစ်ပြီး ရှင့်ဘဝ
အဆုံးသတ် သွားစေလိမ့်မယ်။"
ရှစ်မိသားစုရဲ့ စတုတ္ထသားက ဒီကိစ္စကို တစ်ခါမှ မတွေးဖူးပေ။
သူမ ပြောမှပဲ အရိုးထဲထိ စိမ့်သွားခဲ့လေသည်။
သူသာ ဒီနေ့ အစီအစဥ်ကိုပြောင်းပြီး ရှောင်ဟန်ကျန့်လည်း ရှာတွေ့တာမျိုး
မရှိခဲ့ပါက ဒီကိစ္စတွေ ပေါ်သွားသည့်အခါ သူမ ပြောသည့်အတိုင်း အဆုံးသတ်သွားနိုင်သည်။
သူ့မျက်နှာက ပိုမည်းမှောင်သွားပြီး အံကြိတ်ကာပြောလိုက်သည်။
"ဝူမိသားစုက တကယ် မလိုမုန်းထားစိတ်ရှိတာပဲ။"
သူ့ကို အပြစ်ပုံချထိုးကျွေးဖို့ သူတို့စီစဥ်ထားတာ ဖြစ်သည်။
အလွန်ကို ရွံရှာမုန်းတီးဖို့ကောင်းသည်။
ရှစ်ချင်းလျို့ကမေးလိုက်သည်။ "ဒီတော့ တင်တောင်းငွေ၂ပြားက
နည်းတယ်လို့ထင်လား။"
ရှစ်မိသားစုရဲ့ စတုတ္ထသားရဲ့ မျက်နှာက အေးစက်နေသည်။ "မဟုတ်တာ၊
အဲမိန်းမပျက်က ငွေ၂ပြားတောင် တန်လို့လား။"
ထိုမိန်းမရဲ့ အသောက်အစား ပျော်ပါးမှုကို အမျိုးသား အများစု
မြင်သွားခဲ့တာကိုတွေးမိတော့ သူ ပိုရွံရှာသွားခဲ့သည်။
ရှစ်ချင်းလျို့က ထပ်မေးခဲ့သည်။ "လျော်ကြေးအနေနဲ့ ခန်းဝင်ကြေး
ငွေ ၁၀၀၀ကကော များတယ်လို့ ထင်သေးလား။"
ရှစ်မိသားစုရဲ့ စတုတ္ထသားက အံကြိတ်လိုက်သည်။ "မဟုတ်တာ၊
မများဘူး။"
အယုတ်တမာမရဲ့ စကားအရ သူ့ဘဝကို ငွေပြား ၁၀၀၀ဖြင့် လဲရတာ ဖြစ်သည်။
ရှစ်သခင်မကြီးကလည်း ဒေါသထွက်နေခဲ့သည်။ "ဝူမိသားစုကတော့
တော်တော်လွန်သွားပြီ။"
"သခင်မကြီး မနက်ဖြန်ကျရင် ချွေးမတွေကော ခေါ်သွား၊ ဝူမိသားစုကို
တောင်းဆိုတာတွေ သူတို့ဘက်က မလိုက်လျောရင် အိမ်တံခါးနား ထွက်ပြီး ထိုင်ငိုပစ်၊ ဝူမိသားစုက
အနိုင်ကျင့်နေပါတယ်ဆိုပြီး အော်ငိုလို့ ရတယ်၊ ဝူမိသားစုက စျေးပေါတဲ့ သမီးကို လက်ထပ်မှာကိုတောင်
သူတို့က အထက်စီးဆန်နေတုန်းပဲလို့လည်း ပြောလို့ရတယ်၊ အကျိုးအကြောင်းမသင့်တာတွေကို လုပ်တဲ့နေရာမှာ
ရှင်က တော်ပြီးသားပဲလေ။"
ထို့နောက် သူမက အဓိပ္ပာယ်ပါပါ အကြံပြုခဲ့သည်။ "ဝူမိသားစုဆီက
ငွေပြား ၁၀၀၀ ယူနိုင်မလား၊ ရှေ့လျှောက် ဝူမိသားစုဆီက အမြတ်သွားထုတ်နိုင်မလားဆိုတဲ့အဖြေက
မနက်ဖြန်အပေါ် မူတည်တယ်၊ ဘာပဲဖြစ်ဖြစ် သက်သေက ရှင်တို့လက်ထဲမှာမလို့ ဘာမှ ကြောက်စရာ
မလိုဘူး၊ သွားလုပ်ပစ်။"
ဝူမိသားစုက သူမ ခင်ပွန်းကို အကောက်ကြံချင်တာမလား။ ဝူမိသားစုက
သူမ ခင်ပွန်းရဲ့ ဂုဏ်သတင်းကို ထိခိုက်စေချင်တာမလား။
လာလေ လုပ်စမ်းပါ။
ထိုအချိန်မှာ ရှစ်သခင်မကြီးနှင့် တခြားလူတွေရဲ့စိတ်ထဲမှာ ငွေ
၁၀၀၀နှင့် ဝူမိသားစုကို ဘယ်လိုအမြတ်ထုတ်ရမလဲဆိုတာတွေသာ တွေးနေလေသည်။
အမျိုးသမီးနျိုက ဂနာမငြိမ်ဖြစ်နေသည်။ "အမေ ကျွန်မတို့က
ဒေါသပေါက်ကွဲတဲ့နေရာမှာ တော်တာပဲ၊ မနက်ဖြန် သွားရအောင်။"
ရှစ်မိသားစုရဲ့ တခြားချွေးမတွေကလည်း ဝင်ပြောခဲ့သည်။ "အမေ
ငွေ၁၀၀၀ အတွက်ပဲကို။"
ရှစ်သခင်မကြီးက မျက်လုံးမှေးကျဥ်းကာ လက်ခါယမ်းပြလိုက်သည်။
"ကောင်းပြီ။ ငါတို့ မနက်ဖြန် သွားကြမယ်။"
သူတို့ဆီမှာ သက်သေရှိနေမှတော့ ဘာကိုကြောက်ရမည်နည်း။
ရှစ်ချင်းလျို့က တိုက်တွန်းခဲ့သည်။ "ဝူမိသားစုက အလျှော့မပေးရင်
ပြဿနာ အကြီးကြီးရှာနော်၊ ပြီးတော့ နည်းလမ်းကျရမယ်၊ ဘယ်သူက ဖြူစင်မှုတွေဆုံးရှုံးပြီး
စျေးပေါတဲ့ မိန်းမပျက်ကို လက်ထပ်ဖို့ ဖိအားပေးခံရတာလဲ၊ အဲ့တာ ကျွန်မရဲ့
နံပါတ်လေး ဦးလေးလေ၊ သူကသာ နစ်နာသူ၊ ဝူမိသားစုက တင်သွင်းငွေနဲ့ လျော်ကြေးပေးရတာ ဘာမှားလို့လဲ၊
ဒါက သူတို့မျှော်လင့်ပြီးသား မဟုတ်လား။"
"ဒါပေါ့ သူတို့ မျှော်လင့်ပြီးသားလေ။"
ရှစ်သခင်မကြီးက ထိုစကားကိုကြားတော့ မှန်ကန်ကြောင်း ခံစားလိုက်ရသည်။
သူမ မျက်နှာထက်မှာ ဒေါသထွက်ဟန်တွေ ပေါ်လာခဲ့သည်။ မနက်ဖြန် သွားပြီးတော့ကို
ဒေါသပေါက်ကွဲရမယ်။ ဟမ့်။
သူမသားက စျေးပေါသည့် မိန်းမကို လက်ထပ်ယူရတာကြောင့် အများကြီး
ဆုံးရှုံးနစ်နာကြောင်း ခံစားနေရသည်။
ဝူမိသားစုက ဘာကြောင့် သူမ၏ သားဖြစ်သူကို အထင်သေးရမည်နည်း။
သူမသားရဲ့ ဖြူစင်မှုတွေက ဖျက်စီးခံလိုက်ရသည်။
ဝူမိသားစုဘက်က အလျော်ပေးရမှာက မှန်ကန်သည့် အချက် ဖြစ်သည်။