အပိုင်း (၉၉)
Viewers 31k

Part 99


စုန့်ထင်ရှန်းက ယွမ်ရှ စိတ်ဆိုးမသွားသည်ကို မြင်မှ သူ့စကားကို ထပ်ဆက်လိုက်သည်။


"ဒါပေါ့ မင်းက စတင်တဲ့အချိန်မှာ ကြုံလာရမယ့် အခက်ခဲတွေကို ကြံ့ကြံ့ခံနိုင်ပြီး အလုပ်ကို ကြိုးစားလုပ်မယ်ဆိုရင်တော့ အသက်အရွယ်တစ်ခုမှ အောင်မြင်တဲ့ အသက်မွေးဝမ်းကြောင်းအလုပ်အကိုင်တစ်ခုကို ရနိုင်ပါတယ်..."


သူမသာ အခက်အခဲများကို ကြံ့ကြံ့ခံနိုင်သည့် သူမျိုးဖြစ်ပါက ထိုအချိန်က စုန့်ထင်ရှန်းကို လွတ်မြောက်ရန်အတွက် ကပ်တွယ်ခဲ့လိမ့်မည်မဟုတ်ပေ။


စုန့်ထင်ရှန်းက ထိုအကြောင်းကို ဆက်မပြောတော့သော်လည်း သူတို့နှစ်ယောက်စလုံး စိတ်ထဲမှ သိနေပေသည်။


"မင်းက မုန့်ဖုတ်တာကို စိတ်ဝင်စားတယ်ဆိုမှတော့ ဘာလို့ ကိုယ့်ဘာသာကိုယ် ဆိုင်ဖွင့်ပြီး သူဌေးပဲ လုပ်မနေတာလဲ..."


စုန့်ထင်ရှန်း ခဏမျှ ရပ်လိုက်ပြီးနောက် ဆက်ပြောလိုက်သည်။


"တကယ်လို့ မင်းအလုပ်တစ်ခုခုကို အစလုပ်ချင်တယ်ဆိုရင်တော့ ကုမ္ပဏီအသေးလေးတစ်ခုဖွင့်တာမျိုး ဒါမှမဟုတ် စတိုးဆိုင်တစ်ဆိုင် ဖွင့်ပြီးတော့ သူဌေးလုပ်တာမျိုးကိုပဲ အကြံပြုချင်တယ် ဒါပေမယ့် မင်းဘယ်နပယ်ကိုပဲလုပ်ကိုင်ချင်ချင် သေသေချာချာ နားလည်ထားဖို့တော့လိုအပ်တယ် ဒါမှမဟုတ်ရင်တော့ မင်းလွယ်လွယ်လေး အလိမ်ခံရလိမ့်မယ်..."


ယွမ်ရှ၏ မျက်ဝန်းများ တောက်ပသွားပြီး မေးခွန်းတစ်ခုမေးလိုက်သည်။


"တကယ်လို့ ကျွန်မပိုက်ဆံတွေ ဆုံးရှုံးသွားမယ်ဆိုရင်ကော ဘယ်လိုလုပ်မလဲ ..."


ယွမ်ရှက သူမလို လူတစ်ယောက်သည် စီးပွားရေးလုပ်ငန်း ဦးစီးလုပ်ကိုင်ရန် မသင့်တော်ဟု အမြဲတမ်းခံစားမိသည်။


စုန့်ထင်ရှန်းတစ်ယောက် သူမ၏ စကားကို ရယ်ချင်သွားပုံပေါ်လေသည်။သူ့၏ မျက်ဝန်းများတွင် အပြုံးရိပ်များထင်ဟပ်နေပြီး ပြန်ဖြေလိုက်သည်။


"အလုပ်တစ်ခု စတဲ့အချိန်မှာ ဆုံးရှုံးမှု မရှိဘူးလို့ဘယ်သူမှ အာမမခံနိုင်ဘူးလေ မင်းစိတ်ဝင်စားတယ်ဆိုမှတော့ကြိုးစားကြည့်သင့်တာပေါ့..."


ထိုကဲ့သို့ အရေးပါလှသည့် အားပေးထောက်ခံမှုကြီးကို ကြားလိုက်ရပြီးနောက် ယွမ်ရှတွင် စိုးရိမ်ပူပန်မှု လုံးဝ မရှိတော့ပေ။ပြောရမည်ဆိုလျှင် ယခုလက်ရှိ၌ သူမတွင် ငွေပြတ်လပ်ခြင်းလည်းမရှိလေရာ ပျော်ပျော်ကြီးခေါင်းငြိမ့်လိုက်လေ၏။


"ကောင်းပြီ ကျွန်မ အဲ့ဒီလမ်းကြောင်းဘက်ကိုပဲ အချိန်ယူပြီးတော့ စဉ်းစားကြည့်လိုက်မယ်..."


သူမ ငယ်စဉ် ကလေးဘဝထဲက အိပ်မက်မှာစတိုးဆိုင်တစ်ခု ဖွင့်ရန်ဖြစ်သည်။သို့သော်လည်း နှစ်များ ပြောင်းလဲလာသည်နှင့်အမျှ စတိုးဆိုင်တွင်ရောင်းချမည့် ပစ္စည်းကတော့ ပြောင်းလဲလာလေသည်။


ပထမဆုံး ပန်းဆိုင်ဖွင့်ချင်ရာမှ နို့လက်ဖတ်ရည်ဆိုင် ထို့နောက် စာအုပ်ဆိုင် စသည်ဖြင့် ...


"တကယ်လို့ မင်းတစ်ခုခု လိုအပ်တာရှိရင်လည်း အားမနာပဲ ကိုယ့်ကိုပြောလို့ရတယ် ..."


စုန့်ထင်ရှန်း ထပ်ပြောလိုက်သည်။


ရှားရှားပါးပါး စကားမပြောပဲ တိတ်ဆိတ်နေသော ဝမ်လေးက အလျင်စလိုပင် ဝင်ပြောလာလေသည်။


"မားမား ပေါင်ပေါင်ဆီကလည်း အကူအညီတောင်းလို့ရတယ် ပေါင်ပေါင်မှာ နှစ်သစ်ကူးတုန်းက ရထားတဲ့ ပိုက်ဆံတွေရှိတယ်..."


"အိုး သားမှာ နှစ်သစ်ကူးတုန်းက ပိုက်ဆံတွေရှိတယ်လား ..."


ယွမ်ရှ၏ အာရုံက ချက်ချင်းပင်ပြောင်းလဲသွားပြီး ပေါက်စီလုံးလေးကို စနောက်လိုက်သည်။


"ဘယ်လောက်တောင်ရှိတာလဲ ဘယ်မှာလဲပြောပါဦး..."


ကလေးလေးက ဂုဏ်ယူဝင့်ကြွားစွာဖြင့်ပင် သူ့ပါးပါး၏ လက်ကို လွှဲယမ်းရင်းပြောလိုက်သည်။


"ပါးပါး သားနှစ်သစ်ကူးတုန်းက ရထားတဲ့ ပိုက်ဆံတွေရှိတယ်မဟုတ်လား ဘယ်လောက်လဲဆိုတာကို မားမားကို ပြောပြလိုက်..."


စုန့်ထင်ရှန်း ချောင်းအနည်းငယ်ဟန့်လိုက်ပြီးမှ ယွမ်ရှကိုကြည့်ကာပြောပြလိုက်သည်။


"သူအသက်တစ်နှစ်ထဲက သူ့အတွက် ဘဏ်အကောင့်တစ်ခုဖွင့်ပေးထားတာ နှစ်သစ်ကူးတိုင်း အဖိုးအဖွားစီကနဲ့ ကိုယ့်သူငယ်ချင်းတွေစီကရတဲ့ စာအိတ်လေးတွေကို ဘဏ်ထဲထည့်ထားပေးတာလေ...အဲ့ဒီအကြောင်း သူ့က်ို တခါပြောပြဖူးတာအခုထိ မှတ်မိနေလိမ့်ဦးမယ်လို့ မထင်ထားဘူး..."


ကြည့်ရသည်မှာ ထိုကလေးလေးက သူပိုင်ဆိုင်သော ပစ္စည်းများနှင့် ပတ်သတ်၍ အလွန်သတိရှိပုံ ပေါ်လေသည်။


"ပါးပါး အဲ့ဒီပိုက်ဆံတွေအားလုံးက်ို မားမားကိုပေးလိုက်...သားလည်းသုံးစရာမလ်ိုဘူးလေ..."


ယွမ်ရှကလည်း ကလေး၏ ကမ်းလှမ်းချက်ကို ပျော်ပျော်ရွှင်ရွှင်ပင် လက်ခံလိုက်သည်။


"ကောင်းပြီလေ အခု သားပြောတဲ့ စကားတွေကို မှတ်ထားနော် ကြီးလာမှ အော်ဟစ်ငိုယိုပြီး ပြန်တောင်းမယ်ဆိုရင်တော့မားမားက တစ်ကျပ်မှ ပြန်ပေးမှာ မဟုတ်ဘူး..."


...


သူတို့၌ ကလေးတစ်ယောက်ရှိနေပြီဖြစ်သောကြောင့် စုန့်ထင်ရှန်းက ရိုမန့်တစ်ဆန်လှသော ပြင်သစ်စားသောက်ဆိုင်တစ်ခုတွင် ညစာမှာထားခြင်းမျိုး ပြုလုပ်မည်မဟုတ်ပေ။သူက စားသောက်ဆိုင်တစ်ဆိုင်ရှိ သီးသန့်ခန်းတစ်ခုကိုသာ မှာယူထားလိုက်သည်။


၎င်းက နာမည်ကောင်းရှ်ိသော အဆင်မြင့် စားသောက်ဆိုင်တစ်ဆိုင်ဖြစ်သည်။


အကယ်၍ မင်းမှာ ပိုက်ဆံရှိနေရင်တောင် သွားချင်တိုင်းသွားလို့မရဘူး...


ထိုစားသောက်ဆိုင်တွင် စားသောက်ရန်အတွက် အချိန်ကြိုယူပြီး ဘိုကင်တင်ရလေသည်။စားသောက်ဆိုင်တွင် တစ်နေ့ကို စားသုံးသူ အရေအတွက် အကန့်အသတ်ဖြင့်သာ လက်ခံခြင်းဖြစ်သည်။


ယွမ်ရှ ကားထဲမှ ထွက်လိုက်ပြီးနောက် သူမ၏ စက္ကူအိတ်ကို မမေ့မလျော့ ယူဆောင်လာလေသည်။သူမတို့ စားပွဲထိုးလေး၏ လမ်းပြမှုနောက်မှ လိုက်၍ သီးသန့်ခန်းထဲသို့ ရောက်လာခဲ့သည်။


ယွမ်ရှ နေ့လည်ထဲကပြုလုပ်ထားခဲ့သော ၆လက်မ အရွယ်ကိတ်မုန့်လေးကို ထုတ်ယူလိုက်သည်။


"ကျွန်မအချိန်ကလည်း အလျင်လိုနေသလို ကျွန်မစွမ်းဆောင်ရည်ကလည်း အကန့်အသတ်နဲ့ရှိတယ်လေ...ဒါကြောင့်မို့ အရမ်းအံ့အားသင့်စရာကောင်းတဲ့ ကိတ်မုန့်မျိုးတော့ မလုပ်နိုင်ခဲ့ဘူး..."


ယွမ်ရှ စုန့်ထင်ရှန်းကို တစ်ချက်ကြည့်၍ ဆက်ပြောလိုက်သည်။


"ပျော်ရွှင်စရာမွေးနေ့လေးဖြစ်ပါစေ..."


စုန့်ထင်ရှန်း၏ မျက်နာပေါ်တွင် အံ့အားသင့်မှုက အထင်းသားပေါ်လွင်နေလေသည်။


ဒီနေ့သည် သူ့၏ မွေးနေ့မှန်း ယွမ်ရှဘယ်လိုသိလာခဲ့သလဲ သူတွေးမရပေ။