အပိုင်း ၁၅၂
Viewers 14k

 

 

အခန်း(၁၅၂) - ရှောင်ဟန်ကျန့် ကိုယ်စား အပြစ်ခံယူခြင်း

 

ကောချွန်းရု နိုးလာတော့ ရှောင်ယွမ်ရှစ်က သူမရဲ့ အိပ်ရာဘေးမှာ ထိုင်နေတာကို တွေ့လိုက်ရသည်။

 

သူမက အမြန်ထလိုက်ပေမယ့် ရှောင်ယွမ်ရှစ်က ဖက်ကာ တားမြစ်ခဲ့သည်။ "မင်းက ကိုယ်ဝန်ပျက်ကျနိုင်ခြေရှိတယ်လို့ ဆေးဆရာက ပြောတယ်၊ သတိထားဦး။"

 

ထိုစကားကြားတော့ ကောချွန်းရုက ကြက်သေသေသွားခဲ့သည်။ "ဘာ၊ ကျွန်မမှာ ကိုယ်ဝန်ရှိနေတယ်လို့ ပြောတာလား။"

 

အရင်တုန်းက အမျိုးသမီးခုန်ကို ကိုယ်လုပ်တော်အဖြစ် ရာထူးချအောင် ရှောင်ယွမ်ရှစ်ကို လုံလောက်သည့် ဆင်ခြေပေးနိုင်ရန်အတွက် ဗိုက်ထဲက သန္ဓေသားကို အသုံးချခဲ့သည်။

 

သို့ပေမယ့် ကိုယ်ဝန် ဖျက်ချပြီးနောက် ကြေကွဲကာ သူမက အမျိုးသမီးခုန်ကို ပိုမုန်းခဲ့သည်။

 

နောင်တတော့ မရခဲ့ပေ။

 

ထိုမတော်တဆမှုကြောင့်သာ မဟုတ်ရင် သူမက ရှောင်ယွမ်ရှစ်ရဲ့ တရားဝင်ဇနီး ဖြစ်လာမည် မဟုတ်ပေ။

 

သူမ မျှော်လင့်ထားသလို ဖြစ်လာတော့ သူမက အလွန်အံ့သြခဲ့သည်။

 

ရှောင်ယွမ်ရှစ်က ကောချွန်းရုရဲ့ ဗိုက်ကို နူးညံ့စွာ ကြည့်ခဲ့သည်။ "ကိုယ်တို့ ကလေးရှိတော့မယ်။"

 

သူက ကလေးရဖို့ မျှော်လင့်နေခဲ့တာဖြစ်သည်။

 

ကောချွန်းရုက အစက သာယာကြည်နူးနေပေမယ့် နောက်တော့ အမူအရာက ချက်ချင်း ပြောင်းသွားခဲ့သည်။

 

သူက ရှောင်ယွမ်ရှစ်ကို ဆွဲကာ မေးခဲ့သည်။ "စစ်သူကြီး စောနက ကျွန်မ အိပ်မက် မက်နေတာလား၊ ကျွန်မ မောင်လေး ခြေထောက်ဖြတ်ခံရတယ်လို့ အစေခံမလေး လာပြောတယ်လို့ မက်ခဲ့တယ်၊ အဲ့တာ အမှန် မဟုတ်ဘူးမလား။"

 

ရှောင်ယွမ်ရှစ်က အသံတိတ်နေပြီး သူ့ဇနီးကို အမှန်တိုင်း ပြောသင့် မပြောသင့် စဥ်းစားနေခဲ့သည်။

 

ဆေးဆရာက သူမ ထိတ်လန့်စရာနှင့် ကြုံပါက သန္ဓေသားလောင်းရဲ့ အခြေအနေ မတည်မငြိမ် ဖြစ်နိုင်ကြောင်း ပြောခဲ့သည်။

 

သို့ပေမယ့်လည်း သူအသံတိတ်နေသည်နှင့်  ကောချွန်းရုက သူ့အကြောင်း ကောင်းကောင်းသိသည်။

 

"ဘယ်မှာလဲ၊ ကျွန်မ မောင်လေး ဘယ်မှာလဲ။" သူမက စိုးရိမ်စွာဖြင့် ရှောင်ယွမ်ရှစ်ရဲ့ အင်္ကျီလက်ကို ဆွဲကာ မေးခဲ့သည်။

 

ရှောင်ယွမ်ရှစ်က သက်ပြင်းချခဲ့သည်။ "သမားတော်နဲ့ သူ့ဒဏ်ရာကို ပတ်တီးပတ်ခိုင်းထားတယ်၊ ဆေးသောက်ပြီး အိပ်ပျော်နေပြီ။"

 

စောနက သူ့ယောက်ဖက နာကျင်မှုကြောင့် အော်ဟစ်နေတာကြောင့် သမားတော်ဖြင့် မေ့ဆေး ပေးခိုင်းခဲ့ရသည်။

 

ကောချွန်းရုက စောင်ကို ဖယ်လိုက်သည်။ "သူ့ကိုသွားတွေ့မယ်။"

 

သူ့ဇနီးက မောင်ဖြစ်သူကို သိပ်တန်ဖိုးထားတာသိတော့ ရှောင်ယွမ်ရှစ်က သူမကို တွဲပေးခဲ့သည်။ "ကိုယ်ခေါ်သွားပေးမယ်။"

 

သူတို့နှစ်ယောက်က ကောချွန်းယီရဲ့ အဆောင်ကို သွားခဲ့ကြသည်။

 

အခန်းထဲ ဝင်လိုက်သည်နှင့် ကောချွန်းယီရဲ့ သွေးနံ့တွေကို ရနေသည်။

 

သူမ မောင်လေးက ဖြူဖျော့စွာ အိပ်ရာထဲ လဲနေတာတွေ့တော့ ကောချွန်းရုရဲ့ ရင်ဘတ်ကြီး နာကျင်သွားကာ မျက်ရည်ဝဲခဲ့သည်။

 

သူမက လက်တုန်တုန်ယင်ယင်ဖြင့် စောင်ကိုဖယ်လိုက်တော့ မောင်ဖြစ်သူရဲ့ ဘယ်ဖက်ခြေထောက် မရှိတော့တာကို တွေ့လိုက်ရလေသည်။

 

ခြေထောက်ကို စည်းထားပေးသည့် အဝတ်က သွေးတွေ စွန်းထင်းနေခဲ့သည်။

 

"အား။" သူမက ဒေါသထွက်စွာ အော်ဟစ်ခဲ့လေသည်။

 

ရှောင်ယွမ်ရှစ်က ချက်ချင်း ရှေ့တိုးကာ သူမကို ဖက်ခဲ့သည်။ "တော်ဝင်သမားတော်က သူအဆင်ပြေသွားလိမ့်မယ်လို့ ပြောပါတယ်။"

 

ကောချွန်းရုက မျက်ရည်တွေပြည့်နေသည့် မျက်နှာဖြင့် သူ့ကို လှည့်ကြည့်ခဲ့သည်။ "အဆင်ပြေသွားမယ် ဟုတ်လား၊ သူ့ခြေထောက်က သူများဖြတ်တာခံလိုက်ရတာ၊ ဒါကို အဆင်ပြေတယ်လို့ ခေါ်တာလား၊ ဘယ်သူလုပ်ခဲ့တာလဲ၊ ပြောစမ်းပါ၊ ဘယ်သူလုပ်ခဲ့တာလည်းဆိုတာ ကျွန်မကို ပြောစမ်းပါ။" သူမက ရူးမတတ် ဖြစ်နေသည်။

 

အရင်မင်းဆက်တုန်းက ကောမိသားစုက အဆင့်အတန်းမြင့်မြင့် နေခဲ့ရပေမယ့် စစ်ဖြစ်ပြီးနောက်တော့ အလှမ်းဝေးသည့် ကျေးရွာမှာ နေခဲ့ရလေသည်။

 

သူမက ကျေးရွာမှာ မွေးခဲ့ပေမယ့် သူမ အဖေပြောပြသည့် သူတို့မိသားစုရဲ့ ကြီးကျယ်ခမ်းနားခဲ့သည့် အချိန်တွေကို အမြဲကြားခဲ့ရသည်။

 

ထို့ကြောင့် သူမ အဖေက စစ်မြေပြင်က အောင်မြင်မှုကို အသုံးချပြီး အမြင့်ပြန်တက်ဖို့ ဆုံးဖြတ်ခဲ့ပေမယ့် ကံဆိုးစွာဖြင့် သေဆုံးသွားခဲ့သည်။

 

သူ့အဖေ စစ်မြေပြင်ကို မထွက်ခင်က သူမ အဖေက သူမ လက်ကိုဆွဲကာ မောင်ဖြစ်သူကို ကောင်းကောင်း စောင့်ရှောက်ဖို့ မှာကြားခဲ့သည်။

 

သူမက မောင်ဖြစ်သူနှင့် ကောမိသားစုကို ပိုကြွယ်ဝချမ်းသာလာအောင် လုပ်ဆောင်စေသင့်တာ ဖြစ်သည်။

 

ကျန်သည့် ကောမိသားစုဝင်တွေက စစ်ပွဲနှင့် ပဋိပက္ခကြားမှာ သေဆုံးသွားခဲ့သည်။

 

အခုတော့ သူတို့ သုံးယောက်သာ ကျန်ခဲ့သည်။

 

သူမ မောင်လေးက ကောမိသားစုရဲ့ တစ်ဦးတည်းသော ယောက်ျားလေးဖြစ်ကာ တစ်ခုတည်းသော မျှော်လင့်ချက် ဖြစ်သည်။

 

သူမ မောင်လေးက စစ်မြေပြင်ကနေ အောင်မြင်မှုများစွာဖြင့် ပြန်လာတာကို စောင့်ချင်သေးသည်။

 

သူမ မောင်က အကျင့်ပျက်နေသည့် လူလို့ပြောခဲ့သည့် မြို့တော်ကလူတွေကို ဖြတ်ရိုက်ချင်သေးသည်။

 

အခုတော့ အားလုံး ပြီးဆုံးသွားပြီဖြစ်သည်။

 

ညာဖက်လက်အပြင် ခြေထောက်ပါ ဆုံးရှုံးခဲ့တာကြောင့် တော်ဝင်စာမေးပွဲဖြေဖို့နှင့် စစ်မှုထမ်းမည့်အသက်မွေးဝမ်းကျောင်းက မဖြစ်နိုင်တော့ပေ။

 

ထိုအကြောင်းကပဲ ကောချွန်းရုရဲ့ စိတ်တည်ငြိမ်မှုကို ပျက်စီးစေခဲ့သည်။

 

သူမ မျက်နှာထက်မှာ တစ်ခါမှ မဖြစ်ဖူးသည့် ဒေါသတွေရှိနေသည်။

 

ရှောင်ယွမ်ရှစ်က အနည်းငယ် မျက်မှောင်ကြုတ်ခဲ့သည်။ "ကိုယ့်လူတွေပြောတာတော့ သူတို့ မြို့တော်ကထွက်ပြီးနောက် လမ်းမှာ စီးပွားရေး ကုန်သည်တွေနဲ့ တွေ့ခဲ့တယ် ပြောတယ်၊ မင်းမောင်က သူတို့ကို အထင်အမြင်သေးသလို ကြည့်ခဲ့တယ်တဲ့၊ သူတို့ကလည်း ဒေါသထွက်ပြီး မင်းရဲ့မောင်ကို မိန်းမရဲ့အထောက်အပံ့ယူနေရတဲ့ ကောင်လို့ခေါ်ခဲ့တယ်၊ ဒါနဲ့ပဲ မင်းရဲ့မောင်က သူ့လူတွေကို ဦးဆောင်ပြီး စတိုက်ခိုက်တာပဲတဲ့၊ တစ်ဖက်ကလည်း ဒေါသထွက်ပြီး နွားလှည်းပေါ်က ဓားဆွဲထုတ်ပြီး ခြေထောက်ကို ခုတ်ခဲ့တာတဲ့၊ သူတို့ကလည်း ခြေထောက်ဖြတ်ခံရမယ်မလို့ မထင်ခဲ့တာကြောင့် ထိတ်လန့်ပြီး ပါတဲ့ ပစ္စည်းတွေတောင် မယူဘဲ ထွက်ပြေးသွားကြတော့တာပဲတဲ့။"

 

သူ့ယောက်ဖနှင့် လိုက်ဖို့ ထည့်ပေးလိုက်သည့် သူ့လူ ပြန်ပြောသည့် စကားအရတော့ ကောချွန်းယီကသာ ပြဿနာ စရှာသူ ဖြစ်သည်။

 

ဘာလို့ သူများကို အထင်သွားသေးလဲ။ လူတွေကိုဦးဆောင်ပြီး အရင်တိုက်ခိုက်ခဲ့သေးတယ်။ ခြေထောက်ဖြတ်ခံရဖို့ ကိုယ့်ဘာသာကိုယ် ဖိတ်ခေါ်ခဲ့တာပဲ။

 

သူယောက်ဖက အထူးပညာရပ်သင် ကျောင်းက ထုတ်ပယ်ခံရပြီး ရှီလွေ့ဆီက လက်ချိုးခံရပြီးကတည်းက ဒေါသတွေကို ချုပ်ထိန်းထားရတာ သူသိသည်။

 

ဒါက အဆင့်နိမ့်ကုန်သည်တွေဟု သူ့ယောက်ဖက သဘောထားကာ ဒေါသတွေ ပုံချခဲ့ပေမယ့် ထိုလူတွေက အကြင်နာမဲ့ကာရက်စက်သည့် လူအုပ်ကြီးဖြစ်ကာ သူ့ခြေထောက်ကို ဖြတ်ပစ်လိမ့်မည်ဟု မတွေးမိခဲ့ပေ။

 

တစ်ချိန်တည်းမှာပဲ သူ့အနာဂတ်ကိုပါ စတေးလိုက်ရတာဖြစ်သည်။

 

သူ့ယောက်ဖ စစ်တပ်မှာ နေရာကောင်း အောင်မြင်မှုတွေရအောင်လို့ စီစဥ်ပေးဖို့ သူ့အတွက် မလွယ်တော့ပေ။

 

ကံဆိုးစွာဖြင့် သူ့ယောက်ဖက အနာဂတ်ကို ပြန်အဖတ်ဆယ်ဖို့ အခွင့်အရေး ဆုံးရှုံးသွားပြီဖြစ်သည်။

 

ဒီကိစ္စနှင့် ပတ်သက်ကာ ရှောင်ယွမ်ရှစ်လည်း အလွန်ဒေါသ ထွက်နေသည်။

 

သူ့ရဲ့ အစောပိုင်း ရင်းနှီးမြှုပ်နှံမှုတွေ အကုန် အလကား ဖြစ်ကုန်ပြီဖြစ်သည်။

 

ကောချွန်းရုက ရှောင်ယွမ်ရှစ်ကို ဆွဲထားသည်။ "အဲလူတွေကို ဖမ်းမိလား။"

 

ရှောင်ယွမ်ရှစ်ရဲ့ အမူအရာက အနည်းငယ် အကျည်းတန်နေသည်။ "အကုန်လွတ်သွားတယ်။"

 

ကောချွန်းရုက အော်ဟစ်ခဲ့သည်။ "ရှင်ပို့လိုက်တဲ့လူတွေက ဒီလောက်တောင် အသုံးမကျဘူးလား၊ သူတို့ကိုတောင် မဖမ်းနိုင်ဘူး၊ သူတို့က ရည်ရွယ်ချက်ရှိရှိ လုပ်နေတာဖြစ်မယ်၊ ကျွန်မ မောင်ကို အန္တရာယ်ပေးဖို့ တမင်လူလွှတ်ပြီး လုပ်တာနေမှာ။"

 

သူမက ဆံပင်တွေရှုပ်ပွပြီး၊ မျက်နှာက ဖြူဖျော့ကာ မျက်လုံးတွေက နီရဲဖူးယောင်နေသည်။

 

သူမက အရူးအမူးပုံစံဖြင့် ရှောင်ယွမ်ရှစ်ကို ဆွဲခဲ့သည်။ "ရှီလွေ့ လုပ်တာလား ဒါမှမဟုတ် ရှောင်ဟန်ကျန့်လား၊ ရှင်ကျွန်မ မောင်ကို လက်စားချေပေးရမယ်။"

 

သူမရဲ့ ရူးကြောင်ကြောင် ပုံစံကိုမြင်တော့ ရှောင်ယွမ်ရှစ်က မျက်မှောင်ကြုတ်ခဲ့သည်။ "ရှီလွေ့က မင်းမောင်ရဲ့ လက်ကို ချိုးခဲ့ပြီးပြီဖြစ်တာကြောင့် သူက ထပ်မတိုက်ခိုက်နိုင်ဘူး၊ ကျန့်အာဆိုရင်ပိုတောင် မဖြစ်နိုင်ဘူး၊ သူက အခြေခံစာသင်သားပဲရှိသေးတာ၊ လုပ်ချင်ရင်တောင် လုပ်နိုင်တဲ့ အရည်အချင်း မရှိဘူး။"

 

ကောချွန်းရုက ရှောင်ယွမ်ရှစ်ကို ကြည့်ပြီး ရှူးရှူးရှဲရှဲ ပြောခဲ့သည်။ "ဒါဆို ရှီလွေ့ပဲနေမှာ၊ သူ့မိသားစုက အဲလို လုပ်နိုင်စွမ်းရှိတယ်လေ။"

 

သူမက အသိစိတ်ပျောက်နေပေမယ့် သူမ ရှီလွေ့ကို အကောက်ကြံခဲ့သည့် အကြောင်း ထုတ်မပြောခဲ့ပေ။

 

ဒါကြောင့်ပဲ ရှီလွေ့က နောက်ကွယ်ကလူလို့ သူမ သံသယဝင်နေတာဖြစ်သည်။

 

ရှောင်ဟန်ကျန့်က မြို့တော်ကထွက်မည့်အချိန်၊ မောင်ဖြစ်သူ ဘယ်လမ်းက သွားမည်ဆိုတာကို မသိနိုင်တာကြောင့် မဖြစ်နိုင်ပေ။

 

သို့ပေမယ့် ရှီမိသားစုက မတူပေ။

 

ပိုအရေးကြီးတာက သူမ ရှီလွေ့ကို အကောက်ကြံထားတာ မကြာသေးပေ။

 

ထိုကိစ္စကို ရှီမိသားစု သိသွားပါက ထိုသို့ လုပ်နိုင်သည်။

 

ယောက်ဖဖြစ်သူကြောင့် သူဇနီး အသိစိတ် လွတ်သွားတာကို ရှောင်ယွမ်ရှစ်က ဘဝင်မကျပေ။ သူကသာ ကောချွန်းရုရင်ထဲက အရေးအပါဆုံး လူဖြစ်နိုင်သည်ဟု သူယုံကြည်နေသည်။

 

ဟိုးတုန်းက သူ့ကိုချစ်ပြီး ရိုသေကြောင်း ပြောခဲ့ဖူးသည်။ သူက သူမရဲ့ အသက်သွေးကြောဖြစ်ကာ အရေးကြီးသည့် မဏ္ဍိုင်ဖြစ်ကြောင်း ပြောဖူးခဲ့သည်။

 

သို့ပေမယ့် သူမ ကိုယ်ဝန်ရှိနေတာကိုတွေးပြီး သူမကို အပြစ် မတင်တော့ပေ။

 

ထိုအစား သူမကို ဖက်ခဲ့သည်။ "ကိုယ်စုံစမ်းလိုက်မယ်၊ စိတ်မပူနဲ့၊ ကျန်းမာရေးသာ ဂရုစိုက်၊ ဒီကိစ္စကို စိတ်မပူနဲ့၊ ကိုယ်စီစဥ်လိုက်မယ်။" သူမကို နှစ်သိမ့်ခဲ့လေသည်။

 

ထိုအခါမှပဲ ကောချွန်းရုက အများကြီး တည်ငြိမ်သွားခဲ့သည်။

 

သူမက ရှောင်ယွမ်ရှစ်ကို ဖက်ကာ ပြောခဲ့သည်။ "ရှီမိိသားစုကို သွားစစ်ဆေးပါ၊ ရှီလွေ့ လုပ်တာပဲနေမှာ၊ ကောမိသားစုမှာ ယောက်ျားလေးဆိုလို့ တစ်ယောက်ပဲကျန်တာလေ၊ ကျွန်မရဲ့တမလွန်က မိဘတွေကို ဘယ်လို ရှင်းပြရမှာလဲ။" သူမက ရည်ရွယ်ချက်ရှိရှိ ငိုရှိုက်ခဲ့သည်။

 

သေချာပေါက်ကို ငိုရှိုက်သံကြောင့် ရှောင်ယွမ်ရှစ်က မသာမယာ ဖြစ်သွားခဲ့သည်။

 

"ကောင်းပြီ ကိုယ်စုံစမ်းလိုက်ပါ့မယ်။" သူက နောက်ကျောကို နူးညံ့စွာ ပုတ်ပေးခဲ့သည်။

 

တကယ်တော့ ဒါက မတော်တဆဖြစ်သည်ဟု သူလည်း မထင်ပေ။

 

ကုန်သည်တွေက အပြေးမြန်ကာ သူ့လူတွေတောင် ဖမ်းမမိခဲ့ပေ။

 

ရှီမိသားစုက ခိုင်းတယ်ဆိုတာ ဖြစ်နိုင်ခြေ ရှိသည်။

 

ဘာပဲဖြစ်ဖြစ် သူစုံစမ်းရမည်။

 

ရှီလွေ့က တကယ် စိတ်ထားသေးသိမ်တာပဲ။

 

ယောက်ဖရဲ့လက်ကို ချိုးပစ်ပြီးတာတောင် အလွတ် မပေးသေးပေ။

 

ထိုကိစ္စက သူ့ကို အလွန်ဒေါသ ထွက်စေခဲ့သည်။

 

ဒီကိစ္စအတွက် ရှီမိသားစုသာ တကယ် တာဝန်ရှိပါက နောက်တစ်ခါ ဒီအကြွေးကိုရှင်းဖို့ အခွင့်ကောင်းရှာရမည်။

 

ယောက်ဖဖြစ်သူအတွက်နှင့် ပြည်သူ့အုပ်ချုပ်ရေးမှူး စံအိမ်ကို ကတိုက်ကရိုက် ဝင်သွားလို့တော့မရပေ။

 

လက်ရှိမှာတော့ ရှီလွေ့က ဘုရင့်ဦးရီးတော်နှင့် သောက်စားကာ အဖွဲ့ကျနေသည်။

 

သူက ရှောင်ဟန်ကျန့် ကိုယ်စား အပြစ်တင်ခံနေရတာကို မသိသေးပေ။