အပိုင်း(၁၅၃) - ကစားပွဲမှ အဖြူ၊ အမည်းအား ပြောင်းပြန်လှန်ခြင်း
ရှီလွေ့နှင့် ဘုရင့်ဦးရီးတော်က သီးသန့်ခန်းထဲမှာ
သောက်နေကြသည်။
ဘုရင့်ဦးရီးတော်က ရှီလွေ့ကို သူ့ဝါသနာတွေ ဆက်မျှဝေနေခဲ့သည်။
ရှီလွေ့က စိတ်ဝင်တစား နားထောင်ဟန် ပြုမူနေပေမယ့် တကယ်တန်းကျ
မျက်လုံးလည်ပြလိုက်ချင်နေပြီဖြစ်သည်။
ရှီလွေ့က နှုတ်ခမ်းတွန့်ကာ ပြောခဲ့သည်။ "ဒီလူတွေ အကုန်လုံးက
မိန်းမလျာတွေပဲ။"
ဘုရင့်ဦးရီးတော်က မျက်ခုံးပင့်ခဲ့သည်။ "မင်းက အမွေးတောင်စုံအောင် မပေါက်သေးဘူး၊ ဘာလို့
သူတို့ကို မိန်းမလျာလို့ ခေါ်တာလဲ။"
ရှီလွေ့က အစကတည်းက ရှောင်ယွမ်ရှစ်အကြောင်း တည့်မပြောခဲ့ပေ။
ထိုအစား သူက တော်ဝင်အစောင့်တွေကို ချီးကျူးခဲ့သည်။
ဒီလူတွေ အကုန်လုံးက အောင်မြင်ကျော်ကြားသည့် မိသားစုတွေက ဆင်းသက်လာကြတာဖြစ်သည်။
သူက သူတို့ကို သိပြီး သူတို့နှင့်လည်း ကောင်းမွန်သည့် ဆက်ဆံရေးရှိသည်။
ထို့ကြောင့် ဒီသတင်းတွေ ပြန့်သွားရင်တောင် သူတို့က ဟာသ တစ်ခုလို
ပြုမူကြလိမ့်မည်။
ဘုရင့်ရဲ့ ဦးရီးတော်က ရယ်ခဲ့သည်။ "ဒါဆိုရင်တော့ မင်းသူတို့ကို
မြန်မြန် စာရင်းဖော်ထုတ်သင့်တယ်၊ ငါကတော့ သူတို့နဲ့ ပတ်သက်ပြီး သတင်းတွေ ဘာတွေ မကြားဖူးပါဘူးကွာ။"
သူက ကောင်းကင်ကို ညွှန်ပြကာ ပြောခဲ့သည်။ "ပြီးတော့ မင်း
နန်းတွင်းအစောင့်တပ်သားတွေကို ထိရဲရင် မင်းရဲ့ ဦးလေးအနေနဲ့ ငါက မင်းကို ခွင့်မလွှတ်ဘူးနော်။"
မိဖုရားကြီးက ရှီသခင်ကြီးရဲ့ ညီမ ဖြစ်တာကြောင့် ဘုရင်ကြီးက
ရှီလွေ့ရဲ့ ဦးရီးတော် ဖြစ်သည်။
ဒီကောင်လေးက နှုတ်ချိုကာ မိဖုရားကြီးကို ချော့မြူနိုင်ရုံသာမက
ဘုရင်ကြီးကိုလည်း ပျော်အောင်ထားတတ်သည်။
မဟုတ်ပါက ဘုရင့်သမီးတော်ရဲ့ ဆံပင်ကို တခြားလူသာ မီးရှို့ခဲ့ပါက
ထိုလူက အပြစ်ပေးခံနေရပြီဖြစ်ပေမယ့် ဒီကောင်လေးကတော့ အကောင်းတိုင်း ရှိနေဆဲ ဖြစ်သည်။
ရှီလွေ့က နှာမှုတ်ခဲ့သည်။ "အစကတည်းက ကျွန်တော်က သူတို့ကို
မထိချင်ပါဘူးနော်။"
သူက ဘုရင့်ဦးရီးတော်နားကပ်ကာ တီးတိုးပြောခဲ့သည်။
"စကားမစပ် ရှောင်ယွမ်ရှစ်မှာလည်း ဦးရီးတော်လိုပဲ တူညီတဲ့ ဝါသနာရှိတယ်တဲ့။"
ဘုရင့်ဦးရီးတော်က ကြက်သေသေသွားခဲ့သည်။ "တကယ်လား၊ အဲလိုပုံလည်း မပေါက်ပါဘူး။"
ရှီလွေ့က ပြောခဲ့သည်။ "ယုံကြည်ရတဲ့ သတင်းအရင်းအမြစ်မလို့
အမှန်ပါပဲ၊ သူဘာလို့ ကိုယ်လုပ်တော် ထပ်မယူတာလဲ သိလား၊ အဲကိစ္စကို ဖုံးကွယ်ချင်လို့လေ။"
ဘုရင့်ရဲ့ ဦးရီးတော်က မယုံကြည်နိုင်စွာ ပြောခဲ့သည်။
"အပြင်မှာ တခြားလူနဲ့ ဆက်ဆံရေး ရှိတယ်လို့လည်း တစ်ခါမှ မကြားဖူးပါဘူး။"
ရှောင်ယွမ်ရှစ်က ချောမော ခန့်ညားပြီး စိတ်သဘောထားကောင်းဟန်တူသည်။
သူ့ကို အရင်က သဘောကျရုံသာရှိခဲ့ပြီး ဒီလို အတွေးမျိုး တစ်ခါမှ
မတွေးဖူးပေ။
သူက အသုံးအဖြုန်းကြီးသော်လည်း ကိစ္စတွေလုပ်ဆောင်ရာမှာ စည်းမျဥ်းရှိပြီး
ဘယ်သူ့ကိုမှ ဖိအား မပေးခဲ့ပေ။
မဟုတ်ပါက နန်းတွင်းထဲ ဘုရင်၏ ဆင့်ခေါ်ခြင်းကိုခံရကာ ဆူပူကြိမ်းမောင်းခံနေရလောက်ပြီဖြစ်သည်။
ရှီလွေ့က သူ မယုံတာသိတော့ ထူးဆန်းသည့်မျက်နှာထားဖြင့် ထွင်လုံးလုပ်ကာ
ပြောလေသည်။ "သူက ကောချွန်းယီကို ပစ်မှတ်ထားနေတယ်လို့ကြားတယ်၊ တခြားလူတွေကိုတော့
မပြောနိုင်ဘူးလေ။"
လျန်ယို့ရှောင် သူ့ကို မဟုတ်သည့်သတင်းတွေ ကြံဖန်ဖို့ ပြောခဲ့သည်။
"သူက ရှောင်မိသားစုကို မထောက်ပံ့ဘဲ ယောက်ဖကိုပဲ ကူညီထောက်ပံ့ပေးနေတာကို
မတွေ့ဘူးလား၊ သူက သူ့ယောက်ဖကို ကောင်းကောင်းဆက်ဆံတယ်၊ ဦးရီးကကော ဦးရီးရဲ့ ယောက်ဖကို
ကောင်းကောင်း ဆက်ဆံလို့လား။"
ဒီလက်ဖွာသည့်လူက ဇနီး ရှိသည်။
သူက ထိတ်လန့်သွားခဲ့သည်။ "အာ အပျော်လင်လား။"
ရှောင်ယွမ်ရှစ်က သူ့ယောက်ဖကို တကယ်ပဲ ဖြည့်ဆည်းပေးခဲ့သည်။
မသိသည့်လူတွေဆိုပါက သူတို့ကို ညီအစ်ကို အရင်းဟု ထင်နိုင်သည်။
ဘုရင့်ဦးရီးတော်က သူ့ယောက်ဖနှင့် အနေစိမ်းသည်။
တကယ်တော့ သူတို့က သိပ်အကြောမတည့်ပေ။
ထို့ကြောင့် ရှောင်ယွမ်ရှစ်က တစ်ခုခုပဲဟု သူတွေးမိခဲ့ခြင်းဖြစ်သည်။
အကယ်၍ သူ့နေရာမှာ တခြားလူဆိုရင်တော့ ယုံကြည်မှာ မဟုတ်ပေ။
သို့ပေမယ့် ဘုရင့်ရဲ့ ဦးရီးတော်က ဒီလို ဆက်ဆံရေးမျိုးမှာ အတွေ့အကြုံရှိတာကြောင့်
သူက ယုံကြည်သည်။
ငါက လုပ်ကြံပြောတာကို သူက တကယ်ယုံနေတယ်ဟု ရှီလွေ့က တွေးလိုက်သည်။
ငါလုပ်ကြံပြောခဲ့တဲ့ ဇာတ်လမ်းရဲ့ နောက်ဆက်တွဲ ရှင်းပြချက်တွေကတော့
မလိုအပ်တော့ဘူး။
"ကျွန်တော့်အိမ်က အစေခံက စစ်သူကြီးစံအိမ်မှာ
အလုပ်လုပ်နေတဲ့အစေခံရဲ့ အမျိုးလေ၊ ဒါကြောင့် ဒီသတင်းက မှန်နိုင်တယ်။"
ဘုရင့်ဦးရီးတော်က မေးစေ့ကို ပွတ်ခဲ့သည်။ "ဒီသတင်းကို ငါမကြားတာလည်း မဆန်းတော့ပါဘူး။"
ရှီလွေ့က အခွင့်အရေးကို မြင်လိုက်တာကြောင့် သူက အနားတိုးကပ်သွားကာ
ပြောခဲ့သည်။ "ဒီနေ့ သူ့ယောက်ဖ ခြေထောက်ဖြတ်ခံလိုက်ရတယ်လို့ ကြားတယ်။"
ဒီသတင်းကြားလိုက်တုန်းက သူအလွန် သက်သောင့်သက်သာ ရှိခဲ့သည်။
ဘယ်သူက ဒီကောင်းမှုကိုလုပ်ပြီး တခြားလူတွေအတွက် မကောင်းဆိုးဝါးကို
ဖယ်ရှားပေးခဲ့လည်းဆိုတာ သူ မသိပေ။
သူက ရှောင်ယွမ်ရှစ်ထက် ကောချွန်းယီတို့ မောင်နှမကို ပိုရွံရှာသည်။
ဟိုးတုန်းက ကောချွန်းယီ အထူးပညာရပ်သင်ကျောင်းမှာ ရှိတုန်းက
သူက သူ့လို လက်ဖွာသည့် သခင်လေးတွေနှင့် အကြောမတည့်ပေ။
သူတို့ကို အိမ်က ကြွယ်ဝမှုကို သုံးဖြုန်းနေသည့် ကပ်ပါးကောင်လို
ကြည့်ခဲ့သည်။
ရှောင်ယွမ်ရှစ်ရဲ့ အထောက်အပံ့သာ မရှိရင် ကောချွန်းယီကလည်း ဘာမှ
မဟုတ်ပေ။
သူက လျှောက်ပြောခဲ့သည်။ "အခု စစ်သူကြီးက စိတ်အခြေအနေ မကောင်းဘူး၊
ဦးရီး လှုပ်ရှားရမယ့် အချိန်ကောင်းပဲ။"
ဘုရင့်ရဲ့ ဦးရီးတော်က ရှီလွေ့ကို ခပ်ဖွဖွပြုံးကာ ကြည့်ခဲ့သည်။
"မင်းနဲ့ရှောင်ယွမ်ရှစ်က ဆက်ဆံရေး မကောင်းဘူးဆို၊ မကြာခင်က သူ့ယောက်ဖရဲ့ လက်ကိုတောင်
ချိုးခဲ့သေးတယ်မလား။"
တကယ်တော့ မြို့တော်က အပျော်အပါးမက်ကာ ဘဝကို ဇိမ်ကျကျ ဖြတ်သန်းနေသည့်
လက်တစ်ဆုပ်သာစာရှိသည့် သခင်လေးတွေကသာ ငတုံးတွေဖြစ်သည်။
သူတို့အကုန်လုံးက ရှင်သန်ရမည့်နည်းလမ်း ကိုယ်စီရှိကြသည်။
ဘယ်သူ့ကို ဆန့်ကျင်လို့ရမယ် ဘယ်သူ့ကို ဆန့်ကျင်လို့မရဘူး၊ ဘာကို
လုပ်သင့်တယ် ဘာကို မလုပ်သင့်ဘူးလဲဆိုတာ သူတို့ ကောင်းကောင်းသိသည်။
လက်ရှိ ဘုရင်မင်းမြတ်က နိုင်ငံကို စည်းကမ်းတကျ အုပ်ချုပ်သည့်
ဉာဏ်ပညာရှိ အုပ်ချုပ်သူဖြစ်သည်။
တကယ်လို့ ဘုရင့်ဦးရီးတော်သာ မင်းစိုးရာဇာ
အာဏာဖြင့် လမ်းပေါ်က အမျိုးသား၊ အမျိုးသမီးတွေကို ဖိအားပေးခဲ့ပါက ဘုရင်ကြီးက သူတို့ရဲ့
ဆက်ဆံရေးကြောင့် သူ့ကို မသတ်ပေမယ့် ခွင့်လွှတ်ပေးမှာတော့ မဟုတ်ပေ။
ဒီကောင်လေးက သူ့ကို မြှောက်ပေးနေတာ မရိုးသားပေ။
ရှီလွေ့က ဘာမှ ဖုံးကွယ် မထားပေ။ "ဟုတ်တယ် ကျွန်တော်က ရှောင်ယွမ်ရှစ်နဲ့
သူ့ယောက်ဖနဲ့ ရန်ငြိုးရှိတယ်၊ ဒါကြောင့်ပဲ ရှောင်ယွမ်ရှစ် ခံစားနေရတာကိုကြည့်ပြီး ပျော်နေတာ။"
လူတိုင်းက ငတုံး မဟုတ်တာကြောင့် ဖုံးကွယ်ထားဖို့ မဖြစ်နိုင်ပေ။
သူ့ရင်ထဲမှာ အမြဲတမ်း ဒီပန်းတိုင်ရှိခဲ့သည်။
ဘုရင့်ဦးရီးတော်က သွေးဆောင်ခံခဲ့ရလေသည်။
သူက ခေါင်းခါလိုက်သည်။ "ရှောင်ယွမ်ရှစ် သဘောတူမှာ မဟုတ်ဘူး။"
သူ့မှာ တော်တော် သန်မာသည့် ပင်ကိုယ်စရိုက်ရှိကာ ကိုယ့်ဘာသာကိုယ်လည်း
တော်တော် အထင်ကြီးသည်။
ရှီလွေ့က ပြုံးကာ ပြောခဲ့သည်။ "လျန်ယို့ရှောင်က
ဆေးတစ်ပုလင်း ယူလာခဲ့တယ်၊ ဒါသာ အလုပ်ဖြစ်သွားရင် ရှောင်ယွမ်ရှစ်က အလိုလို သူ့ဘာသာလုပ်ပြီး
ဦးရီးနဲ့ ဘာမှ ပတ်သက်မှာမဟုတ်ဘူး၊ အချိန်ကျရင် ဦးရီးက နစ်နာသူပဲဖြစ်မှာ။"
ဒီနည်းကို လျန်ယို့ရှောင်က သူ့ကို သင်ပေးခဲ့တာဖြစ်ပြီး
ဘုရင့်ဦးရီးတော်ကို ဆက်သွေးဆောင်ခိုင်းခဲ့သည်။
သူက ဒီကစားပွဲမှာ အဖြူ၊ အမည်းကို ပြောင်ပြန်လှန်ရတာ ဖြစ်သည်။
ဒီလူက တခြားလူတွေ ဒီလိုလုပ်တာကို မြင်ခဲ့ပြီး သင်ယူခဲ့တာဖြစ်သည်။
ဒီလှည့်ကွက်က အလွန်ထူးခြားကာ သူတို့ကို သွေးဆောင်နိုင်မည်ဟု
သူထင်သည်။
ဘုရင့်ရဲ့ ဦးရီးတော်က နက်နဲစွာ ပြုံးခဲ့သည်။ "ကောင်စုတ်လေး
မင်းက တော်တော် အကျင့်ယုတ်တာပဲ။"
သို့ပေမယ့် ဒီလို ကောက်ကျစ်သည့် အကြံကို သူသဘောကျသည်။
တစ်ချိန်ကျရင် ဘုရင်ကြီးက ဒီကိစ္စကို သိသွားရင်တောင် သူက နစ်နာသူဖြစ်ကြောင်း
ပြောလို့ရသည်။
အဓိက အချက်က ရှောင်ယွမ်ရှစ်က အဆင့်နိမ့်စစ်သူကြီးဖြစ်ကာ ဘာအုတ်မြစ်များများစားစားမှ
မရှိသည့်လူဖြစ်သည်။
သူ့ကို ဆန့်ကျင်မိရင်တောင် သူ့လိုနောက်ခံအင်အားကြီးသည့်လူအတွက်
ကြီးမားသည့် ကိစ္စ မဟုတ်ပေ။
တကယ်လို့ သူ့နေရာမှာသာ နောက်ခံအင်အားကြီးသည့် လူဆိုပါက ဘုရင့်ဦးရီးတော်က တုံ့ဆိုင်းခြင်းမရှိဘဲ ငြင်းဆိုလိုက်မှာဖြစ်သည်။
"ကျွန်တော်တို့ ဒီလိုလုပ်လို့ရတယ်။" သူက နီးနီးကပ်ကပ်
နားထောင်နေသည့် ဘုရင့်ရဲ့ ဦးရီးတော်ကို လက်ဝေ့ယမ်းပြလိုက်သည်။
မကြာခင် နှစ်ယောက်သားထံမှ ရယ်သံ ထွက်လာခဲ့သည်။
ဘုရင့်ဦးရီးတော်က သူ့စည်းမျဥ်းတွေကို မဆန့်ကျင်ချင်သော်လည်း တခြားကိစ္စတွေကိုတော့ ဂရုမစိုက်ပေ။
ရှီလွေ့ကလည်း ဒီကိစ္စမှာ သူ့ကို အရမ်းမပါဝင်စေချင်ကာ တစ်ယောက်တည်း
အန္တရာယ် မဖြစ်စေချင်တာကြောင့် ပထမအပိုင်းကို သူဖြေရှင်းလိုက်မည့်အကြောင်း အာမခံခဲ့လေသည်။
ရှောင်ယွမ်ရှစ်ရဲ့ ယောက်ဖက သူ့ကို အထင်သေးခဲ့ကာ ရှောင်ယွမ်ရှစ်ရဲ့ဇနီးက
သူဇနီးကောင်း မရအောင် အကောက်ကြံခဲ့သည်။
ထို့ကြောင့် သူ့ယောက်ဖဘက်က ပါသည့် ရှောင်ယွမ်ရှစ်ကို သူလက်စားချေတာ
ဘာမှ မမှားပေ။
ဘယ်သူက ရှောင်ယွမ်ရှစ်ကို ဒီလို ပြဿနာ ရှာတတ်တဲ့ မိန်းမကို
လက်ထပ်ခိုင်းလို့လဲ။
ထိုသို့တွေးလိုက်တော့ အနည်းငယ် စိတ်မသက်မသာဖြစ်နေတာတွေက ပျောက်သွားခဲ့လေသည်။