အပိုင်း ၁၅၅
Viewers 14k

 

အခန်း(၁၅၅) - ပြောင်မြောက်သော

 

ရှီလွေ့က ထိုသို့ပြောလိုက်တော့ လျန်ယို့ရှောင်နှင့် နောက်ထပ်တခြားလူနှစ်ယောက်က မနေနိုင်စွာ ပြတင်းပေါက်စက္ကူကို အပေါက်ဖောက်ကာ ကြည့်ခဲ့သည်။

 

"တကယ်ဖြစ်မယ်လို့ မထင်မိခဲ့ဘူး၊ ငါက သတင်းအမှားလို့ ထင်ခဲ့တာ။"

 

"အဟက် ဘုရင့်ဦးရီးတော်ကို ဒီလိုဆက်ဆံရဲတာ စစ်သူကြီးရှောင် သိပ်ရဲတင်းတာပဲ။"

 

ရှောင်ယွမ်ရှစ်ရဲ့ လုပ်ဖော်ကိုင်ဖက်က ထိုစကားကြားတော့ သိချင်သွားခဲ့သည်။

 

နောက်ဆုံးတော့ လျန်ယို့ရှောင်က သူ့ကို အတင်းဆွဲခေါ်လာခဲ့သည်။ "လာကြည့်ပါဦး။"

 

ထို့နောက် သူတို့ကလည်း မတတ်နိုင်သည့်ဟန်ဖြင့် လျန်ယို့ရှောင် ဖောက်ထားခဲ့သည့် အပေါက်ကနေ စပ်စုစွာ ကြည့်ခဲ့သည်။

 

အခန်းထဲက အဖြစ်အပျက်တွေကို မြင်ပြီးနောက် သူက စိတ်လွတ်သွားကာ အနောက်ဆုတ်လိုက်မိသည်။

 

သူ့မျက်နှာထက်မှာ ကို့ရို့ကားယား အမူအရာတွေ ထင်ဟပ်နေခဲ့သည်။ "အင်း ငါဘာမှ မမြင်ခဲ့ဘူး။"

 

သူက စစ်မှုရေးရာဌာနက ဆိုသော်လည်း အုပ်ချုပ်ရေးမှူးဆိုင်ရာက အစိုးရ အမှုထမ်းဖြစ်သည်။

 

ရှောင်ယွမ်ရှစ်ကို လူကြီးလူကောင်းဆန်သည်ဟု ထင်သည့် သူ့ထင်မြင်ချက်တွေက ကွဲကြေသွားခဲ့သည်။

 

"ကြည့်မနေနဲ့တော့၊ သွားရအောင်။" သူက ဘေးက ကြည့်နေသည့်လူတွေကို ပြောလိုက်သည်။

 

ရှီလွေ့က လက်ယမ်းပြခဲ့သည်။ "သွားနှင့်လိုက်၊ ကျွန်တော်တို့ ထပ်ကြည့်ဦးမယ်။"

 

ရှောင်ယွမ်ရှစ်ရဲ့ လုပ်ဖော်ကိုင်ဖက်က အသံတိတ်နေခဲ့သည်။

 

ရှောင်ယွမ်ရှစ်က အလွန် မရိုးဖြောင့်ပေ။

 

သူ လုပ်ခဲ့တာတွေကို ဒီလိုလူတွေ မြင်သွားလို့ ကောင်းတာ မရှိပေ။

 

မနက်ဖြန် ကျရင်တော့ မြို့တော်ထဲမှာ ဘယ်လို သတင်းတွေ ပြန့်နေမလဲဆိုတာ သူ မခန့်မှန်းနိုင်ပေ။

 

မဟုတ်ဘူး ရှေ့လျှောက် သူရှောင်ယွမ်ရှစ်နှင့် ဝေးဝေးနေရမည်။

 

မဟုတ်ပါက တခြားလူတွေ သူ့ကို အထင်လွဲသွားရင် မကောင်းပေ။

 

သူက ကြည့်နေသည့်လူတွေကို ဆက်မနှောင့်ယှက်တော့ဘဲ အပေါ်တက်သွားခဲ့သည်။

 

သူပြန်ရောက်သည့် အချိန်မှာ သူ့မျက်နှာက မသာမယာ ဖြစ်နေသည်။

 

တခြားလုပ်ဖော်ကိုင်ဖက်တွေက ရှောင်ယွမ်ရှစ် ပြန်မလာသေးတာတွေ့တော့ အောက်ဆင်းကာ သွားရှာဖို့ လုပ်ခဲ့သည်။

 

သူက ခဏလောက်တွေးပြီး ပြောခဲ့သည်။ "မသွားနဲ့၊ သူ အခု အလုပ်ရှုပ်နေတယ်။"

 

"ဘာကိုဆိုလိုတာလဲ။" တခြားလူတွေက ရှုပ်ထွေးနေခဲ့သည်။

 

သူလည်း မတတ်နိုင်စွာပင် သူမြင်ခဲ့သမျှကို ပြောပြခဲ့သည်။

 

သူတို့တွေက လုံးဝ ကြက်သေသေသွားခဲ့သည်။

 

ဒီလို ကိစ္စကြီးဖြစ်လိမ့်မည်ဟု သူတို့ မမျှော်လင့်မိခဲ့ပေ။

 

သူတို့တွေက အလွန်သိချင်နေပေမယ့် သွားကြည့်မည်ဟု မပြောရဲခဲ့ပေ။

 

တချို့က သန့်စင်ခန်းသွားမည်ဟု ပြောခဲ့ကြပြီး တချို့က လေကောင်းလေသန့် သွားရှူမည်ဟု ပြောသွားခဲ့ကြသည်။

 

သူတို့အောက်ရောက်သည့် အချိန်မှာ အထက်တန်းလွှာက လူတစ်စုက တံခါးနား အုံနေတာကို တွေ့တော့ သူတို့က မသိချင်ယောင်ဆောင်ကာ အကြောင်းအရင်း သွားမေးခဲ့သည်။

 

လျန်ယို့ရှောင်နှင့် ရှီလွေ့က သူတို့ကိုဆွဲပြီး အထဲကို ကြည့်ခိုင်းလိုက်သည်။

 

မြင်ရသည့်မြင်ကွင်းက အံ့သြဖွယ်ကောင်းတာကြောင့် ထပ်ပြီး ကြက်သေသေသွားခဲ့သည်။

 

သူတို့က ဒီမှာနေရတာ ကသိကအောက်တွေဖြစ်ပြီး ဆင်ခြေပေးကာ တစ်ယောက်ပြီးတစ်ယောက် ပြေးထွက်သွားခဲ့သည်။

 

ခဏကြာပြီးနောက် ဘုရင့်ဦးရီးတော်က အခန်းထဲ ရှိနေဆဲ ဖြစ်တာကြောင့် လျန်ယို့ရှောင်နှင့် ရှီလွေ့က အချင်းချင်းကြည့်ပြီး တခြားလူနှစ်ယောက်ကို ခေါ်ကာ ထွက်သွားခဲ့သည်။

 

ထို့ကြောင့် သူတို့တွေက သတင်းတွေ ဖြန့်ခဲ့သည်။

 

အချိန် ဘယ်လောက်ကုန်သွားလည်း မသိသည့်နောက်မှာ ရှောင်ယွမ်ရှစ်က မျက်လုံးပွင့်လာပြီး တစ်ခုခု မူမမှန်တာကို ခံစားမိကာ ကတိုက်ကရိုက် ထလိုက်သည်။

 

သူ့ဘေးက ဟောက်သံကို ကြားတော့ သူကြက်သေသေသွားခဲ့သည်။

 

ထို့နောက် သူလှည့်ကြည့်လိုက်တော့ လက်ဖွာသည့် ဘုရင့်ရဲ့ ဦးရီးတော် ဖြစ်နေတာကို တွေ့လိုက်ရသည်။

 

ဦးနှောက်က ချက်ချင်း ဗလာဖြစ်သွားခဲ့သည်။

 

သူက ထိုလူကို ကုတင်ပေါ်က ကန်ချခဲ့သည်။

 

ဘုရင့်ဦးရီးတော်ကလည်း နိုးလာခဲ့သည်။

 

ရှောင်ယွမ်ရှစ်က ရူးသွပ်တော့ မတတ် မျက်လုံးတွေနီရဲကာ သူ့ကို အော်ဟစ်ခဲ့သည်။ "ခင်ဗျား ဘာလုပ်ခဲ့တာလဲ။"

 

ဘုရင့်ရဲ့ ဦးရီးတော်က မြန်မြန် တုံ့ပြန်ခဲ့သည်။

 

သူ့မျက်နှာက နာကျည်းမှုတွေ မှန်ကန်မှုတွေ ပြည့်နေသည်။ "မင်းဘာလုပ်ခဲ့တာလည်းလို့ ငါလည်း မေးချင်နေတာ၊ ငါသန့်စင်ခန်းသွားတုန်း မင်းကို ဥယျာဥ်ထဲမှာ ရပ်နေတာတွေ့တော့ နှုတ်ဆက်ခဲ့တယ်၊ မင်းက ငါ့ကို ဒီကိုဆွဲခေါ်လာမယ်လို့ ဘယ်ထင်မလဲ၊ ငါက သဘောမတူခဲ့ပေမယ့် မင်းက မင်းရဲ့ တိုက်ခိုက်စွမ်းရည်နဲ့ ငါ့ကို ဖိနှိပ်ခဲ့တယ်လေ၊ ငါလည်း ခုခံနိုင်စွမ်း မရှိတော့ မင်းရဲ့ ဆန္ဒကို ဖြည့်ဆည်းပေးခဲ့ရတာပေါ့။"

 

ရှောင်ယွမ်ရှစ်က စောနက သူဥယျာဥ်ထဲ သွားခဲ့သည့် အချိန်ကို မှတ်မိနေဆဲ ဖြစ်သည်။

 

ဆက်တွေးကြည့်လိုက်တော့ သူက သူ့ဇနီးလို့မြင်ကာ ဆွဲခေါ်မိခဲ့ခြင်း ဖြစ်သည်။

 

တဖြည်းဖြည်းဖြင့် အဖြစ်အပျက်တွေက ပေါ်လာခဲ့သည်။

 

ထိုအချိန်မှာပဲ တစ်ယောက်ယောက်က သူ့ကို လုပ်ကြံလိုက်မှန်း သဘောပေါက်ခဲ့လေသည်။

 

သူက ဘုရင့်ဦးရီးတော်ကို သတ်ပစ်ချင်ဟန်ဖြင့် ခက်ထန်စွာ ကြည့်ခဲ့သည်။ "ခင်ဗျား ကျုပ်ကို တမင်ဖျက်စီးဖို့ ကြံခဲ့တာမလား။"

 

သူ့ပုံစံကြောင့် ဘုရင့်ရဲ့ ဦးရီးတော်က ရုတ်တရက် ထိတ်လန့်သွားခဲ့သည်။

 

သူ သိခဲ့တဲ့ ယဥ်ကျေးသိမ်မွေ့ပြီး နူးညံ့ကြင်နာတတ်တဲ့ စစ်သူကြီးက ဘာဖြစ်သွားတာလဲ။

 

သို့ပေမယ့် သူက မြန်မြန် စိုက်ကြည့်ခဲ့သည်။ "ရှောင်ယွမ်ရှစ် မင်းက လူမဟုတ်ဘူး၊ ငါက မင်းကို ဖျက်စီးပါတယ်ဆိုပြီး ငါ့ကို အပြစ်လာတင်နေသေးတယ်။"

 

ထို့နောက် သူက ဖြောင့်မတ်စွာ ပြောခဲ့သည်။ "ဒီလိုကိစ္စကို ငါဘယ်တုန်းကမှ မလုပ်ခဲ့ဘူး။"

 

ဆွဲခေါ်ခဲ့သည့်လူက သူ မဟုတ်တာကြောင့် မကြောက်ပေ။

 

ဘုရင့်ရဲ့ ဦးရီးတော်ရဲ့ အခြေအနေကို မြင်ပြီးနောက် ရှောင်ယွမ်ရှစ်က မယုံနိုင်ပေ။

 

ဒီမျိုးမစစ် လုပ်တာ မဟုတ်ရင် ဘယ်သူ လုပ်တာလဲ။

 

ဘာပဲဖြစ်ဖြစ် သူ အခု ဘုရင့်ဦးရီးတော်ကို သေအောင် ရိုက်သတ်ပစ်ချင်နေသည်။

 

ဘုရင့်ရဲ့ ဦးရီးတော်က အန္တရာယ် အငွေ့အသက်ကို ခံစားလိုက်ရသည်။ "ရှောင်ယွမ်ရှစ် ဘာလို့ ငါ့ကို ဒီလို လာကြည့်နေတာလဲ၊ ငါက နစ်နာသူပါ၊ မင်းငါ့ကို ထိရဲရင် နန်းတော်ကိုသွားပြီး တရားမျှတမှုအတွက် ဘုရင်ကြီးဆီ သွားတိုင်တန်းပစ်မယ်။"

 

မင်းမေကြီးတော်ကို နစ်နာသူလား ဟု ရှောင်ယွမ်ရှစ်က တွေးလိုက်သည်။

 

သူက အစက သတ်ပစ်ဖို့ ကြံရွယ်ထားပေမယ့် ဘုရင့်ဦးရီးတော် ပါးစပ်မှ 'ဘုရင်ကြီး' ဟူသော စကားကို ကြားလိုက်ရသည့်အခါ သူ့ဆင်ခြင်တုံတရားကို ချက်ချင်း ပြန်စုစည်းခဲ့သည်။

 

သတ်ဖြတ်ချင်စိတ်ကို ဖိနှိပ်ဖို့ လက်သီးတင်းတင်းဆုပ်ကာ စိတ်ငြိမ်အောင် လုပ်နေရသည်။

 

ထို့နောက် သူက အန္တရာယ်များသည့် အကြည့်ဖြင့် ကြည့်ခဲ့သည်။ "ဒီကိစ္စကို တတိယလူကို မသိစေချင်ဘူး၊ မဟုတ်ရင် ခင်ဗျားကို သတ်ပစ်မယ်၊ အဆိုးဆုံးမှ အတူတူသေရုံပေါ့။"

 

ဘုရင့်ဦးရီးတော်က ကျောရိုးထဲထိ အေးစိမ့်သွားသလို ခံစားခဲ့ရသည်။

 

သူ့အကြည့်မှတစ်ဆင့် သူ့ကို တကယ်သတ်ချင်နေမှန်း ခံစားမိနိုင်သည်။

 

သူက တံတွေး မျိုချခဲ့သည်။ "ငါလျှောက်မပြောပါဘူး။"

 

သို့ပေမယ့် ဟိုမျိုးမစစ်လေးတွေ သတင်းလျှောက်ဖြန့်ရင်တော့ သူ့အမှား မဟုတ်ပေ။

 

ကြည့်ရတာ စံအိမ်မှာပဲ ရက်အနည်းငယ် ပုန်းနေသင့်ကာ အပြင်ထွက်သည့်အခါလည်း အစောင့်တွေ များများ ခေါ်သွားရမည့်ပုံပေါ်သည်။

 

မဟုတ်ပါက ရှောင်ယွမ်ရှစ်က သူ့ကို ဒေါသတကြီးဖြင့် တကယ် သတ်ဖြတ်ခဲ့ပါက မတန်ပေ။

 

သူ သဘောတူမှ ရှောင်ယွမ်ရှစ်က မည်းမှောင်သည့် မျက်နှာဖြင့် ထွက်သွားခဲ့သည်။

 

ဒီကိစ္စကို များများစားစား မတွေးဖို့ သူ့ကိုယ်သူ နှစ်သိမ့်နေပေမယ့် သူ့ရင်ထဲမှာ ရန်လိုမှု၊ ဒေါသတွေ ပြည့်နေကာ ကမ္ဘာကြီးကိုပင် ဖျက်စီးပစ်ချင်နေသည်။