အပိုင်း ၁၅၆
Viewers 14k

 

 

အပိုင်း(၁၅၆) - သူမကို ဒီလောက်ထိ ရည်မှန်းချက်ကြီးမယ်လို့ မထင်မိခဲ့ဘူး

 

ရှောင်ယွမ်ရှစ်က ဘာမှ မဖြစ်ခဲ့သလို ဟန်ဆောင်ကာ သီးသန့်ခန်းထဲ ပြန်သွားခဲ့ပေမယ့် သူ့လုပ်ဖော်ကိုင်ဖက်တွေက ပြန်သွားနှင့်ပြီ ဖြစ်သည်။

 

အကြောင်းတချို့ကြောင့် သူ့ရင်ထဲမှာ ပြောပြမရသည့် ခံစားချက်တွေ ရနေသည်။

 

သူလည်း ဆက်မနေတော့ဘဲ စစ်သူကြီးစံအိမ်ကိုသာ ပြန်လိုက်သည်။

 

ရှောင်ယွမ်ရှစ် ထိုင်ပြီးသည့်အချိန်မှာပဲ ကောချွန်းရုက မျက်လုံးနီကာ ဝင်လာခဲ့သည်။

 

သူမကို ထိုပုံစံဖြင့် မြင်လိုက်ရတော့ ရှောင်ယွမ်ရှစ်က တော်တော် စိတ်တိုသွားခဲ့သည်။

 

သူက မျက်မှောင်ကြုတ်ကာ မေးခဲ့သည်။ "မင်းက ဒီတစ်ခါကော ဘာဖြစ်ရပြန်ပြီလဲ။"

 

အထူးသဖြင့် အခု သူမကို မြင်လိုက်မှ စောနက သူ့မျက်လုံးက အမြင်မှားခဲ့တာကို ပြန်တွေးမိသွားခဲ့သည်။

 

သူက ဘုရင့်ဦးရီးတော်ကို သူမလို့ ထင်မိခဲ့ကာ အနည်းငယ် စက်ဆုပ်ရွံရှာသွားခဲ့သည်။

 

ရှောင်ယွမ်ရှစ်က စိတ်အခြေအနေ မကောင်းတာတွေ့တော့ ကောချွန်းရုက ပြောမည့်စကားကို ပြောင်းလိုက်လေသည်။ "ကျွန်မ မောင်လေးကို ဒီလိုမြင်ရတာ စိတ်မသက်မသာ ဖြစ်မိလို့ပါ။"

 

ရှောင်ယွမ်ရှစ်က အသက်ပြင်းပြင်း ရှူခဲ့သည်။ "ကိစ္စတွေက ဖြစ်ပြီးသွားပြီပဲ ပြန်ပြင်လို့မှ မရတော့တာ၊ မင်းဗိုက်ထဲက ကလေးကိုသာ အရင် ဂရုစိုက်၊ သူ ပြန်ပျောက်ကင်းသွားတဲ့အခါ သူတာဝန်ထမ်းဆောင်ဖို့ ငါစီစဥ်ပေးပါ့မယ်။"

 

ခြေထောက်တစ်ဖက် မရှိတော့တာကြောင့် ရာထူးကောင်းရဖို့တော့ မဖြစ်နိုင်ပေ။

 

ကောချွန်းရုက ရင်နာနေပေမယ့် ခေါင်းသာငြိမ့်ပြခဲ့ရသည်။ "ဒါဆိုလည်း စစ်သူကြီးကိုပဲ ဒုက္ခပေးပါရစေ။"

 

သူမက မေးခဲ့သည်။ "စိတ်ရှုပ်စရာ ပြဿနာ ရှိလို့လား။"

 

ရှောင်ယွမ်ရှစ်က ပြောခဲ့သည်။ "စစ်မှုရေးရာဌာနက ပြဿနာ တချို့နဲ့ ကြုံခဲ့လို့ပါ။"

 

စစ်မှုရေးရာဌာနကို သူ့ကို တကယ့် လုပ်ပိုင်ခွင့်ပေးသည့် လက်ထောက်ဝန်ကြီးအဖြစ် ဝင်ခဲ့တာ မကြာသေးပေ။

 

အကြီးတန်းစစ်သူကြီး ရာထူးက လက်ထောက်ဝန်ကြီးထက် ရာထူးမြင့်သော်လည်း အနာဂတ်မှာ အာဏာလွှဲပြောင်းပေးပြီးသွားသည့်အခါ အချိန်ပိုင်း အလုပ်သာ ဖြစ်သွားနိုင်သည်။

 

ထို့ကြောင့် စစ်မှုရေးရာဌာနမှာ လက်ထောက်ဝန်ကြီး အဖြစ်ရဖို့ အလွန်တိုက်ခိုက်ခဲ့ရတာဖြစ်သည်။

 

သူပြောတာကိုကြားတော့ ကောချွန်းရုက ဆက်မမေးတော့ပေ။

 

လုပ်နိုင်စွမ်းရှိသည့် အမျိုးသားတွေက အမျိုးသမီးတွေ သူတို့အလုပ်ကို ဝင်နှောင့်ယှက်တာ မကြိုက်မှန်း ကောချွန်းရု သိသည်။

 

ထို့ကြောင့် သူမက အစေခံမလေးဖြင့် လတ်လတ်ဆတ်ဆတ် ပြုလုပ်ထားသည့် စွပ်ပြုတ်ကိုယူလာခိုင်းလိုက်သည်။ "စစ်သူကြီး ကြိုးစားပေးတဲ့အတွက် ကျေးဇူးတင်ပါတယ်၊ ဒါ စားဖိုမှူးကို အထူးချက်ခိုင်းထားတဲ့ ကြက်သားစွပ်ပြုတ်ပါ၊ ဒီပန်းကန်က ရှင့်အတွက်။"

 

ရှောင်ယွမ်ရှစ်က ကြက်သားစွပ်ပြုတ် ပန်းကန်ကို ယူလိုက်ပြီး ပန်းကန်ထဲက ဆီတွေကို မြင်လိုက်တော့ ပိုပြီး စားချင်စိတ် ပျောက်သွားခဲ့သည်။

 

"ကိုယ်စောနက သောက်လာတာ များသွားလို့ နောက်မှပဲ သောက်တော့မယ်။" သူက ပန်းကန်လုံးကို စားပွဲပေါ် တင်ခဲ့သည်။

 

သူမ စကားဆက်ပြောမည့် အချိန်မှာပဲ သူက ထပ်ပြောခဲ့သည်။ "အလုပ် လုပ်စရာရှိလို့ စာဖတ်ခန်းထဲ သွားတော့မယ်၊ မင်းပြန်နှင့်တော့။"

 

ကာချွန်းရုက သူမ မောင်ကို ဒုက္ခပေးခဲ့သူကို ရှာတွေ့ပြီလားဟု မေးမည့် မေးခွန်းကို ပြန်မျိုသိပ်လိုက်သည်။ "ကောင်းပြီ ဒါဆို ရှင် အရင်သွားနှင့်ပါ။"

 

ရှောင်ယွမ်ရှစ် စာဖတ်ခန်းထဲ သွားပြီးသည့်နောက် သူမက နောက်ထပ် ကြက်စွပ်ပြုတ် တစ်အိုးကိုယူပြီး ကောချွန်းယီရဲ့ အဆောင်ကို သွားခဲ့လေသည်။

 

သူမ တံခါးဖွင့်လိုက်တော့ သူမ ညီမက မျက်လုံးတွေနီကာ စိတ်ကြီးနေသည့် မောင်ဖြစ်သူကို ချော့နေတာကို တွေ့လိုက်ရလေသည်။

 

ကောချွန်းယီးက ထရပ်ကာ အရိုအသေပေးခဲ့သည်။ "အစ်မ လာပြီလား။"

 

သူမ ညီမက မင်းစိုးရာဇာ မိသားစုကလို ကျက်သရေရှိစွာ လှပနေတာကို မြင်တွေ့တော့ ကောချွန်းရုရဲ့ မျက်လုံးတွေက စိတ်သက်သာရာရသွားဟန် ပေါ်ခဲ့လေသည်။ "ချွန်းယီကို လာတွေ့တာ။"

 

ကောချွန်းရုရဲ့ ညီမက ခေါင်းငြိမ့်ပြကာ ဘာမှ မပြောခဲ့ပေ။

 

ကောချွန်းယီက ကုတင်ထက်မှာ ကိုယ်တစ်ဝက်မှီထားကာ ဒေါသထွက်စွာ မေးခဲ့သည်။ "အစ်မ ကျွန်တော့်ကို အန္တရာယ်ပြုတဲ့လူကို ရှာတွေ့ပြီလား။"

 

ကောချွန်းရုရဲ့ရင်က မကြည်မသာ ဖြစ်သွားခဲ့သည်။ "နင့်ယောက်ဖ စုံစမ်းနေတုန်းပဲ၊ မကြာခင် သိရလိမ့်မယ်။"

 

ကောချွန်းယီက ဓားဆွဲထုတ်ကာ ခုတ်ပိုင်းပစ်ဖို့ မစောင့်နိုင်တော့ပေ။ "ရှီလွေ့ပဲနေမှာ ဘာမှ ထပ်စုံစမ်းစရာ မလိုဘူး။"

 

ကောချွန်းရုက လက်ဆန့်ကာ သူ့ပုခုံးကို ပုတ်ပေးခဲ့သည်။ "တကယ်လို့ ရှီလွေ့ဖြစ်ခဲ့မယ်ဆိုရင် စိတ်မပူပါနဲ့၊ ငါသူ့ကို အလွတ် မပေးပါဘူး။"

 

သူမ မောင်ကို လုပ်ခဲ့သည့်လူက ဘယ်သူဖြစ်ဖြစ် သူမ အလွတ်ပေးမည် မဟုတ်ပေ။

 

ထိုအချိန်မှာပဲ သူမရဲ့ ညီမ ပြောစကားကို ကြားလိုက်ရလေသည်။ "အစ်မ ဒုတိယမင်းသားက ဒုတိယမိဖုရား တင်မြှောက်မလို့တဲ့၊ အဲ့တာ စစ်သူကြီးကိုပြောပြီး ညီမလေးကို နန်းတော်ထဲ ပို့ခိုင်းပေးလို့ ရမလား။"

 

ကောချွန်းရုက ကြက်သေသေသွားခဲ့သည်။ "ဘာ…"

 

သူမ ညီမက သူမကို ကြည့်ခဲ့သည်။ "ဒုတိယမင်းသားရဲ့ နန်းဆောင်ကိုသွားပြီး ဒုတိယမိဖုရား သွားလုပ်ချင်တယ်လို့ ပြောတာ။"

 

ကောချွန်းရုက ညီမ ဖြစ်သူကို ရှုပ်ထွေးသည့်ဟန်ဖြင့် ကြည့်လိုက်သည်။ "နင်စဥ်းစားပြီးပြီလား၊ ဒုတိယမိဖုရားဆိုတာ ကိုယ်လုပ်တော်ပဲ၊ တရားဝင် ပထမဇနီး ဖြစ်ချင်တယ်ဆိုရင် နင့်ခဲအိုကို အကူအညီတောင်းပြီး မိသားစုကောင်းတစ်ခုကို ရှာပေးခိုင်းလို့ရတယ်။"

 

ကောချွန်းရုက သူမရဲ့ မောင်လေး၊ ညီမလေး အပေါ်ကို အလွန် အလိုလိုက်သည်။

 

သူမရဲ့ ညီမက ရယ်ခဲ့လေသည်။

 

သူမက ကောင်းကင်ကို ညွှန်ပြကာ ပြောခဲ့သည်။ "ဒုတိယမင်းသားသာ အဲကိုရောက်သွားခဲ့ရင်။" သူမက ဆက်ပြောခဲ့သည်။ "သူ့ရဲ့ ကိုယ်လုပ်တော်က ကိုယ်လုပ်တော် မဟုတ်တော့ဘူး။"

 

သူမကို ထောက်ပံ့ပေးဖို့ စစ်သူကြီးစံအိမ်ပဲရှိကာ သူမက မိဘမဲ့ဖြစ်ပြီး သန်မာသည့် မိသားစုနောက်ခံ မရှိတာကို သူမ ကောင်းကောင်းသိသည်။

 

သူမက ဘယ်လိုကြောင့် မိသားစုကောင်းက တရားဝင် ပထမဇနီးအဖြစ် လက်ထပ်နိုင်ပါမည်နည်း။

 

သူမ လောင်းကြေးထပ်ရမည်။

 

ဘုရင့်ရဲ့ နောက်ထပ် ယူထားသည့် အမျိုးသမီးတွေလည်း ကိုယ်လုပ်တော် ဆိုပေမယ့် မည်သူက ကိုယ်လုပ်တော်လို့ ခေါ်ရဲသနည်း။

 

သူမက ဒီလောက်ထိ ရည်မှန်းချက် ကြီးမည်ဟု ကောချွန်းရု မထင်မိခဲ့ပေ။ "ဒါပေမဲ့ သူ မဖြစ်ခဲ့ရင်ကော။"

 

ကောချွန်းယီးက ပြောခဲ့သည်။ "ဒါဆိုလည်း ဒုတိယမိဖုရား ဆက်ဖြစ်ရုံပေါ့၊ ညီမလေး အပြင်ထွက်ရင် သူများတွေရဲ့ အထင်သေးခြင်းတော့ မခံရပါဘူး။"

 

သူမရဲ့ နိမ့်ကျသည့် လူမှုအသိုင်းအဝိုင်းကြောင့် အထင်သေးခံရကာ အများနှင့် ရောနှော မနေရပေ။

 

"ညီမလေး အနာဂတ်မှာ သာမာန်မဟုတ်တဲ့ မိသားစုကနဲ့ လက်ထပ်နိုင်ဖို့ အစ်မပဲ ကျင့်ဝတ်ထုံးတမ်းတွေ သင်ဖို့ လွှတ်ခဲ့တာ မဟုတ်လား။"

 

မဟုတ်ပါက သူမက ဘာကြောင့် မင်းစိုးရာဇာ အမျိုးသမီးကြီးတွေဆီကနေ ကျင့်ဝတ်ထုံးတမ်းတွေ သင်ယူခဲ့ရမည်နည်း။

 

သူမက အရင်က စစ်သူကြီးစံအိမ်မှာ မရှိခဲ့ပေ။

 

သူမ အစ်မက မြို့တော်ကြီးကို ကျင့်ဝတ်ထုံးတမ်းတွေ သင်ယူဖို့ နှစ်ဝက်လောက် လွှတ်ခဲ့တာ ဖြစ်သည်။

 

လွန်ခဲ့သည့် နှစ်ရက်က သူမ အိမ်ပြန်လာသည့် အချိန်မှာပဲ အစ်ကိုဖြစ်သူ ခြေထောက်ဖြတ်တာ ခံလိုက်ရမှန်း သိလိုက်ရလေသည်။

 

ပြည်သူ့အုပ်ချုပ်ရေးမှူး စံအိမ်က သခင်လေးက ဒီကိစ္စရဲ့ နောက်ကွယ်က လူဟု သူမ သံသယဝင်မိသည်။

 

ဒါတွေကပဲ သူမရဲ့ ရည်မှန်းချက်ကို တောက်လောင်စေခဲ့တာ ဖြစ်သည်။

 

သူမသာ မြင့်မားသည့် အဆင့်အတန်းက ဆိုပါက ရှီလွေ့က သူမရဲ့ ဒုတိယအစ်ကိုကို ထပ်ပြီး ထိပါးရဲပါဦးမည်လား။

 

သူမသာ အာဏာကြီးလာပါက ခဲအိုကို တောင်းပန်ပြီး ဒီကိစ္စရဲ့နောက်ကွယ်က လူကို စုံစမ်းခိုင်းပြီး လက်စားချေခိုင်းဖို့ လိုပါဦးမည်လား။

 

သူမ အစ်မလည်း ရွာက ရှောင်ဟန်ကျန့်ကို ကြောက်စရာ မလိုတော့ပေ။

 

သူ့ကို လက်တစ်ဖက်ဖြင့်တောင် ဖျက်စီးပစ်လို့ ရနိုင်သည်။

 

ကောချွန်းရုက သူမ ညီမကို ဒီလို ပုံစံဖြင့် ပထမဆုံးမြင်ဖူးတာဖြစ်ပြီး ဒုတိယအနေဖြင့် တွေးမိလိုက်တာကတော့ ကောင်းသည် ဟူ၍ ဖြစ်သည်။

 

အကောက်ကြံတတ်ကာ ရည်မှန်းချက်ကြီးမားတာက ဖြူစင်သည့် ယုန်သူငယ်ထက် ပိုကောင်းသည်။

 

မဟုတ်ပါက ဘယ်လို အဆုံးသတ်သွားမလဲဆိုတာ သိနိုင်မည် မဟုတ်ပေ။

 

သူမ ညီမက အမျိုးသမီးခုန် နှင့် တူမှာထက်စာရင် ရက်စက်တတ်တာ ပိုကောင်းသည်။

 

ကောချွန်းရုက မေးခဲ့သည်။ "ဘာလို့ သူ့ရဲ့ ဒုတိယမိဖုရားဖြစ်ဖို့ ရွေးလိုက်တာလဲ၊ အိမ်ရှေ့စံရဲ့ ဒုတိယမိဖုရားနေရာကလည်း လစ်လပ်နေတာပဲလေ။"

 

သူမ ညီမကို သာမာန် မိသားစုဖြင့် လက်မထပ်စေချင်တာကြောင့် ကျင့်ဝတ်ထုံးတမ်းတွေကို သင်ယူစေခဲ့တာ ဖြစ်သည်။

 

သာမာန်မိသားစုက တရားဝင်ပထမဇနီး အဖြစ် လက်ထပ်တာထက်စာရင် မင်းသား တစ်ဦးနှင့် လက်ထပ်တာက ပိုကောင်းသည်။

 

အကယ်၍ သူမ ကံကောင်းပါက ကြင်ယာတော်ဖြစ်လာကာ မင်းသားတစ်ပါး ဖွားမြင်ပေးနိုင်သည်။

 

အဆိုးဆုံး အခြေအနေမှာ အိမ်ရှေ့စံက ဘုရင်အဖြစ် ခန့်အပ်ခံခဲ့ရရင်တောင် သူမက ကြင်ယာတော်ဖြစ်ဆဲဖြစ်သည်။

 

သူမလို စစ်သူကြီးရဲ့ဇနီးကတောင် ဦးညွှတ် နှုတ်ဆက်ရမည့်လူဖြစ်သည်။

 

ကောချွန်းယီးက ပြန်ဖြေခဲ့သည်။ "ဒုတိယမင်းသားရဲ့ အမေက အလေးပေး အခံရဆုံးပဲ၊ သူ့အမေရဲ့ မိသားစုဘက်ကလည်း ထိပ်တန်းပြည်သူ့အုပ်ချုပ်ရေးမှူး သုံးဦးထဲက တစ်ယောက်လေ၊ သူက ရည်မှန်းချက်လည်း ကြီးတယ်၊ အိမ်ရှေ့စံက တော်ဝင်ပါမောက္ခနဲ့ စာသင်နေတဲ့အချိန်မှာ သူက ညီလာခံတက်ပြီး သင်ယူနေပြီ၊ စစ်သူကြီးရှောင်နဲ့ ဒုတိယမင်းသားကလည်း အတွင်း ဆက်ဆံရေးကောင်းရှိတယ်လို့ မတော်တဆ ရှာတွေ့ခဲ့တယ်၊ ကြိုမြင်ရသလောက်ဆိုရင် အနာဂတ်မှာ စစ်သူကြီးရှောင်က အိမ်ရှေ့စံဘက်မှာ နေမယ့်အစား ဒုတိယမင်းသားဘက်မှာ နေမှာ မဟုတ်ဘူးလား၊ ဒါကြောင့် အကျိုးအမြတ်အတွက် ပိုပူးပေါင်းသင့်တယ် မဟုတ်လား၊ ညီမလေးကို ဒုတိယမိဖုရားအဖြစ် ပို့တာက ပိုကောင်းတဲ့ ရွေးချယ်မှုပဲ။"

 

သူမ ခဲအိုက စစ်တပ်အာဏာရှိကာ စစ်မှုရေးရာဌာနရဲ့ လက်ထောက်ဝန်ကြီး ဖြစ်သည်။ ဒုတိယမင်းသားက သေချာပေါက် သူ့ကို အသုံးလိုလိမ့်မည်။

 

ဒါ့အပြင် သူမရဲ့ အလှနှင့် နည်းဗျူဟာအရ ဒုတိယမင်းသားက သူမကို သဘောမကျမှာကို သူမ မယုံပေ။

 

သူမမှာ မရှိတာဆိုလို့ မင်းစိုးရာဇာ မိသားစု နောက်ခံသာဖြစ်သည်။ သူမရဲ့ ခဲအိုကသာ သူမကို ဒုတိယမိဖုရား ဖြစ်အောင် လုပ်ပေးနိုင်မည် ဖြစ်သည်။

 

အကယ်၍ သူမ ကိုယ်တိုင်သွားရမည်ဆိုပါက သာမာန် ကိုယ်လုပ်တော်လေးအဖြစ်တော့ မနေချင်ပေ။

 

ဒါ့အပြင် သူမကိုယ်တိုင် ဒုတိယမင်းသားဆီ သွားလိုက်ပါက ဒုတိယမင်းသားက သူမကို အချစ်လျော့လိမ့်မည်။

 

ဒုတိယမင်းသားကို ဘယ်လိုဆွဲဆောင်ကာ သူမကို ပိုသဘောကျလာအောင် လုပ်ရမလဲဆိုတာ သူမ တွေးပြီးသား ဖြစ်သည်။

 

သူမက ထပ်ပြောခဲ့သည်။ "ညီမလေးသာ ဒုတိယမင်းသားရဲ့ အလိုလိုက်တာ ခံရမှတော့ ရှီလွေ့လိုလူကို ပစ်မှတ်ထားဖို့ ခက်ပါဦးမလား။"

 

ကောချွန်းယီက တည်ငြိမ်နေကာ ကောချွန်းရုကို ကြည့်ခဲ့သည်။ "အစ်မ ညီမလေးရဲ့ဆုံးဖြတ်ချက်က အရမ်းကောင်းတယ်လို့ ထင်တယ်၊ ကျေးဇူးပြုပြီး သူ့ကို ကူညီပေးလိုက်ပါ။"

 

သူ လက်စားချေရမည်။

 

ကောချွန်းရုက ခဏလောက် တွေးပြီးနောက် ခေါင်းငြိမ့်ပြခဲ့သည်။ "ကောင်းပြီ စစ်သူကြီးကို နောက်ရက်အနည်းငယ်နေရင် အသိပေးလိုက်မယ်။"

 

သူမ ညီမက သူမ ထင်ထားတာထက် ပိုဉာဏ်ကောင်းသည်။

 

စစ်သူကြီးနှင့် ဒုတိယမင်းသားက အတွင်းဆက်ဆံရေးရှိနေတာကိုတောင် ရှာတွေ့ခဲ့သေးသည်။

 

သူမရဲ့ ဗီဇအရ ထိုအတွက် တိုက်ခိုက်ဖို့ တန်သည်။

 

သူမ မောင်ဖြစ်သူရဲ့ အနာဂတ်က ပျက်စီးသွားခဲ့ပြီဖြစ်သည်။

 

အကယ်၍ သူမ ညီမလေးသာ ဒုတိယမိဖုရားဖြစ်ပြီး နောက်ပိုင်းကျရင် ဒုတိယမင်းသား ထီးနန်းတက်နိုင်မည်ဆိုပါက သူမနှင့် မောင်လေးလည်း ကောင်းကျိုးရှိမည်ဖြစ်သည်။