အပိုင်း ၁၅၇
Viewers 14k

 

 

အခန်း(၁၅၇) - အဖွားကြီး ရူးသွားတာလား

 

တစ်ဖက်က စာဖတ်ခန်းထဲတွင် ဖြစ်သည်။

 

ရှောင်ယွမ်ရှစ်က လူလွှတ်ပြီး ဒီနေ့ကိစ္စကို စုံစမ်းခိုင်းခဲ့သည်။

 

စားသောက်ဆိုင်ထဲဝင်ပြီးနောက် ဖြစ်ခဲ့သမျှကို တတ်နိုင်သမျှ ပြန်စဥ်းစားခဲ့သည်။

 

မေးခွန်းထုတ်စရာ အချက်တချို့ရှိနေခဲ့သည်။

 

ပထမဆုံးအနေနှင့် စားပွဲထိုးလေးက သူ့အတွက် အရက်ငှဲ့ပေးရင်း လက်တွေတုန်နေကာ ဖိတ်ကျတော့မတတ်ဖြစ်နေသည်။

 

ဒုတိယအနေနှင့် သူ့နှင့် သူ့လုပ်ဖော်ကိုင်ဖက်တွေ သောက်နေသည့် အချိန်မှာ ထိုပေါ့ပေါ့နေ ပေါ့ပေါ့စား လူတစ်အုပ်က ဘာကြောင့် တိုက်တိုင်စွာ ထိုနေရာမှာ ရှိနေရသနည်း။

 

ပိုအရေးကြီးတာက ရှီလွေ့က သူတို့နှင့် ရှိနေတာဖြစ်သည်။

 

ထို့နောက် သူက သူ့လူတွေဖြင့် ရှီလွေ့နှင့် ဘုရင့်ဦးရီးတော်ကို စောင့်ကြည့်ခိုင်းထားခဲ့သည်။

 

ရှောင်ယွမ်ရှစ်က သာမာန်တပ်သားလေးကနေ စစ်သူကြီးအဖြစ် တက်လှမ်းနိုင်ခြင်းကြောင့် သူက တကယ်ပဲ ထူးချွန်တာဖြစ်ရမည်။

 

ရှီလွေ့နှင့် လျန်ယို့ရှောင်က သတင်းတွေဖြန့်ပြီးနောက် ရထားလုံးထဲ ဝင်သွားခဲ့သည်။

 

သူတို့ရဲ့ လက်ထောက်တွေကလည်း မရိုးရှင်းပေ။

 

သူတို့နောက် တစ်စုံတစ်ယောက် လိုက်နေတာကို သတိထားမိပြီး သူတို့ရဲ့ သခင်တွေကို ပြန်တင်ပြခဲ့သည်။

 

လျန်ယို့ရှောင်က လက်ဝေ့ယမ်းပြခဲ့သည်။ "ပေးလိုက် လိုက်။"

 

ရှီလွေ့က မျက်ခုံးပင့်ခဲ့သည်။ "ရှောင်ယွမ်ရှစ်က တော်တော် ဉာဏ်ကောင်းတာပဲ၊ ငါတို့ကို သံသယဝင်တာ မြန်သားပဲ။"

 

လျန်ယို့ရှောင်က သူ့ကို အဓိပ္ပာယ်ပါပါ ပြုံးပြခဲ့သည်။ "ငါတို့မဟုတ်ဘူး သူက မင်းကိုပဲ သံသယဝင်တာဖြစ်မယ်။"

 

သူလည်း လူကောင်း မဟုတ်ကြောင်း ရှီလွေ့က တွေးခဲ့သည်။

 

သူက စိတ်မဝင်စားဟန်ဖြင့် ပုခုံးတွန့်ကာ ပြောခဲ့သည်။ "သူရှာတွေ့သွားတော့ကော ဘာဖြစ်လဲ၊ ငါကလည်း ဖုံးကွယ်ထားဖို့ ရည်ရွယ်ချက် မရှိဘူး။"

 

သူလုပ်ကြံတာဟု ရှောင်ယွမ်ရှစ် ထင်မြင်နိုင်စရာ ကိစ္စတွေများသည်။

 

စားသောက်ဆိုင်မှာ တိုက်ဆိုင်မှုများစွာ ရှိခဲ့သည်။

 

ရှောင်ယွမ်ရှစ် သူတို့ကို သံသယ မဝင်တာမှ ထူးဆန်းလိမ့်မည်။

 

အကယ်၍ ရှာတွေ့သွားခဲ့ရင်လည်း သူ မကြောက်ပေ။

 

စစ်သူကြီးရဲ့ဇနီးက သူ့ကို ထပ်လုပ်ကြံရဲရင် လက်စားချေခံရမည့်အကြောင်း ရှောင်ယွမ်ရှစ်ကို သူသိစေချင်တာဖြစ်သည်။

 

လျန်ယို့ရှောင်က ခပ်ဖွဖွ ရယ်ခဲ့သည်။ "မှန်တယ်၊ ရှောင်ယွမ်ရှစ်ပဲကို ဘာမှ ကြောက်စရာ မလိုဘူး။"

 

ရှီလွေ့က လျန်ယို့ရှောင်ရဲ့ ပုခုံးပေါ် လက်တင်ခဲ့သည်။ "မာကျောက် သွားကစားရအောင်။"

 

"ကောင်းပြီ။" လျန်ယို့ရှောင်က ပြုံးကာ ခေါင်းငြိမ့်ပြခဲ့သည်။

 

ထို့ကြောင့် သူတို့နှစ်ယောက်က လက်ဖက်ရည်ဆိုင်ကိုသွားခဲ့ပြီး သူငယ်ချင်းနှစ်ယောက်ကို ထပ်ဖိတ်ခေါ်ခဲ့သည်။

 

စစ်သူကြီးရှောင်ရဲ့ သတင်းက မြို့တော်မှာ အလျင်အမြန် ပြန့်သွားခဲ့သည်။

 

လူတွေက သတင်းကို စကြားခါစတုန်းက မယုံကြည်ရဲပေ။

 

နောက်တော့ ဖြစ်နိုင်ခြေ ရှိသည်ဟု တွေးမိလာခဲ့ကြသည်။

 

တကယ်ကို ပြောဖို့ခက်သည့် ကိစ္စဖြစ်သည်။

 

နောက်တစ်နေ့ ရှောင်ယွမ်ရှစ် ညီလာခံသွားတော့ ထူးဆန်းသည့် အကြည့်များစွာကို ရခဲ့သည်။

 

တချို့က သူ့ကို အထင်မြင်သေးစွာကြည့်ခဲ့သည်။

 

သူက ရင်တုန်သွားခဲ့သည်။ ဟိုလူက သူတို့အကြောင်းကို ပတ်ပြောပစ်တာလား။

 

ဒီနေ့ ဆွေးနွေးစရာ သိပ်မရှိတာကြောင့် ညီလာခံ စောစော ပြီးသွားခဲ့သည်။

 

သူပဲ စိတ်ထင်နေတာလားဟု ရှောင်ယွမ်ရှစ် တွေးမိလိုက်ပေမယ့် ဘုရင်ကြီးကပင် ထွက်မသွားခင် သူ့ကို တမင်စိုက်ကြည့်သွားခဲ့သည်။

 

ရှောင်ယွမ်ရှစ် ပင်မ ခန်းမဆောင်က ထွက်လိုက်တော့ သူနှင့် ရင်းနှီးသည့် လူတွေပါ သူ့ကို ဝေးဝေးရှောင်နေမှန်း သဘောပေါက်သွားခဲ့သည်။

 

မနေ့က ကိစ္စက ပေါက်ကြားသွားပြီဆိုတာ သူသေချာသွားခဲ့သည်။

 

ထိုအချိန်မှာပဲ သူက ချက်ချင်းဓားဆွဲထုတ်ပြီး ဘုရင့်ဦးရီးတော်ကို သတ်ပစ်ချင်နေသည်။

 

တစ်ချိန်တည်းမှာပဲ သူနှင့် ရင်းနှီးသည့် စစ်သူကြီးတစ်ဦးက သူ့ဆီလျှောက်လာခဲ့သည်။

 

ထိုစစ်သူကြီးက သူ့ကို လေသံတိုးတိုးဖြင့် မေးခဲ့သည်။ "မင်းတစ်ယောက်ယောက်ကိုများ အမှားပြုထားသလား။"

 

အပြင်မှာ ပြန့်နေသည့် သတင်းတွေက အမှန်ဆိုတာ သူယုံကြည်ပေမယ့် ဒါက သူ့ရဲ့ ဝါသနာဆိုတာတော့ သူ မယုံပေ။

 

သူတို့က စစ်မြေပြင်မှာ အတူတူရှိခဲ့တာကြောင့် ရှောင်ယွမ်ရှစ်က ဒီလိုလူ မဟုတ်တာ သူသိသည်။

 

တကယ်လို့ သူ့မှာ ထိုဝါသနာရှိခဲ့ရင်တောင် စားသောက်ဆိုင်မှာတော့ လုပ်မှာ မဟုတ်ပေ။

 

ထို့ကြာင့် တစ်ခုတည်းသော ဖြစ်နိုင်ခြေက ရှောင်ယွမ်ရှစ် တစ်ယောက်ယောက်ကို အပြစ်ပြုမိထားတာ ဖြစ်နိုင်သည်။

 

ရှောင်ယွမ်ရှစ်က သူ့ကို တိုးတိုးလေး မေးခဲ့သည်။ "ခင်ဗျား တစ်ခုခု ကြားထားသေးလား။"

 

ထိုစစ်သူကြီးက သူကြားခဲ့သည့် သတင်းတွေကို ပြန်ပြောပြခဲ့သည်။

 

ရှောင်ယွမ်ရှစ်ရဲ့ မျက်နှာက ချက်ချင်း မည်းမှောင်သွားခဲ့သည်။ "ဒါဆို ရှီလွေ့နဲ့ရှိတဲ့ လူတွေက ဒီသတင်းကိုဖြန့်ခဲ့တာပေါ့ ဟုတ်လား။"

 

ထိုလူက ခေါင်းငြိမ့်ပြခဲ့သည်။ "ဟုတ်တယ် သူတို့ မျက်စိနဲ့တပ်အပ်မြင်တာလို့ပါ ပြောတာ၊ ဒါ့အပြင် မနေ့က မင်းနဲ့ အတူတူသွားသောက်တဲ့ ငါတို့ လုပ်ဖော်ကိုင်ဖက် တစ်ယောက်ကလည်း အဲသတင်းက အမှန်ပဲလို့ ပြောခဲ့တယ်၊ သူလည်း မြင်ခဲ့တယ်တဲ့။"

 

နောက်ဆုံးတော့ လူတွေက ဘာကြောင့် သူ့ကို ထူးထူးဆန်းဆန်း ကြည့်နေလဲဆိုတာ ရှောင်ယွမ်ရှစ် သိသွားခဲ့သည်။

 

ပြီးတော့ လွန်ခဲ့သည့် ရက်အနည်းငယ်က ဘာကြောင့် အနည်းငယ် ထူးဆန်းနေလဲဆိုတာပါ သိသွားခဲ့သည်။

 

မျိုးမစစ် ရှီလွေ့က ထိုပေါ့ပါ့နေ ပေါ့ပေါ့စား လူတစ်အုပ်ကို ဦးဆောင်ကာ သတင်းတွေ လျှောက်ဖြန့်ခဲ့လို့ဖြစ်သည်။

 

သူနဲ့ ကောချွန်းယီက ဆက်ဆံရေး ရှိသည်ဟုပင် ပြောခဲ့သေးသည်။

 

အခုတော့ သူက ပစ်မှတ်ပြောင်းကာ ရှီလွေ့ကို သတ်ပစ်ချင်နေသည်။

 

သူ့လို မကောင်းဆိုးဝါး ဘုရင်ကသာ ဒီလို လုပ်နိုင်သည်။

 

"ကျုပ် တကယ် လုပ်ကြံခံရတာ၊ မနေ့က ဘာတွေဖြစ်သွားမှန်းကို မသိပါဘူး၊ အခုတော့ ဒီလိုတွေ ဖြစ်ကုန်တာပဲ၊ ဟိုးတုန်းက ကျုပ်ရဲ့တူနဲ့ ရှီလွေ့က စကားများခဲ့ပြီး ကျုပ်တူက သူ့ကို ထိုးခဲ့တယ်လေ၊ ပြီးတော့ ရှီလွေ့နဲ့ ကျုပ်ယောက်ဖနဲ့ စကားများခဲ့ပြီး သူက ကျုပ်ယောက်ဖရဲ့ လက်ကို ချိုးခဲ့တယ်။"

 

ရှောင်ယွမ်ရှစ်က ခါးသက်စွာ ပြုံးခဲ့သည်။ "သူလက်စားချေလို့ မပြီးသေးဘူးလို့ မထင်မိခဲ့ဘူး။"

 

သူက မနေ့က မတော်တဆမှု အကြောင်းတွေကို အကြမ်းဖျင်း ပြောပြခဲ့သည်။

 

စစ်သူကြီးက သက်ပြင်းချခဲ့သည်။ "မတော်တဆမှုက မင်းရဲ့ ဂုဏ်သိက္ခာကို ထိခိုက်စေလောက်တဲ့အထိ ကြီးတယ်၊ နောက်တစ်ခါဆိုရင် သတိထား။"

 

ရှီလွေ့ကိုတော့ မှတ်ချက် မပြုခဲ့ပေ။

 

ထိုမကောင်းဆိုးဝါး ဘုရင်လေးက ဘုရင်ကြီးနှင့် မိဖုရားကြီးရဲ့ အလိုလိုက်ခြင်း ခံထားရသူဖြစ်သည်။

 

ရှောင်ယွမ်ရှစ်က ကံဆိုးစွာဖြင့် သူ့ကိုမှ အပြစ်သွားပြုမိခဲ့သူဖြစ်သည်။

 

ထို့နောက် ရှောင်ယွမ်ရှစ် အကြောင်း ကောင်းကောင်း သိသည့် လူအနည်းစုက လာရောက် မေးမြန်းခဲ့လေသည်။

 

ရှောင်ယွမ်ရှစ်က အကုန်လုံးကို ရှင်းပြခဲ့သည်။

 

သူက တကယ်ကံဆိုးနေတာပဲဟု လူတိုင်းက တွေးခဲ့သည်။

 

သို့ပေမယ့် အချိန်တစ်ခုအထိ သူနှင့် ဝေးဝေးနေရမည်ဟု ဆုံးဖြတ်လိုက်ကြလေသည်။

 

ဘာပဲဖြစ်ဖြစ် သတင်းတွေက ကြီးမားသည့် အန္တရာယ်ကို ဖြစ်စေနိုင်စွမ်း ရှိသည်။

 

သူတို့က ဒီသတင်းတွေထဲက နစ်နာသူ မဖြစ်လိုပေ။

 

ရှီလွေ့နှင့် သူ့အပေါင်းအပါတွေက ကြီးမားသည့် မိသားစုနောက်ခံရှိကာ ဘာကိုမှ မကြောက်တတ်ပေ။

 

သူတို့ကို ဆန့်ကျင်မိဖို့ရာ သူတို့မတတ်နိုင်ပေ။

 

ရှောင်ယွမ်ရှစ်က စစ်မှုရေးရာဌာနကနေ ခွင့်ယူခဲ့ကာ ရုံးတော်ကို မသွားခဲ့ပေ။

 

သူ့ကိုယ်သူ ဟာသ အလုပ်မခံနိုင်ပေ။

 

စစ်မှုရေးရာ အမတ်ကြီးက သူ့လက်အောက်ငယ်သား ဒီလိုဖြစ်နေတော့ မပျော်မရွှင် ဖြစ်နေသည်။

 

ရှောင်ယွမ်ရှစ်ကြောင့် စစ်မှုရေးရာဌာန အာရုံစိုက်ခံရမှာကို မလိုလားတာကြောင့် သူ့ကို ခွင့် ၃ရက် ပေးခဲ့သည်။

 

ရှောင်ယွမ်ရှစ်က မြင်းရထားလုံးပေါ်တက်ကာ စစ်သူကြီးစံအိမ်ကို ပြန်ခဲ့သည်။

 

သူက မြင်းရထားလုံးထဲက လက်ဖက်ရည်ခွက် တချို့ကို ရိုက်ခွဲပစ်ခဲ့သည်။

 

"ရှီလွေ့။" သူက အံကြိတ်ထားပြီး မျက်လုံးထဲက သတ်ဖြတ်ချင်စိတ်တွေ ထွက်နေသည်။

 

ဒီမျိုးမစစ်လေးက တကယ်လွန်သွားပြီ။ သူ့ယောက်ဖရဲ့ ခြေထောက်ကို ဖြတ်ခဲ့ရုံသာမက သူ့ကိုပါ အကောက်ကြံခဲ့သည်။

 

သူက မျက်လုံးမှိတ်ခဲ့သည်။

 

အခုတော့ ရှီလွေ့နှင့် သူ့အပေါင်းအပါတွေကို ထိလို့ မရသေးပေမယ့် တစ်နေ့ကျရင်တော့ တစ်စဆီ ဆွဲဖြဲပစ်မည်။

 

သူလုပ်နိုင်တာဆိုလို့ ပြန့်နေသည့်သတင်းတွေ လျော့ကျအောင် ဆောင်ရွက်ပြီး ရုံးတော်က သူ့ဂုဏ်သိက္ခာကို ပြန်အဖတ်ဆယ်ရမည်ဖြစ်သည်။

 

ဒီတစ်ခါတော့ သူအကြီးကြီး ထိခိုင်ခဲ့သည်။

 

သူ့အတွက် ညီလာခံမှာ ခြေကုပ်မြဲဖို့နှင့် ဂုဏ်သတင်းမွှေးဖို့ဆိုတာ မလွယ်ကူခဲ့ပေ။

 

အခုတော့ ထိုပေါ့ပေါ့နေ ပေါ့ပေါ့စား လူတစ်စုက ဖျက်စီးပစ်ခဲ့တာကြောင့် သူအလွန် မုန်းတီးနေသည်။

 

တစ်ဖက်မှာတော့ ရှောင်သခင်မကြီးနှင့် ချွေးမ နှစ်ယောက်က မနက်ပိုင်းမှာ အပြင်ထွက်ခဲ့သည်။

 

သူမနှင့် မကြာမီက သိကျွမ်းခဲ့သည့် သခင်မကြီးနှင့် ဆုံခဲ့ရာ သူမက ရှောင်သခင်မကြီးကိုဆွဲပြီး ကြားခဲ့ရသည့် သတင်းတွေကို ပြောပြခဲ့သည်။

 

ထိုစကားကြားတော့ ရှောင်သခင်မကြီးက အလွန်ဒေါသ ထွက်သွားခဲ့သည်။

 

သူမက မယုံကြည်ဘဲ သူမ သိသည့် လူတချို့ကိုပြေးကာ သွားမေးခဲ့သည်။

 

လူတိုင်းက တူညီသည့် အဖြေပဲပေးလိမ့်မည်ဟု သူမ မထင်မိခဲ့ပေ။

 

သူမက ချွေးမတွေဖြင့် စစ်သူကြီးစံအိမ်ကို အမြန် ပြန်ခဲ့သည်။

 

ရှောင်သခင်မကြီးကိုတွေ့တော့ လူငယ်တစ်ယောက်က ပြုံးခဲ့သည်။

 

သိပ်မကြာခင်မှာပဲ သူက ရှောင်သခင်မကြီးကို သတင်းပေးခဲ့သည့်လူကို မုန့်ဖိုးပေးခဲ့သည်။

 

စစ်သူကြီးစံအိမ်က ပွဲကြီးပြီးသွားပါက သူ့သခင်ဖြစ်သူထံ စာရေးပို့ပေးရမည်ဖြစ်သည်။

 

စစ်သူကြီးစံအိမ်တွင် ဖြစ်သည်။

 

ကောချွန်းရုက အားဖြည့် စွပ်ပြုတ် သောက်နေသည်။

 

သူမ ကိုယ်ဝန်ရှိပြီးကတည်းက ရှောင်ယွမ်ရှစ်ရဲ့ ဝင်စွက်ဖက်မှုဖြင့် ရှောင်သခင်မကြီးကို ပြုစုပေးဖို့ မလိုတော့ပေ။

 

ရုတ်တရက်ကြီး အစေခံမလေးက တင်ပြခဲ့သည်။ "သခင်မ ရှောင်သခင်မကြီးက မပျော်မရွှင်နဲ့အဆောင်တော်ဆီ အလောတကြီး လာနေပါတယ်။"

 

ကောချွန်းရုက မျက်မှောင်ကြုတ်ခဲ့သည်။ "သူက ဒီအချိန်ကြီး ဘာလာလုပ်တာလဲ။"

 

အခု သူမက ကိုယ်ဝန်ရှိနေတာကြောင့် ရှောင်သခင်မကြီးက အရင်လို သူမကို မထိပါးရဲဘူးဟု ယုံကြည်ချက် ရှိနေသည်။

 

သူမ အခန်းထဲက ထွက်လိုက်သည်နှင့် ပါးရိုက်ခံလိုက်ရလေသည်။

 

ကောချွန်းရုက ပါးကို အုပ်ကိုင်ပြီး မယုံကြည်နိုင်စွာ ကြည့်ခဲ့သည်။

 

ဒီအဖွားကြီး ရူးသွားတာလား။