အပိုင်း(၁၅၈) - ကိုယ်ဝန်ပျက်ကျခြင်းနှင့် အက်ကြောင်းတစ်ခု
ရှောင်သခင်မကြီးက အလွန်ဒေါသထွက်နေသည်။
သူမက ကောချွန်းရုကို အော်ခဲ့သည်။ "ခွေးမ နင်က ငါ့သားကို
သတ်ချင်နေတာလား။" သူမက သူမရဲ့ မျိုးမစစ် ဒုတိယသားကိုလည်း အလွန်ဒေါသ ထွက်နေသည်။
သို့ပေမယ့် ရှောင်မိသားစုရဲ့ အနာဂတ်နှင့် ကြွယ်ဝချမ်းသာမှုတွေက
အကုန်လုံး သူ့အပေါ် မူတည်နေသည်။
ကောချွန်းရုက မျက်နှာကို အုပ်ကိုင်ထားပြီး နားမလည်စွာကြည့်ခဲ့သည်။
"အမေ ဘာကိုဆိုလိုတာလဲ ကျွန်မ မသိဘူး။"
ရှောင်သခင်မကြီးက အလွန်ဒေါသထွက်နေသည်။
သူမက ကောချွန်းရုကို ပါးထပ်ရိုက်ဖို့ လက်မြှောက်ခဲ့ပေမယ့် သူမရဲ့
အစေခံက တားမြစ်ခဲ့သည်။
ဒါက စစ်သူကြီး၏ အမိန့် ဖြစ်သည်။
သူတို့သခင်မ တစ်ခုခုဖြစ်သွားရင် သူတို့ရှင်းပြလို့ရမည် မဟုတ်ပေ။
ဒီမိန်မပျက်က ကိုယ်ဝန်ရှိနေကာ သူမ သားက ထိုမိန်းမကို အလွန်တန်ဖိုးထားနေတာကိုသိတော့
ရှောင်သခင်မကြီးက အတင်းအကြပ် ဆက်မလုပ်ခဲ့ပေ။
သူမက ထပ်ပြောခဲ့သည်။ "နင့်မောင်လုပ်ခဲ့တာတွေက အခု မြို့တော်
တစ်ခုလုံးကို ပြန့်နေပြီ၊ ငါ့သားရဲ့ ဂုဏ်သိက္ခာကိုတောင် ထိခိုက်စေခဲ့တယ်၊ နင်နဲ့နင့်မောင်က
ဂြိုလ်ဆိုးတွေ နင့်တို့ မိဘအတွက် ကျိန်စာပဲ၊ နင့်ကို အစကတည်းက ရှောင်မိသားစုနဲ့ လက်ထပ်ခွင့်
မပြုခဲ့ရမှာ။"
ထို့နောက် သူမနှင့် သူမရဲ့ ချွေးမတွေက တစ်ယောက်တစ်လှည့် ကောချွန်းရုကို
ဆဲဆိုခဲ့သည်။
တစ်ချိန်တည်းမှာပဲ မြို့တော်မှာပြန့်နေသည့် သတင်းနှင့် မနေ့ကဖြစ်ပျက်ခဲ့သမျှကို
ပြောပြခဲ့သည်။
ကောချွန်းရုရဲ့ မျက်နှာက ဖြူဖတ်သွားခဲ့သည်။ "မဖြစ်နိုင်ဘူး၊
လုံးဝ မဖြစ်နိုင်ဘူး။"
ရှောင်သခင်မကြီးက ခနဲ့ခဲ့သည်။ "အခု တစ်မြို့လုံးက ဒီအကြောင်းကိုသိနေပြီ၊
မဖြစ်နိုင်ဘူးလို့ ပြောရုံနဲ့ အခြေအနေတွေ ပြောင်းသွားမယ်လို့ ထင်နေတာလား။"
မနေ့က ရှောင်ယွမ်ရှစ် ပြန်လာတုန်းက မသာမယာဖြစ်နေတာကို ကောချွန်းရု
ပြန်အမှတ်ရသွားခဲ့သည်။ သူမရဲ့မျက်နှာက ထပ်ပြီး ဖြူဖျော့သွားခဲ့ပြန်သည်။
"သူထပ်ပြီး အကောက်ကြံခံရတာ။" ရှောင်ယွမ်ရှစ်က ဒီလို
လူစားမျိုး မဟုတ်တာ သူမ သိသည်။
တကယ်၍ ဒါသာ အမှန်ဆိုရင်တော့ အလွန်ရှက်ဖို့ကောင်းသည်။
ဒါ့အပြင် ဒီသတင်းတွေက သူမ မောင်ကို အသားလွတ် ငြိစွန်းနေသည်။
အနာဂတ်မှာ သူမ မောင်က လူတွေကို ဘယ်လိုရင်ဆိုင်ရတော့မည်နည်း။
သူမက အလွန်ဒေါသထွက်နေကာ မေ့လဲလုမတတ် ဖြစ်နေသည်။
ရှောင်သခင်မကြီးက အေစက်စွာ ခနဲ့ခဲ့သည်။ "အဲ့တာ နင့်လို မြေခွေးမနဲ့ နင့်မောင်အပျက်ကောင်ကြောင့် ဖြစ်ရတာ၊ ငါ့သားက
နင့်မောင်ကို ဘာလို့ကောင်းကောင်းဆက်ဆံနေလဲလို့ ထူးဆန်းနေတာ၊ လက်စသတ်တော့ ဒီလိုဖြစ်နေတာကို၊
နင်နဲ့ နင့်မောင်က အရှက်မရှိတဲ့ မျိုးမစစ်တွေ၊ နင်တို့က... ။" ရှောင်သခင်မကြီးက
ခါးထောက်ကာ ဆဲဆိုကြိမ်းမောင်းနေခဲ့သည်။
ထိုစကားတွေကြားတော့ ကောချွန်းရုရဲ့ မျက်နှာက ဒေါသကြောင့် အစိမ်းရောင်
ပြောင်းသွားခဲ့သည်။ "ရှင်.. ရှင်...။"
ရုတ်တရက်ကြီး သူမရဲ့ ဗိုက်က အလွန် နာကျင်လာခဲ့သည်။
သူမက ဗိုက်ကို ဖိနှိပ်ခဲ့သည်။ "အား... ဗိုက်.. ဗိုက်နာတယ်။"
"အား.... သွေးတွေ။" ကောချွန်းရု ဘေးက အစေခံမလေးက
ကောချွန်းရု စကပ်အောက်က သွေးတွေ စီးကျလာတာကိုတွေ့တော့ ထိတ်လန့်စွာ
အော်ဟစ်ခဲ့သည်။
ကောချွန်းရုက အစေခံမလေးရဲ့ လက်မောင်းကို အစောတလျင် ဆုပ်ကိုင်ခဲ့သည်။
"တော်ဝင်သမားတော်၊ တော်ဝင်သမားတော်ကို မြန်မြန်ခေါ်။"
သူမက တစ်ခါ ကိုယ်ဝန်ပျက်ကျဖူးကာ ဒါက ကိုယ်ဝန်ပျက်ကျခင်သည့်
လက္ခဏာတွေဖြစ်ကြောင်း သူမ သိသည်။
သူမက ဒီကလေးကိုရဖို့ မျှော်လင့်နေခဲ့ရတာ ကြာပြီဖြစ်သည်။
ဒါ့အပြင် အချိန်ကိုက် ဖြစ်တာကြောင့် သူမ မဆုံးရှုံးချင်ပေ။
လုံးဝ ဆုံးရှုံးလို့ မရပေ။
ထို့နောက် သူမက အလွန် မူးဝေလာကာ မေ့မလဲခင် အမြင်တွေ ဝေဝါးသွားခဲ့သည်။
ထိုအချင်းအရာကိုမြင်တော့ ရှောင်သခင်မကြီးက ပြောခဲ့သည်။
"ဒါ ငါတို့နဲ့ ဘာမှမဆိုင်ဘူးနော်၊ ဒီမြေခွေးမက စိတ်မလုံဖြစ်နေတာ။"
ထို့နောက် သူမက ချွေးမ နှစ်ယောက်ဖြင့် အတူတူ ထွက်ခွာသွားခဲ့သည်။
ရှောင်ယွမ်ရှစ် အိမ်ပြန်ရောက်တော့ အစေခံလေးက အကြောင်းစုံကို
ပြန်တင်ပြခဲ့သည်။
ရှောင်သခင်မကြီးက အပြင်က သတင်းတွေကြားပြီးနောက် ကောချွန်းရုကို
ပါးတစ်ချက်ပါ ရိုက်ခဲ့ကြောင်း ပြောပြခဲ့သည်။
သူမက သတင်းတွေပြောပြရုံတင်သာမကဘဲ သူမ သခင်မကို ဆဲဆိုကြောင်းပါ
ပြောခဲ့သည်။
ထို့နောက် သူတို့သခင်မက အလွန်ဒေါသထွက်ကာ ကိုယ်ဝန် ပျက်ကျသွားကြောင်း
ပြောခဲ့သည်။
ရှောင်ယွမ်ရှစ်ရဲ့ အမြင်တွေက မည်းမှောင်သွားခဲ့သည်။ သူ့မှာ
ဒေါသထွက်ရလွန်းလို့ မေ့လဲမတတ် ဖြစ်နေသည်။
သူ့ကိုယ်ခန္ဓာက ယိုင်တိုင်တိုင် ဖြစ်နေပေမယ့် မတ်တပ်ရပ်ဖို့
ထိန်းထားဆဲ ဖြစ်သည်။
မူးဝေခြင်း သက်သာသွားတော့ သူက ကောချွန်းရုရဲ့ အဆောင်ကို သွားခဲ့သည်။
သူအခန်းထဲ ဝင်လိုက်တော့ သူ့ဇနီးက ဖြူဖျော့စွာ အိပ်ရာထဲ လဲနေတာကို
တွေ့လိုက်ရသည်။
ခယ်မက အိပ်ရာဘေးမှာထိုင်ကာ မျက်ရည်သုတ်နေသည်။
ရှောင်ယွမ်ရှစ် ဝင်လာတာတွေ့တော့ သူမက ထရပ်ကာ ခါးကိုင်း အရိုအသေ
ပေးခဲ့သည်။ "ခဲအိုကို နှုတ်ခွန်းဆက်သပါတယ်။"
ရှောင်ယွမ်ရှစ်က ရှေ့ကို လျှောက်သွားလိုက်သည်။ "မင်းရဲ့အစ်မ
ဘယ်လိုနေလဲ။"
သူမရဲ့မျက်လုံးတွေက မျက်ရည်တွေဖြင့် ပြည့်နှက်နေသည်။
"အစ်မက အရမ်းဒေါသထွက်ပြီး ကိုယ်ဝန် ပျက်ကျသွားပါတယ်။"
သူမက မျက်ရည်လေးကျကာ ဆက်ပြောခဲ့သည်။ "ရှောင်သခင်မကြီးက
အစ်မကို ဆဲရုံတင်မကဘဲ သူကြားခဲ့တဲ့ သတင်းတွေပါ ပြောခဲ့တယ်၊ အဲ့တာကြောင့်
အစ်မက အရမ်းဒေါသထွက်သွားပြီး ကိုယ်ဝန် ပျက်ကျသွားခဲ့တာ။"
ဒီကလေးက အချိန်ကိုက် ရောက်လာတာ ဖြစ်သည်။
အခု စစ်သူကြီးစံအိမ်မှာ စစ်သူကြီးရဲ့ တရားဝင်ဇနီးကနေ ကလေး မွေးဖွားရမည့်
အချိန် ဖြစ်သည်။
ဒါ့အပြင် သတင်းတွေထဲမှာ သူမရဲ့ ဒုတိယ အစ်ကို ပါနေတာကြောင့်
ကလေးအတွက်နှင့် စစ်သူကြီးက သူ့ကို အပြစ်တင်မည် မဟုတ်ပေ။
သို့ပေမယ့် အခုတော့ ပြောရခက်သွားပြီဖြစ်သည်။
ကောချွန်းရုရဲ့ ညီမက လက်ကိုင်ပဝါကို တင်းတင်းဆုပ်ကိုင်ထားပြီး
ခေါင်းငုံ့ထားခဲ့သည်။
သူမရဲ့ မျက်လုံးတွေက အေးစက်မှုတွေ ပြည့်နှက်နေခဲ့သည်။
သူမက ရှောင်သခင်မကြီးနှင့် တခြားလူတွေကို ပိုမုန်းတီးလာခဲ့သည်။
သူမသာ ဒုတိယမင်းသားနှင့် အောင်မြင်စွာ လက်ထပ်ပြီး ခြေကုပ်ကျားကုပ်
မြဲသွားသည့်အခါ သူမ အစ်မအတွက် လက်စားချေပေးမည်ဖြစ်သည်။
ထိုအချိန်မှာပဲ ရှောင်ယွမ်ရှစ်က မေ့လဲကျတော့မတတ်ဖြစ်နေသည်။
သူ အချိန်အကြာကြီး သူစောင့်မျှော်ခဲ့ရသည့် ကလေးက အခု သူ့အမေကြောင့်
မရှိတော့ပေ။
သူက နဖူးကိုပွတ်ပြီး ကောချွန်းရုရဲ့ ညီမကို ပင်ပန်းစွာ ပြောခဲ့သည်။
"မင်းသွားလိုက်တော့၊ ငါဂရုစိုက်လိုက်မယ်။"
သူမက နောက်တစ်ကြိမ် ခါးကိုင်း အရိုအသေပေးခဲ့သည်။ "ဒါဆိုလည်း
ခဲအိုကိုပဲ ဒုက္ခပေးရမှာပဲ၊ ကျေးဇူးတင်ပါတယ် ၊ အစ်မ နိုးနိုးချင်း မြင်ချင်တဲ့ လူကလည်း
ခဲအိုပဲ ဖြစ်မှာပါ။"
သူမက ရှောင်ယွမ်ရှစ်ကို မနှစ်သိမ့်ပေးဘဲ ထွက်သွားခဲ့သည်။
အမျိုးသားနှင့် အမျိုးသမီးတွေက ခပ်ခွာခွာ နေသင့်သည်။
ရှောင်ယွမ်ရှစ်ရဲ့ ခယ်မအနေနှင့် သူမ ထိုသို့လုပ်ဖို့ မသင့်လျော်ပေ။
ဒါ့အပြင် သူမမှာ ပိုပြင်းထန်သည့် ရည်မှန်းချက် ရှိသည်။
သူမက စစ်သူကြီးစံအိမ်ကို စိတ်မဝင်စားပေ။
ကောချွန်းရု နိုးလာတော့ ရှောင်ယွမ်ရှစ်က သူမ အိပ်ရာဘေးမှာ တွေဝေစွာ
ထိုင်နေတာကို တွေ့လိုက်လေသည်။
သူမက မြန်မြန်ဆန်ဆန် ဗိုက်ကိုထိလိုက်ပြီး ရှောင်ယွမ်ရှစ်ရဲ့
လက်ကို ဆွဲလိုက်သည်။ "စစ်သူကြီး ကျွန်မတို့ ကလေး ရှိသေးလား။"
ရှောင်ယွမ်ရှစ်က သြရှသည့် အသံဖြင့် ပြောခဲ့သည်။ "ကလေးက
နောက်မှထပ်ယူလို့ရတာပဲ၊ အရင်ဆုံး ကိုယ့်ဘာသာကိုယ် ဂရုစိုက်၊ ကိုယ်လူလွှတ်ပြီး အံ့ဖွယ်သမားတော်ကို ရှာခိုင်းထားတယ်။"
ကိုယ်ဝန် နှစ်ခါ ပျက်ကျထားတာကြောင့် သူ့ဇနီးရဲ့ ကျန်းမာရေးကတော်တော်လေး
ဆိုးရွားနေကြောင်း တော်ဝင် သမားတော်က ပြောခဲ့သည်။
ဒါ့အပြင် နောက်ထပ် ကိုယ်ဝန်မဆောင်ခင် ကိုယ်ခံအားပြည့်ဝအောင်
နေရမည်ဖြစ်ကာ ဒီအချိန်တိုအတွင်း ကိုယ်ဝန်ရနိုင်ခြေ နည်းကြောင်း ပြောခဲ့သည်။
အံ့ဖွယ်သမားတော်ရဲ့ အကူအညီနဲ့မှသာ နောက်တစ်နှစ်ဖ နှစ်နှစ်မှ ကိုယ်ဝန်ဆောင်ဖို့ရနိုင်ခြေ များကြောင်း
ပြောခဲ့သည်။
သို့သော်လည်း သူ့လက်ထောက်ဆီက အရင်က ကြားခဲ့ရသလောက်တော့ အံ့ဖွယ်သမားတော်က သေဆုံးသွားကာ သူ့ရဲ့ အကြီးဆုံးသားက အံ့ဖွယ်သမားတော်ရဲ့ တပည့်ဖြစ်ခဲ့ကြောင်း ကြားသိခဲ့ရသည်။
သူက အနည်းငယ် သံသယရှိနေတာကြောင့် အံ့ဖွယ်သမားတော်
သေ မသေကို စုံစမ်းခိုင်းခဲ့သည်။
အံ့ဖွယ်သမားတော်ရဲ့ တခြားတပည့်တွေ ရှိဦးမလားဟူလည်း စုံစမ်းခိုင်းခဲ့သည်။
အကယ်၍ သူကြားထားတာက အမှန်ဆိုရင် သူ့ရဲ့သားကြီးကိုခေါ်ကာ ဇနီးဖြစ်သူကို
ကုသပေးခိုင်းရမည်လား။
သူ့ရဲ့ သားကြီးက လာပါ့မလား။
ထို့ကြောင့် သူ့မှာ အံ့ဖွယ်သမားတော်ရဲ့
တခြားတပည့်ကိုရှာဖို့သာ ရှိသည်။
အံ့ဖွယ်သမားတော်မှာ သူ့သားဖြစ်သူ တပည့်တစ်ဦးသာ ရှိမည်ဟု သူ မယုံပေ။
ရှောင်ယွမ်ရှစ်ရဲ့ အဖြေကြောင့် ကောချွန်းရုက ကြက်သေသေ သွားခဲ့သည်။
သူမရဲ့ ကလေးက မရှိတော့ပေ။ သူမက ရှောင်ယွမ်ရှစ် ရင်ခွင်ထဲဖက်တွယ်ကာ
ငိုကြွေးခဲ့သည်။
ထိုအချိန်မှာ ရှောင်ယွမ်ရှစ်ကလည်း အလွန် ပူဆွေးသောက ရောက်နေသည်။
အကြောင်းတချို့ကြောင့် အမျိုးသမီးခုန် ရှောင်ဟန်ကျန့်ကို
ကိုယ်ဝန်ရှိတုန်းက အချိန်ကို ပြန်တွေးမိခဲ့သည်။
သူမ ကိုယ်ဝန်ရှိတုန်းက ရှောင်သခင်မကြီးနှင့် အမျိုးသမီးဝမ်ရဲ့
အမိန့်အောက်မှာ အိမ်အလုပ်များစွာ လုပ်ခဲ့ရသည်။
သို့သော်ငြား သူမက ကလေးကို အောင်မြင်စွာ မွေးဖွားနိုင်ခဲ့သည်။
သူက သူ့ရဲ့ ပထမဆုံးကလေးကို အရမ်းမျှော်လင့်ထားခဲ့ကာ ရှောင်ဟန်ကျန့်
ငယ်ငယ်တုန်းက ကိုယ်တိုင် သင်ကြားပေးခဲ့သည်။
တခြား ကလေးနှစ်ယောက် အတွက်တော့ သိပ်ခံစားချက်မရှိကာ အထူးသဖြင့်
အငယ်ဆုံး သားလေးအပေါ်ဖြစ်သည်။
သူ စစ်မြေပြင်ကို ထွက်ခဲ့တုန်းက အမျိုးသမီးခုန်
နောက်ထပ် ကိုယ်ဝန်ရှိနေမှန်းတောင် သူ မသိခဲ့ပေ။
သူက ကလေးတွေ အများကြီးရှိဖို့ တကယ်ဆန္ဒရှိသည်။
သို့သော်လည်း သူ့ဇနီးလေးသာ နောက်ထပ် ကိုယ်ဝန် မဆောင်နိုင်တော့ရင်
မည်သို့ လုပ်မည်နည်း။
ထို့နောက် သူက ရှီလွေ့နှင့် တခြားလူတွေကို ပိုမုန်းတီး လာခဲ့သည်။
သူတို့ကြောင့်သာ မဟုတ်ရင် သူ့ဂုဏ်သတင်း ပျက်စီးမှာ မဟုတ်သလို
သူ့အမေကလည်း သူ့ဇနီးကို ပြဿနာ လာရှာမည် မဟုတ်ပေ။
ကိုယ်ဝန်ပျက်ကျသည်အထိ သူ့ဇနီးလည်း ဒေါသထွက်မည် မဟုတ်ပေ။
သူ ကောချွန်းရုကိုလည်း အပြစ်တင်မိသည်။
ကောချွန်းရုက သူ့ရင်ခွင်ထဲ ဝင်တုန်းက အနည်းငယ် တုံ့ဆိုင်းခဲ့သည်။
သူမက မနေ့က ကိစ္စကို စိုးရိမ်နေခြင်းဖြစ်သည်။
ဒါ့အပြင် သူမက ကိုယ်ဝန်ရှိကတည်းက ကိုယ်ဝန်ကို ဂရုစိုက်ခဲ့သည်။
သူမရဲ့ စိတ်ပျက်စရာကောင်းသည့် မောင်ကိုလည်း သန္ဓေသား မတည်မငြိမ်ဖြစ်သည်အထိ
ဆက်တိုက်စိုးရိမ်ခဲ့ရသည်။
ကောချွန်းရုကလည်း ရှောင်ယွမ်ရှစ်ကို မကျေမနပ်ဖြစ်နေခဲ့သည်။
သူက အလွန် ဉာဏ်ပညာရှိတာကြောင့် ဒီလိုအခြေအနေတွေဖြစ်အောင် တစ်ယောက်ယောက်က
အကောက်ကြံခဲ့တာဖြစ်မည်။
သူမက ထိုကိစ္စကို တွေးလိုက်တိုင်း မသက်မသာဖြစ်နေသည်။
ဒါ့အပြင် အဖွားကြီးကြောင့် သူမ ကလေး ပျက်ကျခဲ့ရတာဖြစ်သည်။
သူမက ရှောင်မိသားစုဟောင်းနှင့် ပဋိပက္ခဖြစ်ထားခဲ့တာ များလား။
အချင်းချင်း ချစ်ခင်ကာ မသေမချင်း အတူတူနေသွားဖို့ ဆန္ဒရှိခဲ့သည့်
သူတို့ လင်မယားကြားမှာ အက်ကြောင်းတစ်ခု ထင်သွားခဲ့သည်။