အပိုင်း ၁၆၉
Viewers 14k

အခန်း(၁၆၉) - ကျွန်တော်မျိုးတို့ကတော့ စိုးရိမ်မိပါတယ်

 

ရှစ်ချင်းလျို့က မေးခွန်းတစ်ခု တွေးမိသွားခဲ့သည်။

 

"ရှီရုံက အိမ်ထောင်မပြုရသေးဘူးမလား၊ စေ့စပ်ထားတာတောင် မရှိသေးဘူးမလား။"

 

အကယ်၍ ထိုကိစ္စမျိုးရှိခဲ့ပါက သူမ ဘာကြောင့် အိမ်ကထွက်ပြေးလိမ့်မည်နည်း။

 

ရှောင်ဟန်ကျန့်က ပြန်ဖြေခဲ့သည်။ "မင်းသမီး အသက်ရှိစဥ်တုန်းကတော့ ရှီရုံကို ကလေးဘဝကတည်းက စေ့စပ်ပေးခဲ့တယ်၊ မင်းသမီးတို့ လင်မယား ဆုံးသွားပြီးတဲ့နောက်တော့ ရှီရုံကို နန်းတော်ကိုခေါ်သွားခဲ့တော့ စေ့စပ်ထားတဲ့ အမျိုးသားဘက်က မိသားစုက စေ့စပ်ထားတာကို မဖျက်ခဲ့တဲ့အပြင် ဒီမင်္ဂလာပွဲကိုပါ အရမ်းစိတ်အားထက်သန်နေခဲ့တာ၊ ရှီရုံ အသက် ၁၆ပြည့်ရင် စေ့စပ်ထားတဲ့ အမျိုးသားနဲ့ လက်ထပ်ပေးဖို့ စီစဥ်ခဲ့ကြတယ်။

 

ဒါပေမဲ့ လက်ထပ်ပွဲ မလုပ်ရသေးခင်မှာပဲ ရှီရုံနဲ့ စေ့စပ်ထားတဲ့ အမျိုးသားက အပျော်မယားထားခဲ့တယ်လေ၊ အဲ့တာကို ရှီရုံက သိသွားခဲ့တယ်၊ သူက သူ့လူတွေကို သူနဲ့စေ့စပ်ထားတဲ့အမျိုးသားရဲ့ အိမ်ကိုခေါ်သွားပြီး အဲ့အမျိုးသားနဲ့အပျော်မယားကို ကြာပွတ်နဲ့ရိုက်ခဲ့တယ်၊ ပြီးတော့ စေ့စပ်ပွဲဖျက်သိမ်းကြောင်း စာရေးပြီး သူ့ဆီ ပစ်ပေါက်ခဲ့တယ်။

 

အဲ့အချိန်တုန်းက အဲ့ကိစ္စက မြို့တော်မှာ တော်တော် ဂယက်ထသွားသေးတယ်၊ လူတွေက ရှီရုံနောက်ကွယ်မှာ အမျိုးသမီးတစ်ယောက်လို စည်းမျဥ်းတွေ မလိုက်နာ မနေထိုင်လို့ဆိုပြီး သူ့နောက်ကွယ်မှာ မကောင်းပြောကြတယ်၊ တော်ဝင် စိစစ်ရေးကတောင် အမှုတင်ခဲ့တယ်၊ ဘုရင်ကြီးက ရှီရုံကို သမီးတစ်ယောက်လို အလိုလိုက်တာကြောင့် ကာကွယ်ပေးခဲ့တယ်။

 

သူက တော်ဝင်စိစစ်ရေးကို ကြိမ်းမောင်းခဲ့ရုံသာမက ရှီရုံကို ရှီမိသားစုရဲ့ အမျိုးသမီးဆက်ခံသူအဖြစ် ခန့်အပ်ခဲ့ပြီး နန်ရှန်းမြို့စားမင်းအဖြစ် တင်မြှောက်ခဲ့တယ်၊ ညီလာခံတစ်ခုလုံး တုန်လှုပ်သွားခဲ့ပြီး ရှေးရိုးဆန်တဲ့ အဖိုးကြီးတွေက ဝိုင်းဆန့်ကျင်ခဲ့တာပေါ့၊ ဟိုးရှေးရှေးကတည်းက အခုမင်းဆက်အထိ အမျိုးသမီး မြို့စားမင်းမှ မရှိခဲ့ဖူးတာ၊ ဒါပေမဲ့ ဒါက သူတို့တတ်နိုင်တာထက် ကျော်လွန်ပြီး ဘုရင်ကြီးက ဆုံးဖြတ်ချက် ခိုင်မာနေတော့ သူတို့တွေလည်း မျက်စိမှိတ်ခေါင်းငြိမ့်ခဲ့ရတော့တာပဲ။

 

ရှီရုံရဲ့ ပြီးခဲ့တဲ့ဖြစ်စဥ်ကြောင့် သူ့ကို ဘယ်သူမှ လက်မထပ်ရဲကြတော့ဘူး၊ အဆိုးဆုံးဆိုရင် သူ့ရဲ့ကျန်ရှိတဲ့ဘဝ တစ်ယောက်လုံး အိမ်ထောင်မပြုနိုင်ရုံပဲ ရှိမှာလို့ သူက ပြောခဲ့တယ်၊ သူ့ကို အိမ်ထောင်ချပေးချင်နေတဲ့ ဘုရင်ကြီးတောင် ပြန်ရုတ်သိမ်းသွားအောင် လုပ်ခဲ့တယ်၊ ဘုရင်ကြီးနဲ့ မိဖုရားကြီးက ရှီရုံအပေါ် အကြွေးတင်နေတာကြောင့် သူ့စိတ်ကြိုက်ပေးနေခဲ့တယ်။

 

ရှီရုံက လုံးဝကို လွတ်လပ်နေတာ၊ အဲ့အချိန်ကစပြီး သူက ရှီလွေ့နဲ့ တခြားလူတွေနဲ့ပေါင်းပြီး မြို့တော်မှာ ပျော်ပါးလျှောက်သွားနေခဲ့တာ၊ ဒါ့အပြင် သူမှာကြီးမားတဲ့နောက်ခံနဲ့ ခိုင်မာတဲ့ပင်ကိုယ်ဗီဇရှိတယ်၊ သူသဘောမကျတဲ့လူဆိုရင်တော့ ချက်ချင်း ကြာပွတ်နဲ့ရိုက်ပစ်တာ၊ ဒါ့ကြောင့်မှာ မြို့တော်မှာဆိုရင် သူက နတ်ဆိုးဘုရင်မ ဆိုပြီး နာမည်ကျော်တယ်၊ သူ့ဂုဏ်သတင်းတွေကတော့ မကောင်းရာကနေ ပိုဆိုးသွားတော့တာပါပဲ၊ သူ့ကို ဘယ်သူမှ ရန်မစရဲသလို ဘယ်သူမှလည်း လက်ထပ်မယူရဲဘူး။"

 

အရင်ဘဝက သူသေတဲ့အချိန်အထိကို ရှီရုံက တစ်ကိုယ်တည်းသမား ဖြစ်နေဆဲ ဖြစ်သည်။

 

သူမက အမျိုးသမီးစစ်တပ်တောင် ဖွဲ့စည်းခဲ့သေးသည်။

 

သူက ထပ်ပြောခဲ့သည်။ "မြို့တော်မှာ ရှီလွေ့နဲ့ ရှီရုံရဲ့ ဂုဏ်သတင်းက မကောင်းပေမယ့် သူတို့က အားနည်းတဲ့လူတွေကို အနိုင်မကျင့်ဘူး၊ ဒါကြောင့် သူက မြို့တော်မှာဆိုရင် ကျားရိုင်းမလေးအဖြစ် နာမည်ကြီးတယ်။"

 

သူမက သူတော်ကောင်း ယောင်ဆောင်သည့် လူတွေထက် ပိုကောင်းသည်။

 

ရှီရုံက ဒီလောက်ထိ ရဲစွမ်းသတ္တိရှိလိမ့်မည်ဟု ရှစ်ချင်းလျို့ မထင်မိခဲ့ပေ။

 

"အမျိုးသမီးတစ်ယောက်က ကိုယ်ကြိုက်သလို လုပ်ခွင့်ရှိတယ်၊ သူက တကယ် ဖျတ်လတ်ပြီး မိုက်လိုက်တာ။"

 

ရှစ်ချင်းလျို့က သက်ပြင်းချခဲ့သည်။ "သူ့ဘဝက အမျိုးသမီးတွေအားလုံး အားကျစရာဘဝမျိုးပဲ။"

 

ရှီရုံ ဒီလိုနေနိုင်သည့် အကြောင်းအရင်းက သူမတွင် ကြီးမားသည့် မိသားစုနောက်ခံ ရှိတာကြောင့် ဖြစ်ပြီး ဒါကြောင့် ဇွတ်တရွတ် လုပ်နိုင်တာဖြစ်သည်။

 

ရှောင်ဟန်ကျန့်က ခဏလောက်တွေးပြီး ပြောခဲ့သည်။ "အခု လက်ရှိ မင်းပုံစံလေးကသာ အကောင်းဆုံးလို့ ကိုယ်ထင်တယ်။"

 

ရှီရုံက အရမ်းကို ဇွတ်တရွတ် နိုင်လွန်းသည်။

 

သူ့ဇနီးကို သူမလိုမျိုး ဇွတ်တရွတ် မဖြစ်စေချင်ပေ။

 

ရှစ်ချင်းလျို့က ခပ်ဖွဖွရယ်ခဲ့သည်။ "အစ်ကိုကျန့် ရှင်က သိပ်ရယ်ရတာပဲ။"

 

တာ့လျန်မှာ ရှီရုံလို လူက တစ်ယောက်သာရှိသည်။

 

သူမရဲ့ အောင်မြင်မှုနှင့် ရည်မွန်မှုကို ဘယ်သူမှ အတုခိုးမရပေ။

 

ဒါကြောင့် သူမခင်ပွန်း စိုးရိမ်စရာ မလိုပေ။

 

လျန်ယို့ရှောင်နှင့် ကျန်နှစ်ယောက်က မြို့တော်က ပျော်ပျော်ကြီးထွက်ပြေးခဲ့ပေမယ့် မြို့တော်မှာက ကမောက်ကမတွေ ဖြစ်နေသည်။

 

ရှီလွေ့က ပြည်သူ့အုပ်ချုပ်ရေးမှူးစံအိမ်က သခင်မကြီးရဲ့ အသည်းတုန်းလေး ဖြစ်သည်။

 

သူမ ပြန်လာတော့ သူမ မြေးလေးက အိမ်ပြေးသွားတာ သိလိုက်ရတော့ ရှီရှင်းဟန်ကို ဆူပူကြိမ်းမောင်းခဲ့သည်။

 

သူမက လမ်းလျှောက်သည့်တုတ်ဖြင့်ပင် ရှီရှင်းဟန်ကို အကြိမ် အနည်းငယ် ရိုက်ခဲ့သည်။

 

လျန်မိသားစုကတော့ ပိုတည်ငြိမ်သည်။

 

လျန်ယို့ရှောင်က ဟိုတစ်ခါကလည်း အိမ်က ပြေးသွားဖူးသည်။

 

သို့ပေမယ့်လည်း လျန်သခင်မကြီးကတော့ လျန်မင်ချန်ကို ဆူပူခဲ့သည်။

 

သူတို့နှစ်ယောက်လုံးက သူတို့ရဲ့ အခြွေအရံတွေဖြင့် တိုက်ရေးခိုက်ရေးပွဲကို တက်ခိုင်းခဲ့သည်။

 

ရှီမိသားစုနှင့် လျန်မိသားစုက အချင်းချင်းဆက်သွယ်မှုရှိကြကာ သူတို့တွေအိမ်က ကလေးနှစ်ယောက်က နန်ရှီစီရင်စုမြို့ကို အတူတူထွက်ပြေးသွားကြောင်း အကြိမ်းဖျင်း ခန့်မှန်းမိခဲ့ကြသဖြင့် သိပ်အာရုံမစိုက်ခဲ့ကြပေ။

 

သို့ပေမယ့် နန်းတော်ကနေ သတင်းတစ်ခု ရောက်လာခဲ့လေသည်။

 

ထိုမျိုးမစစ်လေး နှစ်ယောက်က ရှီရုံကိုပါ ခေါ်သွားသည့် သတင်း ဖြစ်သည်။

 

ထိုသတင်းက ရှီရှင်းဟန်နှင့် လျန်မင်ချန်ကို တုန်လှုပ်သွားစေခဲ့သည်။

 

သူတို့နှစ်ယောက်က သူတို့ရဲ့ သားတွေကို ရင်ထဲကကြိတ်ဆဲပြီးနောက် အလွန်သက်ညှာပေးမိခဲ့တာကို နောင်တရသွားခဲ့သည်။

 

ထို့ကြောင့် သူတို့နှစ်ယောက်က နန်းတော်ကို အမြန်သွားပြီး သူတို့သိထားတာတွေကို သွားတင်ပြခဲ့သည်။

 

သူတို့ တင်ပြပြီးတဲ့နောက် မယ်တော်ကြီးနှင့် ဘုရင်ကြီးက ပိုတည်ငြိမ်နေတာကို တွေ့လိုက်ရသည်။

 

ထိုအချိန်မှာပဲ မကြာခင်သတင်းတွေထဲမှာ ဖျားနာနေသည့် မယ်တော်ကြီးက ကျန်းမာရေး ကောင်းနေတာကို ရှီရှင်းဟန်နှင့် လျန်မင်ချန်က တွေ့လိုက်သည်။

 

ထိုအရာက သူတို့ကို ရင်တုန်သွားစေခဲ့သည်။

 

ဘုရင်ကြီးနှင့် မယ်တော်ကြီးမှာ အကြံအစည် တစ်ခုခုများ ရှိလို့လားဟု သူတို့က တွေးလိုက်သည်။

 

သူတို့နှစ်ယောက်လုံးက ဉာဏ်ကောင်းသည့်လူတွေဖြစ်ကာ တူညီသည့် အတွေးတွေ ရှိကြသည်။

 

"ရှီရုံက မောင်မင်းတို့အိမ်က သခင်လေးတွေနဲ့ သွားတယ်ဆိုရင်ပဲ စိတ်အေးရပါပြီ။"

 

မယ်တော်ကြီးက လက်ထဲက ပုတီးကို ညှင်သာစွာ စိပ်နေခဲ့သည်။ "သူက မြို့တော်မှာနေတာကြာပြီဆိုတော့ အပြင်ထွက်ပြီး လေကောင်းလေသန့်ရှုဖို့ သင့်တော်ပါတယ်။”

 

သူမရဲ့ သားတော်က ရှီရုံကို ကာကွယ်ဖို့ အစောင့်တွေ လွှတ်ထားတာကြောင့် သူမရဲ့ လုံခြုံရေးကို စိုးရိမ်စရာ မလိုပေ။

 

တကယ်တော့ ရှီရုံက ရှီလွေ့၊ လျန်ယို့ရှောင်တို့နှင့် ထွက်သွားသည့်သတင်းကို သူတို့ရပြီးသားဖြစ်သည်။

 

နေ့တိုင်းလည်း သတင်းအချက်အလက်တွေ ရသည်။

 

ဒါပေမဲ့ ကျွန်တော်မျိုးတို့ကတော့ စိုးရိမ်မိပါတယ် ဟု ရှီရှင်းဟန်နှင့် လျန်မင်ချန်က တွေးလိုက်လေသည်။

 

ထိုနတ်ဆိုးမလေးသာ တစ်ခုခုဖြစ်သွားရင်သူတို့ရဲ့ ကောင်စုတ်လေးတွေ ဒုက္ခရောက်လိမ့်မည်။

 

နောက်တစ်ခါ သူတို့ပြန်လာရင်တော့ ခြေထောက်ကို ချိုးထားလိုက်တာ ပိုကောင်းမည်။

 

ဘုရင်ကြီးက ခဏလောက် တွေးပြီး ပြောခဲ့သည်။ "သူတို့ နန်ရှီကို သွားလိုက်ပြီဆိုမှတော့ ထားလိုက်ပါတော့။"

 

မကြာမီက နန်ရှီစီရင်စုမြို့နှင့် ပတ်သက်သည့် သတင်းတွေကို သူရရှိခဲ့သည်။

 

မသေမျိုးဘုန်းတော်ကြီးရဲ့တပည့် ရှစ်ချင်းလျို့ အကြောင်းတွေလည်း သိခဲ့ရသည်။

 

ရှောင်ယွမ်ရှစ်ရဲ့ မတော်တဆမှုနှင့် နန်ရှီစီရင်စုမြို့က ရှောင်လင်မယား လုပ်ကိုင်နေတာတွေကိုလည်း သိခဲ့သည်။

 

သူ့ရဲ့ တူမတော်က ရှစ်ချင်းလျို့အကြောင်း ပိုသိအောင် သွားကြည့်တာလည်း မကောင်းသည့်ကိစ္စ မဟုတ်ပေ။

 

သူ့တူမတော်က အနည်းငယ် ကျီစယ်တတ်သော်လည်း ဉာဏ်ထက်သည်။

 

လျန်မင်ချန်က မေးလိုက်သည်။ "အရှင်မင်းကြီး သူတို့ကို ပြန်မခေါ်တော်မူဘူးလားဘုရား။"

 

"မလိုဘူး၊ သူတို့ပျော်သလို နေပါစေ။"

 

ဘုရင်ကြီးက လက်ခါယမ်းပြခဲ့သည်။ "ငါကိုယ်တော် မော့ချင်းလင်ဆီကို စာပို့ပြီး သူတို့ကို ဂရုစိုက်ခိုင်လိုက်ပါ့မယ်။"

 

သူက ခဏလောက်တွေးကာ ထပ်ပြောခဲ့သည်။ "ရှီရုံက သူ့အဖွားကိုယ်စား အံ့ဖွယ်သမားတော်ရဲ့တပည့်ကို သွားရှာတယ်လို့ ပြည်သူလူထုကို သတင်းပေးထားလိုက်။"

 

မယ်တော်ကြီးက ပြောခဲ့သည်။ "ဟုတ်တယ် ရှီရုံက ငါမယ်မယ်ကြီး နေမကောင်းတာသိတော့ အံ့ဖွယ်သမားတော်ရဲ့ တပည့်ကို သွားရှာပေးတဲ့ သိပ်လိမ်မာတဲ့ကလေးပဲ၊ သူက ငါမယ်မယ်ရဲ့ ကျန်းမာရေးကို ကြည့်ရှုပေးဖို့ သွားခေါ်ခဲ့တာ။"

 

လျန်မင်ချန်နှင့် ရှီရှင်းဟန်က ဆွံ့အသွားခဲ့သည်။ ရှီရုံက လိမ္မာတဲ့ကလေးဆိုရင် သူတို့ရဲ့ကလေးနှစ်ယောက်က အပျော်အပါးမက်သည့် ကလေးတွေဟု ခေါင်းစဥ်တပ်ခံရမည် မဟုတ်ပေ။

 

မယ်တော်ကြီးရဲ့ လိမ်လည်နည်းတွေက ပိုကောင်းလာခဲ့သည်။

 

သူမက ရှီရုံ ခိုးထွက်သွားခြင်းကို ဖုံးကွယ်ပေးဖို့လုပ်နေတာမဟုတ်လား။

 

ရှီရှင်းဟန်က ပြုံးကာ ပြောခဲ့သည်။ "မှန်လှပါ သူက တကယ်ကို သိတတ်လိမ္မာတဲ့ ကလေးပါ။"

 

သူ့ဘေးမှာ ရပ်နေသည့် လျန်မင်ချန်က ဆွံ့အသွားခဲ့သည်။

 

သူမကို ချီးကျူးဖို့အထိ သူက တကယ် အရှက်မဲ့လွန်းသည်။

 

သူက ဘာတတ်နိုင်ဦးမည်နည်း။ ရေလိုက်ငါးလိုက်ဖြင့် ချီးကျူးပေးဖို့သာ ရှိတော့သည်။

 

"ကျွန်တော်မျိုးတို့က မြို့စားမင်းရဲ့ သိတတ်မှုကို ဖြည့်ဆည်းပေးရမှာပေါ့၊ ကျွန်တော်မျိုးရဲ့ သားဆီ လူလွှတ်ပြီး စာပို့ပြီး မြို့စားမင်းကို စောင့်ရှောက်ခိုင်းလိုက်ပါ့မယ်၊ သူက မြို့စားမင်းအတွက် အံ့ဖွယ်သမားတော်ရဲ့ တပည့်ကို ရှာပေးပါလိမ့်မယ်။"

 

ဒီနှစ်ယောက်က အလွန်ပါးနပ်တာတွေ့တော့ ဘုရင်ကြီးနှင့် မယ်တော်ကြီးက ကျေနပ်သွားခဲ့သည်။

 

မယ်တော်ကြီးက နဖူးကို ဖိခဲ့သည်။ "ငါမယ်မယ် နေလို့မကောင်းလို့ မောင်မင်းတို့ အခုပြန်ကြတော့။"

 

ရှီရှင်းဟန်နှင့် လန်မင်ချန်က အပြင်ကိုသွားကာ မယ်တော်ကြီးရဲ့ ကျန်းမာရေးအခြေအနေကို ထုတ်ပြောလို့ မရတာကို သဘောပေါက်ကြသည်။

 

သူတို့နှစ်ယောက်က သဘောပေါက်စွာ ခေါင်းငြိမ့်ပြခဲ့သည်။ "မှန်လှပါ။"

 

တစ်ဖက်က စစ်သူကြီး စံအိမ်တွင် ဖြစ်သည်။

 

ရှောင်ယွမ်ရှစ် သူမဆီ လာသည်ဘအချိန်မှာ ကောချွန်းရုက စာတစ်စောင်ပြခဲ့သည်။

 

"စစ်သူကြီးရယ် ကျွန်မ နန်ရှီစီရင်စုမြို့ကိုလူလွှတ်ပြီး ဟန်ကျန့်အတွက် ဇနီးကောင်းရှာပေးတဲ့အချိန်မှာ ဒီလို ဖြစ်သွားလိမ့်မယ်လို့ မထင်မိခဲ့ဘူး။"

 

သူမက စိတ်ဒုက္ခရောက်သလို ကြည့်ခဲ့သည်။ "ရှင့်ကို မဖုံးကွယ်တာ ပိုကောင်းတယ်လို့ တွေးမိလို့ပါ။"

 

ရှောင်ယွမ်ရှစ်က စာကိုဖတ်လိုက်သည်။

 

စာဖတ်ပြီးနောက် သူ့မျက်နှာက မည်းမှောင်သွားခဲ့သည်။ "မျိုးမစစ်လေး သူက တကယ့် မျိုးမစစ်လေးပဲ။"

 

စာထဲမှာ ဝူမိသားစုက ရှစ်မိသားစုရဲ့ ကြံစည်ခြင်းခံခဲ့ရပုံကိုသာ ခရေစေ့တွင်းကျ ဖော်ပြထားခဲ့သည်။

 

သူက စာဖတ်ပြီးနောက် သူ့မှာဖြစ်ခဲ့သည့် ကိစ္စကို ပြန်တွေးလိုက်သည်။

 

ကိစ္စတွေက တစ်ထပ်တည်း ကျနေသည်။

 

ဆိုလိုရင်းက သူ့ကို ကြံစည်မှုမှာ အကျင့်ယုတ်သည့် သူ့ချွေးမ ပါဝင်သည်ဆိုသည့် အဓိပ္ပာယ်ဖြစ်သည်။