အပိုင်း ၁၇၁
Viewers 14k

 

 

အခန်း(၁၇၁) - သရုပ်ဆောင် ကောင်းသားပဲ

 

ပျားရည်နှင့် ပျားဖယောင်းကို အိမ်ယူပြန်ပြီးနောက် ရှစ်ချင်းလျို့က သူမ တောင်ပေါ်က စုဆောင်းခဲ့သည့် လက်ဖက်ရွက်တွေကို လက်ဖက်ဆီရအောင် ကြိတ်ခဲ့သည်။

 

ထို့နောက် ရှီရုံနှင့် ရှောင်ပိုင်လီကို ဦးဆောင်ကာ လက်လုပ်ဆပ်ပြာနှင့် နှုတ်ခမ်းနီ ပြုလုပ်နည်းကို ပြသခဲ့သည်။

 

ရှီရုံက ကောင်းမွန်သည့် အချိန်ကို ပိုင်ဆိုင်ခဲ့ရသည်။

 

သူမ ပထမဆုံး လက်ဖြင့်လုပ်ပြီးသည့် ဆပ်ပြာကိုတွေ့ပြီးနောက် အလွန်စိတ်လှုပ်ရှားနေခဲ့သည်။ "လျို့လျို့ ဒါငါတို့ရေချိုးခန်းမှာ သုံးနေတဲ့ဆပ်ပြာလား။"

 

ရှစ်ချင်းလျို့က ပြုံးကာ ပြောခဲ့သည်။ "အဲ့တာက သိုးအဆီနဲ့ လုပ်ထားတာ၊ ဒါက လက်ဖက်အဆီနဲ့ လုပ်ထားတာ၊ ဒါပေမဲ့ နှစ်ခုလုံး အကျိုးသက်ရောက်မှု တူတယ်၊ ဒီထဲကို အမွှေးနံ့လေး ထည့်လိုက်ရင် အနံ့လေးက ပိုကောင်းသွားလိမ့်မယ်၊ ဒါကို ပန်းပွင့်ပုံစံ ဖော်လို့လည်း ရတယ်။"

 

ရှီရုံက အနံ့ရှူကြည့်လိုက်သည်။ "မွှေးသားပဲ၊ ဒါဆို ပိုထည့်လိုက်မယ်၊ ဆပ်ပြာကို ပန်းပုံစံဖော်ပြီး လက်ဆောင်အဖြစ် ယူပြန်မယ်။"

 

သူမ အဖွားနှင့် ဒေါ်လေးက သေချာပေါက် သဘောကျလိမ့်မည်။

 

ရှစ်ချင်းလျို့က ပြုံးခဲ့သည်။ "ရတာပေါ့။"

 

ထို့နောက် သူမက သူတို့ကို နှုတ်ခမ်းနီလုပ်နည်း သင်ပေးခဲ့သည်။

 

နှုတ်ခမ်းနီလုပ်ပြီးသည့်နောက် ရှစ်ချင်းလျို့က သူမရဲ့ နှုတ်ခမ်းထက်မှာ အရင်ဆိုးလိုက်သည်။

 

ရှီရုံကလည်း ရှစ်ချင်းလျို့ လုပ်သလို ကြေးမှန်ရှေ့မှာ သူမ လုပ်ထားသည့် နှုတ်ခမ်းနီကို ဆိုးခဲ့သည်။

 

"နှုတ်ခမ်းနီက တော်တော် အသုံးဝင်သားပဲ၊ အရောင်လေး လှပြီး အစိုဓာတ်ပါတယ်၊ နှုတ်ခမ်းနီစက္ကူရွက်တွေနဲ့ မတူဘူး။"

 

ရှစ်ချင်းလျို့က ပြုံးကာ ပြောခဲ့သည်။ "သဘောကျရင် ပြီးတာပါပဲ။"

 

သူတို့နှစ်ယောက်က နှုတ်ခမ်းနီဆိုးပြီးနောက် အခန်းထဲက ထွက်ခဲ့သည်။

 

သူတို့နှစ်ယောက် နှုတ်ခမ်းနီဆိုးပြီးသွားမှ ပိုကြည့်ကောင်းသွားသည်ဟု လျန်ယို့ရှောင်နှင့် တခြားလူတွေက တွေးခဲ့သည်။

 

လျန်ယို့ရှောင်က ချက်ချင်းစိတ်ဝင်တစား မေးခဲ့သည်။ "ရှစ်ချင်းလျို့ ဆပ်ပြာနဲ့ နှုတ်ခမ်းနီလုပ်နည်းကော ရောင်းမှာလား။"

 

အမျိုးသမီးတွေက အလှကြိုက်တာကို သူသိသည်။

 

သူ့အမေနှင့် တခြားလူတွေက လတိုင်း အလှကုန်ဆိုင်မှာ ငွေအများကြီးသုံးလေ့ရှိသည်။

 

ထို့ကြောင့် သူက နှုတ်ခမ်းနီနှင့် ဆပ်ပြာကို စျေးကွက်အဖြစ် ရှုမြင်ခဲ့တာ ဖြစ်သည်။

 

ရှစ်ချင်းလျို့က ပြုံးကာ ပြောခဲ့သည်။ "ထုတ်လုပ်နည်းကို မရောင်းချဘူး၊ ဒါပေမဲ့ စကိတ်ဘုတ်ပြားတုန်းကလို ပူးပေါင်းလုပ်လို့ရတယ်။"

 

အလုပ်ရုံတစ်ခုဖွင့်ဖို့ဆိုတာ တော်တော်လေး ဒုက္ခများသည်။

 

စျေးကွက်အကြီးကြီးဖန်တီးကာ အကျိုးအမြတ်များစွာ ရရှိတာကြောင့် လူတွေက ထိုကိစ္စကို အာရုံစိုက်နိုင်သည်။

 

ထို့ကြောင့် သူတို့နှင့် ပူးပေါင်းလိုက်တာက မဆိုးပေ။

 

မော်ဒန်ခေတ်တုန်းက သူမက စီးပွားရေး မလုပ်ချင်တာသိတော့ သူမအဖေက သူမကို အောင်မြင်သည့်ကုမ္ပဏီတွေမှာ ရင်းနှီးမြုပ်နှံဖို့ အကြံပေးခဲ့သည်။

 

အမြတ်များစွာကို ချုပ်ကိုင်ထားပါက ကျန်သည့်ဘဝတစ်လျှောက်လုံး စိုးရိမ်စရာ မလိုတော့ပေ။

 

ထိုကဲ့သို့ ရှေးခေတ်မှာလည်း လုပ်လို့ရမည်ဟု သူမ ယုံကြည်သည်။

 

အနာဂတ်မှာ အကျိုးအမြတ်တွေဖြင့် သူမ ချမ်းသာလာနိုင်သည်။

 

စီးပွားရေးမှာလည်း သူမကိုယ်တိုင် ဝင်ပါစရာ မလိုပေ။

 

အခွင့်အရေးအသစ် ထပ်ရောက်လာတော့ လျန်ယို့ရှောင်က နက်နဲစွာ ပြုံးခဲ့သည်။

 

သူ စကားမပြောရသေးခင်မှာပဲ ရှီရုံက အရင်တုံ့ပြန်လိုက်သည်။

 

"လျို့လျို့ ငါနဲ့ပူးပေါင်းပါလား၊ ဆပ်ပြာနဲ့ နှုတ်ခမ်းနီတွေကို အတူတူရောင်းကြမယ်၊ နင်က ထုတ်လုပ်နည်းနဲ့ အကြံအသစ်တွေပေး၊ ငါက လူလွှတ်ပြီး စီမံခိုင်းမယ်၊ အကျိုးအမြတ်ကို ငါးဆယ် - ငါးဆယ် ခွဲယူရင် ဘယ်လိုလဲ။"

 

လျန်ယို့ရှောင်ကသာ စီးပွားရေးအကွက်ကို မြင်ခဲ့တာ မဟုတ်ဘဲ ရှီရုံကလည်း မြင်တွေ့ခဲ့သည်။

 

ပိုက်ဆံတွေအများကြီးရှိလို့ ဘယ်သူက ညည်းတွားလို့လဲ။

 

ရှီရုံက အမျိုးသမီးစစ်တပ် တည်ထောင်ချင်ပေမယ့် သူမ လက်ထဲမှ ငွေကြေးဖြင့် ထူထောင်ဖို့ မဖြစ်နိုင်သလို ထိန်းသိမ်းဖို့လည်း ခက်ခဲသည်။

 

သူမ ဦးလေး ဘုရင်ကြီးက သဘောတူခဲ့ရင်တောင် ညီလာခံက စစ်တပ်ရန်ပုံငွေပေးဖို့ ဆန့်ကျင်ကြလိမ့်မည်။

 

လျန်ယို့ရှောင်က ကြက်သေသေသွားခဲ့သည်။ ဒီကျားရိုင်းမက သူ့ဆီကစီးပွားရေး အခွင့်အရေးတွေကို ခိုးယူချင်နေတာပဲ။

 

အဓိက အချက်က သူမက အကျိုးအမြတ်ငါးဆယ် - ငါးဆယ် ခွဲယူမည်ဟု ကမ်းလှမ်းခဲ့သဖြင့် သုံးဆယ် - ခုနစ်ဆယ်  ခွဲယူဖို့ ပြောမည့် သူ့စကားတွေကို ပြန်မျိုချလိုက်ရသည်။

 

ဒီအမျိုးသမီးက တကယ် အကြင်နာမဲ့လွန်းတယ်။

 

သူက မေးခဲ့သည်။ "ငါတို့သုံးယောက် အတူတူ လုပ်ငန်းလုပ်ကြမလား။"

 

ရှီရုံက လျန်ယို့ရှောင်ကို အထင်သေးသလို မျက်လုံးလည်ပြခဲ့သည်။ "နင့်ဘာသာသွားလုပ်လေ၊ နင်နဲ့ တစ်လှေတည်း မစီးနိုင်ဘူး။"

 

လျန်ယို့ရှောင်က အသံတိတ်သွားခဲ့ကာ သူမကို ခေါ်လာမိတာကိုပါ နောင်တရသွားခဲ့သည်။

 

ရှီလွေ့က စီးပွားရေး စိတ်မဝင်စားသော်လည်း သူ့သူငယ်ချင်း ဒုက္ခ ခံစားနေရတာတွေ့တော့ ပျော်နေမိသည်။

 

သူက လျန်ယို့ရှောင်ကို နှစ်ထောင်းအားရစွာကြည့်ပြီး ပြောခဲ့သည်။ "ညီအစ်ကိုရေ ကြည့်ရတာ သူများက သူနဲ့တစ်လှေတည်း မစီးချင်မှတော့ တစ်ယောက်ယောက်ကတော့ ကိုယ့်ရဲ့ ကြီးမားတဲ့ ရည်မှန်းချက်ကို နားမလည်သေးတာထင်တယ်။"

 

ဖေးယွီကျယ်က ပျော်ရွှင်စွာ ရယ်မောခဲ့သည်။ "မှန်ပါ့၊ တစ်စုံတစ်ယောက်ကတော့ ကံတရားကို လက်ခံပြီး ဒီအတိုင်းပဲ ထိုင်ကြည့်နေရတော့မယ်ထင်တယ်။"

 

သူက ဘယ်လိုသူငယ်ချင်း ဖြစ်နေမလဲဟု လျန်ယို့ရှောင်က တွေးလိုက်လေသည်။

 

ရှစ်ချင်းလျို့က ရှီရုံကို သူငယ်ချင်းလို ဆက်ဆံသည်။

 

ဒါ့အပြင် ဒီအလုပ်က အမျိုးသားတွေထက်စာရင် အမျိုးသမီးတွေနှင့် တွဲလုပ်တာ ပိုအဆင်ပြေသည်။

 

ဒါ့အပြင် ရှီရုံက သဘောထားကြီးကာ အကျိုးအမြတ် ငါးဆယ်ရာခိုင်နှုန်း ပေးခဲ့သည်။

 

သူမက ရှီရုံကို ပြုံးပြကာ ပြောခဲ့သည်။ "အလုပ်အတူတူလုပ်ကြမယ်၊ ထုတ်လုပ်နည်းပေးပြီး အကြံအသစ်တွေလည်း ဆက်ပေးမယ်၊ နင်က လူတွေနဲ့ အလုပ်ရုံဆောက်ပြီး စျေးဆိုင်ဆောက်ပြီး တာ့လျန်တစ်ခုလုံးကို ရောင်းချ၊ နင်က ငါ့ထက် ပိုပြီး ငွေကုန်ကြေးကျများမှာမလို့ အကျိုးအမြတ်ကို ငါးဆယ် - ငါးဆယ် ခွဲစရာ မလိုဘဲ နင်က ၇၀ရာခိုင်နှုန်း ယူပြီး ငါက ၃၀ရာခိုင်နှုန်းပဲ ယူမယ်။"

 

ရှစ်ချင်းလျို့က ဘယ်တော့မှ လောဘမကြီးပေ။

 

အထူးသဖြင့် အတိတ်တုန်းက သူမရဲ့မိသားစုက ချမ်းသာတဲ့မိသားစုကဖြစ်တာကြောင့် စီးပွားရေးလောကရဲ့ အလှည့်အပြောင်းတွေကို သိသည်။

 

ဆက်ဆံရေးတည်ဆောက်ဖို့၊ အလုပ်ရုံတွေဖွင့်ဖို့၊ ကုန်သည်တွေနှင့် ဆွေးနွေးညှိနှိုင်းဖို့ စသည်တို့ ပြုလုပ်ဖို့က မလွယ်ပေ။

 

ဒါ့အပြင် ရှီရုံက ပထမဆုံးလုပ်သည့် စီးပွားရေးဖြစ်တာကြောင့် ငါးဆယ် - ငါးဆယ် ခွဲယူပါက သူမ အရှုံးများနိုင်သည်။

 

သူမကို ရှစ်ချင်းလျို့ အမြတ်မထုတ်ပေ။

 

သူတို့ဆက်ဆံရေးကို ထည့်မတွက်ရင်တောင် ရှီရုံက မယ်တော်ကြီးနှင့် ဘုရင်ကြီးတို့ နောက်ခံရှိသည်။

 

သုံးဆယ် - ခုနစ်ဆယ်ဖြင့် ခွဲယူရင်တောင် သူမ အကျိုးအမြတ်ရနိုင်ရုံသာမက သူမရဲ့ ဆက်သွယ်ရေးကွန်ယက်ကို တိုးချဲ့နိုင်သည်။

 

သူမတွင် အရှုံးမရှိပေ။

 

ရှစ်ချင်းလျို့က သုံးဆယ် - ခုနစ်ဆယ် ခွဲဖို့ အကြံပြုလိမ့်မည်ဟု ရှီရုံ မထင်မိခဲ့ပေ။

 

ဒီလို သဘောထားကြီးတဲ့လူ များများ မရှိနိုင်ပေ။

 

ရှစ်ချင်းလျို့က အတည်ပြောနေတာတွေ့တော့ ရှီရုံက ရယ်ခဲ့သည်။ "ကောင်းပြီ၊ ဒါဆိုလည်း သုံးဆယ် - ခုနစ်ဆယ် ခွဲကြတာပေါ့။"

 

သူမက ရှစ်ချင်းလျို့ရဲ့ပုခုံးကိုဖက်ခဲ့သည်။ "အခုကစပြီး နင်ကငါ့လူတွေထဲကတစ်ယောက်ပဲ၊ အခုကစပြီး နင့်ကို ဂရုစိုက်ပေးပါ့မယ်။"

 

သူမက တကယ် ငွေလိုနေတာကြောင့် ဟန်ဆောင်ပြီး မငြင်းတော့ပေ။

 

ထိုအချိန်မှာ ရှောင်ဟန်ကျန့် ပြန်လာတော့ ရှီရုံက သူ့ဇနီးရဲ့ ပုခုံးကိုဖက်ကာ "အခုကစပြီး နင်ကငါ့လူတွေထဲကတစ်ယောက်ပဲ။" ဟူသော စကားကိုကြားလိုက်တော့ သူ့မျက်နှာက မည်းမှောင်သွားခဲ့သည်။

 

သူ့ဇနီးကို သူတစ်ယောက်တည်းသာ ပိုင်သည်။ အမျိုးသမီးတစ်ယောက်ဆိုရင်တောင် သူ့ဆီက လုယူလို့ မရပေ။

 

သူက မျက်လုံးလေး လက်သွားကာ အားနည်းစွာ ပြောခဲ့သည်။ "မိန်းမ ကိုယ် နည်းနည်း ခေါင်းမူးနေတယ်။"

 

သူ့ကို ထိုပုံစံအတိုင်းမြင်လိုက်တော့ ရှစ်ချင်းလျို့က စိုးရိမ်စွာ အမြန်လျှောက်သွားလိုက်သည်။ "နေမကောင်းဘူးလား။"

 

ရှောင်ဟန်ကျန့်က သူမရဲ့ လက်ကို ကိုင်ခဲ့သည်။ "မနေ့က ကောင်းကောင်း မအိပ်ရလို့ထင်တယ်၊ ဒီနေ့ ခေါင်းနည်းနည်းမူးနေတာ။"

 

မနေ့က ခြံထဲမှာ လျန်ယို့ရှောင်တို့ တစ်ညလုံး မာကျောက်ကစားနေတာကို ရှစ်ချင်းလျို့က အမှတ်ရသွားခဲ့သည်။

 

ဆူညံသံတွေကြောင့် သူနိုးသွားပုံရသည်။

 

သူမခင်ပွန်းက ညတိုင်း သင်ခန်းစာတွေပြန်နွေးရပြီး နောက်နေ့ကျတော့လည်း ကျောင်းတက်ရသေးသည်။

 

ဘယ်လောက်တောင် ပင်ပန်းလိုက်မလဲ။

 

ထို့ကြောင့် သူမက လျန်ယို့ရှောင်နှင့် တခြားလူတွေကို စိုက်ကြည့်ခဲ့သည်။ "ဒီည မာကျောက်ကို တိုးတိုးဆော့ကြ၊ ကျွန်မ ယောက်ျား အိပ်ရေးပျက်အောင် ထပ်လုပ်လို့ကတော့ ပေးမကစားတော့ဘူး။"

 

လျန်ယို့ရှောင်နှင့် တခြားလူတွေက ဆွံ့အသွားခဲ့သည်။

 

ရှောင်ဟန်ကျန့်က တကယ်အကျင့်မကောင်းတာပဲ။

 

သူက ဟန်ဆောင်နေတာကို ရှစ်ချင်းလျို့မို့ တကယ် ယုံနေတာ။

 

သို့ပေမယ့် သူတို့ပျော်ရဖို့ ရှစ်ချင်းလျို့ စကားနားထောင်မှရမည်။

 

သူတို့က နှာခေါင်းကိုကုတ်ကာ ပြောခဲ့သည်။ "ကောင်းပြီ၊ ဒီည တိုးတိုးလေး ကစားပါ့မယ်။"

 

ရှစ်ချင်းလျို့က သူမခင်ပွန်းကို တွဲပေးခဲ့သည်။ "ငါတို့ ပူးပေါင်းလုပ်ဖို့ နောက်မှ ဆွေးနွေးကြတာပေါ့။"

 

ရှီရုံက ရှောင်ဟန်ကျန့်ကို သဘောမကျစွာ ကြည့်ခဲ့သည်။

 

ဒီလူက အကျင့်ကို မကောင်းဘူး၊ သူမနဲ့ ပြိုင်ပြီးတော့ လျို့လျို့ကို လုချင်နေတယ်။

 

ထို့နောက် သူမက ရှောင်ဟန်ကျန့်၏ အေးစက်သည့် အကြည့်ဖြင့် ဆုံခဲ့သည်။

 

ဟိုးတုန်းကဆိုရင်တော့ သူမ သည်းခံမည် မဟုတ်ပေ။

 

သို့ပေမယ့် သူမက ရှစ်ချင်းလျို့ကို အခက်အခဲမဖြစ်စေလိုတာကြောင့် အားတင်းပြုံးကာ ပြောခဲ့သည်။ "ရတာပေါ့။"

 

"နင့်ရဲ့ အားနည်းနေတဲ့ ယောက်ျားကိုပဲ ဂရုစိုက်လိုက်ပါ။" သူမက အံကြိတ်ကာ ပြောခဲ့သည်။

 

ရှောင်ဟန်ကျန့်က အရိုအသေပေးသည့် လက်ဟန်ပြုကာ ရိုးသားစွာ ပြောခဲ့သည်။ "မြို့စားကြီး နားလည်ပေးတဲ့အတွက် ကျေးဇူးတင်ပါတယ်။"

 

နင့်မေကြီးတော်ကို နားလည်ပေးပါလား၊ တော်တော်လေး သရုပ်ဆောင်ကောင်းတဲ့လူပဲဟု ရှီရုံက တွေးခဲ့လေသည်။

 

ရှစ်ချင်းလျို့နှင့် ရှောင်ဟန်ကျန့်က အခန်းထဲဝင်သွားခဲ့သည်။

 

ရှီရုံက ရင်ထဲကနေ ရှောင်ဟန်ကျန့်ကို ကြိတ်ဆဲပြီးနောက် ရှောင်ပိုင်လီနှင့်အတူတူ ဆပ်ပြာတွေ နှုတ်ခမ်းနီတွေ ဆက်လုပ်နေခဲ့ပြီး လျန်ယို့ရှောင်နှင့် တခြားလူတွေက သူတို့နေသည့်နေရာကိုပြန်ကာ ဖဲကစားနေကြသည်။

 

အခန်းထဲဝင်ပြီးနောက် ရှစ်ချင်းလျို့က ရှောင်ဟန်ကျန့်ကို အိပ်ရာထက် ထိုင်ဖို့ ကူပေးခဲ့သည်။

 

သူမက ခပ်ဖွဖွပြုံးကာ ရှောင်ဟန်ကျန့်ကို ကြည့်ခဲ့သည်။ "ယောက်ျား ခေါင်းမူးနေသေးလား။"

 

သူဟန်ဆောင်နေကြောင်း တခြားလူတွေတောင် ပြောနိုင်မှတော့ အချိန်အကြာကြီး အတူတူရှိခဲ့သည့် သူမက မသိနိုင်စရာ အကြောင်းမရှိပေ။