အပိုင်း ၁၈၃
Viewers 14k

 

 

အခန်း(၁၈၃) - မေ့လဲမတတ် ဒေါသထွက်ခြင်း

 

ဒီနေ့က ရုံးတော်ပိတ်ရက်ဖြစ်တာကြောင့် ရှီရှင်းဟန်က ခြံထဲမှာ ငှက်စာကျွေးနေလေသည်။

 

မကြာခင်မှာပဲ သူတို့ရဲ့ အစေခံက အလောတကြီး ဝင်လာခဲ့သည်။

 

"သခင် သခင်လေး မြို့တော်ကို ပြန်လာပါပြီ။"

 

ရှီရှင်းဟန်ရဲ့ လက်တွေက ရပ်တန့်သွားခဲ့သည်။ "သူ ဘယ်မှာလဲ။"

 

သွားခေါ်သည့်အစေခံအုပ်စု ပြောသည့်စကားတွေကို ထိုအစေခံက ပြန်တင်ပြခဲ့သည်။ "ဘိုးဘေးတွေဂုဏ်တက်မယ့်ကိစ္စ နန်းတော်ကို သွားပြီး ဆောင်ရွက်စရာရှိတယ်လို့ သခင်လေးက ပြောပါတယ်၊ သူ့ကို တားမြစ်တဲ့လူက သူ့အနာဂတ်ကို ပိတ်ဆို့တာပဲတဲ့၊ အဲ့တာကြောင့် အစေခံလေးတွေက ဆက်မတားရဲတော့ဘဲ ပြန်လာပြီး ပြန်တင်ပြတာပါ။"

 

ရှီရှင်းဟန်ကသူ့လက်ထဲက ငှက်စာကိုလွှင့်ပစ်ပြီး သူ့အမူအရာက အနည်းငယ် ပြောင်းလဲနေသည်။ "ဒီမျိုးမစစ်လေးကတော့ ငါသွားကြည့်မှရမှာပါကွာ။"

 

ဘိုးဘေးတွေ ဂုဏ်တက်မယ့်ကိစ္စ နန်းတော်မှာ သွားဆောင်ရွက်တယ် ဟုတ်လား။ နောက်နေတာလား။

 

အစေခံလေးကလည်း ရှီလွေ့ပြောစကားက မယုံရဘူးဟု ခံစားမိနေလေသည်။ "မြင်းရထားလုံး ပြင်ထားလိုက်ရတော့မလားဗျ။"

 

ရှီရှင်းဟန်ကအဝတ်လဲဖို့ လှည့်သွားရင်း ပြောလေသည်။ "ပြင်ထားလိုက်၊ ချက်ချင်း နန်းတွင်းထဲဝင်မယ်။"

 

ကောင်းစုတ်လေး ပြဿနာ မရှာရင်ကောင်းမယ် မဟုတ်လို့ကတော့ ခြေထောက်ကို တကယ်ရိုက်ချိုးပစ်ဦးမယ်။

 

တစ်ဖက်မှာတော့ လျန်မင်ချန်က သူ့ညီလေးတွေဖြင့် စာကြည့်ခန်းထဲမှာ စကားပြောနေသည်။

 

သူတို့ရဲ့အစေခံကလည်း လာရောက်တင်ပြခဲ့လေသည်။

 

"သခင် သခင်လေး မြို့တော်ကိုပြန်ရောက်ပါပြီ၊ ဘိုးဘေးတွေဂုဏ်တက်ဖို့ နန်းတော်ကို သွားပြီး အရေးတကြီး လုပ်စရာရှိတယ်လို့ပြောပါတယ်၊ သူ့ကို တားမြစ်တဲ့လူကို ခြေထောက်ရိုက်ချိုးပစ်မယ်တဲ့။"

 

လျန်မင်ချန်က သူ စောနကသောက်နေသည့် လက်ဖက်ရည်တောင် ပြန်ထွက်ကျမတတ် ဖြစ်သွားလေသည်။

 

သူက လက်ဖက်ရည် မျိုချပြီး သီးသွားခဲ့သည်။

 

ချောင်းဆိုးပြီးနောက် သူက စာကြည့်စားပွဲကို လက်ဝါးဖြင့်ရိုက်ခဲ့လေသည်။ "မျိုးမစစ်လေး ဘယ်တော့များမှ ပြဿနာရှာတာ ရပ်မှာလဲ။"

 

ဘိုးဘေးတွေကို ဂုဏ်တက်စေမယ့် ကိစ္စလုပ်မယ်ဆိုပြီး အဓိပ္ပာယ်မရှိတာတွေတောင် ပြောနေတယ်။

 

မျိုးမစစ်လေး နန်းတော်သွားသည့်ကိစ္စကို တွေးမိပြီး ချက်ချင်းထရပ်လိုက်လေသည်။ "ငါအခု နန်းတော်ကိုသွားပြီး သွားကြည့်မယ်။"

 

ဒုတိယလျန်သခင်က ထိုအဖြစ်အပျက်ကိုမြင်တော့ ပြောလေသည်။ "အစ်ကိုကြီး ယို့ရှောင်က ပိုပြီး ပိုပြီး တရားလွန်လာပြီ၊ သူ့ကိုစည်းကမ်း မတင်းကြပ်လို့ကတော့ ဘယ်လိုပြဿနာတွေ ထပ်ရှာမလဲ မသိနိုင်ဘူး။"

 

တတိယလျန်သခင်က မိသားစုထဲမှာ ထိန်းထိန်းသိမ်းသိမ်းနေတတ်သည့်လူဖြစ်ကာ ပေါ့ပျက်ပျက်နိုင်သည့် တူကို သဘောသိပ်မကျပေ။

 

"ဟုတ်တယ်၊ ကျွန်တော်တို့ မတတ်နိုင်ရင်လည်း သူ့ကို နှစ်အနည်းငယ်လောက် လေ့ကျင့်ရေးကျောင်း ပို့လို့ရတာပဲ၊ မော့မိသားစုက မော့ချင်းလင်တောင် အခု တော်တော်လေး လိမ္မာနေပြီတဲ့။"

 

စတုတ္ထလျန်သခင်က ပြောလိုက်လေသည်။ "ယို့ရှောင်က နည်းနည်း ပေါ့ပျက်ပျက်နိုင်ပေမယ့် ကိစ္စတွေဖြေရှင်းရမှာတော့ ယုံကြည်ရပါတယ်၊ တကယ်ပဲ အရေးကြီးကိစ္စရှိလို့ နန်းတော်ကို သွားတာ ဖြစ်နိုင်တာပဲ။"

 

သူနှင့် လျန်ယို့ရှောင်က မိသားစုထဲမှာ မကောင်းသည့် အကျင့်တချို့ အတူတူလုပ်ကြတာကြောင့် တူဖြစ်သူဘက်က ဝင်ပြောပေးခဲ့လေသည်။

 

ဒုတိယနှင့်တတိယ လျန်သခင်တို့က သူ့ကိုတစ်ပြိုင်တည်းကြည့်ခဲ့လေသည်။ "မင်းမို့လို့ မျက်လုံးကြီးဖွင့်ရက်နဲ့ လိမ်ပြောနိုင်တယ်။"

 

ဒီကလေးက ကိစ္စတွေ ဖြေရှင်းရာမှာ ယုံကြည်ရတယ်လို့ ပြောလိုက်သေးတယ်။

 

သူ့မျက်လုံးတွေက မကောင်းတော့ဘူးပဲ။

 

စတုတ္ထလျန်သခင်က အသံတိတ်နေခဲ့သည်။

 

ဒီမှတ်ချက်တွေကို သူ ခဏလောက် သည်းခံလိုက်တာကောင်းမည်။

 

အကယ်၍ သူ့တူသာ အောင်မြင်မှု အကြီးကြီး ရခဲ့ပါက ဒီနှစ်ယောက်ကို ပြန်လည်ကြိမ်းမောင်းမည်။

 

သို့ပေမယ့် ဘာတွေဖြစ်လာမလဲဆိုတာ သူ တကယ် မသိပေ။

 

သူ့တူလေးက ပိုပိုပြီး မယုံကြည်ရတော့တာဖြစ်သည်။

 

လျန်မင်ချန်ကလည်း သူ့ရဲ့ ပေါ့ပျက်ပျက်နိုင်သည့် သားဖြစ်သူက အလုပ်ကြီးအကိုင်ကြီး လုပ်မည်ဟု မထင်ပေ။

 

အခုတော့ သူ့ရဲ့ မျိုးမစစ်သားလေးက သူများခြယ်လှယ်တာခံရပြီး ပြဿနာရှာကာ မိသားစုကို အရှက်ရအောင်လုပ်မှာကို စိုးရိမ်နေသည်။

 

"ငါသွားကြည့်လိုက်မယ်။"

 

သူက ချက်ချင်းမတ်တပ်ရပ်ပြီး နန်းတော်ကိုဝင်ဖို့ အစေခံဖြင့် မြင်းရထားလုံးကို အသင့်ပြင်ထားခိုင်းလိုက်သည်။

 

ရှီနှင့် လျန်မိသားစုတို့က နန်းတော်ထဲ အလျင်စလိုဝင်ခဲ့ကြလေသည်။

 

ရှီလွေ့နှင့် ကျန်လူတွေဟာလည်း မော့ချင်းလင်ရဲ့ အဖွဲ့နောက်ကနေ လိုက်ခဲ့ကြလေသည်။

 

ဒီနေ့က ရုံးတော်ပိတ်ရက်ဖြစ်သော်လည်း ဝန်ကြီးတွေကတော့ နန်းတော်မှာဖြစ်နေသည့် ကိစ္စတွေကို သိသည်။

 

မော့ချင်းလင်က နန်ရှီစီရင်စုမြို့ကနေ ပြန်လာရုံသာမက ပေါ့ပေါ့ပျက်ပျက်နေသည့် ရှီလွေ့တို့ အုပ်စုကိုပါ နန်းတော်ကိုပြန်ခေါ်လာကြောင်း ကြားသိလိုက်ရလေသည်။

 

သူတို့အကုန်လုံးက ရှုပ်ထွေးသွားခဲ့လေသည်။

 

သူတို့ဆီမှာ တူညီသည့်အတွေးတစ်ခုရှိနေလေသည်။

 

အဲ့ဒီအုပ်စု ပြဿနာ အကြီးကြီးရှာထားလို့ မော့ချင်းလင် ကိုယ်တိုင် ခေါ်ပြန်လာတာများလား။

 

ဘုရင်ကြီးက စာလက်ခံရရှိပြီးကတည်းက ကောင်းကင်ဘုံက ချီးမြှင့်သည့် မျိုးစေ့အကြောင်း ဝန်ကြီးတွေကို ကြိုအသိမပေးခဲ့ပေ။

 

ဘုရင်ကြီးက အမြဲသတိထားနေတာကြောင့် ဒီကိစ္စကို သူကိုယ်တိုင် အတည်ပြုပြီးမှ အသိပေးမည်ဖြစ်သည်။

 

သူက မော့ချင်းလင်ကို ယုံကြည်သော်လည်း မတော်တဆ ဖြေရှင်းရခက်သည့် အမှား လုပ်မိသွားမှာ စိုးလို့ ဖြစ်သည်။

 

မကြာခင်က တာ့လျန်တစ်နိုင်ငံလုံးမှာ ဘုရင်ကြီးရဲ့ မကောင်းသတင်းတွေ ပျံ့နေခဲ့သည်။

 

ထိုအချိန်မှာပဲ ဘုရင်ကြီးက သူ့လွှတ်ထားသည့် လူတွေဆီက ပေးပို့လာသည့် စာကိုဖတ်ပြီး သူ့မျက်လုံးတွေက အေးစက်သွားခဲ့သည်။

 

ကံကျွေးခံမြေက သူ့ညီတော်ကို အထင်သေးမိခဲ့တာပဲ။

 

သူ့လက်ထဲမှာ ကြီးမားသည့် အာဏာကို ဆုပ်ကိုင်ထားတာကြောင့် သူ့ညီတော်က ပုန်ကန်ဖို့ လုပ်နေတာဖြစ်မည့်အကြောင်း တွေးမိကာ ဒေါသထွက်သွားခဲ့သည်။

 

သူ့ညီတော်က တကယ်ကို ညစ်ပတ်သည့် စိတ်နှလုံးရှိသူ ဖြစ်သည်။

 

အမျိုးသမီးတစ်ယောက်အတွက် သူ့ကို ဒီလိုပြဿနာကြီးပေးတာဖြစ်သည်။

 

ထိုအချိန်မှာပဲ သူ့ရဲ့အခြွေအရံက မော့ချင်းလင်တို့ ရောက်လာပြီဖြစ်ကြောင်း လာတင်ပြခဲ့လေသည်။

 

သူ့မျက်လုံးထဲက အေးစက်မှုတွေကို ဖယ်ထုတ်ကာ ပြုံးလိုက်လေသည်။ "ဝင်ခိုင်းလိုက်။"

 

သူက ဒီကိစ္စကို ဘယ်လိုရှင်းရမလဲလို့ တွေးထားပေမယ့် အချိန်တွေ၊ စွမ်းအားတွေ အများကြီး မသုံးချင်ပေ။

 

အခု ကောင်းကင်ဘုံက မျိုးစေ့တွေ ရောက်လာတာ အချိန်ကိုက်ဖြစ်သည်။

 

ဒီပြဿနာကို ဖြေရှင်းဖို့ သိပ်အားစိုက်စရာမလိုဘဲ သူ့ဂုဏ်သတင်းလည်း တက်မည်ဖြစ်သည်။

 

ထို့နောက် မော့ချင်းလင်က ဝင်လာခဲ့ပြီး သူ့နောက်မှာ ရှီလွေ့တို့အုပ်စု အတန်းလိုက် ပါလာလေသည်။

 

"အရှင်မင်းကြီးကို နှုတ်ခွန်းဆက်သပါတယ်။" သူတို့တွေအကုန်လုံးက အရိုအသေ ပေးခဲ့လေသည်။

 

ဘုရင်ကြီးက မော့ချင်းလင်နောက်က ရှီလွေ့တို့ အုပ်စုကိုမြင်တော့ ရှုပ်ထွေးသွားပေမယ့် အမူအရာကတော့ မပြောင်းလဲသွားခဲ့ပေ။ "ယဥ်ကျေးနေစရာ မလိုပါဘူး။"

 

သူက မော့ချင်းလင်ကိုကြည့်ကာ မေးခဲ့သည်။ "အထွက်နှုန်းကောင်းတဲ့မျိုးစေ့တွေ ယူလာလား။"

 

မော့ချင်းလင်က ခေါင်းငြိမ့်ပြခဲ့သည်။ "ကျွန်တော်မျိုး အိတ်တွေကို သယ်ခိုင်းထားပြီး တံခါးနားချထားခိုင်းပါတယ်၊ တချို့ကိုတော့ အမှုန့်ကြိတ်ထားတာမလို့ အရှင်မင်းကြီး မြည်းကြည့်ဖို့ ချက်ခိုင်းလိုက်ရမလား ဘုရား။"

 

မော့ချင်းလင်က အလွန်အသေးစိတ်ကျတာကို ဘုရင်ကြီးကသိသည်။ "ကောင်းပြီ၊ အစေ့တွေ အရင်ကြည့်တာပေါ့။"

 

သူက ချက်ချင်းထရပ်ကာ ပြောင်းစေ့တွေကြည့်ဖို့ တံခါးနားသွားခဲ့လေသည်။

 

သူက ပြောင်းစေ့တွေကို ယူကြည့်လိုက်သည်။ "မောင်မင်းတို့တွေ အကုန် မြည်းကြည့်ပြီးပြီလား။"

 

သူက ဉာဏ်ထက်ကာ အနောက်က ပါလာသည့် သခင်လေးအုပ်စုရဲ့ ရည်ရွယ်ချက်ကို ခန့်မှန်းမိသည်။

 

မော့ချင်းလင်က အရင်ပြန်ဖြေခဲ့သည်။ "ကျွန်တော်မျိုး မြည်းကြည့်ပြီးပါပြီ။ အရသာက ပြည့်ပြည့်အနှစ်နှစ်လေးနဲ့ စားလို့ကောင်းပါတယ်ဘုရား၊ အဓိက အစားအစာအဖြစ် စားသုံးလို့ ရပါတယ်၊ ပြီးတော့ အထွက်နှုန်းလည်း မြင့်ပါတယ်။"

 

သူက သူ့အင်္ကျီလက်ထဲက စာရွက်လေးကို ထုတ်ပေးခဲ့လေသည်။ "ဒါ ကျွန်တော်မျိုးရဲ့ လူတွေ ယူခဲ့တဲ့မှတ်တမ်းပါ။"

 

ဘုရင်ကြီးက ယူကာ ဖတ်ခဲ့လေသည်။

 

သူ့အသက်ရှူသံတွေက ပိုမြန်လာခဲ့သည်။

 

"ဦးရီးတော်၊ ပြောင်းမှုန့်ကနေ လုပ်ထားတဲ့ ပန်ကိတ်ကလည်း အရမ်းစားကောင်းပါတယ်၊ ပြောင်းမှုန့်နဲ့ ပေါက်စီ၊ ပြောင်းဖူးမုန့်ပေါင်းတွေလည်း လုပ်စားလို့ ရပါတယ်။"

 

ရှီရုံက ပြောပြီးသည်နှင့် တခြားလူတွေကလည်း လိုက်ပြောခဲ့လေသည်။

 

"မှန်ကန်ကြောင်းပါ အရှင်မင်းကြီး၊ ပြောင်းဖူးအရသာက အရမ်းကို အရသာရှိပါတယ်။"

 

"အရှင်မင်းကြီး ကျွန်တော်မျိုးတို့ အကုန်လုံး မြည်းစမ်းကြည့်ပြီးပြီဖြစ်တာကြောင့် မစိုးရိမ်တော်မူပါနဲ့ဘုရား။"

 

"ပြောင်းစေ့ ၅ကျင်းကနေ ပြောင်းစေ့ ကျင်း တစ်ထောင်ကို ရိတ်သိမ်းနိုင်ခဲ့တာကို ကျွန်တော်မျိုးတို့ ကိုယ်တိုင်မြင်ခဲ့တာပါ။"

 

ဘုရင်ကြီးရဲ့ မည်းမှောင်နေသည့် မျက်နှာက ဝင်းလက်လာခဲ့သည်။

 

သူက ပြုံးကာ ပြောခဲ့သည်။ "ကောင်းပြီ၊ စိုက်ပျိုးမွေးမြူရေးဝန်းကြီးဌာနက ဝန်ကြီး အတည်ပြုပြီးသွားရင် မောင်မင်းတို့ အကုန်လုံး ဆုချီးမြှင့်ခံရမယ်။"

 

ထို့နောင် သူက နန်းတွင်းအခြွေအရံတွေဖြင့် ပြောင်းမှုန့်တွေကို စားဖိုဆောင်ကို ယူသွားခိုင်းပြီး ပေါက်စီ၊ ပန်ကိတ်၊ ပြောင်းဖူးမုန့်ပေါင်း စသည်တို့ကို လုပ်ခိုင်းလိုက်သည်။

 

လွန်ခဲ့သည့် ရက်အနည်းငယ်ကတည်းက အသင့်စောင့်နေသည့် စိုက်ပျိုးမွေးမြူရေးဝန်းကြီးဌာနက ဝန်ကြီးက ချက်ချင်းလာခဲ့လေသည်။

 

ပြောင်းစေ့တွေကိုမြင်တော့ သူတို့ စိတ်လှုပ်ရှားသွားခဲ့သည်။

 

သူက ပြောင်းမှုန့်အနည်းငယ်ကို ကော်ပြီး မြည်းကြည့်လိုက်လေသည်။

 

"အရှင်မင်းကြီး ပြောင်းသီးနှံက တကယ်စားလို့ရပါတယ်ဘုရား။"

 

သူက မော့ချင်းလင်ကိုကြည့်ပြီး သံသယဝင်စွာမေးခဲ့သည်။ "အထွက်နှုန်းက တကယ်ပဲ များတာလား။"

 

မော့ချင်းလင်က ပြန်ဖြေခဲ့သည်။ "ကျွန်တော့်လူတွေကိုခေါ်ပြီး သွားရိတ်ခဲ့တာမလို့ အသက်နဲ့ ရင်းပြီး အာမခံပါတယ်။"

 

အထက်တန်းလွှာက သခင်လေးတွေက တစ်ယောက်ပြီးတစ်ယောက် ထပ်ပြောလေသည်။ "ကျွန်တော်တို့လည်း မြင်ခဲ့တယ်၊ မြေ တစ်မူက တကယ်ကို ကျင်း တစ်ထောင် ရိတ်သိမ်းနိုင်ခဲ့တာ။"

 

"ဟုတ်တယ်၊ ကျွန်တော်တို့အကုန် ကိုယ်တိုင်မြင်ခဲ့တာ၊ ဝန်ကြီးက ဘာတွေ မယုံဖြစ်နေတာလဲ။"

 

ငါက မင်းတို့ကို မယုံတာဟေ့ ဟုတ်ပြီလားဟု စိုက်ပျိုးမွေးမြူရေးဝန်ကြီးက ပြောလိုက်လေသည်။

 

သို့ပေမယ့် သူ မော့ချင်းလင်ကို ယုံသေးသည်။

 

သူက အသက်နှင့်ပင် အာမခံထားသည်။

 

"ကျန်တာတွေ ဘယ်မှာလဲ၊ ကြည့်ချင်တယ်။"

 

မော့ချင်းလင်က ပြင်ဆင်ထားပြီးသားဖြစ်ကာ ကျန်သည့်ပြောင်းတွေကို သူ့လူတွေဖြင့် သယ်လာခိုင်းခဲ့သည်။

 

ထိုအချိန်မှာပဲ စားဖိုဆောင်က ပြောင်းဖြင့်လုပ်သည့် ပေါက်စီနှင့် တခြားအရာများကို ပြင်ဆင်ပြီးပြီဖြစ်သည်။

 

ဘုရင်ကြီးနှင့် ဝန်ကြီးက အရသာ မြည်းစမ်းခဲ့လေသည်။

 

ဝန်ကြီးက မျက်လုံးတွေနီသည်အထိ စိတ်လှုပ်ရှားသွားခဲ့သည်။ "အရှင်မင်းကြီး တရားသူကြီးမင်းမော့ ပြောသလိုပဲ တကယ်ကို ကျင်း တစ်ထောင်ထုတ်လုပ်နိုင်တယ်ဆိုရင်တော့ တာ့လျန်က တကယ်ကောင်းချီးပေးခံရတာပဲ။"

 

သို့သော်လည်း သူက မသေမချာနှင့် သံသယရှိစွာ ပြောခဲ့သည်။

 

ရှီလွေ့တို့အဖွဲ့က စိတ်ပျက်သွားခဲ့သည်။

 

"တကယ်ဆိုရင် ဆိုတဲ့ စကားက ဘာလဲ၊ တကယ်ကို ဟုတ်တာ။"

 

"ဟုတ်တယ် ကျွန်တော်တို့ မျက်စိတွေနဲ့ကိုယ်တိုင် မြင်ခဲ့တာပါဆိုမှပဲ။"

 

"အဖိုးကြီး စကားကို နှစ်ခွဖြစ်အောင်မပြောနဲ့ "

 

"တကယ်ဆိုတာကို ကျွန်တော်တို့ အသက်နဲ့ အာမခံနိုင်တယ်၊ ပြဿနာမရှာနဲ့ အဖိုးကြီး။"

 

အခုမှရောက်သည့် ရှီရှင်းဟန်နှင့်လျန်မင်ချန်က သူတို့ရဲ့ သားတွေရဲ့စကားကို ကြားလိုက်လေသည်။

 

သူတို့က မေ့လဲမတတ် ဒေါသထွက်သွားခဲ့သည်။