အခန်း(၁၈၄)
- ချိုမြိန်သောစကားများဖြင့် အရှင်မင်းကြီးအား မြှောက်ပင့်ခြင်း
ရှီရှင်းဟန်နှင့်
လျန်မင်ချန်က အမြန်ရှေ့တိုးသွားခဲ့သည်။
ဘုရင်ကြီးကြောင့်သာ
မဟုတ်ပါက သူတို့ရဲ့ ပြဿနာကောင်သားတွေကို အိမ်ဆွဲခေါ်ပြန်ကာ ရိုက်နှက်ပြီးပြီဖြစ်သည်။
သူတို့က
အရင်ဆုံး ဘုရင်ကြီးကို အရိုအသေပေးခဲ့သည်။ "အရှင်မင်းကြီးကို အရိုအသေပေး နှုတ်ဆက်ပါတယ်ဘုရား။"
ဘုရင်ကြီးက
စိတ်ကြည်ရွှင်နေတာကြောင့် လက်မြှောက်ပြလိုက်သည်။ "ယဥ်ကျေးနေစရာ မလိုပါဘူး။"
ရှီရှင်းဟန်က
ပြုံးကာ ပြောခဲ့သည်။ "ရှီလွေ့ နန်းတော်ကို သွားတယ်ဆိုတဲ့သတင်းရလို့ ပြဿနာရှာမှာစိုးလို့
ကျွန်တော်မျိုး သူ့ကိုလာပြန်ခေါ်တာပါဘုရား။"
လျန်မင်ချန်ကလည်း
ပြောခဲ့သည်။ "ကျွန်တော်မျိုးလည်း အတူတူပါပဲဘုရား။"
ရှီလွေ့က
ဆွံ့အသွားခဲ့သည်။ "အဖေ ကျွန်တော် အရေးကြီးကိစ္စလုပ်စရာရှိလို့ လို့ပြောခဲ့တယ်လေ၊
ဘာစိုးရိမ်စရာလိုလဲ။"
ရှီရှင်းဟန်က
သူ့သား ပါးစပ်ကို လက်ကိုင်ပဝါဖြင့် ပိတ်ဆို့ထားလိုက်ချင်နေသည်။
သူက သားဖြစ်သူကို
စိုက်ကြည့်ကာ ပြောလိုက်လေသည်။ "ပါးစပ် ပိတ်ထား။"
ရှီလွေ့က
အပြစ်ကင်းသည့်ပုံစံလေးဖြင့် ကြည့်ခဲ့သည်။ "အဖေ အရမ်းလွန်တာပဲ။"
ရှီရှင်းဟန်က
ဒေါသထွက်ကာ မေ့လဲမတတ်ဖြစ်နေသည်။ "မင်း၊ အိမ်ပြန်ရောက်မှကို သင်ခန်းစာကောင်းကောင်းပေးဦးမယ်။"
ရှီလွေ့က
သူ့အဖေကို ထိုပုံစံဖြင့် မြင်လိုက်တော့အိမ်ပြန်ရောက်ပါက သူ့ဘဝ အာမခံချက် မရှိတော့မှာကို
သိလိုက်လေသည်။
သူက ဘုရင်ကြီးကို
သနားကမားကြည့်ကာ ပြောခဲ့သည်။ "အရှင်မင်းကြီး ကျွန်တော်မျိုးက တရားဝင်အလုပ်ကိစ္စအတွက်
လာတယ်ဆိုတာ အဖေ့ကို ပြောပေးပါဦး၊ မဟုတ်ရင် အိမ်ပြန်ရောက်ရင် အဖေက ကျွန်တော်မျိုးကို
ရိုက်မှာပါ။"
မယ်တော်ကြီးက သူ့ကို
အလွန်သဘောကျတာကြောင့် ဘုရင်ကြီးကလည်း သူ့ကို ကြင်ကြင်နာနာ ဆက်ဆံတာကြောင့် သူ မကြောက်ပေ။
အိမ်ပြန်ရောက်သည့်အခါကျရင်တော့
ဒီမျိုးမစစ်လေးကို တကယ်ကို ရိုက်ပစ်ရမယ်ဟု ရှီရှင်းဟန် စိတ်ထဲက ကြိမ်းလိုက်လေသည်။
သူစကားပြောမည့်အချိန်မှာပဲ
ဘုရင်ကြီးက သူ့ကို ပြုံးပြကာ ပြောခဲ့လေသည်။ "ဟုတ်တယ် သူက ဒီနေ့ တရားဝင်အလုပ်ကိစ္စအတွက်
လာတာတာပါ၊ မောင်မင်းတို့ အခုမလာရင်တောင် ကိုယ်တော်က လူလွှတ်ပြီး ခေါ်ခိုင်းတော့မလို့။"
ရှီရှင်းဟန်က
ကြက်သေသေသွားခဲ့သည်။ "အရှင်မင်းကြီး ဒီကလေးက ဘာတရားဝင်အလုပ်ကိစ္စများ လုပ်စရာရှိတာလဲဘုရား။"
ရှီလွေ့က
တီးတိုးရွတ်ခဲ့သည်။ "ကျွန်တော့်မှာ ဘာဖြစ်လို့ လုပ်စရာ တရားဝင်အလုပ်ကိစ္စ
မရှိရမှာလဲ။"
ထို့နောက်
ပါးစပ်ပိတ်ပြီးနေဖို့ သူ့အဖေဆီကနေ မကျေမချမ်း အကြည့်ကို လက်ခံရရှိခဲ့လေသည်။
သူများကို
မကောင်းမကြံဘဲ ပွင့်လင်းသည့် ရှီလွေ့ကို ဘုရင်ကြီးက သဘောကျသည်။
"နန်ရှီစီရင်စုမြို့မှာ
မြေ တစ်မူကနေ ကျင်း တစ်ထောင်အထိ အထွက်နှုန်းတိုးတဲ့ ကောင်းကင်ဘုံက ချီးမြှင့်တဲ့ မျိုးစေ့တွေကို သူတို့မြင်ခဲ့ပြီး
အရသာ မြည်းစမ်းခဲ့တယ်လေ၊ ဒါကြောင့် အဲ့မျိုးစေ့တွေ ဆက်သဖို့ သူတို့က
မော့ချင်းလင်နဲ့ မြို့တော်ကို လိုက်လာတာ၊ သူ့ကို အပြစ်မတင်ပါနဲ့။"
ရှီလွေ့က
ချက်ချင်း ပြောခဲ့သည်။ "ဟုတ်တယ်၊ ကျွန်တော်တို့က မျိုးစေ့တွေ လာဆက်သတာ။"
ရှီရှင်းဟန်က
အလွန်အမင်း ထိတ်လန့်သွားခဲ့သည်။
ဒီလိုကိစ္စဖြစ်နေလိမ့်မည်ဟု
သူ တကယ် မထင်မိခဲ့ပေ။
သူက မေးလိုက်လေသည်။
"အရှင်မင်းကြီး မြေ တစ်မူမှာ ကျင်း
တစ်ထောင်အထိ ထုတ်နိုင်ပြီး အဲ့တာက စားလို့ရတယ်ဆိုတာ အမှန်လားဘုရား။"
ဘုရင်ကြီးက
ခေါင်းငြိမ့်ပြခဲ့သည်။ "အမှန်ပဲ၊ အတည်ပြုပြီးပြီ၊ ကိုယ်တော်က အဆင့် ၄နဲ့ အဲ့ဒီအဆင့်အထက် ရှိတဲ့ ဝန်ကြီးတွေကိုဆင့်ခေါ်ဖို့ ပြင်ထားတယ်၊ လူတိုင်းကို
ကောင်းကင်ဘုံချီးမြှင့်တဲ့ ပြောင်းသီးနှံကို မြည်းကြည့်စေချင်တယ်။"
သူက မူလက
ထိုလောက် လူအများကြီး ဖိတ်ခေါ်ဖို့ မပြင်ထားခဲ့သော်လည်း မကြာမီက သတင်းတွေက ပိုပျံ့နှံ့သွားခဲ့သည်။
ဒါ့အပြင်
ဒီမျိုးစေ့တွေသာ တကယ်ပဲ မြေ တစ်မူမှာ ကျင်း
တစ်ထောင်ထုတ်နိုင်မည်ဆိုပါက ဒီမျိုးစေ့တွေကို နောက်နှစ်အနည်းငယ်အတွင်း စိုက်ပြီးပါက
တာ့လျန်ကလူတွေ ဗိုက်ဖြည့်တင်းနိုင်လိမ့်မည်။
ထိုအရာက
နိုင်ငံသားတိုင်းအတွက် အကျိုးရှိသည်။ ဒါက တိုးတက်မှုအကြီးစားဖြစ်၏။
ရှီရှင်းဟန်က
ပြုံးကာ ပြောခဲ့သည်။ "ဒါဆို ကျွန်တော်မျိုးက နန်းတော်ထဲ အချိန်ကိုက်ရောက်လာခဲ့တာပေါ့။"
သူက စိတ်အေးစွာ
သက်ပြင်းလည်းချလိုက်သည်။
ကံကောင်းချင်တော့
သူ့မျိုးမစစ်သားက ပြဿနာ မရှာခဲ့ပေ။
ကံကောင်းစွာဖြင့်ပင်
မျိုးစေ့ဆက်သသည့် အဖွဲ့ထဲ ပါနိုင်ခဲ့သေးသည်။
ဤအချင်းအရာကို
ကြည့်ခြင်းအားဖြင့် ဘုရင်ကြီးက သူတို့ကို ဆုချီးမြှင့်လိမ့်မည်။
သူက ဘုရင်ကြီးရဲ့
တစ်ဝမ်းကွဲညီအစ်ကိုဖြစ်ပြီး ဘုရင်ကြီးထီးနန်းတက်ပြီးကတည်းက ပြည်သူ့အုပ်ချုပ်ရေးမှူးစံအိမ်မှာ
သိုသိုသိပ်သိပ်သာ နေထိုင်ခဲ့သည်။
သူ့အဖေကလည်း
ဘုရင်ကြီးကို တပ်အာဏာပြန်လွှဲပေးခဲ့ပြီးပြီဖြစ်သည်။
ထိုအချင်းအရာကြောင့်ပဲ
ဘုရင်ကြီးက သူတို့ကို ပိုယုံကြည်လာခဲ့သည်။
သူ့မိသားစုရဲ့
အဆင့်အတန်းနှင့် ကြွယ်ဝမှုကိုတွေးကာ သူက သူလျှောက်သည့်ခြေလှမ်းတိုင်းကို သတိထားလျှောက်ခဲ့သည်။
လျန်မင်ချန်ကလည်း
သူသားက ပြဿနာမရှာဘဲ ကောင်းသည့် ကိစ္စကို လုပ်ခဲ့မည်ဟု မထင်မိခဲ့ပေ။
သူက ပြုံးကာပြောခဲ့သည်။
"ဒါဆိုရင်တော့ ကျွန်တော်မျိုးလည်း ပါဝင်သင့်တာပေါ့။"
ထို့နောက်
သူတို့က ဘုရင်ကြီးရဲ့ အနောက်ကနေ လိုက်ကာ ပင်မခန်းမဆီ သွားခဲ့ကြလေသည်။
သတင်းရသည့်
အရာရှိတွေကလည်း အလောတကြီး နန်းတော်ထဲဝင်ကြကာ ထိုလူတွေထဲမှာ ရှောင်ယွမ်ရှစ်လည်း ပါသည်။
သူတို့ရောက်တော့
ဘုရင်ကြီးက နန်းတွင်းအခြွေအရံတွေဖြင့် ပြောင်းမှုန့်ဖြင့်လုပ်ထားသည့် မုန့်တွေကို တည်ခင်းခိုင်းလိုက်လေသည်။
"ဒါက
စီရင်စုမြို့ကထွက်တဲ့ အထွက်နှုန်းမြင့်ပြောင်းလေ၊ အဓိက အစားအစာအဖြစ်
စားလို့ရတဲ့အပြင် မြေ တစ်မူမှာ ကျင်း တစ်ထောင်လောက်
ထုတ်လုပ်နိုင်တယ်။"
ဘုရင်ကြီးရဲ့
စကားတွေက မိုးကြိုးပစ်ချသကဲ့သို့ ဖြစ်သွားခဲ့ကာ အရာရှိတွေအကုန် ကြက်သေသေသွားခဲ့သည်။
မြေ
တစ်မူမှာ ကျင်း တစ်ထောင်လောက်ထွက်သည့် အထွက်နှုန်းကောင်းသည့်မျိုးစေ့ကို
သူတို့တစ်ခါမှ မကြားဖူးခဲ့ပေ။
ထိုသတင်းသာ
တကယ်ဆိုပါက တော်ဝင်ညီလာခံနှင့် တာ့လျန်က ပြည်သူတွေကို အကျိုးအမြတ်ရှိစေလိမ့်မည်။
ပိုအရေးကြီးတာက
အပြင်မှာ ပြန့်နေသည့် သတင်းတွေကို သူတို့ သိသည်။
အရာရှိအများစုက
မသေမချာဖြစ်နေခဲ့သည်။
ထိုအရာရှိတွေက
ဟိုးကတည်းက ဘုရင်ကြီးကို ထောက်ခံပေးခဲ့သူတွေဖြစ်ကာ ဘုရင်ကြီးရဲ့ ဂုဏ်သတင်း ပျက်စီးသွားပါက
သူတို့လည်း ဂြိုလ်ဆိုးဝင်နိုင်သည်။
ထို့ကြောင့်
သူတို့က စိတ်လှုပ်ရှားနေသည့် အပြုံးကိုဖော်ပြခဲ့လေသည်။ "ဒါဆို ကောင်းတာပေါ့။"
တချို့ကလည်း
မယုံကြည်ပေ။ "အရှင်မင်းကြီး မြေ တစ်မူမှာ ကျင်း တစ်ထောင်လောက် ထုတ်လုပ်နိုင်တာ သေချာပါရဲ့လား ဘုရား။
ဘုရင်ကြီးက
ပြန်ဖြေခဲ့သည်။ "အမှန်ပဲ၊ ပြောင်းရိတ်သိမ်းတုန်းက နန်ရှီစီရင်စုမြို့ရဲ့ တရားသူကြီးမင်း
မော့ချင်းလင် ကိုယ်တိုင် ကွပ်ကဲခဲ့ရုံသာမက ရှီလွေ့၊ လျန်ယို့ရှောင်နဲ့
ဖေးယွီကျယ်တို့လည်း ရှိခဲ့တယ်၊ သူတို့က မြေ တစ်မူကနေ ထွက်တဲ့
ကျင်း တစ်ထောင်ကျော်ရှိတဲ့ ပြောင်းစေ့တွေကို မြို့တော်ကို လာပို့ပေးတာကြောင့်
သက်သေပြပေးနိုင်တယ်။"
လူတွေအကုန်လုံးက
ထပ်ပြီး ထိတ်လန့်အံ့သြသွားခဲ့ပြန်သည်။
ဒီပေါ့ပျက်ပျက်နေတဲ့
သခင်လေးတွေက ဘာကြောင့် ဒီကိစ္စမှာ ပါနေရတာလဲ။
ဝန်ကြီးတွေက
တစ်ယောက်ပြီး တစ်ယောက် သူတို့ကို ကြည့်လိုက်တော့ ရှီလွေ့နှင့် တခြားနှစ်ယောက်က ရင်ကိုပင့်ထားကာ
ရှားပါးသည့် အမူအရာကို ဆင်မြန်းထားလေသည်။
ရှီလွေ့က
ပြောခဲ့သည်။ "ကျွန်တော်တို့ မျက်လုံးနဲ့ တပ်အပ်မြင်ခဲ့ပြီး ပြောင်းဖူးက စားလို့ရတဲ့အကြောင်း
အရင်မြည်းစမ်းကြည့်ခံဖူးတဲ့လူတွေပဲ။"
ဖေးယွီကျယ်က
ပြောခဲ့သည်။ "ဟုတ်တယ်၊ ဒါက နိုင်ငံနဲ့ လူမျိုး နှစ်ခုလုံးကို အကျိုးရှိစေတယ်၊
ကျွန်တော်တို့က ဘယ်လိုလုပ် အရှင်မင်းကြီးကို လိမ်လည်ရဲမှာလဲ။"
လျန်ယို့ရှောင်က ခဏလောက်
တွေးခဲ့သည်။ "အဲ့တုန်းက နန်းရှီစီရင်စုမြို့က အရာရှိတချို့နဲ့
တာအိုဘုန်းကြီးကျောင်းကို အမွှေးတိုင် လာပူဇော်တဲ့လူတွေရှိတယ်၊ သူတို့လည်း မြင်ခဲ့တာပဲ၊
အထွက်နှုန်းကောင်းတယ်ဆိုတာ သက်သေပြဖို့ လုံလောက်ပါတယ်။"
သူက ဘုရင်ကြီးကို
ပိုပြီး ရိုသေလေးစားစွာ အရိုအသေပေးပြီး ကြည်ညိုလေးစားစွာ ကြည့်ခဲ့သည်။ "ဒီလို
အထွက်နှုန်းကောင်းတဲ့မျိုးစေ့တွေ ကောင်းကင်ဘုံရဲ့ချီးမြှင့်ခံရတာက
အရှင်မင်းကြီးရဲ့ ကောင်းချီးမင်္ဂလာတွေကြောင့်ပါ။"
လျန်မင်ချန်က
သူ့သား ဘုရင်ကြီးကို မြှောက်ပင့်ပြောဆိုနေသည့်စကားကို နားထောင်ရင်း ကြက်သေ သေနေခဲ့သည်။
ဒီမျိုးမစစ်လေးက
အဖွားနဲ့ အိမ်က လူတွေကို ဘယ်လိုချော့ပြောရမလဲဆိုတာ သိတာတင်မကဘဲ ညီလာခံမှာပါ ဘယ်လိုစကားပြောရမလဲဆိုတာသိကြောင်း
သူသဘောပေါက်သွားခဲ့လေသည်။
ရှီလွေ့နှင့်
ဖေးယွီကျယ်ကလည်း ငတုံးတွေ မဟုတ်ပေ။
သူ့ကို
အရှက်မရှိဘူးဟု ကြိတ်ကာ ကျိန်ဆဲလိုက်လေသည်။
ထို့နောက်
သူတို့လည်း အရှက်မရှိစွာပင် ဘုရင်ကြီးကိုမြှောက်ပင့် ပြောဆိုကြလေသည်။
"မှန်လှပါဘုရား
ဒီအထွက်နှုန်းကောင်းတဲ့ မျိုးစေ့တွေက ကောင်းကင်ဘုံက အရှင်မင်းကြီးကို
ချီးမြှင့်တာပါ၊ ကျွန်တော်မျိုးတို့ သက်သေခံပါတယ်၊ အဲ့တုန်းက
မသေမျိုးဘုန်းတော်ကြီးက ကိုယ်ထင်ပြတာကို ကျွန်တော်မျိုးတို့ မျက်စိနဲ့ ကိုယ်တိုင်မြင်ခဲ့တာပါ၊
ရွှေရောင်အလင်းတန်း ထွက်ပေါ်ခဲ့ပြီး ပြောင်းတွေ ရိတ်သိမ်းလို့ ရကြောင်း အချက်ပြခဲ့တာပါ၊
ဒါတွေဟာ အရှင်မင်းကြီးက ရွေးချယ်ခြင်းခံထားရတဲ့ ဘုရင်မင်းမြတ်ဖြစ်ပြီး ပြည်သူပြည်သားတွေကို
ဂရုစိုက်ပေးတဲ့အတွက်ကြောင့်ပါ၊ ဒါကြောင့်ပဲ ကောင်းကင်ဘုံက အရှင်မင်းကြီးအတွက် မသေမျိုးဘုန်းတော်ကြီးနဲ့
ချီးမြှင့်ပေးခိုင်းခဲ့တာပါ။"
"မှန်ကန်ကြောင်းပါဘုရား၊
အဲ့တုန်းက လေနဲ့ တိမ်တွေ လှိမ့်တက်လာပြီး ကောင်းကင်ကြီးက အရမ်းကို
ပြောင်းလဲသွားခဲ့ပါတယ်၊ မသေမျိုးဘုန်းတော်ကြီးက... "
"ကျွန်တော်မျိုးတို့
အရှင်မင်းကြီးရဲ့ ကံကောင်းခြင်းက ကောင်းကင်ကြီးလောက် ကြီးမားပါတယ်၊ အရှင်မင်းကြီးကသာ
ကောင်းကင်ဘုံချီးမြှင့်တဲ့မျိုးစေ့ ချီးမြှင့်ခံရတဲ့ ပထမဆုံးသော အရှင်မင်းမြတ်ပါ..."
ကျင့်ကြံစဥ်ဝတ္ထုတွေဖတ်ပြီးနောက်
သူတို့လည်း ကိုယ်တိုင်ဇာတ်လမ်းတွေ ထွင်နိုင်ခဲ့လေသည်။
သူတို့က
ချိုမြသည့်စကားတွေဖြင့် ဘုရင်ကြီးကို မြှောက်ပင့်ခဲ့ကြလေသည်။
ထိုအရာက
ဝန်ကြီးတွေကို ဆွံ့အသွားစေခဲ့သည်။
တကယ်လား။
ဘယ်လိုလုပ် ဒီလောက် အံ့ဖွယ်ကောင်းရတာလဲ။
ရှီရှင်းဟန်နှင့် လျန်ယို့ရှောင်က တွင်းတူးပြီးတော့သာ ပြန်နေချင်တော့သည်။
ဒီမျိုးမစစ်တွေက
အဓိပ္ပာယ်မရှိတာတွေကို ကရားရေလွှတ်ပြောနေတာပဲ။
သူတို့က
အမြှောက်ပင့်ကောင်းလွန်းလို့ သူတို့မျက်နှာတွေပင် နီရဲသွားခဲ့သည်။
ထိုစကားတွေ
နားထောင်ပြီးနောက် ဘုရင်ကြီးရဲ့ မျက်နှာမှာ အပြုံးတွေ ဖြစ်ထွန်းခဲ့လေသည်။
ဒီကောင်စုတ်လေးတွေ
ပြောနေတာတွေက အမှန်တွေ မဟုတ်သော်လည်း နားထောင်ကောင်းသည်။
မော့ချင်းလင်က
သူတို့စကားတွေ နားထောင်ပြီးနောက် သူက ရှေ့ကို လျှောက်သွားပြီး ရင်ဘတ်ထဲက စာအိတ်ကို
ထုတ်ပေးခဲ့သည်။
"အရှင်မင်းကြီး
ဒါက မသေမျိုးဘုန်းတော်ကြီး ပြောင်းစိုက်ခိုင်းဖို့ ချန်ခဲ့တဲ့စာပါ၊ လွန်ခဲ့တဲ့ ၁၀နှစ်ကျော်လောက်ကတည်းက
အရှင်မင်းမြတ်က ဘုရင်အဖြစ် ရွေးချယ်ခံရမယ့်လူဆိုတာ သူကြိုမြင်ခဲ့ပါတယ်၊ ဒါကြောင့် သူ
မသေခင် သူ့တပည့်ရှစ်ချင်းလျို့ကို ပြောင်းမျိုးစေ့ပေးခဲ့ပြီး ဒီနှစ်ဇူလိုင်လမှာ စိုက်ပျိုးခိုင်းပြီး
အောက်တိုဘာလမှာ ရိတ်သိမ်းပြီး အရှင်မင်းကြီဆီ ဆက်သဖို့ မှာကြားခဲ့ပါတယ်။"