အပိုင်း ၁၉၁
Viewers 14k

 

အခန်း(၁၉၁) - ရှောင်မိသားစုဟောင်း လာလည်တော့ ကောင်းတာပေါ့

 

ထို့ကြောင့် ထိုညမှာ ရှောင်မိသားစုရဲ့ အကြီးဆုံးမြေးနှင့် သူ့နဲ့ အချစ်ရဆုံး ကိုယ်လုပ်တော်က ချစ်ရည်လူးပြီးနောက် စကားပြောခဲ့ကြသည်။

 

သူမက သူ့ရဲ့ တစ်ဝမ်းကွဲညီအစ်ကိုကို တွေ့ချင်ကြောင်း လေးစားအားကျစွာ၊ ချစ်ခင်စွာ ပြောခဲ့သည်။

 

ထိုအခါမှ သူ့တစ်ဝမ်းကွဲညီနှင့် ရှစ်ချင်းလျို့က မြို့ထဲမှာ သတင်းတွေ ညံထနေအောင် ကိစ္စရပ်ကြီး လုပ်ခဲ့သည့်အကြောင်း ရှောင်မိသားစုရဲ့ အကြီးဆုံးမြေးက သိသွားခဲ့သည်။

 

သူချစ်ရသည့် ကိုယ်လုပ်တော်လေးက ရှောင်ဟန်ကျန့်ကို အဆက်မပြတ် ချီးကျူးနေတာကြောင့် သူက စိတ်မသက်မသာဖြစ်နေသည်။

 

ထို့နောက် သူ ဆက်သခဲ့သည့် မျိုးစေ့တွေက သူ့ကို အကျိုးအမြတ်ကြီးစွာ ရှိစေနိုင်ကြောင်း ကြားခဲ့သည်။

 

အခုကစပြီး ရှောင်ဟန့်ကျန့်ရဲ့ ဘဝ ပိုကောင်းသွားမှာကို သူစိုးရိမ်ခဲ့သည်။

 

သူက မနာလိုပြီး အားကျသော်လည်း ထိုအခြေအနေကို အကျိုးအမြတ် ရယူချင်သည်။

 

အထူးသဖြင့် တစ်စုံတစ်ယောက်က ဘေးကနေ အားပေးနေတာကြောင့် နောက်တစ်ရက် မနက်ကျတော့ သူက ရှောင်သခင်မကြီးရဲ့အဆောင်ကို ပြေးသွားခဲ့သည်။

 

"အဖွား ရှောင်ဟန်ကျန့်တို့ လင်မယားက မြို့တော်မှာတဲ့။"

 

ရှောင်မိသားစုရဲ့ အကြီးဆုံးမြေးက သူတို့ကို ပြောင်းစေ့ဆက်သသည့်ကိစ္စ ပြောပြခဲ့သည်။

 

ရှောင်သခင်မကြီးနှင့် ကျန်သည့်လူတွေ အကုန်လုံးက အံ့သြသွားခဲ့သည်။

 

ကောင်းကင်ဘုံက ချီးမြှင့်သည့်မျိုးစေ့အကြောင်း မကြာသေးခင်က ကြားခဲ့ပေမယ့် လက်ရှိ အဆင့်အတန်း ပိုမြင့်အောင် ကြိုးပမ်းနေရတာကြောင့် သူတို့က အာရုံမစိုက်နိုင်ခဲ့ပေ။

 

ထိုကိစ္စရဲ့ နောက်ကွယ်မှာ ရှောင်ဟန်ကျန့်နှင့် ရှစ်ချင်းလျို့ ရှိကြောင်း မသိခဲ့ပေ။

 

ရှောင်မိသားစုရဲ့ အကြီးဆုံးမြေးက ဒေါသတကြီး ပြောခဲ့သည်။ "အဖွား သူတို့က မြို့တော်ရောက်နေတာတောင် သူ့ဒုတိယဦးလေးနဲ့ အဖိုး၊ အဖွားတွေကို လာပြီးတောင် ဂါရဝမပြုဘူး၊ ဒါတော့ လွန်သွားပြီ။"

 

ဒီစကားကလည်း သူချစ်ရသည့် ကိုယ်လုပ်တော်လေး ပြောခဲ့တာ ဖြစ်သည်။

 

သူ့တစ်ဝမ်းကွဲညီတို့ လင်မယားက ဘာဖြစ်လို့ စစ်သူကြီးစံအိမ်ကို လာမလည်တာလဲ ဘာဖြစ်လို့ ခဏ လာမနေတာလဲဆိုတာ သူ အရမ်း သံသယဝင်မိသည်။

 

ရှောင်သခင်မကြီးရဲ့ မျက်နှာက မည်းမှောင်သွားခဲ့သည်။ "ဒီနှစ်ယောက်က မသိတတ်ဘူး။"

 

ရှောင်သခင်မကြီးက မကြာခင်က စစ်သူကြီးစံအိမ်မှာ ကောင်းကောင်း နေခဲ့ရတာကြောင့် ဘဝမေ့နေသည်။

 

ရှောင်မိသားစုရဲ့ အကြီးဆုံးမြေးက ချက်ချင်း လှုံ့ဆော်ခဲ့လေသည်။ "သူတို့ မလာမှတော့ ကျွန်တော်တို့ သွားရှာရအောင်၊ ပြောင်းစေ့ ဆက်သလို့ ရတဲ့ အကျိုးအမြတ်ကို သူတို့ပဲ စံစားလို့ မရဘူး၊ ကျွန်တော်တို့ပါ အကျိုးအမြတ် ရသင့်တယ်။"

 

ရှောင်သခင်မကြီးက ဆုံးဖြတ်ချက် ချခဲ့သည်။ "ကောင်းပြီ၊ မနက်စာစားပြီးရင် သူတို့ကို သွားတွေ့မယ်။"

 

ဒီကိစ္စကို ဒီလို ဆက်လုပ်သင့်သည်ဟု ကျန်သည့်လူတွေကလည်း တွေးလိုက်လေသည်။

 

ဒီအကျိုးအမြတ်ကို အရ မယူပါက အရူးသာ ဖြစ်လိမ့်မည်။

 

ရှောင်ဟန်ကျန့်တို့လင်မယား ဆရာဟုန်နှင့် မနက်စာ စားပြီး မကြာခင်မှာပဲ ရှောင်မိသားစုဟောင်းက သူတို့ကို လာရှာကြောင်း အိမ်အစေခံက လာတင်ပြခဲ့သည်။

 

ရှစ်ချင်းလျို့က ပြောခဲ့သည်။ "မြန်မြန်ဝင်ခိုင်းလိုက်။"

 

ရှောင်မိသားစုဟောင်းက ထိုအမျိုးသမီးရဲ့ တိတ်တဆိတ် ကြိုးကိုင်ခြင်းကို မကြာမီက ခံခဲ့ရပုံပေါ်သည်။

 

ရှောင်ဟန်ကျန့်က မအံ့သြခဲ့ပေ။

 

သူတို့က ကြိုတင်ပြင်ဆင်ပြီးသားဖြစ်ကာ သူတို့ရဲ့ အစေခံတွေဖြင့် ခေါ်ဝင်လာခိုင်းလိုက်သည်။

 

ဧည့်ခန်းထဲမှာ သူတို့နှစ်ယောက်က ဇိမ်ကျကျထိုင်ကာ လက်ဖက်ရည် သောက်နေသည်။

 

မကြာခင်မှာပဲ ရှောင်မိသားစုဟောင်းက ဝင်လာခဲ့သည်။

 

ရှောင်သခင်မကြီး ဝင်လာတာတောင် သူတို့က ထိုင်နေဆဲဖြစ်တာမြင်တော့ ရှောင်သခင်မကြီးက ချက်ချင်း မပျော်မရွှင် ဖြစ်သွားခဲ့သည်။

 

သူမက မောက်မာစွာ ကြည့်ပြီး ပြောခဲ့သည်။ "နင်တို့ရဲ့ အဖိုးအဖွားကို မနှုတ်ဆက်တော့ဘူးလား၊ ငါတခြားလူတွေကို သွားပြောပြလိုက်ရမလား၊ နင်တို့က ဝတ္တရားမသိတတ်ဘူး၊ မြို့တော်က မင်းစိုးရာဇာ မိသားစုတွေက ဝတ္တရားသိတတ်မှုကို တန်ဖိုး အထားဆုံးပဲ။"

 

ရှောင်မိသားစုဟောင်းရဲ့ အကြီးဆုံးမြေးကလည်း ဝင်ပြောခဲ့သည်။ "ဟုတ်တယ် မင်းတို့က ဝတ္တရား မသိတတ်ဘူး၊ အရှင်မင်းကြီး သိသွားရင် အပြစ်တင်မလားဆိုတာ ကြည့်တာပေါ့။"

 

ရှစ်ချင်းလျို့က အသံထွက်အောင် ရယ်ပြီးနောက် ရှောင်မိသားစုဟောင်းက လူတွေကို အပြုံးတစ်ဝက်ဖြင့် ကြည့်လိုက်သည်။ "သွားပြောပြလိုက်လေ၊ ရှင်တို့နဲ့ ကျွန်မတို့ရဲ့ ဆက်ဆံရေးအကြောင်း ဒီကိစ္စရဲ့ နောက်ကွယ်က အကြောင်းကော အကုန်သွားပြောလိုက်။"

 

သူတို့က သူများရဲ့ လှုံ့ဆော်ပေးခြင်းက်ု ခံနေရတာ သေချာသည်။

 

သူမက ရှောင်ယွမ်ရှစ်တို့ဇနီးမောင်နှံ ဒုက္ခရောက်အောင် သားသမီးဝတ္တရားကို ကိုင်ပြီး ခြိမ်းခြောက်ဖို့ ရှောင်မိသားစုဟောင်းကို လှုံ့ဆော်ပေးခဲ့သည်။

 

အခုလည်း ရှောင်မိသားစုဟောင်းကို တူညီသည့်အရာဖြင့် အနိုင်ကျင့်အောင် သွေးထိုးခဲ့ပုံရသည်။

 

သို့ပေမယ့် သူတို့က ရှောင်ဟန်ကျန့်ရဲ့ ဆန်ကုန်မြေလေးအဖေ မဟုတ်ပေ။

 

သူမကဆက်ပြောခဲ့သည်။ "အဖွားဟောင်း ရွာမှာ ဘာတွေဖြစ်ခဲ့လဲဆိုတာ မေ့နေပြီလား။"

 

သူမက 'အဖွားဟောင်း' ဟူသော စကားကို ဖိပြောခဲ့သည်။

 

ရှောင်သခင်မကြီးက ခဏလောက် ဆွံ့အသွားခဲ့သည်။ သူမ တကယ်မေ့နေခဲ့သည်။

 

သူမက အေးစက်စွာ နှာမှုတ်ခဲ့သည်။  "ဆွေခန်းမျိုးခန်းဖြတ်တောက်လိုက်ရင်တောင် ငါတို့က အဖိုးအဖွားဖြစ်နေတုန်းပဲ။"

 

ရှစ်ချင်းလျို့က ထိုင်ခုံကို ပျင်းရိစွာ မှီချလိုက်သည်။ "ဥပဒေမှာ ဒီလို မဖော်ပြထားဘူး၊ ပြဿနာရှာချင်ရင်လည်း သွားလေ၊ မတားပါဘူး။"

 

သူမရဲ့ အမှုမထားသည့်ဟန်ကြောင့် ရှောင်သခင်မကြီးက အလွန်မပျော်မရွှင်ဖြစ်သွားခဲ့သည်။

 

သူတို့ဘာမှ မပြောရသေးခင်မှာပဲ ရှစ်ချင်းလျို့က စကားလမ်းကြောင်း ပြောင်းလိုက်သည်။ "ရှင်တို့ စစ်သူကြီးစံအိမ်မှာ နေလာတာကြာပြီ၊ တစ်ခုခု မတောင်းဆိုဘူးလား။"

 

ဒီပြဿနာကောင်တွေက အသုံးမဝင်လို့ ဖြစ်သည်။

 

အကျိုးအမြတ်နှင့် သူတို့ကို မျှားခေါ်ရဦးမည်။

 

ထိုစကားကြားတော့ ရှောင်မိသားစုဟောင်းရဲ့ အကြီးဆုံးမြေးက ရင်ကို ကော့ခဲ့သည်။ "ဒုတိယဦးလေးက မြောက်ပိုင်းနယ်စပ်မှာ လက်ထောက်တရားသူကြီးမင်းဖြစ်အောင် ကူညီပေးခဲ့တယ်၊ အခြေခိုင်လာရင် တရားသူကြီးမင်း ဖြစ်လာအောင် ကူညီပေးမယ်လို့ပြောတယ်၊ ပြီးရင်တော့ မြို့တော်ကို ပြန်ပြောင်းရွှေ့ဖို့ ကူညီပေးလိမ့်မယ်။"

 

အစကတော့ မြောက်ပိုင်းနယ်စပ်က တရားသူကြီးမင်းလက်ထောက်လုပ်ဖို့ သူငြင်းဆိုခဲ့သည်။

 

နေရာက အလွန်လေးလံကာ နန်ရှီစီရင်စုမြို့လောက် မကောင်းပေ။

 

ထိုနေရာကို သွားပါက ကောင်းမွန်သည့် ဘဝကို သူ မရနိုင်ပေ။

 

သို့ပေမယ့် ထိုနေရာကို သွားတာက အောင်မြင်မှုရဖို့အလွယ်ဆုံးဖြစ်ကာ မြို့တော်ကိုပြန်လာသည့်အခါ ကောင်းမွန်သည့် အထောက်အပံ့ ရနိုင်ကြောင်း သူ့ရဲ့ ဒုတိယဦးလေးက ပြောခဲ့သည်။

 

သူလည်း အဓိပ္ပာယ်ရှိကြောင်း တွေးမိခဲ့ကာ သဘောတူခဲ့ခြင်း ဖြစ်သည်။

 

သူ့မိသားစုတွေလည်း မြောက်ပိုင်းနယ်စပ်ကို အတူတူလိုက်ခဲ့မှာဖြစ်သည်။

 

ရှောသ်သခင်မကြီးက ပြုံးကာ ပြောခဲ့သည်။ "နောက်ဆိုရင် ငါ့မြေးက ရှောင်မိသားစုထဲမှာ အတောက်ပဆုံးလူဖြစ်လာမှာ၊ သူကြိုးစားမယ်ဆိုရင် မြို့တော်ကို ပြန်လာတဲ့အခါကျရင် ပဉ္စမအဆင့် အရာရှိ ဖြစ်နိုင်တယ်လို့ ငါ့ရဲ့ ဒုတိယသားကပြောတယ်၊ စတုတ္ထအဆင့် အရာရှိတောင်ဖြစ်နိုင်တယ်တဲ့။"

 

ထိုအချိန်ကျရင် သူမရဲ့ အကြီးဆုံးမြေးက ဘိုးဘေးတွေကို ဂုဏ်တက်စေလိမ့်မည်။

 

ထိုစကားကြားတော့ ရှစ်ချင်းလျို့က ဆွံ့အသွားခဲ့သည်။

 

နန်းတော်အကြောင်း မသိသည့် သူမတောင် စတုတ္ထအဆင့်အရာရှိက အဆက်အသွယ် ရှိရင်တောင် မရနိုင်တာကို သိသည်။

 

ရှောင်မိသားစုရဲ့ အကြီးဆုံးမြေးက စာသင်သားတောင် မဟုတ်ပေ။

 

သတ္တမအဆင့် တရားသူကြီးမင်းဖြစ်ဖို့တောင် သူ့မှာ အရည်အချင်း မရှိပေ။

 

သူက ဘယ်လိုလုပ် စတုတ္ထအဆင့်အရာရှိဖြစ်နိုင်မည်နည်း။ ဘယ်သူ့ကို ညာဖို့နေပါသနည်း။ တော်ဝင်ညီလာခံက ရှောင်ဟန်ကျန့်ရဲ့ ဆန်ကုန်မြေလေးအဖေ တစ်ယောက်တည်းဖြင့် လည်ပတ်နေတာ မဟုတ်ပေ။

 

သာမာန်လူတွေဖြစ်သည့် ပြဿနာကောင်တွေကို သူမရဲ့ ဗဟုသုတတွေ မျှဝေပေးရင်တောင် သူတို့က သူမ စကားကို နားမထောင်မှာ သေချာသည်။

 

ရှောင်ဟန်ကျန့်က ဂုဏ်ဆာနေသည့် တစ်ဝမ်းကွဲအစ်ကိုကို ကြည့်လိုက်သည်။

 

သူက ရုတ်တရက် ပြောလိုက်သည်။ "အခြေခံစာသင်သားတောင် ပဉ္စမအဆင့်အရာရှိဖြစ်နိုင်တယ်လို့ မကြားဖူးပါဘူး၊ တကယ်လို့ ပဉ္စမအဆင့်စတုတ္ထအဆင့်အရာရှိ ဖြစ်နိုင်မယ်ဆိုရင်တောင် အဲ့လိုလုပ်နိုင်ဖို့ အသက်ရှင်နေမှရမယ်။"

 

ရှောင်မိသားစုရဲ့ အကြီးဆုံးမြေးရဲ့ မျက်နှာထက်က အပြုံးက ချက်ချင်း ပျောက်ကွယ်သွားခဲ့သည်။ "ရှောင်ဟန်ကျန့် မနာလိုဖြစ်တာနဲ့ပဲ ငါ့ကို ကျိန်မဆဲနဲ့။"

 

ရှောင်သခင်မကြီးနှင့် တခြားလူတွေကလည်း မပျော်မရွှင်ဖြစ်သွားခဲ့သည်။

 

သူတို့က ရှောင်ဟန်ကျန့်ကို ကြိမ်းမောင်းခဲ့လေသည်။ "ဘာလို့ ဒီလောက် ရက်စက်ရတာလဲ၊ ကိုယ့် အစ်ကိုဝမ်းကွဲကိုတောင် ကျိန်ဆဲသေးတယ်၊ နင်က နင့်ရဲ့အစ်ကိုဝမ်းကွဲအပေါ် ဘယ်လိုတောင် အကြင်နာမဲ့နေလဲဆိုတာ သူများတွေသိအောင် ပတ်ပြောပစ်မယ်။"

 

ရှောင်ဟန်ကျန့်က အလုပ်ရှုပ်ခံကာ သူတို့နှင့် ဆက်မပြောတော့ပေ။

 

သူက ရှောင်မိသားစုဟောင်းရဲ့ အကြီးဆုံးမြေးကိုကြည့်ကာ အဓိပ္ပာယ်ပါပါမေးခဲ့သည်။ "မကြာခင်က ခင်ဗျားရဲ့ လိင်အင်္ဂါမှာ အဖုအပိန့်ထွက်တာမျိုးဖြစ်လား။"

 

ရှောင်မိသားစုဟောင်းရဲ့ အကြီးဆုံးမြေးရဲ့ မူလက ဒေါသထွက်နေသည့် မျက်နှာက တောင့်ခဲသွားခဲ့သည်။ "မင်း ဘယ်လိုသိတာလဲ။"

 

မကြာသေးခင်က တကယ်ပဲ အဖုအပိန့်ထွက်တာမျိုး ဖြစ်ခဲ့သည်။

 

သူက ဆေးဆရာ ပြချင်ပေမယ့် သူ့ရဲ့ ကိုယ်လုပ်တော်က သူ့ကိုယ်ခန္ဓာအပူများတာကြောင့် ဖြစ်ကြောင်း ပြောခဲ့သည်။

 

ထို့ကြောင့် သူလည်း သိပ်အာရုံ မစိုက်ခဲ့ပေ။

 

ပိုအရေးကြီးတာက ရှောင်ဟန်ကျန့်က ဘယ်လိုသိနေရသနည်း။

 

ရှစ်ချင်းလျို့က ပြောခဲ့သည်။ "ကျွန်မ ယောက်ျားက ဆေးဆရာဆိုတာလည်း မမေ့နဲ့ဦး။"

 

ရှောင်မိသားစုရဲ့ အကြီးဆုံးမြေးက သူ့ရဲ့ ဝမ်းကွဲညီက ဆေးဆရာဆိုတာ ရုတ်တရက် အမှတ်ရသွားခဲ့သည်။

 

ဒါ့အပြင် မြို့တော်က သခင်လေးတောင် ရှာ့ရှီရွာက သူ့ဆီ သွားရှာခဲ့သေးသည်။

 

အမျိုးသမီးဝမ်က သူ့သားရဲ့ ကျန်းမာရေးကို ပိုစိုးရိမ်သွားခဲ့သည်။

 

သူမကမေးလိုက်သည်။ "ကျန့်အာ ငါ့သားကြီး နေမကောင်းဘူးလား။"

 

ထိုမေးခွန်းကြောင့် ရှောင်သခင်မကြီးနှင့် ကျန်လူတွေလည်း ရှောင်ဟန်ကျန့်ကို စိတ်လှုပ်ရှားစွာ ကြည့်ခဲ့သည်။

 

ရှောင်ဟန်ကျန့်က ခေါင်းငြိမ့်ပြကာ ပြောခဲ့သည်။ "ဟုတ်တယ်၊ နာမကျန်းဖြစ်ရုံတင် မကဘူး၊ တော်တော်လေးကို ဆိုးဝါးတဲ့ရောဂါရနေတာ၊ သူ့မျက်နှာအမူအရာကစပြီး ရောဂါလက္ခဏာတွေ ပြလာပြီ၊ လာဦး၊ သွေးခုန်နှုန်း စမ်းကြည့်ပေးမယ်။"

 

သူ့အတွက် ကိုယ်လုပ်တော်ကို ဟိုအမျိုးသမီး စီစဥ်ပေးခဲ့မှန်း သူသိသည်။

 

သူ့ရဲ့ ကိုယ်လုပ်တော်က တစ်ခုခု မူမမှန်တာလည်း သူသိသည်။

 

ရှောင်မိသားစုဟောင်းရဲ့ အမူအရာက တကယ်ထူးဆန်းနေပေမယ့် သူ ထင်သည့်ရောဂါ ဟုတ် မဟုတ် စမ်းကြည့်ဖို့လိုသည်။

 

ရှောင်မိသားစုရဲ့ အကြီးဆုံးမြေးက ခေါင်းမမာပေ။ သူက ချက်ချင်းလျှောက်လာကာ ထိုင်ပြီး လက်ဆန့်ပေးခဲ့သည်။

 

သူ့သွေးခုန်နှုန်းကို စမ်းပြီး ရွံရှာသလို ရှောင်ဟန်ကျန့် မျက်မှောင်ကြုတ်သွားတာကိုမြင်တော့ ရင်တုန်သွားခဲ့သည်။

 

"ဟန်ကျန့် ငါဘာဖြစ်တာလဲ။"

 

ရှောင်ဟန်ကျန့်က သူ့ကိုကြည့်ကာ သက်ပြင်းချခဲ့သည်။ "မကြာခင်က ပြည့်တန်ဆာအိမ်တို့ မကောင်းတဲ့နေရာတို့ သွားခဲ့သေးလား။"

 

ရှောင်သခင်မကြီးက စိတ်ရှုပ်ထွေးစွာ မေးလိုက်သည်။ "အဲ့လိုနေရာတွေ သွားတာနဲ့ အခု ရောဂါက ဘာဆိုင်လို့လဲ။"

 

ရှောင်ဟန်ကျန့်က ပွင့်ပွင့်လင်းလင်း ပြောပြခဲ့သည်။ "သူ့မှာ လိင်ဆက်ဆံခြင်းကနေ တဆင့် ကူးစက်တဲ့ ရောဂါ ရှိနေတယ်၊ အဲ့လိုနေရာကို မသွားဘဲနဲ့ ဘာလို့ ကူးစက်မှာလဲ။"

 

ထိုမိန်းမက အဓိက ပြဿနာဖြစ်ကြောင်းတော့ သူတိုက်ရိုက် မပြောခဲ့ပေ။

 

ထိုကိစ္စက သိသာလွန်းသည်။

 

ရှောင်မိသားစုဟောင်းသာ သူ့ဘာသာသူ ရှာတွေ့သွားပါက အလွန်ဒေါသထွက်နိုင်သည်။

 

"ဘာ။"

 

"ဘယ်လိုဖြစ်နိုင်မှာလဲ။" ရှောင်မိသားစုက လူတိုင်းက ကြက်သေ သေသွားပြီး မယုံခဲ့ပေ။