အပိုင်း ၁၉၂
Viewers 14k

အခန်း(၁၉၂) - မသိသာဘူးလား

 

သူတို့ ယုံချင်ယုံ မယုံချင်နေဟူသော သဘောဖြင့် ရှောင်ဟန်ကျန့်က သူတို့ကို တိတ်ဆိတ်စွာ ကြည့်နေခဲ့သည်။

 

ရှောင်မိသားစုဟောင်းက အနည်းငယ် ကြောက်လန့်နေသည်။

 

အမျိုးသမီးဝမ်က သူမ သားကို ကြည့်ကာ မေးခဲ့သည်။ "နင် မကြာသေးခင်က အဲ့လိုနေရာတွေ သွားခဲ့သေးလား။"

 

ရှောင်မိသားစုရဲ့ အကြီးဆုံးမြေးက ချက်ချင်း ခေါင်းခါပြခဲ့သည်။ "မသွားခဲ့ပါဘူး၊ တစ်ခါမှ မသွားဖူးခဲ့ဘူး။"

 

"ဒါဆိုရင် ဟန်ကျန့် မှားပြီး ပြောမိတာဖြစ်မယ်။" အမျိုးသမီးဝမ်က စိတ်သက်သာရာ ရသွားခဲ့သည်။

 

မကြာသေးခင်က သူမ၏ သားဖြစ်သူက အဆောင်ထဲမှာပဲ အချိန်ကုန်နေကာ အပြင်တွေ လျှောက်မသွားခဲ့ပေ။

 

ရှစ်ချင်းလျို့ကပြောခဲ့သည်။ "တခြားဆေးဆရာနဲ့ ပြကြည့်လိုက်၊ ဒါဆိုရင် ကျွန်မယောက်ျား မှားလား မှန်လားဆိုတာ သိလိမ့်မယ်။"

 

သူမ ခင်ပွန်းပြောခဲ့သလို ရောဂါလက္ခဏာ ပြနေပြီဖြစ်တာကြောင့် တခြားဆေးဆရာတွေလည်း သွေးခုန်နှုန်း စမ်းရုံဖြင့် သိနိုင်သည်။

 

ရှောင်ဟန်ကျန့်ကခေါင်းငြိမ့်ပြခဲ့သည်။ "ဟုတ်တယ်၊ အရင်ဆုံး တခြားဆေးဆရာနဲ့ သွားပြလိုက်ပါ။"

 

သူတို့ရဲ့ အကြံပြုချက်ကိုကြားတော့ ရှောင်မိသားစုရဲ့ အကြီးဆုံးမြေးက ကြောက်နေသည်။

 

လွန်ခဲ့သည့် ရက်အနည်းငယ်က နေထိုင်မကောင်းဖြစ်ခဲ့ကာ သူ့ကိုယ်ခန္ဓာက ယားယံလာတာကိုလည်း ခံစားမိခဲ့သည်။

 

"အရင်ဆုံး တခြားဆေးဆရာကို သွားပြတာပေါ့။"

 

ထိုရောဂါမျိုး ဆေးဆရာကိုပြသမည် ဆိုပါက အမျိုးသမီးတွေ လိုက်ဖို့ မသင့်လျော်ပေ။

 

ထို့ကြောင့် ရှောင်မိသားစုဟောင်းရဲ့ အကြီးဆုံးသားနဲ့ တတိယသားက သူ့ကို အဖော်လိုက်ပေးခဲ့သည်။

 

ရှောင်သခင်မကြီးနှင့် တခြားလူတွေက အိမ်ကနေသာ သတင်းကိုစောင့်နေခဲ့သည်။

 

ရှောင်သခင်မကြီးက သူမ၏ မြေးကြီးကြောင့် စိတ်မငြိမ်ဖြစ်နေသော်လည်း မနေနိုင်စွာ မေးလိုက်သေးသည်။ "မျိုးစေ့တွေ ဆက်သခဲ့တော့ ဘာဆုကြေးရခဲ့လဲ။"

 

ရှစ်ချင်းလျို့က အမှန်အတိုင်း ပြန်ဖြေခဲ့သည်။ "ကျွန်မက စံအိမ်တစ်လုံး တောင်းခဲ့ပြီး ကျွန်မ ယောက်ျားက အရင်နှစ်ရဲ့ တော်ဝင်စာမေးပွဲမေးခွန်းတွေ တောင်းကြည့်ခဲ့တယ်။"

 

ရှောင်သခင်မကြီးက မျက်လုံးပြူးသွားခဲ့သည်။ "ဒါပဲလား။"

 

ရှစ်ချင်းလျို့က မျက်ခုံးပင့်ပြခဲ့သည်။ "တခြားဘာရှိရဦးမှာလဲ။"

 

ရှောင်သခင်မကြီးက သူမ မြေးနှင့် မြေးချွေးမက ရူးသွားပြီဟု တွေးလိုက်လေသည်။ "နင်တို့ရူးနေလား၊ အဲ့လောက် ကြီးကြီးမားမား ဆက်သခဲ့မှတော့ ရာထူးအကြီးကြီး အရာရှိကြီး မဟုတ်ရင်လည်း ရွှေ၊ ငွေ၊ ကျောက်မျက်ရတနာတွေ တောင်းပါလား။"

 

ရှစ်ချင်းလျို့က သူမကို စိုက်ကြည့်ခဲ့သည်။ "ကျွန်မယောက်ျားရဲ့ အရည်အချင်းနဲ့ဆိုရင် စာသင်သားဖြစ်လာပြီးရင် အရာရှိကြီးဖြစ်မှာပဲလေ၊ ဘာတောင်းဆိုနေစရာလိုလဲ၊ ရွှေ၊ ငွေ၊ ကျောက်မျက်ရတနာတွေ လိုချင်ရင် ငွေကို ကြိုးစားရှာရင် ရနိုင်တာပဲ။"

 

သူမက ဆက်လက်ပြီး မှန်ကန်စွာ ပြောခဲ့သည်။ "အဲ့ပြောင်းစေ့တွေက ကျွန်မရဲ့ ဆရာက အရှင်မင်းကြီးအတွက် ပြင်ဆင်ပေးခဲ့တာ၊ ကျွန်မတို့ အားစိုက်ထုတ်ခဲ့တာ မဟုတ်ဘဲ ဘယ်လိုလောက် အဲ့လောက်အထိ တောင်းဆိုရမှာလဲ။"

 

သူမက အထင်သေးစွာ ကြည့်လိုက်သည်။ "တာ့လျန်ကလူတွေ ဗိုက်ပြည့်ပြည့်စားနိုင်ဖို့က အရေးအကြီးဆုံးပဲ၊ ရှင်တို့က ဘာဖြစ်လို့ ရွှေ၊ ငွေ၊ ကျောက်မျက်ရတနာတွေကို တပ်မက်နေတာလဲ။"

 

ဘုရင်ကြီးက နေရာတိုင်းက ကိစ္စတွေကိုသိကြောင်း သူမခင်ပွန်းက ပြောပြထားသဖြင့် စကားပြောသည့်အခါ သတိထားပြောရသည်။

 

သူမက ရှောင်မိသားစုဟောင်းက ပြဿနာကောင်တွေကိုပင် အပြစ်တင်နိုင်ခဲ့သည်။

 

ရှောင်သခင်မကြီးနှင့် ကျန်လူတွေက ဆွံ့အသွားခဲ့သည်။

 

သူတို့က စံအိမ်လေးတစ်လုံးလောက် ရခဲ့တာကို သူတို့က ဘာလို့ အဲ့ကိစ္စနဲ့ ပတ်သက်ကာ အလွန်ပူပန်ရမည်နည်း။

 

ရှောင်သခင်မကြီးက အလျှော့မပေးချင်ဟန်ဖြင့် ဆက်ပြောခဲ့သည်။ "ဒီဂုဏ်ယူစရာကို ငါ့မြေးကြီးဆီ ပေးပြီး သူ့ကို တစ်ခါတည်း မြို့တော်က အရာရှိဖြစ်အောင် ဘာဖြစ်လို့ မလုပ်ပေးခဲ့တာလဲ။"

 

ရှစ်ချင်းလျို့က သူမကို အံ့သြစွာ ကြည့်ခဲ့သည်။ "သူ့လိုလူက မြို့တော်မှာ အရာရှိဖြစ်ချင်သေးတာလား၊ သူ့ကို မြန်မြန်သေစေချင်နေတာလား။"

 

ရှောင်မိသားစုဟောင်းက ဆွံ့အသွားခဲ့သည်။ ဒီအမျိုးသမီးက အလွန်နှုတ်ကြမ်းလှသည်။

 

ရှောင်သခင်မကြီးက ရှစ်ချင်းလျို့ကို မျက်စောင်ထိုးကြည့်ခဲ့သည်။ "နင်စကားပြောတိုင်း ဘာလို့ ငါ့မြေးကြီးကို ကျိန်ဆဲနေတာလဲ။"

 

ရှစ်ချင်းလျို့က ပြန်စိုက်ကြည့်လိုက်သည်။ "ရှင်တို့ကသာ သူ့ကို အန္တရာယ်ပေးချင်နေတာ သိသာတာပဲ၊ ကျွန်မနဲ့ ဘာဆိုင်လို့လဲ၊ ဂုဏ်ပြုစရာကို မှားယွင်းစွာ အသုံးချမယ်ဆိုရင် ရှင့်မြေးကြီး လူထုရှေ့မှာ ခေါင်းဖြတ်သတ်ခံရဖို့ ပြင်ဆင်ထားသင့်တယ်၊ ရှင်တို့ သူ့ကို စောစောသေအောင် လုပ်နေတာ မဟုတ်ဘူးလား၊ ပြီးတော့ သူက အခြေခံစာသင်သားတောင် မဟုတ်ဘူးလေ၊ သူသာ မြို့တော်မှာအရာရှိဖြစ်လာရင်တောင် သူ့ဉာဏ်ရည်နဲ့ဆိုရင် သူများ ဖိနှိပ်တာပဲ ခံရလိမ့်မယ်။"

 

အမျိုးသမီးဝမ်က ဆို့နင်သွားကာ ဆက်သည်းမခံနိုင်တော့ပေ။ "သူ့ဉာဏ်ရည်က ဘာဖြစ်လဲ၊ ငါ့သားကြီးက သိပ်ဉာဏ်ကောင်းတာ။"

 

ရှစ်ချင်းလျို့က ပြောခဲ့သည်။ "သူသာ ဉာဏ်ကောင်းရင် သူများ အရူးလုပ်တာခံရပြီး ဒီလိုရောဂါ ကူးစက်မှာတောင် မဟုတ်ဘူး။"

 

အမျိုးသမီးဝမ်က ရှစ်ချင်းလျို့ကို မပျော်မရွှင်ကြည့်လိုက်သည်။ "ဒါက အတည်မပြုရသေးဘူးလေ၊ နင့်ယောက်ျား မှားယွင်း စမ်းသပ်မိတာလည်း ဖြစ်နိုင်တာပဲ။"

 

အကယ်၍ ထိုစကားမျိုး တခြားလူပြောပါက ပါးစပ်ကိုဆွဲဖြဲပစ်ပြီဖြစ်သည်။

 

သို့ပေမယ့် သူမ ရှစ်ချင်းလျို့ရဲ့ ရိုက်နှက်တာ ခံရပြီးနောက် မလုပ်ရဲတော့ပေ။

 

ရှစ်ချင်းလျို့က လက်ယမ်းပြလိုက်သည်။ "ဒါဆိုလည်း စောင့်ကြည့်နေလိုက်လေ။"

 

ထိုအချိန်မှာပဲ သူတို့က ပြောင်းစေ့ ဆက်သခြင်းကနေ ဘာမှ အမြတ်မထုတ်နိုင်တော့ကြောင်း ခံစားလိုက်ရသည်။

 

သူတို့က စိတ်လွတ်စွာ ထိုင်စောင့်နေခဲ့သည်။

 

တစ်နာရီလောက်ကြာပြီးနောက် မျက်နှာဖြူဖျော့နေသည့် ရှောင်မိသားစုရဲ့ အကြီးဆုံးမြေးကို ရှောင်မိသားစုရဲ့ သားကြီးနဲ့ တတိယသားက တွဲခေါ်ကာ ဝင်လာခဲ့သည်။

 

ထိုအချင်းအရာက်ိုမြင်တော့ ရှောင်သခင်မကြီးက ရင်နာစွာ ထရပ်လိုက်သည်။ "ငါ့မြေးကြီး ဘာဖြစ်တာလဲ၊ ငါ့ကို လန့်အောင် မလုပ်ပါနဲ့။"

 

ရှောင်မိသားစုရဲ့ အကြီးဆုံးမြေးက သူ့အဖွားကို ဂရုမစိုက်ခဲ့ပေ။

 

ထိုအစား သူဝင်လာပြီးသည်နှင့် ရှောင်ဟန်ကျန့်ကို အသနားခံခဲ့သည်။ "ဟန်ကျန့် ငါ့ကို ကယ်ပါဦး၊ ငါ မသေချင်သေးဘူး။"

 

သူ့အပြုအမူက ရှောင်မိသားစုဟောင်းကို ထိတ်လန့်သွားစေခဲ့သည်။

 

"ဘာဖြစ်တာလဲ။" ရှောင်သခင်မကြီးက မကောင်းသည့် ခံစားချက် ရနေလေသည်။

 

ရှောင်မိသားစုဟောင်းရဲ့ အကြီးဆုံးမြေးက ခါးသက်သည့် မျက်နှာထားဖြင့် ဖြေခဲ့သည်။ "တကယ်ပဲ လိင်ဆက်ဆံခြင်းကနေ တစ်ဆင့်ကူးတဲ့ ရောဂါရနေတယ်၊ မြို့တော်က အကောင်းဆုံး ဆေးခန်းက အကောင်းဆုံး ဆေးဆရာနဲ့ ပြခဲ့တာပါ၊ သွေးခုန်နှုန်းကို စမ်းပြီးတာနဲ့ သိသွားတယ်၊ ကုသဖို့ နည်းလမ်းမရှိဘူးတဲ့၊ အားပြည့်အောင် ဆေးသောက်ပြီး အခြေအနေကို စောင့်ကြည့်ရမှာပဲလို့ ပြောလိုက်တယ်။"

 

ရှောင်သခင်မကြီးတစ်ယောက် ကောင်းကင်ကြီး ပြိုကျသွားသလို ကြည့်လိုက်သည်။ "ဘယ်လိုဖြစ်တာလဲ။"

 

သူမက ရှောင်မိသားစုဟောင်းရဲ့ အကြီးဆုံးမြေးဆီ ပြေးကာ မေးခဲ့သည်။ "မြေးလေးရယ် ပြောပါဦး၊ တခြားလူနဲ့ အတူတူနေခဲ့တာလား။"

 

ထိုအချိန်မှာပဲ ရှောင်မိသားစုဟောင်းရဲ့ အကြီးဆုံးမြေးက ငိုချမတတ်ဖြစ်နေခဲ့သည်။ "မရှိပါဘူး၊ အဲ့လို မလုပ်ခဲ့ပါဘူး၊ မြို့တော်ကို ရောက်ပြီးကတည်းက အမျိုးသမီး တစ်ယောက်နဲ့ပဲ ထိတွေ့ခဲ့တာပါ။"

 

သူထိုသို့ပြောလိုက်တော့ ထိုရောဂါက အဲ့အမျိုးသမီးဆီက ကူးစက်ခဲ့ကြောင်း လူတိုင်း နားလည်သွားခဲ့သည်။

 

ဇာတိမြို့မှာနေတုန်းကတောင် သူက ဘယ်အမျိုးသမီးနှင့်မှ ထိတွေ့ခဲ့တာမျိုး မရှိခဲ့ပေ။

 

အမျိုးသမီဝမ်က အလွန်စိုးရိမ်နေကာ မေ့လဲမတတ်ဖြစ်နေသည်။ "သူက သန့်ရှင်းတဲ့အမျိုးသမီးလို့ နင်ပြောခဲ့တယ် မဟုတ်ဘူးလား။"

 

ရှောင်မိသားစုရဲ့ အကြီးဆုံးမြေးက ခါးသက်စွာပြောခဲ့သည်။ "သူက သန့်ရှင်းတယ်လို့ပြောခဲ့တာလေ။"

 

ရှောင်သခင်မကြီးက မေးခဲ့သည်။ "သူက အပျိုလား။"

 

ရှောင်မိသားစုရဲ့ အကြီးဆုံးမြေးက ခေါင်းခါကာ ပြောခဲ့သည်။ "မသိဘူး၊ ကိုယ်လုပ်တော်နဲ့ အတူတူရှိနေတဲ့ညက ကျွန်တော်က မူးနေပြီး နောက်နေ့ နိုးလာတော့ လက်ကိုင်ပဝါမှာ သွေးပေနေတာ တွေ့ခဲ့တယ်၊ လက်ကိုင်ပဝါမှာ သွေးစွန်းနေရင် အပျိုဟုတ်တယ်လို့ အဖွားတို့ပဲ ပြောခဲ့တာလေ။"

 

ရှစ်ချင်းလျို့က ဆွံ့အသွားခဲ့သည်။ "လက်ကိုင်ပဝါကို သွေးစွန်းအောင် လက်ကို ဓားနဲ့ ဖြတ်ပြီး သုတ်လိုက်လို့ ရတယ်။"

 

ရှောင်မိသားစုဟောင်းရဲ့ အကြီးဆုံးမြေးနှင့် ကျန်သည့်လူတွေက ဆွံ့အသွားခဲ့သည်။

 

သူမ ပြောတာ အဓိပ္ပာယ်ရှိသည်။

 

ရှစ်ချင်းလျို့က မေးခဲ့သည်။ "အဲ့အမျိုးသမီးက သူများအနိုင်ကျင့်တာ ခံခဲ့ရတာလား၊ ရှင်က သူ့ကို ကယ်ခဲ့တဲ့ သူရဲကောင်းမလို့ ဒီကိုရောက်လာတာလား။"

 

ရှောင်မိသားစုရဲ့ အကြီးဆုံးမြေးက ခေါင်းခါပြခဲ့သည်။ "မဟုတ်ဘူး။"

 

ရှစ်ချင်းလျို့က ခဏလောက်တွေးပြီးနောက် မျက်ခုံးပင့်ခဲ့သည်။ "သူ့အဖေကို မြှုပ်နှံဖို့အတွက် သူ့ကိုယ်သူ ရောင်းစားတာလား၊ ရှင်က သူ့အဖေကို မြေမြှုပ်ပေးခဲ့တယ်၊ သူက ရှင့်ကြင်နာမှုကို ကျေးဇူးပြန်ဆပ်ဖို့ စံအိမ်ကို လိုက်လာခဲ့တာလား။"

 

ရှောင်မိသားစုရဲ့အကြီးဆုံးမြေးက မျက်လုံး ပြူးသွားခဲ့သည်။ "ဘယ်လိုသိတာလဲ။"

 

ရှစ်ချင်းလျို့က မျက်လုံးလည်ပြခဲ့သည်။ "ဒီအကွက်တွေက ရိုးနေပြီ၊ ရှင်မလို့ ခံလိုက်ရတာ၊ မြို့တော်က သခင်လေးတွေကို မေးလိုက် အဲ့လိုကြုံခဲ့ရင် သူတို့လက်ခံမလား ဝေးဝေးရှောင်မလားလို့ ပတ်မေးကြည့်လိုက်ဦး။"

 

မိန်းကလေးတစ်ယာက်က သူမ ကိုယ်ခန္ဓာကိုပေးဖို့ဆိုပါက သူရဲကောင်းလုပ်ကာ အမျိုးသမီးတစ်ဦးကို ဝင်ကယ်ခြင်း သို့မဟုတ် သူမ ချစ်ရသည့်တစ်ယောက်ယောက်ကို မြေမြှပ်သင်္ဂြိုလ်ခြင်း စသည့် ဖြစ်စဥ်ကနေ များသောအားဖြင့် ဖြစ်ပွားသည်။

 

ရှောင်မိသားစုဟောင်းရဲ့ အကြီးဆုံးမြေးရဲ့ အမူအရာက ပြောင်းလဲသွားခဲ့သည်။ "ဒါဆို သူက ငါ့ကို တမင်ချည်းကပ်ခဲ့တာပေါ့။"

 

ရှစ်ချင်းလျို့က ဆွံ့အသွားခဲ့သည်။ "သိသာမနေဘူးလား၊ ရှင်နဲ့အတူတူရှိနေတဲ့နေ့က သူက ရှင့်ကို မူးအောင်လုပ်ခဲ့တာ၊ အဲ့တာ ပုံမှန်ပဲလို့ထင်နေတာလဲ၊ ရှင်အရူးလုပ်မခံရရင် ဒီရောဂါက ဘယ်ကကူးမှာလဲ။"

 

ရှောင်မိသားစုဟောင်းရဲ့ အကြီးဆုံးမြေးက ဉာဏ်မကောင်းသော်လည်း မတုံးအပေ။

 

သူက အံကြိတ်ကာပြောခဲ့သည်။ "ခွေးမ ငါ့ကိုများ တမင်ကိုအန္တရာယ်ပြုရဲသေးတယ်။"

 

အမျိုးသမီးဝမ်ကလည်း ချက်ချင်းပြေးရိုက်တော့မည့် ပုံဖြစ်နေသည်။ "အိမ်ပြန်ရောက်လို့ကတော့ အရေခွံနွှာပစ်မယ်။"

 

ရှောင်မိသားစုဟောင်းက တခြားလူတွေလည်း ထိုအမျိုးသမီးကို အစိမ်းလိုက် ဝါးမျိုပစ်ချင်နေသည်။

 

သူတို့တွေ စိတ်လိုက်မာန်ပါလုပ်မည့်ပုံတွေ့တော့ ရှစ်ချင်းလျို့က တားခဲ့သည်။ "အလျင်စလို မလုပ်နဲ့၊ စိတ်လိုက်မာန်ပါလုပ်ရင် ရန်သူကို အသိပေးသလို ဖြစ်သွားမယ်။"