အပိုင်း ၁၉၄
Viewers 14k

အခန်း(၁၉၄) - မကြာခင် ပွဲကြီးပွဲကောင်း ကြည့်ရမည်

 

ရှစ်ချင်းလျို့က ကောချွန်းရု အရိုက်ခံရတာကို စောင့်ကြည့်နေတာဖြစ်သည်။

 

သို့ပေမယ့် အခုလို ဒေါသပေါက်ကွဲနေတာက သူမကို မနာကျင်စေနိုင်ပေ။

 

"သူ့ကို သွားရိုက်ပါလား၊ ပြီးရင်တော့ ရှင့်ရဲ့ ဒုတိယသားက သူ့ကို သနားပြီး ရှင့်မြေးကြီးကို လက်ထောက်တရားသူကြီးရာထူး မပေးဘဲ နေမယ်။"

 

သူမစကားကြားပြီးနောက် ရှောင်မိသားစုဟောင်းရဲ့ စိတ်ဓာတ်တွေက အောက်ပြုတ်ကျသွားခဲ့သည်။

 

သူတို့က ရှောင်ယွမ်ရှစ်ကိုပါ ရိုက်ပစ်ချင်နေသည်။

 

ရှောင်သခင်မကြီးက ရှစ်ချင်းလျို့ကိုကြည့်ကာ မေးခဲ့သည်။ ဒါဆို ငါတို့ ဘယ်လိုလုပ်ရမလဲ။"

 

ရှစ်ချင်းလျို့က မျက်ခုံးပင့်ခဲ့သည်။ "ဘာလုပ်ရမှာလဲ၊ အဲ့တာ ကျွန်မနဲ့ ဘာဆိုင်လို့လဲ။"

 

ရှောင်သခင်မကြီးက ဆွံ့အသွားခဲ့သည်။ ဒီမိန်းကလေးက သူ့ဘာသာသူ မြင့်မြတ်တဲ့လူလို ဟန်ဆောင်နေတာပဲ။

 

သူမက မျိုသိပ်ပြီး ချစ်ခင်စွာပြုံးပြခဲ့သည်။ "ငါတို့က မိသားစုပဲလေ၊ ရင်းနှီးတဲ့ဆက်ဆံရေးရှိတာပဲ၊ နင်က မသေမျိုးဘုန်းတော်ကြီးရဲ့ တပည့်ဖြစ်ပြီး ဉာဏ်ကောင်းတယ်လေ၊ ငါတို့ကို အကြံလေး ပေးပါဦး။"

 

အမျိုးသမီးဝမ်နှင့် ကျန်သည့်လူတွေကလည်း ရှစ်ချင်းလျို့ကို ချီးမွမ်းစကားပြောခဲ့လေသည်။

 

ရှစ်ချင်းလျို့က သူတို့ကိုရပ်ဖို့ အချက်ပြလိုက်သည်။ "ရပြီ၊ ကျွန်မကို ကြက်သီးထအောင် လုပ်နေကြတာပဲ၊ အကြံတော့ ပေးလိုက်မယ်၊ မိသားစု ဟုတ်လို့တော့ မဟုတ်ဘူးနော်၊ ကျွန်မတို့က ဆွေးမျိုးဖြတ်တောက်ခဲ့တာကြာပြီမလို့ ဘာမှ မတော်စပ်တော့ဘူး၊ ကျွန်မတို့ရဲ့ ဆက်ဆံရေးက ဘာလဲဆိုတာ ရှင်တို့ သိပါတယ်၊"

 

သူမက ဒါကို ဖော်ပြပြောဆိုနေဆဲဖြစ်သည်။

 

မိသားစုတွေမဟုတ်ကြောင်း ရှောင်မိသားစုဟောင်းက ပြဿနာကောင်တွေကို ပေးသိထားမှ သူတို့ရဲ့ ကာကွယ်မှုကို လာမတောင်းမှာဖြစ်သည်။

 

သူမက ပြောခဲ့သည်။ "ကျွန်မက ဉာဏ်ကောင်းပြီး လုပ်နိုင်စွမ်းရှိတာကို ရှင်တို့ သိတတ်လို့ အကြံပေးတာ။"

 

ရှောင်သခင်မကြီးနှင့် ကျန်လူတွေက ဆွံ့အသွားခဲ့သည်။

 

နောက်ဆုံးတော့ သူတို့ထက် အရေထူသည့်လူကို သူတို့ရှာတွေ့ခဲ့ပြီဖြစ်သည်။

 

သူတို့ ဘာတတ်နိုင်ဦးမည်နည်း။

 

သူမကို အရှုံးပေးကာ ရိုးသားစွာ ခေါင်းငြိမ့်ရုံသာတတ်နိုင်သည်။ "ဟုတ်ပါတယ်၊ ဟုတ်ပါတယ်၊ နင်ကဉာဏ်ကောင်းပြီး လုပ်နိုင်စွမ်းရှိတယ်၊ နင်နဲ့ရှောင်ဟန်ကျန့်က အတူတူရှိဖို့ ကံတရားက စီမံထားတာပဲ။"

 

ထိုစကားက ရှောင်ဟန်ကျန့်ရဲ့ မျက်လုံးတွေကို တောက်ပသွားစေကာ အပြုံးဖြစ်ထွန်းစေခဲ့သည်။

 

ပြဿနာကောင်တွေက အမှန်အတိုင်း ပြောတတ်တာတော့ အကျင့်ကောင်းတစ်ခုပဲ။

 

ရှောင်ဟန်ကျန့်တွေးနေတာကို သူတို့ သိသွားပါက မျက်ရည်မကျဘဲ အော်ငိုကြလိမ့်မည်။

 

သူတို့က အဲ့လိုပြောဖို့ ဖိအားပေးခဲ့တာ မဟုတ်လား။

 

ရှစ်ချင်းလျို့က ပြုံးကာ ပြောခဲ့သည်။ "နားထောင်လို့ကောင်းသားပဲ။"

 

ထို့နောက် သူမက အကြံပေးခဲ့သည်။ "ရှင်တို့ အရင်ဆုံး သူလုပ်ခဲ့တဲ့အတိုင်း သူ့ကို ပြန်ခံခိုင်းလိုက်။"

 

ရှောင်မိသားစုဟောင်းက ကြက်သေသေသွားခဲ့သည်။ "အာ ဘယ်လိုလုပ်ရမှာလဲ။"

 

ရှောင်သခင်မကြီးက လျှောက်တွေးလိုက်လေသည်။ "ငါ့ရဲ့ ဒုတိယသားအတွက် အဲ့လိုမိန်းမ ရှာပေးရမှာလား။"

 

ဒါက မလွန်လွန်းဘူးလား။ ဒါ့အပြင် ရှောင်ယွမ်ရှစ်က သူမရဲ့ သားအရင်း ဖြစ်သည်။

 

သူမ ထိုသို့ မလုပ်နိုင်ပေ။

 

အရေးကြီးတာက သူတို့ တိရိစ္ဆာန်မကို လက်စားချေချင်တာ ဖြစ်သည်။

 

ရှစ်ချင်းလျို့က ဆွံ့အသွားခဲ့သည်။ "မဟုတ်ပါဘူး။"

 

ရှောင်ဟန်ကျန့်ရဲ့ ဆန်ကုန်မြေလေးအဖေက ငတုံး မဟုတ်ပေ။

 

ပြဿနာကောင်တွေ ရှာပေးသည့် အမျိုးသမီးနှင့် သူက အဆက်အဆံပြုပါမလား။

 

"ရှင်တို့ကို ကောချွန်းရုရဲ့ အားနည်းချက်ကို ရှာခိုင်းတာ။"

 

ပြဿနာကောင်တွေက စိတ်သက်သာစွာ သက်ပြင်းချလိုက်သည်။

 

ရှောင်ယွမ်ရှစ်ဆီ အဲ့လို မိန်းမ မပို့ပေးရတာပဲ အဆင်ပြေနေပြီဖြစ်သည်။

 

သူတို့က မေးခဲ့သည်။ "သူ့ပျော့ကွက်ကို ရှာပြီး ဘယ်လို တိုက်ရမှာလဲ။"

 

သူမက ပြောပြခဲ့သည်။ "အရင်ဆုံး အဲ့မိန်းမက စစ်သူကြီးရှောင်ကို လက်ဝါးကြီးအုပ်ချင်ပြီး သူ့တစ်ဘဝလုံးကို သူကသာ တစ်ဦးတည်းသော လက်တွဲဖော်ဖြစ်စေချင်ပြီး ကောင်းကောင်း ဆက်ဆံခံချင်တာ။"

 

ရှောင်သခင်မကြီးက ပြောလိုက်လေသည်။ "ထွီး… သူက ဥ မဥနိုင်တဲ့ကြက်မလေ အမြုံမ၊ အားအားယားယား ဒီလို ရည်မှန်းရဲသေးတယ်။"

 

ရှစ်ချင်းလျို့က ရယ်ချင်သွားသည်။ "ရှင် သူ့ကို အဲ့လိုသွားပြောပါလား၊ ဒါကလည်း သူ့ပျော့ကွက်ပဲ။"

 

ရှောင်သခင်မကြီးက အားအင်အပြည့်ဖြင့် ခေါင်းငြိမ့်ပြခဲ့သည်။ "ကောင်းပြီ ငါစံအိမ်ပြန်ရောက်တာနဲ့ ဆဲဆိုပစ်ဦးမယ်။"

 

ထိုတိရိစ္ဆာန်မက အမြုံမ ဆိုတာ လူတိုင်းကို သိစေချင်သည်။

 

ရှစ်ချင်းလျို့က ရှောင်သခင်မကြီးကို သဘောကျစွာကြည့်ခဲ့သည်။ "ရှင့်ရဲ့ လုပ်ဆောင်ချက်တွေက ကောင်းနေတုန်းပဲ၊ ရှင်သာ သူ့အားနည်းချက်ကို ဖိပြောလိုက်ရင် သူ မသက်မသာ ခံစားသွားရမှာပဲ။"

 

ရှောင်သခင်မကြီးက ရင်ကော့ကာ ဂုဏ်ယူစွာ ပြောခဲ့သည်။ "မှန်တယ်၊ ဟိုးကတည်းက ရှာ့ရှီရွာမှာ ငါက ဆဲဆိုတဲ့နေရာမှာ အတော်ဆုံးပဲ။"

 

ရှစ်ချင်းလျို့က လက်မထောင်ပြခဲ့သည်။ "ဆက်လုပ်ထား၊ သူက စစ်သူကြီးရှောင်ကို လက်ဝါးကြီးအုပ်ချင်ပေမယ့် မြုံနေတဲ့မိန်းမ ဆိုမှတော့ အဲ့လိုလုပ်ဖို့ သူ့မှာ ဘာအခွင့်အရေးရှိလို့လဲ။"

 

သူမက ရှောင်သခင်မကြီးကိုပြောခဲ့သည်။ "ရှင်က စစ်သူကြီးရှောင်ရဲ့ အမေပဲလေ၊ ရှောင်မိသားစုရဲ့ မျိုးရိုးအတွက် ကိုယ်လုပ်တော် ရှာပေးပြီး တာဝန်ယူပေးရမယ်။"

 

ရှောင်သခင်မကြီးက ခြေချိတ်ထိုင်ကာ သဘောတူခဲ့သည်။ "မှန်တယ် ကိုယ်လုပ်တော်တချို့ရှာပေးရမယ်။"

 

"ဆောင်ကြာမြိုင်သွားပြီး သန့်စင်တဲ့ မိန်းကလေးတချို့ကိုဝယ်ပြီး စစ်သူကြီးရှောင်အတွက် ကိုယ်လုပ်တော်တွေ ရှာပေးလိုက်။"

 

ဤနည်းဖြင့် အပြစ်ကင်းသည့် အမျိုးသမီးတွေ အန္တရာယ်ရှိတော့မည် မဟုတ်ပေ။

 

အကယ်၍ ဆောင်ကြာမြိုင်က မိန်းကလေးတွေကိုသာ စစ်သူကြီးစံအိမ်ကို ခေါ်လာနိုင်မည်ဆိုပါက သူတို့လည်း အတင်းဖိအားပေးခံရကာ ဖောက်သည်တွေကို ကြိုဆိုစရာ မလိုပေ။

 

ထိုအလုပ်လုပ်ဖို့ ဖိအားပေးခံသည့်အမျိုးသမီးဖြစ်စေ ကိုယ့်ဘာသာကိုယ် ဝင်လုပ်သည့် အမျိုးသမီးဖြစ်စေ ဆောင်ကြာမြိုင်မှာ နေတာ ကြာလာပါက သူတို့ရဲ့ ရည်မှန်းချက်တွေကို အကောင်အထည် ဖော်နိုင်သည့် အကြံတွေ ရှိလိမ့်မည်။

 

သူတို့တွေက ကောချွန်းရုကို တိုက်ခိုက်နိုင်လိမ့်မည်။

 

ဒီကမ္ဘာမှာ အမျိုးသမီးတွေတောင် ကောင်းမွန်သည့် မိသားစုဖြင့် အိမ်ထောင်ပြုရဖို့ ခက်ခဲနေကာ ဆောင်ကြာမြိုင်က အမျိုးသမီးတွေဆိုရင် ပြောစရာကို မလိုတော့ပေ။

 

စစ်သူကြီးစံအိမ်ကို ဝင်ရောက်နိုင်ခြင်းကလည်း ထွက်လမ်း တစ်ခု ဖြစ်သည်။

 

အနည်းဆုံးတော့ စားဝတ်နေရေး ပူပန်စရာ မလိုတော့ဘဲ ထိုကိစ္စတွေကိုလည်း အတင်း ဖိအားပေးခံရကာ လုပ်စရာ မလိုတော့ပေ။

 

တစ်ချိန်တည်းမှာပဲ ကောချွန်းရုကိုလည်း အဆက်မပြတ် အနှောက်အယှက်ပေးနိုင်သည်။

 

သူမက ရှောင်မိသားစုရဲ့အကြီးဆုံးမြေးအတွက် ရောဂါရှိသည့်အမျိုးသမီးတစ်ဦးကို ဆောင်ကြာမြိုင်ကနေ ရှာပေးမှတော့ ရှောင်ယွမ်ရှစ်အတွက် ရှောင်မိသားစုဟောင်းက ဆောင်ကြာမြိုင်က ရောဂါကင်းသန့်စင်သည့် အမျိုးသမီးကို သွားရှာပေးသင့်သည်။

 

မျက်လုံးတစ်လုံးအတွက် မျက်လုံးတစ်လုံးပေးဆပ်ရမည်။ မျှတလိုက်တာ။

 

ဒါဟာ ရှောင်မိသားစုဟောင်းအတွက် အတွေ့အကြုံဖြစ်သည်။

 

သူတို့ တကယ်လုပ်နိုင်သည်။

 

ထိုကိစ္စကိုတွေးလိုက်ရုံဖြင့် သူတို့ကကျေနပ်သွားပြီး ထိုတိရိစ္ဆာန်မကို အရိုးထဲထိ မုန်းနေသည်။

 

ရှောင်မိသားစုရဲ့အကြီးဆုံးမြေးရဲ့ ရင်ထဲမှာ ဒေါသတွေပြည့်နှက်နေခဲ့သည်။ "ဒီကိစ္စ ကျွန်တော့်ကို လွှဲထားလိုက်။"

 

ရှောင်သခင်မကြီးက ခေါင်းငြိမ့်ပြခဲ့သည်။ "နင့်အဖေက နင်နဲ့ လိုက်လိမ့်မယ်၊ လူရွေးပြီးရင် သူတို့ကို ဆေးဆရာနဲ့ ဝမ်းဆွဲသည်ဆီ ခေါ်သွားပြီး သန့်စင်ရဲ့လား၊ ရောဂါကင်းရဲ့လားဆိုတာ စစ်ဆေးလိုက်။"

 

ဒီဟာက သူမ၏ သားဖြစ်သူအတွက် လက်ဆောင်ဖြစ်တာကြောင့် ဂရုစိုက်ဖို့ လိုအပ်သည်။

 

ရှောင်မိသားသားစုရဲ့ အကြီးဆုံးသားက ခေါင်းငြိမ့်ပြခဲ့သည်။ "စိတ်မပူပါနဲ့အမေ၊ ကျွန်တော် ဂရုစိုက်လိုက်ပါ့မယ်။"

 

အခု သူက ကောချွန်းရုက ရိုးတွင်းချဥ်ဆီထဲထိ စိမ့်နေအောင်မုန်းတာကြောင့် သူတတ်နိုင်သလောက် သူမကို စိတ်ဒုက္ခပေးချင်သည်။

 

ရှောင်သခင်မကြီးက ရှစ်ချင်းလျို့ကို ဖော်ဖော်ရွေရွေ ပြုံးပြခဲ့သည်။ "ဆက်ပြောပါဦး။"

 

ရှစ်ချင်းလျို့က လက်ဖက်ရည် တစ်ငုံသောက်လိုက်သည်။ "အကယ်၍ စစ်သူကြီးရှောင်မှာ သဘောကျလာတဲ့သူရှိရင် အဲ့တာကို ကောချွန်းရု သိသွားပြီး သူ့ကို သွားရှာခဲ့ရင် သူ အိမ်မှာ ရှိနေတဲ့အချိန် ရှင်တို့ စစ်သူကြီးရှောင်ကို ကူညီပေးရမယ်။"

 

ကိုယ်လုပ်တော်တွေက ပမွှားတွေဖြစ်တာကြောင့် ရှောင်ယွမ်ရှစ်က ထိမည် မဟုတ်ပေ။

 

ထို့ကြောင့် နောက်တစ်လှမ်း ပြင်ဆင်ရမည်။

 

ရှောင်ယွမ်ရှစ်က ထောင်လျို နေထိုင်သည့် နေရာကို မကြာခဏ သွားနေသည်ဟု သတင်းတွေထွက်နေကာ ကောချွန်းရု သိသွားလိမ့်မည်။

 

ထိုအမျိုးသမီးက ရှောင်ယွမ်ရှစ်ကို စိုးရိမ်ပြီး သူ့ကို သေချာပေါက် ရှာလိမ့်မည်။

 

"ရှင်တို့က အဲ့အမျိုးသမီးကို ကာကွယ်ပေးပြီး ကောချွန်းရုကို တိုက်ရမှာ။"

 

သူမက အဓိပ္ပာယ်ပါပါပြောခဲ့သည်။ "ကောချွန်းရုက ရှင်တို့ကို သေစေချင်နေတာလေ၊ သူသာ စစ်သူကြီးရဲ့ ဇနီး ဖြစ်နေသ၍ ရှင်တို့ ဘာအကျိုးအမြတ်မှ ရမှာမဟုတ်ဘူး၊ ဒါပေမဲ့ ရှင်တို့နဲ့ ရင်းနှီးတဲ့လူ၊ စစ်သူကြီး သဘောကျတဲ့လူ၊ စစ်သူကြီးအတွက် ကလေးမွေးပေးနိုင်မယ့်လူကို ရှင်တို့ ထောက်ပံ့ပေးရင် အကျိုးအမြတ်များစွာ ရလိမ့်မယ်။"

 

ထိုစကားတွေက ရှောင်မိသားစုရဲ့ ရင်ကို ထိသွားစေခဲ့သည်။

 

သူတို့က ခေါင်းငြိမ့်ပြခဲ့သည်။ "အင်း ဒါက ငါတို့ မိသားစုရဲ့ ဒုတိယသားအတွက် လုပ်နေတာ၊ သူ့အသက်က လေးဆယ်ကျော်လောက်ပဲ ရှိသေးတော့ သူ တတ်နိုင်တုန်း ကလေးတွေ ရှိထားတော့ ပိုကောင်းတာပေါ့။"

 

ရှောင်မိသားစုရဲ့ ပြဿနာကောင်တွေ သူမ အကြံကို လက်ခံသွားတာတွေ့မှ ရှစ်ချင်းလျို့က စိတ်သက်သာရာ ရသွားခဲ့သည်။

 

သူတို့က ထောင်လျိုနှင့် စီစဥ်ပြီးသား ဖြစ်သည်။

 

အခုတော့ သူမနှင့် ရှောင်ဟန်ကျန့်ရဲ့ ဆန်ကုန်မြေလေးအဖေက ရိုးသားသည့် မိတ်ဆွေတွေအဖြစ် တမင်ဟန်ဆောင်ထားသည်။

 

ထောင်လျိုက သူ့ရှေ့မှာ သူမက လူကောင်းနှင့် လက်ထပ်ချင်လိုကြောင်း တမင်ပြောခဲ့သည်။

 

သူမက အာဏာတွေ၊ ချမ်းသာမှုတွေကို မလိုချင်ဘဲ လူကောင်းကိုသာ လိုချင်ကြောင်း ပြောခဲ့သည်။

 

ရှောင်ယွမ်ရှစ်ကို လိုချင်တပ်မက်စိတ် တစ်စုံတစ်ရာ မရှိကြောင်း သဘောကို မကြာခဏ ပြသခဲ့သည်။

 

ဆန်ကုန်မြေလေးအဖေလို လူစားကို အမျိုးသမီးတွေက မနှစ်သက်ဘဲ ထိုအစား ကောင်းကောင်းမွန်မွန် နေထိုင်သည့် အမျိုးသားကိုသာ အမျိုးသမီးတွေက ပိုနှစ်သက်ကြောင်း ပြမည်။

 

အရင်တုန်းကတော့ ဆန်ကုန်မြေလေးအဖေက ဘာရည်ရွယ်ချက်မှ မရှိခဲ့ပေမယ့် ကောချွန်းရုက အရင် ထောင်လျိုရဲ့ ဂုဏ်သတင်းကို ဖျက်စီးသည့်အခါ ရှောင်မိသားစုဟောင်းက ပြဿနာဝင်မွှေပေးရမည်။

 

ဆန်ကုန်မြေလေးအဖေက ဖိအားပေးခံရကာ သူမကို စံအိမ်ကိုသာ ခေါ်ပြန်ရလိမ့်မည်။

 

ပိုအရေးကြီးတာက သူတို့က မြို့တော်မှာပဲရှိသေးမှာဖြစ်တာကြောင့် မကြာခင် ပွဲကြီးပွဲကောင်း ကြည့်ရနိုင်သည်။ မိုက်လိုက်တာ။