အပိုင်း ၁၂၂
Viewers 23k

Chapter 122

ပင်လယ်စာမြေအိုးဆန်ပြုတ်


#ထန်ချောင်းချောင်းနှင့် မိန်းကလေးအဖွဲ့၏အက#


#ထန်ချောင်းချောင်းနှစ်သစ်ကူး#


#ထန်ချောင်းချောင်းမြင့်တက်သွားခြင်း#


သတင်းခေါင်းစီးတိုင်းသည် စိတ်လှုပ်ရှားတက်ကြွမှုများနှင့် ပြည့်‌နေသည်။ ထန်ချောင်းချောင်း၏ ဂီတပွဲဗီဒီယိုသည် ကြည့်ရှုသူ သန်း ၂၀ ကျော်သွား၍ ထန်ချောင်းချောင်းသည် ကြည့်ရှုသူ ၁၀ သန်းကျော်သော ဂီတပွဲဗီဒီယိုပိုင်ဆိုင်သည့် ပထမဆုံး idol မဟုတ်သူ အမျိုးသမီးအနုပညာရှင်ဖြစ်လာသည်။


ထန်ချောင်းချောင်းသည် ခဏမျှ အမျိုးသမီး idol အဖြစ်ပြောင်းသွား၍ ခဏကြာသောအခါ ပွဲတော်ကျင်းပသော တရုတ်မ အရုပ်လေး ဖြစ်သွားပြန်သည်။ မည်သို့ပင်ဖြစ်စေ ဤ ဆန့်ကျင်ဘက်ဖြစ်နေသော ပုံရိပ်နှစ်ခုက ထန်ချောင်းချောင်း၏ ဂုဏ်သတင်းကို မကျသွားစေချေ။ ဤကဲ့သို့သော ကြယ်ပွင့်မျိုးက အနုပညာလောကတွင် တစ်ဦးတည်းသာ ရှိပေသည်။


ထန်ချောင်းချောင်း၏ ဗီဒီယိုသည် Xiaopozhan ၏ ပင်မစာမျက်နှာ၌လည်း ပြည့်နှက်နေ၍ အင်တာနက်ကိုပင် ခဏပျက်(ဟမ်း)သွားစေ‌သည်။


သကြားယုန်လေးများ၏ ယခုလက်ရှိ စိတ်အခြေအနေသည် ချိုမြိန်သောဝမ်းနည်းမှု ဟုပင် ခေါ်ရပေမည်။ သူတို့သည် ထန်ချောင်းချောင်းတစ်ယောက် ရုပ်ရှင်မင်းသမီးဆိုသည့် နာမည်ကိုထိုးဖောက်၍ ဖန်များစွာ ထပ်ရလာသည်ကို ပျော်ကြသည်။ သို့သော်သူတို့၌ ပြိုင်ဖက်များစွာလည်း ထပ်ပေါ်လာကြသဖြင့် ဝမ်းနည်းနေကြသည်။


ပြိုင်ဖက်ဆိုသည်မှာ အချစ်ပြိုင်ဖက်ဖြစ်လေသည်။


သို့သော် ယခု နှစ်သစ်ကူး‌တွင်တော့ စိတ်လှုပ်ရှားစရာက ဤမျှနှင့် မကုန်သေးချေ။


လူတိုင်းက ထန်ချောင်းချောင်း၏ ဗီဒီယိုကို ထပ်ခါတလဲလဲကြည့်နေကြစဉ်မှာပင် ဖျော်ဖြေပွဲ၌ရှိနေသော netizen တစ်ဦးက ပုံတစ်ပုံကိုတင်လိုက်သည်။


"ငါ ဥက္ကဌရှန်းကို နှစ်သစ်ကူးဖျော်‌ဖြေပွဲမှာ တွေ့လိုက်သလိုပဲ...ညီအစ်မတို့...လိုက်ရှာပေးကြပါဦး..."


ဓာတ်ပုံသည် ပွဲမစခင်က ရိုက်ထားခြင်းဖြစ်သည်။ ပုံတင်သော netizen သည် စင်အောက်၌ထိုင်၍ ကင်မရာတစ်လုံးနှင့် ဓာတ်ပုံများလျှောက်ရိုက်နေခဲ့ခြင်းဖြစ်သည်။ ထိုလူသည် မတော်တဆဖြင့် ဒုတိယထပ်က နေရာကိုလည်း ရိုက်ခဲ့မိသည်။ ဓာတ်ပုံ၏ရှုထောင့်က သိပ်မကြည်လင်‌သော်လည်း ပုံထဲ၌ အမျိုးသားနှစ်ယောက်ရှိနေ၍ ရှပ်အင်္ကျီအဖြူနှင့် မျက်မှန်တပ်ထားသော အမျိုးသားသည် ရှန်းယွဲ့နှင့် တူနေလေသည်။


ထိုပုံ ထွက်လာလာချင်းမှာပင် လိုင်းပေါ်၌ အကျိတ်အနယ် ဆွေးနွေးကြတော့သည်။


【ဟုတ်မယ်ထင်တယ်...အင်္ကျီအဖြူနဲ့တစ်ယောက်က တော်တော်ကိုချောနေတာ...ရှန်းယွဲ့မှမဟုတ်ရင် ဘယ်သူဖြစ်နိုင်မှာလဲ...】


【ဘုရားရေ...နင်က သူ့ကို ဓာတ်ပုံတောင်ရိုက်လို့ရတယ်...ကောင်းလိုက်တာ...】


【ချောလိုက်တာအရမ်းပဲ...ဒီပုံကို ငါ့ရဲ့ စုဆောင်းမှုထဲမှာ သိမ်းလိုက်ပြီ...】


ထို့နောက် အခြားလူများသည်လည်း ရှုထောင့်အမျိုးမျိုးမှ ရိုက်ထားသော ဓာတ်ပုံများ တင်လာကြတော့သည်။


【ငါ့ကင်မရာကို အခုပဲပြန်ကြည့်လိုက်တာ ငါလည်း သူ့ပုံတွေ နည်းနည်းရိုက်ထားမိတယ်...ဒါပေမယ့် ပုံတွေက နည်းနည်းမှောင်နေတယ်...ဥက္ကဌရှန်းက ထန်ချောင်းချောင်းကို အားပေးတဲ့ နဖူးစည်းကို ဝတ်ထားသလိုပဲ...】


【ဝေါင်း...ဝေါင်း...အဲ့ဒါ သေချာပေါက်ကို ရှန်းယွဲ့ပဲ...မာနကြီးတဲ့ ဥက္ကဌကလည်း ဒီလို ဈေးပေါတဲ့ နဖူးစည်းကို ဝတ်ရတာပဲပေါ့...ငါ့ရဲ့ နဖူးစည်းက ရုတ်တရက် အရမ်းကောင်းလာပြီး ပိုဈေးကြီးသွားတယ်လို့ ခံစားလိုက်ရတယ်...】


【အရမ်းချစ်ဖို့ကောင်းတာပဲ...ဥက္ကဌရှန်းကလည်း ငါတို့လို နာမည်ကြီး‌တဲ့လူတွေနောက်လိုက်နေတဲ့ မိန်းကလေးတွေလိုပဲ...တကယ်တော့ ငါတို့က ဘာမှသိပ်မကွာဘူးပဲ...သူလည်း ဖျော်ဖြေပွဲမှာ ပျော်ချင်နေတာထင်တယ်...ဟားဟားဟား...】


အထူးသဖြင့် ရှန်းယွဲ့သည် ပွဲစစချင်း၌ နဖူးစည်းကို မဝတ်ထားပဲ ဖျော်ဖြေပွဲနောက်တစ်ဝက်မှသာ ဝတ်လိုက်သည်ကို netizen များက သတိထားမိသွားကြ၍ ရယ်ချင်စရာဖြစ်သွားသည်။


【စစ်မှန်တဲ့ဖန်တစ်ယောက်ရဲ့ စည်းမျဉ်းတွေကို ဘယ်သူကမှ မရှောင်လွှဲနိုင်ဘူး...】


【ရှန်းယွဲ့က မီးအလင်းချောင်းကို လက်ထဲမှာ အခုထိကိုင်ထားတုန်း...အရမ်းချစ်ဖို့ကောင်းတာပဲ...ငါသေပါပြီ...ရှန်းယွဲ့ကို ဒီလိုပုံစံမျိုး လည်း ရှိမယ်လို့ ငါမထင်ထားခဲ့ဘူး...】


【ငါ သူတို့ဘေးတည့်တည့်မှာရှိနေတာ...ဒါကြောင့် ထန်ချောင်း‌ချောင်းရဲ့နာမည်ကို အော်တဲ့အသံတွေ ငါကြားနေရတာကိုး...ငါက ထန်ချောင်းချောင်းရဲ့ ဖန်လို့ပဲထင်နေတာ ရှန်းယွဲ့ဖြစ်နေမယ်လို့ မထင်ထားခဲ့ဘူး...ဒါပေမယ့် နာမည်အော်နေတဲ့လူက ရှန်းယွဲ့ဘေးက လူဖြစ်မယ်...သူဌေးကြီးရှန်းကတော့ ဒီလိုမျိုး လက်လွတ်စပယ် အော်မနေသင့်ဘူး...】


【အား ဘယ်သူက ဒါမျိုးကို လွန်ဆန်နိုင်မှာလဲ...တစ်ယောက်ယောက်ကသာ ငါ့ကို ဒီလို လိုက်ကြိုက်တယ်ဆိုရင် ချက်ချင်းကို အလျှော့ပေးပြီး ကုတင်ပေါ်တက်ပစ်လိုက်မှာ...】


【သူဌေးရှန်းက ဒီလိုဖန်အသိုင်းအဝိုင်းနဲ့သိပ်မရင်းနှီးသေးဘူး...ဘာမှမပြောပလောက်တဲ့ နဖူးစည်းလေးကို ဝတ်ထားရရှာတယ်...နောက်ဆိုရင် ရှန်ဟိုင်းက Bund မြို့မှာ မီးပြပွဲလုပ်ပေးရမယ်...ဒါမှ သူနဲ့ လိုက်သွားမှာ...】


【#ရှန်းယွဲ့နဲ့ထန်ချောင်းချောင်း...ဒီနေ့ ပရိသတ်ရှေ့ ချပြပြီးပြီလား#】


သကြားယုန်လေးများသည် အခုတော့ ထန်ချောင်းချောင်းသွားသည့် နေရာတိုင်း လိုက်ပါနေသော ရှန်းယွဲ့ကို အသားကျနေပြီဖြစ်သည်။ မည်သူကများ ရှန်းယွဲ့ကို "ပိုးအိမ်" ၏ထုတ်လုပ်သူ ပရိုဂျူဆာအဖြစ် ခန့်အပ်လိုက်ပါသနည်း။ သူတို့သည် ထိုခန့်အပ်သူကို ဆဲပင်မဆဲနိုင်တော့ချေ။ သို့သော်လည်း ထန်‌ချောင်းချောင်းနှင့် ရှန်းယွဲ့တို့သည် ဘာကိုမှ တရားဝင်မထုတ်ပြောထားသောကြောင့် သူတို့နှစ်ယောက်၏ ဆက်ဆံရေးကိုတော့ သကြားယုန်လေးများက ငြင်းဆိုကာကွယ်ပေးနေရဆဲဖြစ်သည်။


ထိုအချိန်၌ ဖန့်ယွမ်သည် စင်နောက်မှနေ၍ Weibo ပေါ်မှ လူများ၏အမြင်ကို စုံစမ်းနေသည်။ သတင်းခေါင်းစီးများကို မြင်သောအခါ ဖန့်ယွမ်သည် ပြုံး၍ Weibo စာမျက်နှာကို ထန်ချောင်းချောင်းအား ပြလိုက်သည် 


"ချောင်းချောင်း...ခေါင်းစဉ်ကို ကြည့်ဦး..."


ထန်ချောင်းချောင်းသည် Weibo ကို ကြည့်လိုက်ရာ နဖူးစည်းကို ဝတ်ထားသော ရှန်းယွဲ့ကို တွေ့လိုက်ရသည်။ ရှန်းယွဲ့ကို ထိုနဖူးစည်းနှင့် ဓာတ်ပုံထဲ၌ မြင်လိုက်ရသည်မှာ အလွန် ပျော်စရာကောင်းနေသည်။


ထန်ချောင်းချောင်းသည် နှစ်သစ်ကူးဖျော်ဖြေပွဲသို့ ရှန်းယွဲ့လာမည်ကို သိသော်လည်း ရှန်းယွဲ့ထိုင်မည့်နေရာကို မသိချေ။ သူမ ဖျော်ဖြေနေရင်းဖြင့်လည်း အာရုံနစ်ဝင်နေသောကြောင့် ရှန်းယွဲ့ကို မရှာနိုင်လိုက်ပေ။


VIP နေရာ၌ထိုင်သည်မှာ ရှန်းယွဲ့၏ ချမ်းသာ၍ ခေါင်းမာသောစိတ်ထားနှင့်တော့ ကိုက်ညီပါသည်။ ရှန်းယွဲ့သည် လူစိမ်းများနှင့် ထိတွေ့ရသည်ကို မကြိုက်ပေ။


သို့သော် ရှန်းယွဲ့သည် မြင့်မား‌သောနေရာ၌ ထိုင်နေသည်တောင်မှ ဓာတ်ပုံရိုက်ခံလိုက်ရသေးသည်။ Netizen များသည်လည်း ပါပါရာဇီများကဲ့သို့ပင် လက်စွမ်းထက်နေကြပေသည်။


ထိုအချိန်၌ Wechat မှ ရှန်းယွဲ့ပို့လိုက်သော မက်ဆေ့ခ်ျက ထန်ချောင်းချောင်း‌ဖုန်းထဲသို့ ဝင်လာသည်။


"မင်း အိမ်ပြန်လို့ရပြီလား..."


"ရပြီ..."


ထန်ချောင်းချောင်းက ပြန်ပို့လိုက်သည်။


ထန်ချောင်းချောင်း၏ဖျော်ဖြေမှု ပြီးသွားသောအခါ ဂီတပွဲသည် ဆက်လက်ကျင်းပနေသည်။ သို့သော် ထန်ချောင်းချောင်းကတော့ ဘာမှလုပ်စရာမရှိတော့၍ ဆက်မနေတော့ချေ။ သူမသည် အနောက်ဘက်တံခါးမှထွက်၍ ရှန်းယွဲ့၏ကားပေါ်သို့ တက်လိုက်သည်။


ကားပေါ်ရောက်ရောက်ချင်းမှာပင် ထန်ချောင်းချောင်းသည် ရှန်းယွဲ့အား ပြုံးဖြီးသောမျက်နှာဖြင့် ကြည့်လိုက်သည်။


ရှန်းယွဲ့က နားမလည်သည့် မျက်နှာဖြင့် ပြန်ကြည့်လိုက်သည်။


"မင်းက ဘာတွေရယ်နေတာလဲ..."


ထန်ချောင်းချောင်းက ပြုံး၍ပြောလိုက်သည်။


"ရှင် အဲ့ဒီနဖူးစည်းတွေ ကြိုက်တယ်ဆိုရင်လည်း စောစောတည်းက ပြောပါလား...ကျွန်မမှာ အများကြီးရှိတာ...ရှင်တောင်းရင် ကျွန်မ ပေးမှာပေါ့..."


ရှန်းယွဲ့၏မျက်နှာ၌ အမည်းကြောင်းများပေါ်နေတော့သည်။ ထန်ချောင်းချောင်းသည် Weibo ပေါ်မှ ဓာတ်ပုံကို မြင်သွားပြီဖြစ်သည်။


"မင်းထင်သလိုမဟုတ်ဘူး...အဲ့ဒါတွေက အကုန် လီကျိ ဝယ်လာတာ‌..."


ရှန်းယွဲ့က အမြန်ရှင်းပြလိုက်သည်။


ကားအရှေ့ခန်း၌ထိုင်နေသော လီကျိကလည်း ရိုကျိုးစွာပင် အနောက်သို့ လှည့်၍ပြောလိုက်သည်။


"သူဌေးကို ကျွန်တော်ပေးလိုက်တာ..."


ထန်ချောင်းချောင်းကပြောလိုက်သည်။


"အို...ဒါပေမယ့် ခေါင်းပေါ်မှာ စည်းလိုက်တာကတော့ ရှင်ကိုယ်တိုင်ပဲလေ..."


ရှန်းယွဲ့တစ်‌ယောက် ဆွံ့အသွားရတော့သည်။


လီကျိ ပြုံး၍ အရှေ့သို့ ပြန်လှည့်သွားသည်။


သူဌေးရေ...ဒီတစ်ခါတော့ ကျွန်တော်လည်း မကယ်နိုင်တော့ဘူး...


ထန်ချောင်းချောင်း ဖုန်းကိုထုတ်ကာ သူမ အထူးတလည် သိမ်းထားသော ပုံများကို ဖွင့်ကြည့်လိုက်သည်။ ရှန်းယွဲ့သည် ရွှေအနားကွပ်မျက်မှန်ကို ဝတ်ခဲသည်။ ရှန်းယွဲ့ကို ကြည့်ရသည်မှာ "ပညာတတ်"သည့် ဖန်လေးနှင့်တူသော်လည်း ပန်းရောင် နဖူးစည်းက ထိုရုပ်ပုံကို ဖျက်ဆီးနေသည်။ သူက အလွန်ပင် ချစ်စရာကောင်းနေလေသည်။


သူမ ဓာတ်ပုံကိုကြည့်လေ ပိုပျော်လေ ဖြစ်လာသည်။


"ချစ်ဖို့ကောင်းလိုက်တာ...ရှင်က ဘာဖြစ်လို့ အရမ်းရှက်နေရတာလဲ..."


ရှန်းယွဲ့သည် အခါအနည်းငယ်မျှ လည်ပင်းနင်သွားရသော်လည်း ရုတ်တရက် တစ်စုံတစ်ခုကို စဉ်းစားလိုက်မိသည်။ ရှန်းယွဲ့သည် ကောက်ကျစ်သည့် အပြုံးကို ပြုံးကာ ပြောလိုက်သည်။


"ငါက မင်း စိတ်ဆိုးမယ်ထင်နေတာ..."


ထန်ချောင်းချောင်းက နားမလည်ဖြစ်သွားသည်။


"ရှင် ဘာပြောတာလဲ..."


ရှန်းယွဲ့က ထန်‌ချောင်းချောင်းနားသို့ တိုးကပ်၍ ပြောလိုက်သည်။


"မီဒီယာတွေက မင်းနဲ့ငါ့အကြောင်းကို မဟုတ်တာတွေရေးရင် မင်းမကြိုက်ဘူးမဟုတ်လား...ဒီပုံတွေ ရိုက်မိသွားတော့ မီဒီယာတွေကို မဟုတ်တဲ့သတင်းတွေ ရေးကြဦးမှာမို့လို့ မင်းစိတ်ဆိုးမယ်ထင်နေတာ..."


ထန်ချောင်းချောင်း၏အပြုံးသည် ရုတ်တရက် အေးခဲ‌သွားတော့သည်။


ဟုတ်ပေသည်။ ဤအတင်းအဖျင်းသတင်းများ၌ ပါဝင်သူနောက်တစ်ယောက်မှာ သူမကိုယ်တိုင်ဖြစ်သည်ကို ထန်ချောင်းချောင်း မေ့သွားမိသည်။


"ရှင် ဒါကို တမင်သက်သက်လုပ်တာလား..."


ထန်ချောင်းချောင်း မျက်မှောင်ကြုတ်လိုက်သည်။


ရှန်းယွဲ့၏နှုတ်ခမ်းထောင့်များက အနည်းငယ်ပြုံးသွားကြသည်။


"မင်း ဘာပြောတာလဲ..."


ထန်ချောင်းချောင်း၏မျက်နှာ စူပုပ်သွားလေသည်။


ဘယ်လိုတောင် ယုတ်မာတဲ့လူလဲ...


သူမ၏ ဖန်များသည် ရှန်းယွဲ့၏နောက်လိုက်များ ဖြစ်နေကြတော့သည်။


"အခုက ဘယ်ကိုသွားနေတာလဲ..."


ထန်ချောင်းချောင်းသည် ကားပြတင်းပေါက်မှနေ၍ အပြင်မှ လမ်းကို ကြည့်ကာ စကားလမ်းကြောင်းလွှဲလိုက်သည်။


ရှန်းယွဲ့က အေးအေးဆေးဆေးပင် ‌ပြောလိုက်သည်။


"ငါ့ရဲ့ စံအိမ်ဆီကို..."


ထန်ချောင်းချောင်း အံ့ဩသွားသည်။


"ဟိုင်နန်မှာလည်း အိမ်ရှိတာလား...'


ဆောင်းရာသီ၏ အအေးဓာတ်ကြောင့် နှစ်သစ်ကူးအကြိုညဂီတပွဲများသည် တောင်ပိုင်းမြို့များ၌ ပြုလုပ်လေ့ရှိကြသည်။ ယခုတစ်ခေါက်တွင်တော့ ဟိုင်နန်ကျွန်းပေါ်၌ ဖြစ်သည်။


လီကျိက ဝင်ပြောလိုက်သည်။


"သူဌေးက အိမ်ခြံမြေရင်းနှီးမြုပ်နှံမှုလောကမှာ အတော်ဆုံးထဲက တစ်ယောက်ပဲလေ...သူဌေးရဲ့ အိမ်ခြံမြေတွေက နိုင်ငံအနှံ့ရှိနေတာ..."


ထန်ချောင်း‌ချောင်းကတော့ အထင်မကြီးသည့်ပုံဖြင့် ပြောလိုက်သည်။


"မကောင်းဆိုးဝါး အရင်းရှင်ကြီး..."


ရှန်းယွဲ့က ပုံမှန်ပင် ‌ပြန်ပြောလိုက်သည်။


"စံအိမ်ရဲ့ မျက်နှာစာ သုံးဘက်က ပင်လယ်နဲ့နီးတယ်...ပြတင်းပေါက်ကိုဖွင့်လိုက်ရင် ပင်လယ်ရဲ့ အလှပဆုံးရှုခင်းတွေကို မြင်ရတယ်..."


ဟင်...


ထန်ချောင်းချောင်း ရင်တစ်ချက်ခုန်သွားသည်။


"စံအိမ်နဲ့ ကပ်လျက်ကျွန်းပေါ်မှာလည်း သဘာဝရေချိုးကန်တွေနဲ့ အဖြူရောင်ကမ်းခြေတွေရှိတယ်..."


ထန်ချောင်းချောင်းသည် အခုချက်ချင်းပင် ယားယံလာသလိုခံစားလာရ၍ ရေချိုးချင်စိတ်များ ‌ပေါက်လာသည်။


"အဲ့ဒီတော့ ဒီမကောင်းဆိုးဝါး အရင်းရှင်ရဲ့ စံအိမ်မှာ နေချင်ပြီလား..."


ရှန်းယွဲ့က ပြုံး၍မေးလိုက်သည်။


ထန်ချောင်းချောင်းက ပက်ခနဲ ပြန်ပြောလိုက်သည်။


"သွားပါ...ကျွန်မက အဲ့ဒီအရင်းရှင်စနစ်ရဲ့ အဆီအနှစ်တွေကို ဝါးမျိုတော့မှာ..."


ရှန်းယွဲ့သည် ငါးကိုခိုး၍ရသွားသော ကြောင်ကဲ့သို့ ပြုံးလိုက်တော့သည်။


ကားသည် ချောမွေ့သောလမ်းပေါ်၌ လျင်မြန်စွာ မောင်းနှင်နေသည်။ ရှန်းယွဲ့ပြောသည့် စံအိမ်သို့ရောက်သောအခါ ၁၁နာရီပင် ထိုးနေပေပြီ။


လီကျိက အထုပ်အပိုးများကို အိမ်ပေါ်သို့ ကူတင်ပေးပြီးသောအခါ ကားကိုယူ၍ ထွက်သွားသည်။ မထွက်ခင်၌ ထန်ချောင်းချောင်းကို မေးသွားသည်။


"ဟိုလေ...မမလေး...မနက်ဖြန် အလုပ်တွေရှိလားဗျ..."


ထန်ချောင်းချောင်း: "မရှိဘူး...မနက်ဖြန် ကျွန်မ ကိုယ့်ဘာသာကိုယ် အားလပ်ရက်ပေးထားတာ...နှစ်သစ်ရဲ့ပထမဆုံးနေ့ဆိုတော့လေ..."


ထူးဆန်းလိုက်တာ...


လီကျိက ဘာ‌ဖြစ်လို့ ထန်ချောင်းချောင်း၏ အချိန်ဇယားကို သိချင်နေပါလိမ့်။


လီကျိက ပျော်ရွှင်စွာပြောလိုက်သည်။


"ကောင်းလိုက်တာ...ဒါဆို ဖန့်ယွမ်လည်း အားလပ်ရက်‌ရနေတာပေါ့နော်..."


"ဪ..."


ထန်ချောင်းချောင်းက လီကျိ၏ အကြံဉာဏ်ကိုသိသွား၍ စနောက်သည့်လေသံဖြင့် ပြောလိုက်သည်။


"လတ်စသတ်တော့ ဖန့်ယွမ်အတွက် မေးနေတာကိုး...စိတ်မကောင်းပါဘူးရှင်...သူက မနက်ဖြန် ကျွန်မကို ကူညီပေးစရာတွေ ရှိနေတာ..."


ထန်ချောင်းချောင်း၏ပုံစံက နောင်တရသည့်ပုံစံဖြစ်နေသည်။


လီကျိက စိတ်ပျက်လက်ပျက်ဖြင့် "ဪ..."ဟူ၍သာ ရေရွတ်လိုက်တော့သည်။


ထန်ချောင်းချောင်းက မြင်သောအခါ အားရပါးရရယ်လိုက်သည်။


"ကျွန်မက နောက်နေတာပါရှင်...ဖန့်ယွမ်မှာ မနက်ဖြန် ဘာမှလုပ်စရာမရှိဘူး...စိတ်ချလက်ချနဲ့ မနက်ဖြန် သူ့ကို အပြင်ခေါ်သွားလို့ရတယ်...ဖန့်ယွမ်ကို သန်ဘက်ခါမှ ပြန်လာဖို့ ပြောလိုက်ပါ..."


ဤကဲ့သို့သော ကျွန်းပေါ်သို့ လာရသောရှားရှားပါးပါး ခရီးစဉ်၌ လူများကို မပျော်ရအောင် ထန်ချောင်းချောင်း မပိတ်ပင်ချင်ပါ။ သူမသည် စိတ်ပုပ်သော သူဌေး မဟုတ်ပေ။


သို့သော် ဖန့်ယွမ်နှင့် လီကျိတို့ကတော့...ဘယ်အဆင့်အထိ ရောက်နေကြပြီမသိချေ။ ထန်ချောင်းချောင်းသည် သူဌေးတစ်ယောက်အနေနှင့်ပင် မသိရချေ။ ဖန့်ယွမ်၏ လျှို့ဝှက်မှုက အနုပညာရှင်များထက်ပင် တော်နေသေးသည်။


"ကျေးဇူးတင်ပါတယ် မမလေး..."


လီကျိသည် ထိုစကားကိုကြားသောအခါ ပြုံးဖြီးသွားသည်။ ကားထဲရောက်ပြီးသည်တောင်မှ ထန်ချောင်းချောင်းကို ကျေးဇူးတင်စွာ လက်များပြနေသေးသည်။


ထန်ချောင်းချောင်းသည် ပျော်ရွှင်တက်ကြွသွားသော လီကျိကိုကြည့်၍ ရင်ထဲ၌ တစ်ခုခု ခံစားလိုက်ရသည်။


အချစ်ဆိုတာက ဒီလောက်တောင်ပဲ စိတ်ဝင်စားဖို့ကောင်းတာလား...


ထိုအချိန်၌ ထန်ချောင်းချောင်းသည် ဧည့်ခန်းထဲ၌ရှိနေသော ရှန်းယွဲ့ကို လှမ်းကြည့်လိုက်သည်။ ရှန်းယွဲ့ကလည်း ထန်ချောင်းချောင်းအား တိတ်တဆိတ် လှမ်းကြည့်နေလေသည်။

ပြောစရာမလိုအောင်ပင် ယခုအချိန်သည် အလွန် ကြင်နာယစ်မူးဖွယ်ဖြစ်နေသည်။ ထန်ချောင်းချောင်း၏ နှလုံးသားလေး လှုပ်ခါလာလေသည်။


Xxxxxxx