Chapter 123
ပြောစရာမလိုအောင်ပင် ယခုအချိန်သည် အလွန် ကြင်နာယစ်မူးဖွယ်ဖြစ်နေသည်။ ထန်ချောင်းချောင်း၏ နှလုံးသားလေး လှုပ်ခါလာခေသည်။
သို့သော် နောက်တစ်စက္ကန့်အကြာတွင် ရှန်းယွဲ့က သူ၏ ညာဘက်လက်ကို ဆန့်ကာ လက်ညှိုးကိုကွေး၍ ထန်ချောင်းချောင်းကို လှမ်းခေါ်လိုက်သည်။
ထန်ချောင်းချောင်း၏ နှုတ်ခမ်းထောင့်များက တွန့်ကွေးသွားကြသည်။
ခွေးကိုခေါ်နေတာလား...ငါ့ကိုခေါ်နေတာလား...
ရှန်းယွဲ့သည် ဤစံအိမ်သို့ လာခဲသည်။ ဤတစ်ခေါက်သည် စံအိမ်၌ နှစ်ရက်နေကြမည်ဖြစ်သည်။ အစေခံများသည် အိမ်တစ်အိမ်လုံးကို သန့်ရှင်းထား၍ ရေခဲသေတ္တာ၌လည်း စားစရာများ အပြည့် ဖြည့်ထားပြီးကြပြီဖြစ်သည်။
ကရင်းဖြင့် သီချင်းဆိုရခြင်းသည် အလွန်အားကုန်သော လေ့ကျင့်ခန်းတစ်ခုဖြစ်သည်။ ထိုသို့ အားကုန်ရခြင်းကို စိတ်ပင်ပန်းရခြင်းနှင့် ပေါင်းလိုက်သောအခါ သူမ အလွန်ဆာလောင်၍ ဗိုက်က တဂွီဂွီမြည်နေတော့သည်။
ညလယ်စာကို ပြင်ဆင်ရတော့မည်။
သူမ ရေခဲသေတ္တာကို ဖွင့်လိုက်သည်။ အထဲ၌ ဂဏန်း၊ ပုစွန်၊ ကမာနှင့် ကင်းမွန်များအပါအဝင် ပင်လယ်စာများစွာရှိနေသည်။ အစားအစာအကုန်လုံးသည်လည်း အလွန်လတ်ဆတ်ကြသည်။ ထန်ချောင်းချောင်းမေးစေ့ကိုကိုင်၍ အတန်ကြာ စဉ်းစားပြီးသောအခါ ပင်လယ်စာမြေအိုးဆန်ပြုတ်လုပ်ရန် ဆုံးဖြတ်လိုက်သည်။
ထန်ချောင်းချောင်းသည် အမြဲတမ်း ရှန်းယွဲ့အား ဘာစားချင်လဲ မေးလေ့ရှိသော်လည်း ရှန်းယွဲ့က ဘာမှမပြောတတ်ချေ။ သူက ထန်ချောင်းချောင်း ချက်ပြုတ်သမျှကို ဘာဖြစ်ဖြစ် စားမည်သာဖြစ်သည်။
အစားအသောက်ချေးမများခြင်းသည် ရှန်းယွဲ့၏ ရှားပါးလှသော ကောင်းကွက်လေးများထဲမှ တစ်ခုဖြစ်သည်။
သူမ ကြီးမားသော ဂဏန်းပြာများကို သန့်ရှင်း၍ ဝမ်းဗိုက် စသည်တို့ကို ဖယ်ကာ အတုံးသေးလေးများတုံးလိုက်သည်။ ထို့နောက် ပုစွန်နောက်ကျောများကို ဖွင့်ကာ ချေးကြောင်းကိုဖယ်လိုက်သည်။ ကမာနှင့် ကင်းမွန်များကို ရေနွေးဆူဆူထဲ၌ ရေနွေးဖျော၍ ရေအေးနှင့် ဆေးပြီးနောက် ဆား၊ငရုတ်ကောင်း၊ ဝိုင်ဖြူ၊ ကြက်သွန်နှင့် ဂျင်းများတို့ကိုထည့်လိုက်သည်။ နောက်ဆုံးတွက်တော့ အဆာများကို အကုန်ရောကာ ခဏမျှ အရသာနှပ်ထားလိုက်သည်။
ထို့နောက် ဆန်များကို ဆေးကာ မြေအိုးထဲသို့ ထည့်လိုက်သည်။ ဆန်ပြုတ်ကို ပိုနူးညံ့စေရန် ရေထဲသို့ နှမ်းဆီ ၂စက်ထည့်လိုက်သည်။ ရေကို မီးပြင်းပြင်းဖြင့် ပွက်စေပြီးမှ မီးအပူချိန်ကိုလျှော့ကာ မီးအေးအေးဖြင့် တည်ထားလိုက်သည်။ ဆန်သည် ပွက်ပွက်ဆူ၍ ပျစ်လာသောအခါမှ အရသာနှပ်ထားသော ပင်လယ်စာများကို မြေအိုးထဲသို့ ထည့်၍ ခဏမျှ ဆက်တည်ထားလိုက်သည်။
ပင်လယ်စာများသည် အလွန်လတ်ဆတ်သောကြောင့် ခဏမျှ ချက်လိုက်ရုံမျှဖြင့် အရောင်များပြောင်းလာကြသည်။ မီးဖိုပေါ်မှ မချခင်တွင် ထန်ချောင်းချောင်းသည် အရသာဆော့စ်ကိုလောင်းထည့်၍ နုတ်နုတ်စဉ်းထားသောဂျင်းနှင့် ကြက်သွန်မြတ်များကို ဖြူးလိုက်သည်။ ဆန်ပြုတ်သည် စားရန်အဆင်သင့်ဖြစ်နေလေပြီ။
ပင်လယ်စာမြေအိုးဆန်ပြုတ်ကို စားပွဲဆီသို့ ထန်ချောင်းချောင်း ယူလာသောအခါ ညသန်းခေါင်းသို့ပင် ရောက်တော့မည်ဖြစ်သည်။
"လာလေ...နှစ်သစ်ကူးမှာ ပင်လယ်စာမြေအိုးဆန်ပြုတ်စားကြရအောင်..."
ထန်ချောင်းချောင်းက ပြုံး၍ပြောလိုက်သည်။
ထမင်းစားစားပွဲသည် မျက်နှာကျက်မှ ကြမ်းပြင်အထိ ရှည်သော ပြတင်းပေါက်ကြီးဘေး၌ နေရာချထားခြင်းဖြစ်သည်။ ထို့ကြောင့် ထိုပြတင်းပေါက်မှနေ၍ အပြင်သို့ ကြည့်လိုက်လျှင် နက်ရှိုင်းသော ပင်လယ်ကို မြင်တွေ့နိုင်ပေသည်။
ထန်ချောင်းချောင်းနှင့် ရှန်းယွဲ့တို့၏ရှေ့၌ အနက်ရောင် မြေအိုးတစ်လုံးစီရှိနေကြသည်။ ထိုမြေအိုးများမှ ထွက်နေသေ အငွေ့များက အခန်းတစ်ခုလုံးကို မွှေးကြိုင်နေစေသည်။
မြေအိုးများသည် ယခုမှ မီးဖိုပေါ်မှ ချလာကာစဖြစ်သောကြောင့် ဆန်ပြုတ်များသည် ပွက်ပွက်ဆူနေဆဲဖြစ်သည်။ ဂဏန်းများက အိုးအလယ်၌ရှိနေကာ ပုစွန်များကလည်း နီရဲနေကြပြီဖြစ်၍ ကမာများကလည်း အခွံဟနေကြပြီဖြစ်သည်။ ဆန်ပြုတ်ရည်သည် မစားရခင်ကပင် မွှေးကြိုင်သောရနံ့ဖြင့် ဆွဲဆောင်နေတော့သည်။
အဖြူရောင်ဆန်ပြုတ်များသည် နူးညံ့ပျော့ပျောင်း၍ ကပ်စေးသည့်အနေအထားရသည်အထိ ကျိုထားခြင်းဖြစ်သည်။ ဤကဲ့သို့ ပျစ်နှစ်သောဆန်ပြုတ်မျိုးကသာလျှင် အရသာရှိခြင်းဖြစ်သည်။ ထိုသို့သော ဆန်ပြုတ်ကို ပင်လယ်စာများနှင့်ရောလိုက်သောအခါ ပြိင်ဘက်ကင်း၍ အရသာရှိလွန်းသော ပင်လယ်စာများ၏အရသာက ဆန်ပြုတ်ထဲသို့ စိမ့်ဝင်သွားတော့သည်။ဆန်ပြုတ်ကို တစ်ဇွန်းသောက်လိုက်သောအခါ ပူနွေးသောအရသာက လျှာထိပ်ကို ပို၍ အရသာသိသွားစေကာ ကောင်းမွန်သောအရသာကို ပိုခံစားရစေသည်။
ထန်ချောင်းချောင်းက ဂဏန်းများကို ဖွင့်ကာ ဆန်ပြုတ်နံ့လေးမွှေးပျံ့နေသော ဂဏန်းအသားနှင့် ဂဏန်းဥများကို သေချာစွာ အရသာခံ၍ စားလိုက်သည်။ ပုစွန်၏အသားကလည်း နူးညံ့နေ၍ ကမာများကလည်း ကပ်စေး၍ ဝါး၍ကောင်းနေကာ ကင်းမွန်များသည်လည်း စား၍ပင်မဝဖြစ်နေသည်။
ဆောင်းရာသီ၏ညလယ်ခေါင်၍ ပူနွေး၍ ချိုမြိန်သော ပင်လယ်စာ ဆန်ပြုတ်ကို စားပြီးသောအခါ တစ်နေ့တာ၏ပင်ပန်းမှုများသည် ဆန်ပြုတ်အိုးနှင့်အတူ ပျောက်ကွယ်သွား၍ နေရသည်မှာ ပို၍ သက်တောင့်သက်သာ ရှိလာကြသည်။
သူမ ခေါင်းမော့၍ ရှန်းယွဲ့ကိုကြည့်လိုက်သည်။ ရှန်းယွဲ့သည်လည်း တလုတ်ပြီး တလုတ် ပျော်ရွှင်စွာစားနေသော်လည်း စားနေစဉ်တွင်တော့ အိန္ဒြေရှိသောပုံစံကို အမြဲထိန်းသိမ်းထားနိုင်သည်။
ရှန်းယွဲ့သည် ဂဏန်းခွံကိုခွာပြီးသောအခါ မြေအိုးဘေး၌ သပ်ရပ်စွာ ချထားလိုက်သည်။
ထန်ချောင်းချောင်းသည် ယခင်ကတော့ ထိုကဲ့သို့ ပိုလွန်းသော ထမင်းစားစားပွဲအပြုအမူများသည် ပြဿနာတစ်ခုဟု ထင်ခဲ့သော်လည်း ယခုတွင်တော့ ထိုအပြုအမူလေးများကပင် ချစ်ဖို့ကောင်းသည်ဟု ထင်နေမိတော့သည်။
ထန်ချောင်းချောင်းသည် ဖုန်းကို ငုံ့ကြည့်ကာ သန်းခေါင်ရောက်ရန်အချိန်ကို စိတ်ထဲမှ လိုက်ရေတွက်နေလိုက်သည်။
တစ်ဆယ်...ကိုး...ရှစ်...
၁၂ နာရီ ထိုးပြီးသွားချင်းမှာပင် ထန်ချောင်းချောင်းသည် လက်ထဲရှိ ဂဏန်းလက်ကို မြှောက်၍ ပြုံးကာ ပြောလိုက်သည်။
"ပျော်ရွှင်စရာနှစ်သစ်ပါ..."
ရှန်းယွဲ့သည် ထန်ချောင်းချောင်း၏လက်ထဲမှ ဂဏန်းလက်မကို စိတ်ပျက်လက်ပျက်ဖြင့် ကြည့်လိုက်သည်။ အရက်မပါပဲ toast(*) လုပ်နေခြင်းလား။ ဘယ်သူကများ ဂဏန်းလက်မများဖြင့် toast လုပ်ပါမည်နည်း။
(*ဖန်ခွက်ချင်းတိုက်၍ ကောင်းချီးဩဘာပေးခြင်း)
"မြန်မြန်...ကျွန်မတို့ toast လုပ်ကြမယ်လေ..."
ထန်ချောင်းချောင်းက တိုက်တွန်းလိုက်သည်။
ရှန်းယွဲ့ တုံ့ဆိုင်းဆိုင်းဖြင့် ဂဏန်းလက်မကို ကိုင်ကာ ထန်ချောင်းချောင်း၏ ဂဏန်းလက်မဖြင့် ထိလိုက်သည်။
"ပျော်ရွှင်စရာနှစ်သစ်ဖြစ်ပါစေ..."
ထိုအချိန်၌ပင် ပြတင်းပေါက်အပြင်၌ မီးအလင်းရောင်များ ရုတ်တရက် ပေါ်လာသည်။
ထန်ချောင်းချောင်းတို့သည် ဘေးသို့ ပြိုင်တူလှည့်ကြည့်လိုက်ကြသောအခါ မှောင်မိုက်နေသောကောင်းကင်၌ လှပလွန်းသော မီးရှူးမီးပန်းများကို မြင်လိုက်ရသည်။
နှစ်သစ် ဆိုက်ရောက်လာခဲ့ပေပြီ။
ထန်ချောင်းချောင်းနှင့် ရှန်းယွဲ့တို့သည် လှပသာ မီးပန်းများကို ကြည့်၍ ပင်လယ်စာဆန်ပြုတ်များကို ကုန်စင်အောင် စားလိုက်ကြသည်။
နောက်ဆုံးတွင်တော့ နှစ်ယောက်သားသည် ခြံထဲ၌ ဗိုက်များကို ကိုင်၍ ခဏနေပြီးမှ အိပ်သွားကြတော့သည်။
---
နောက်တစ်နေ့သည် နေသာ၍ သာယာသောနေ့ဖြစ်သည်။
ထန်ချောင်းချောင်း အိပ်ယာမှထ၍ လိုက်ကာများကို ဖွင့်လိုက်သောအခါ အပြာရောင်ကောင်းကင်နှင့် အဆုံးအစမရှိသော ပင်လယ်ပြာကြီးသည် ထန်ချောင်းချောင်းအား အလွန်ဆွဲဆောင်နေတော့သည်။ လေပြေလေးကလည်း ညင်သာစွာ တိုက်ခတ်နေသောကြောင့် သက်တောင့်သက်သာ ရှိနေစေသည်။
သူမ ထမင်းစားပြီးသောအခါ ဖြူဖွေးသောကမ်းခြေသို့သွားရန် မစောင့်နိုင်ဖြစ်နေတော့သည်။
ကမ်းခြေသည် စံအိမ်၏အပိုင်ဖြစ်သော ကိုယ်ပိုင်နေရာဖြစ်သောကြောင့် စိတ်ရှုပ်စရာ ခရီးသွားများမရှိချေ။ ထန်ချောင်းချောင်းက စောစောပင် သွားလိုက်သည်။ ကမ်းခြေ၌ မည်သူမျှမရှိချေ။ သဲများပေါ်၌ ထန်ချောင်းချောင်း၏ ခြေရာများသာ ထင်ကျန်ခဲ့သည်။
ဟိုင်နန်ကျွန်း၏ဆောင်းရာသီသည် မြောက်ပိုင်းထက် အနည်းငယ် ပိုနွေးသော်လည်း ပင်လယ်ကတော့ အေးဆဲပင်ဖြစ်သည်။
ထန်ချောင်းချောင်းက နူးညံ့သော သဲများပေါ်၌သာ လျှောက်၍ ရေထဲမဆင်းချေ။ အမှန်အတိုင်းပြောရလျှင် ထန်ချောင်းချောင်းသည် ကမ်းခြေ၏ တစ်ဖက်တစ်ချက်၌ ရှိနေကြသော အုန်းသီးများကို ပို၍ စိတ်ဝင်စားနေလေသည်။
သို့သော် ထိုအုန်းသီးများကို အခြားလူတစ်ဦးက ပိုင်ဆိုင်သောကြောင့် သူမ ခူးချင်တိုင်း ခူး၍မရချေ။ ကမ်းခြေပေါ်၌ ဆော့ကစားပြီးလျှင် ထန်ချောင်းချောင်းသည် ကျွန်းအနှံ့သွား၍ အရသာရှိသော ဒေသအစားအစာများကို စားကြည့်ရန် စီစဉ်ထားလိုက်သည်။
ရှန်းယွဲ့ကလည်း လိုက်ချင်နေလေသည်။
သူမ ခဏမျှစဉ်းစား၍ ရှန်းယွဲ့၏ပုံစံကို ပြောင်းပစ်ရန် ဆုံးဖြတ်လိုက်သည်။ ထန်ချောင်းချောင်းသည် ရှန်းယွဲ့အား သူဌေးလေးပုံစံမှ အားကစားဂျာကင်၊ ဂျင်းဘောင်းဘီနှင့် အဖြူရောင် sneakers များဝတ်ဆင်ခိုင်းလိုက်သည်။ ပုံမှန်အားဖြင့် အနောက်သို့ လှန်ဖြီးထားလေ့ရှိသော ဆံပင်များကိုလည်း ရှေ့ဆံပင်များကို နဖူးပေါ်သို့ အနည်းချထားသော ပုံစံသို့ ပြောင်းပေးလိုက်သည်။
"ဝိုး...ရှင်က အသက်ဆယ်နှစ်လောက် ငယ်သွားသလိုပဲ...ယောင်္ကျားလေးအိုင်ဒေါအဖွဲ့မှာတောင် ရှင်ဝင်ပါလို့ရနေပြီ..."
ထန်ချောင်းချောင်းက စလိုက်သည်။
ရှန်းယွဲ့က မျက်လုံးများကို မှေးလိုက်သည်။
"ငါက အရမ်းအသက်ကြီးတဲ့ပုံပေါက်နေတယ်လို့ မင်းကပြောချင်နေတာလား..."
ထန်ချောင်းချောင်း အန္တရာယ်အငွေ့အသက်ကို ခံစားလိုက်မိရ၍ စနောက်သည့် လေသံဖြင့် ထပ်ပြောလိုက်သည်။
"ဘာတွေပြောနေတာလဲ...ရှင်က လုံးဝ အသက်မကြီးပါဘူး...အမြဲတမ်း ၁၈ နှစ်လေးပဲ ဖြစ်နေမှာ..."
"အဲ့ဒါကရော ဘာကိုဆိုလိုချင်နေတာလဲ...ငါက ခုခေတ်အဆိုတော်ကောင်လေးတွေထက်တောင် အောက်ကျတယ်လို့ ပြောချင်နေတာလား..."
မင်းကရော အဲ့ဒီလိုကောင်လေးတွေကိုပဲ ကြိုက်ချင်နေတာလား ထန်ချောင်းချောင်း...
ထန်ချောင်းချောင်းက ရှင်းပြလိုက်သည်။
"မဟုတ်ဘူးလေ...ကျွန်မပြောတာက ရှင်က အမြဲတမ်း အလေးအနက်ပုံစံမျိုးကြီးပဲဝတ်တာကိုး...အမြဲတမ်း ဝတ်စုံပြည့်ကြီးနဲ့...တစ်ခါတစ်လေတော့ စတိုင်လေးပြောင်းဝတ်ကြည့်ရတာ ကောင်းတာပေါ့...ခံစားချက်အသစ်တွေရတယ်လေ..."
ရှန်းယွဲ့၏ နှုတ်ခမ်းများက ပြုံးသွားကြသည်။
"မင်းက ငါ့ရဲ့ ဝတ်စားပုံနဲ့ ပတ်သတ်လို့ ဝေဖန်စရာတွေ ရှိနေတယ်ထင်တယ်...ဒါဆိုရင်လည်း နောက်ဆို ငါ့ရဲ့ အဝတ်အစားကိစ္စတွေကို မင်းပဲ တာဝန်ယူလိုက်တော့ပေါ့.."
ဟင်...
ထန်ချောင်းချောင်းသည် တွင်းတစ်ခုတူး၍ သူမကိုယ်သူမ မြှုပ်နှံချင်စိတ်များ တဖွားဖွား ပေါက်သွားရသည်။
ရှန်းယွဲ့ ဤတစ်ခေါက်အပြင်သွားသောအခါ ဘီးတပ်ကုလားထိုင်နှင့်မသွားပဲ ချိုင်းထောက်များကိုသာ ယူခဲ့သည်။ ရှန်းယွဲ့သည် ချိုင်းထောက်များနှင့် အချိန်ပို၍ ကြာအောင် ကြိုးစားလျှောက်ခဲ့သောကြောင့် ခြေလှမ်းများက တဖြည်းဖြည်း ပို၍ ငြိမ်နေပြီဖြစ်သည်။ ဆရာဝန်ကလည်း ပို၍မြန်မြန်သက်သာစေရန် ဘီးတပ်ကုလားထိုင်ပေါ်မှဆင်း၍ လမ်းများများလျှောက်ကြည့်ရန် အကြံပေးထားသည်။
ထန်ချောင်းချောင်းသည်လည်း သူ့ကိုယ်သူ မထင်ပေါ်စေရန် နေကာမျက်မှန်၊ ဦးထုပ်နှင့် အားကစားဂျက်ကတ်ကို ဝတ်ဆင်လာသည်။
ဤသို့ မဝတ်လို့လည်းမရချေ။ သူမက တဖြည်းဖြည်းနှင့် ပို၍ နာမည်ကြီးလာနေသောကြောင့် လမ်း၌ မှတ်မိခံရမည့် အခွင့်အရေးသည် တဖြည်းဖြည်းနှင့် များလာသည်။ ထို့ကြောင့် မလိုအပ်သည့် ပြဿနာများမဖြစ်စေရန် အခြားရွေးစရာမရှိပဲ ထိုသို့ပင် ဝတ်လာရသည်။
ထန်ချောင်းချောင်းက နာမည်ကြီးစားသောက်ဆိုင်များသို့ မသွားချင်ပဲ လမ်းဘေးမှ ဆိုင်အသေးလေးများသို့သာ သွားချင်နေသည်။ တစ်ခါတစ်ရံတွင် ထို လမ်းကြိုလမ်းကြားများ၌ ပုန်းကွယ်နေသောဆိုင်လေးများဆီမှ ဒေသအစားအစာအရသာစစ်စစ်ကို စားရနိုင်ပေသည်။
ထန်ချောင်းချောင်းသည် သွားရင်းလာရင်းဖြင့် ဟိုင်နန်၏ အထူးအစားအစာများကို စားကြည့်နေသည်။ ဟိုင်နန်၏ ပေါင်လျို့ဆန်ခေါက်ဆွဲများသည် နာမည်ကြီးအစားအစာဖြစ်သည်။ ခေါက်ဆွဲများသည် သာမာန်ထက် ပိုကြမ်းသော်လည်း ဖြူဖွေး၍ နူးညံ့ကာ ဖယောင်းကဲ့သို့ ဖြစ်နေသည်။ ခေါက်ဆွဲရည်ကလည်း ထူးခြားသော အချိုဓာတ်လေးဖြင့် အလွန်အရသာရှိသည်။ ခေါက်ဆွဲကို မြေပဲ၊ မျှစ်စို့၊ အမဲသားမျှင်နှင့် သခွားသီးချဉ်များဖြင့် အုပ်ထား၍ အလွန်စားကောင်းပေသည်။
ဝမ်ချမ်ကြက်သားသည်လည်း နာမည်ကြီး ဒေသအစားအစာတစ်ခုဖြစ်သည်။ ထိုဟင်းလျာကို ချက်ပြုတ်ရသည်မှာ အလွန်လွယ်ကူသည်။ ထိုဟင်းမှာ ကြက်သား၏ ပင်ကိုယ်အရသာကို အဓိကထား၍ စားရခြင်းဖြစ်သည်။ အသားသည် ချောမွေ့နူးညံ့ကာ ရနံ့ကလည်း မွှေးကြိုင်၍ စားလိုက်လျှင် ပါးစပ်ထဲ၌ အချိုရည်များပြည့်သွားစေသော်လည်း လုံးဝမအီပါချေ။
သို့သော် ထန်ချောင်းချောင်းနှင့် ရှန်းယွဲ့တို့ နှစ်ဦးလုံးသည် အုန်းသီးကြက်သားဟင်းလျာကတော့ အကောင်းဆုံးဖြစ်သည်ဟု သဘောတူလိုက်ကြသည်။
အုန်းသီးကြက်သားဟင်းလျာသည် လတ်ဆတ်သော အုန်းသီးနှင့် နူးညံ့သော ကြက်သားတို့ကို ရော၍ပေါင်းထားခြင်းဖြစ်သည်။ ဟင်းလျာသည် အလွန်ရိုးရှင်းလွန်း၍ အခြား ဘာတန်ဆာပလာမှမပါပဲ အဖြူရောင်ဟင်းချိုကလည်း ပေါ့ပါးသောအရသာဖြင့် သောက်၍ကောင်းလှသည်။ သို့သော် အုန်းနို့၏ထူးခြားသောအရသာက ကြက်သားထဲသို့ စိမ့်ဝင်သွားကာ ကြက်သားကို ပို၍ မွှေးကြိုင်သွားစေသည်။ ကြက်သားသည် အလွန်ပင် နူးညံ့နေသည်။ အုန်းနို့နံ့လေးမွှေးသော ဟင်းရည်ကို တစ်ဇွန်းသောက်ပြီးလျှင် အရသာက ပါးစပ်ထဲ၌ စွဲကျန်နေတော့သည်။ အခြားနေရာများ၌ ရှာရခက်သော ဒေသအစားအစာပင်ဖြစ်သည်။
သူတို့ တစ်နေကုန် စားလိုက် လျှောက်သွားလိုက် လုပ်နေသော်လည်း တစ်နေ့တာ ကုန်ခါနီးအထိ မြည်းစမ်းကြည့်စရာ အရသာရှိသောအစားအစာများက များစွာကျန်နေသေးသည်။ သူတို့ ခဏနားပြီးမှ ဆက်၍စားရန် ဆုံးဖြတ်လိုက်သည်။
သို့သော် နေ့လယ်တွင် ရှန်းယွဲ့ထံသို့ သူ၏အတန်းဖော် ဖန့်မန်ထံမှ ဖုန်းဝင်လာသည်။
ဖန့်မန်သည်လည်း မမျှော်လင့်ပဲ ဟိုင်နန်သို့ ရောက်လာသည်ဟု ဆိုသည်။ သူမသည် သူတို့၏ အတန်းဖော်ဟောင်းအချို့ကိုလည်း ခေါ်လာကာ အတန်းပြန်လည်တွေ့ဆုံပွဲလုပ်ကြမည်ဟု ပြောလာသည်။ ရှန်းယွဲ့လည်း ဟိုင်နန်သို့ ရောက်နေသည်ဟုကြား၍ လာရန် ဖန့်မန်က ဖိတ်ခေါ်ခြင်းဖြစ်သည်။
ထိုမိန်းမသည် ရှန်းယွဲ့၏ပုံကို Weibo ပေါ်၌ တွေ့သွားသဖြင့် ရှန်းယွဲ့တစ်ယောက် ဟိုင်နန်၌ရှိနေသည်ကို သိကာ ရောက်လာခြင်းဖြစ်ပေလိမ့်မည်။
တကယ်တော့ နှစ်သစ်ကူးအကြိုညကပင် ရှန်းယွဲ့ထံသို့ ဖန့်မန်ဆီမှ ပျော်ရွှင်ဖွယ်နှစ်သစ်ဖြစ်ပါစေကြောင်း ဆုတောင်းစာနှင့် ရှန်းယွဲ့ မည်သည့်နေရာ၌ရှိနေသည်ကို မေးထားသော Wechat မက်ဆေ့ခ်ျ ဝင်လာခဲ့သော်လည်း ရှန်းယွဲ့က ဘာမှ ပြန်မပို့ခဲ့ချေ။
မမျှော်လင့်စွာပင် ထိုမိန်းမသည် ဤသို့ပင် ပြေးလာခဲ့တော့သည်။ တကယ်ပင် တွယ်ကပ်နိုင်လွန်းပါပေသည်။
ရှန်းယွဲ့သည် အတန်းပြန်လည်တွေ့ဆုံပွဲသို့ လုံးဝမသွားချင်ပေ။ ဖန့်မန်၏စိတ်ကို သူသိနေသည်။
သို့သော် ထန်ချောင်းချောင်းက ပြောသည်။
"ရှင့် အတန်းဖော်တွေ ရောက်နေမှတော့ သွားသာသွားလိုက်ပါ...မသွားလို့လည်း ရမှမရပဲ..."
"မင်းက ငါ့ကို တခြားမိန်းမတစ်ယောက်နဲ့တူတူ ပါတီပွဲကို တကယ်သွားစေချင်တာလား..."
ရှန်းယွဲ့က မျက်မှောင်ကျုံ့၍မေးလိုက်သည်။
ထန်ချောင်းချောင်း၏ အမူအယာကတော့ ပုံမှန်အတိုင်းပင်။
"ရှင့်အတန်းဖော်တွေကို မတွေ့ချင်ဘူးလား...သူတို့တွေက ဒီထိတောင် တကူးတက လာကြရတာကို...ပြီးတော့ ရှင်က တခြားမိန်းမတွေနဲ့ ပါတီပွဲတက်နေရင်တောင် ကျွန်မက ဘာမှစိတ်ပူစရာမရှိပါဘူး...တကယ်..."
ထန်ချောင်းချောင်းသည် ထိုသို့ပြောနေသော်လည်း သူမ၏ ရင်ထဲတွင်တော့ အနည်းငယ် မသက်မသာဖြစ်နေလေသည်။
"ဒါဆို ငါအဲ့ဒီကို သွားနေတုန်း မင်းက ဘာလုပ်နေမှာလဲ..."
ရှန်းယွဲ့က မေးလိုက်သည်။
ထန်ချောင်းချောင်းက ပြုံးလိုက်သည်။
"ဒီနေရာက အကျယ်ကြီးပဲကို...နေရာတိုင်းကိုတောင် ကျွန်မ မရောက်ရသေးဘူး...ကိုယ့်ဘာသာကိုယ် လျှောက်သွားနေမှာပေါ့..."
ရှန်းယွဲ့က ခဏမျှ စဉ်းစားလိုက်သည်။
"မင်း ငါနဲ့ လိုက်ခဲ့ရင်ရော..."
---
T/N: ဟိုင်နန်၏ ဒေသအစားအစာများ
https://www.youtube.com/watch?v=TD5ujCfsPaw
Xxxxxxxx