Chapter 124
ထူးဆန်းသောအမျိုးသမီး
ရှန်းယွဲ့က ထန်ချောင်းချောင်းကို မေးလိုက်သည်။
"မင်း ငါနဲ့လိုက်ခဲ့ရင်ရော ဘယ်လိုလဲ..."
ထန်ချောင်းချောင်းက ခဏမျှစဉ်းစားလိုက်ပြီးမှ ခေါင်းခါလိုက်သည်။
"ကျွန်မက ဘယ်လိုလုပ် လိုက်လို့ရမှာလဲ...ကျွန်မတို့ရဲ့ ဆက်ဆံရေးက လူကြားထဲကိုမှ ထုတ်မပြရသေးတာ..."
"ပြီးတော့ မစ္စဖန့်က ရှင်နဲ့တွေ့ဖို့ပဲရောက်လာတာလေ...ကျွန်မ လိုက်လာရင် အခြေအနေကို ဖျက်ဆီးလိုက်သလို မဖြစ်သွားဘူးလား..."
ရှန်းယွဲ့က မျက်မှောင်ကြုတ်လိုက်သည်။
"ဘာအခြေအနေကို မင်းက ဖျက်ဆီးသလိုဖြစ်ရမှာလဲ...ငါ့ရည်ရွယ်ချက်တွေကို မင်း နားမလည်ဘူးလား...ငါ့ကို အဲ့ဒီလို မျက်နှာများတဲ့လူလို့ မင်းက ထင်နေတာလား..."
ရှန်းယွဲ့ ဝမ်းနည်းသွားမိသည်။ ဤမျှ အချိန်ကြာမြင့်စွာ ထန်ချောင်းချောင်းနောက် လိုက်ခဲ့တာတောင်မှ ရှန်းယွဲ့သည် ယခုထိ တစ်ယောက်တည်းသာ အထီးကျန်နေရပေသည်။
ထန်ချောင်းချောင်ူ ရှန်းယွဲ့၏ စွပ်စွဲချက်များကို နားထောင်၍ ရှန်းယွဲ့၏ ခံစားချက်များကို ကစားနေမိသည်ဟု ရုတ်တရက် ခံစားလာရမိသည်။
"အမ်...မဟုတ်ဘူးလေ...ကျွန်မပြောတာက ရှင်တို့ အတန်းဖော်တွေ ဆုံမယ့်ပွဲမှာ ကျွန်မက လူစိမ်းဆိုတော့ ပွဲဖျက်သလိုဖြစ်နေမှာစိုးလို့ပါ..."
"ကောင်းပြီလေ...ဒါဆိုလည်း မလိုက်ချင်ရင်မလိုက်နဲ့ပေါ့...ဒါပေမယ့် မင်း အပြင်မှာတော့ စောင့်နေရမယ်...ငါ့မျက်နှာကိုပြပြီးတာနဲ့ ငါ ချက်ချင်းပြန်ထွက်လာမှာ..."
ရှန်းယွဲ့က အကြံတစ်ခုကို စဉ်းစားလိုက်မိသည်။
ထန်ချောင်းချောင်း: "ရှင် အဲ့ဒီလောက် စိတ်ပူနေစရာလိုလို့လား..."
"ငါ ဒီ တွေ့ဆုံပွဲကို သွားဖို့လုပ်တာ မင်းတိုက်တွန်းလို့နော်...ငါ အဲ့ဒီလို မရင်းနှီးတဲ့နေရာကို သွားပြီး အဖမ်းမခံရဘူး လို့ မင်း အာမခံနိုင်လို့လား..."
ထန်ချောင်းချောင်းက ပြောလိုက်သည်။
"ရှင်က ကျွန်မ မသိဘူးထင်လို့လား...အရပ်ဝတ်စုံနဲ့ သက်တော်စောင့်တွေ အများကြီး ရှင့်နောက်က တကောက်ကောက်လိုက်နေကြတာ...လုံခြုံရေးနဲ့ ပတ်သက်လို့တော့ လုံးဝစိတ်ပူစရာမရှိပါဘူး..."
ရှန်းယွဲ့သည် ထန်ချောင်းချောင်းအတွက်လည်း သက်တော်စောင့်များ ထားပေးထားသော်လည်း ထန်ချောင်းချောင်းက နောက်ပိုင်းတွင် တဖြည်းဖြည်း မျက်ခြေဖြတ်လိုက်သည်။
"မဟုတ်ဘူး..."
ရှန်းယွဲ့က ပြောလိုက်သည်။
"အစကတော့ သက်တော်စောင့်တွေရှိတယ်...ဒါပေမယ့် ငါ သူတို့ကို ဒီနေ့ ငါတို့နောက်ကို မလိုက်ခိုင်းထားဘူး..."
ရှန်းယွဲ့အတွက် ထန်ချောင်းချောင်းနှင့် နှစ်ယောက်တည်း ဈေးဝယ်ထွက်ဖို့ဆိုသည်မှာ ရှားပါးလွန်းသောကြောင့် သက်တော်စောင့်များကို တကောက်ကောက် လိုက်မနေစေချင်ခဲ့ပေ။
ရှန်းယွဲ့ သူ့ခြေထောက်များကိုကိုင်ကာ သနားစဖွယ် ဟန်ဆောင်၍ပြောလိုက်သည်။
"ဟေး...ငါနဲ့ ဈေးဝယ်ထွက်ရတာ မင်းအတွက် အရမ်းကို အခက်အခဲဖြစ်နေတာလား...ငါက ဒုက္ခပဲပေးတတ်တဲ့ အနှောင့်အယှက်ဆိုတာ ငါ့ဘာသာငါ သိပါတယ်လေ..."
"ကျွန်မမှာသာ အဲ့ဒီလို အတွေးမျိုးတွေရှိနေရင် မိုးကြိုးတွေ ပစ်ကုန်တော့မှာ..."
ထန်ချောင်းချောင်းက လက်လေးချောင်းထောင်ကာ ကျိန်ဆိုလိုက်သည်။
"နောက်ဆို အဲ့ဒီလို ဘယ်တော့မှမပြောနဲ့...လာ သွားမယ်..."
ရှန်းယွဲ့ကတော့ ကျိတ်၍သာ ရယ်လိုက်သည်။
တွေ့ဆုံပွဲ ပြုလုပ်သည့်နေရာသည် အတော်ပင် ရိုမန်းတစ်ဆန်လေသည်။ ထိုနေရာသည် သစ်သားဖောင်များပေါ်၌ တည်ဆောက်ထားသော ရေပေါ်စားသောက်ဆိုင်ဖြစ်သည်။ ဖြူဖွေးသော စားသောက်ဆိုင်နှင့် အပြာရောင်ကောင်းကင်နှင့် ပင်လယ်တို့က တစ်ခုနှင့်တစ်ခု လိုက်ဖက်ညီနေကြကာ အလွန်လှပနေပေသည်။
ထန်ချောင်းချောင်းက ရှန်းယွဲ့ ကားပေါ်က ဆင်းသွားသည်ကို ကြည့်နေမိသည်။ ခြေလှမ်း အနည်းငယ်မျှ လျှောက်ပြီးသောအခါ အမျိုးသားအချို့နှင့် အမျိုးသမီးအချို့တို့သည် ရှန်းယွဲ့ကို လာရောက်ကြိုဆိုလိုက်ကြသည်။ ဖန့်မန်ကတော့ အုပ်စု၏ ခေါင်းဆောင်ကဲ့သို့ ဖြစ်နေကာ ဆောင်းရာသီဖြစ်နေသော်လည်း ကြိုးမပါသည့် ရင်ပြတ်ဂါဝန်ကို ဝတ်ဆင်ထားသည်။
ဖန့်မန်က ရှန်းယွဲ့အား အပြေးအလွှား လာရောက်ကြိုဆိုသော်လည်း ရှန်းယွဲ့ကတော့ သူမကို မျက်နှာချင်းမဆိုင်ပေ။
ဖန့်မန်က ပြုံးလိုက်သည်။
"ငါ နင့်ကို ကြိုပြီး ချိန်းထားလိုက်ရမှာ...ဒါပေမယ့် နင် ဟိုင်နန်မှာ အကြာကြီးမနေမှာ ငါတို့က စိုးရိမ်နေလို့...နင် တကယ်ရောက်လာလိမ့်မယ်လို့တောင် မထင်ထားဘူး..."
ရှန်းယွဲ့၏မျက်နှာက အေးစက်တည်ငြိမ်နေသည်။
"ငါ့ရဲ့ အတန်းဖော်ဟောင်းတွေ ဖိတ်ထားတာပဲ...ငါက ဘာဖြစ်လို့ မလာရမှာလဲ..."
"ဟုတ်တာပေါ့...ရှန်းယွဲ့က သေချာပေါက်လာမှာပါ လို့ ငါပြောသားပဲ..."
အမျိုးသားများထဲမှ တစ်ယောက်က ရယ်၍ပြောလိုက်သည်။
"ဒီ အတန်းဖော်တွေ ပြန်တွေ့ဖြစ်ကြတာလည်း ဖန့်မန် စီစဉ်ပေးလို့...မဟုတ်ရင် ငါတို့က တစ်နှစ်လုံး ကမ္ဘာပတ်နေကြရတာ...ဒီလိုတွေ့ဖို့ဆိုတာ မလွယ်ဘူး..."
"အဓိကကတော့ ငါတို့ထဲမှာ အလုပ်အရှုပ်ဆုံး ရှန်းယွဲ့ပေါ့...ဖန့်မန်ပဲ သူ့ကို ခေါ်လို့ရတာ..."
နောက်တစ်ယောက်ကလည်း ဝင်ပြော၍ ဖန့်မန်ကို စိတ်ပါလက်ပါ ချီးကျူးလိုက်သည်။
ရှန်းယွဲ့ကတော့ မျက်နှာက ထူးမခြားနားပင်။
တစ်ယောက်က ဝင်ပြောလိုက်သည်။
"အပြင်မှာ မတ်တပ်ကြီးတွေ ရပ်မနေကြနဲ့လေ...အထဲဝင်ကြစို့..."
ထို့ကြောင့် လူတိုင်းက စားသောက်ဆိုင်ဆီသို့ လျှောက်သွားကြ၍ ရှန်းယွဲ့နှင့် ဖန့်မန်တို့က အနောက်နားမှ လျှောက်လာကြသည်။
ရှန်းယွဲ့က အနောက်သို့ လှည့်ကြည့်လိုက်သောအခါ ကားသည် ထွက်သွားပြီဖြစ်သည်။
ထန်ချောင်းချောင်းက အလျင်အမြန်ပင် ထွက်ပြေးသွားတော့သည်။
ထိုအမျိုးသမီးက စာနာစိတ် အနည်းငယ်မျှပင် မရှိပါလား။
"ဟပ်ချိုး..."
ထန်ချောင်းချောင်းသည် ရှန်းယွဲ့ သူမအကြောင်းကိုပြောနေမှန်းမသိသော်လည်း မနေနိုင်ပဲ နှာချေလိုက်မိသည်။
"မမလေး...နောက် ဘယ်သွားမှာလဲခင်ဗျ..."
ဒရိုင်ဘာက မေးလိုက်သည်။
သူမ၏ အပျော်စိတ်လေးများပင် မရှိတော့ချေ။
"ကားရပ်ဖို့ နေရာ အရင်ရှာလိုက်လေ...ပြီးရင် ကျွန်မ လျှောက်သွားနေလိုက်မယ်..."
"ဟုတ်ကဲ့..."
ဒရိုင်ဘာက ရိုသေစွာ ပြောလိုက်သည်။
ဖန့်မန်သည် ရှန်းယွဲ့တစ်ယောက် ချိုင်းထောက်များဖြင့် ဖြည်းဖြည်းချင်း လျှောက်နေသည်ကို ကြည့်ကာ ဝမ်းသာသောလေသံဖြင့် ပြောလိုက်သည်။
"နင့် ခြေထောက်တွေ တော်တော်ပြန်ကောင်းလာပြီ လို့ ငါသတင်းကြားပေမယ့် ဒီလို လမ်းတောင်လျှောက်နိုင်လိမ့်မယ်လို့တော့ ငါမမျှော်လင့်ထားဘူး...နင် လုံးဝပြန်ကောင်းဖို့ မကြာတော့ဘူးထင်တယ်..."
"အဲ့ဒီလိုလည်း မဟုတ်ပါဘူး..."
ရှန်းယွဲ့က အေးစက်စွာပြောလိုက်သည်။
"ဒီအခြေအနေအထိပဲ ပြန်ကောင်းဖို့က ဖြစ်နိုင်မှာ...ဒီ ချိုင်းထောက်တွေကို ငါ ဘယ်တော့မှ မသုံးပဲ နေလို့ရမှာမဟုတ်ဘူး..."
ဖန့်မန်: ...
ရှန်းယွဲ့က လှမ်းကြည့်လိုက်သည်။
"ဘာဖြစ်လို့လဲ...မင်း မျှော်မှန်းထားတာတွေနဲ့ တလွဲဖြစ်နေလို့ စိတ်ပျက်သွားတာလား..."
ဖန့်မန်၏ မျက်နှာကတင်းသွားသည်။ ရှန်းယွဲ့သည် သူမ၏ နှလုံးသားထဲကို ထိုးဖောက်မြင်လိုက်သကဲ့သို့ ခံစားလိုက်ရသည်။
"မဟုတ်ပါဘူး...နင့်ခြေထောက်တွေ နဂိုအတိုင်း ပြန်ကောင်းကောင်း မကောင်းကောင်း နင်က ငါ့နှလုံးသားထဲမှာ တူတူပါပဲ..."
ရှန်းယွဲ့၏ နှုတ်ခမ်းထောင့်များက တွန့်သွားကြသော်လည်း ဘာမှတော့ မပြောလိုက်ပေ။
အခြေအနေသည် သိပ်မကောင်းဖြစ်သွားသဖြင့် ဖန့်မန်က စကားလမ်းကြောင်း လွှဲလိုက်သည်။
"နင်က ဒီလိုဝတ်ထားတော့ ငါအဝေးက လှမ်းကြည့်တာ မှတ်တောင်မမှတ်မိဖြစ်သွားတယ်..."
ရှန်းယွဲ့ ခေါင်းငုံ့၍ သူ့ကိုယ်ပေါ်မှ အဝတ်အစားများကို ကြည့်လိုက်သည်။ သူ့နှုတ်ခမ်းများက အနည်းငယ်ပြုံးသွားကြသည်။
"စတိုင်ပြောင်းကြည့်ရတာလည်း ကောင်းပါတယ်...ပျော်ဖို့ကောင်းတယ်..."
ဖန့်မန်သည် ရှန်းယွဲ့၏မျက်နှာပေါ်မှ အပြုံးကိုကြည့်လိုက်သည်။ ရှန်းယွဲ့ကို ပြန်တွေ့ပြီးနောက် ပထမဆုံးတွေ့ရသော အပြုံးဖြစ်သည်။ သို့သော် ထိုအပြုံးက ဖန့်မန်အတွက် မဟုတ်သည်ကတော့ စိတ်မကောင်းစရာပင်ဖြစ်ပေသည်။ ထိုအကြောင်းကို စဉ်းစားမိတော့ ဖန့်မန် အနည်းငယ် ရင်နာသွားရသည်။
ဖန့်မန်က သွေးတိုးစမ်းသည့်အနေဖြင့် မေးလိုက်သည်။
"နင့်အတွက် ထန်ချောင်းချောင်း ရွေးပေးထားတာလား..."
သူမ၏ ဖက်ရှင်အမြင်သည် အတော်ပင် ဆိုးရွားလှသည်။
ဖန့်မန်သည် နှစ်သစ်ကူးအကြိုညဂီတပွဲသို့ ရှန်းယွဲ့ရောက်နေသည်ကို Weibo ပေါ်၌ တွေ့ခဲ့သော်လည်း မယုံခဲ့ချေ။
သို့သော် ထန်ချောင်းချောင်း၏နဖူးစည်းကို စည်းထားသော ရှန်းယွဲ့၏ ဓာတ်ပုံကို မျက်ဝါးထင်ထင် မြင်လိုက်ရသည့်အချိန်တွင်တော့ ယုံလိုက်ရတော့ကာ ရှန်းယွဲ့နှင့် ထန်ချောင်းချောင်းတို့၏ ဆက်ဆံရေးသည်လည်း အတင်းအဖျင်းသတင်းသာ မဟုတ်လောက်ကြောင်းကို ဝန်ခံရတော့မည်ဖြစ်သည်။
ထို့ကြောင့် ဖန့်မန်သည် လေယာဉ်လက်မှတ်များကို ညတွင်းချင်းဝယ်ယူကာ အတန်းဖော်ဟောင်းများကို ဆက်သွယ်၍ ဟိုင်နန်သို့ ရောက်ချလာတော့သည်။
ဖန့်မန်သည် မထင်မရှားမင်းသမီးလက်အောက်၌ အရှုံးခံလိုက်ရတော့မည်ကို သူမကိုယ်သူမ မယုံနိုင်ချေ။ အထူးသဖြင့် ယောင်္ကျားတစ်ယောက်ကို မှီခို၍သာ ရပ်တည်နိုင်သော ကြောင်တောင်တောင်ကောင်မလေးကို ရှုံးနိမ့်ရမည်ဆိုသည်မှာ ပို၍ပင် ဒေါသထွက်စရာဖြစ်နေလေသည်။
ရှန်းယွဲ့သည် ထန်ချောင်းချောင်း၏နာမည်ကို ကြားလိုက်သောအခါ မျက်နှာပေါ်မှအပြုံးက ပျောက်ကွယ်သွားသည်။
"မင်း မေးတာတွေ များနေပြီ..."
ဖန့်မန်၏ မျက်နှာထားကတော့ ဖတ်မရအောင် ရှုပ်ထွေးနေသည်။
ရှည်လျားသော ကုန်းပတ်ကို ဖြတ်ပြီးသောအခါတွင်တော့ နောက်ဆုံး၌ စားသောက်ဆိုင်ထဲ ရောက်သွားကြတော့သည်။
ထိုအချိန်၌ ထန်ချောင်းချောင်းသည် ထိုနေရာနား၌ လှည့်ပတ်သွားနေသည်။ ပင်လယ်ဘေး၏ ရှုခင်းအလှသည် လှပလွန်း၍ လမ်းဘေးရှိ အစားအစာများသည်လည်း အရသာရှိလွန်းနေသော်လည်း တစ်ခုခု လိုနေသလို ခံစားနေရသည်။
ဒီနေ့ ငါ အစားတွေ အများကြီးစားထားလို့များလား...
သူမ လန်းဆန်းစေသည့် ရေခဲအချိုပွဲကို ပျင်းရိပျင်းတွဲနှင့် လှမ်းယူလိုက်သည်။ ဤ ချိုချိုချဉ်ချဉ် အချိုပွဲများသည်ပင် ထန်ချောင်းချောင်းကို မဆွဲဆောင်နိုင်တော့ချေ။ သူမ၏ စိတ်သည် ရေပေါ်စားသောက်ဆိုင်သို့သာ ရောက်နေမိသည်။
ရှန်းယွဲ့က မျက်နှာပြ၍ စကားအနည်းငယ်ပြောပြီးသည်နှင့် ချက်ချင်းပြန်ထွက်လာမည်ဟု ပြောခဲ့သည်။ ယခု မိနစ် ၂၀ ခန့်ပင် ကြာနေသည်ဖြစ်သော်လည်း အခုထိ ဖုန်းခေါ်မလာသေးချေ။
ထန်ချောင်းချောင်းက ခဏမျှ စဉ်းစားလိုက်ပြီးမှ ပန်းကန်ကိုယူ၍ ကုန်စင်အောင်စားလိုက်ကာ ပိုက်ဆံရှင်း၍ ထွက်လာခဲ့လိုက်သည်။ ထို့နောက် ရေပေါ်စားသောက်ဆိုင်ဆီသို့ လျှောက်သွားလိုက်တော့သည်။
ထန်ချောင်းချောင်းသည် တစ်ခုခုဖြစ်နေမလားဟု စစ်ဆေးမည် ဟူ၍သာ စားသောက်ဆိုင်သို့ သွားနေခြင်းဖြစ်သည်။
ထို့အပြင် သူမသည် ဦးထုပ်နှင့် နေကာမျက်မှန် ဝတ်ထားသည်ဖြစ်သောကြောင့် သူမကိုလည်း သတိထားမိကြမည်မဟုတ်ပါ။
သူမ စားသောက်ဆိုင်ထဲသို့ ဝင်ကာ ချက်ချင်း လှည့်ပတ်ကြည့်လိုက်သည်။ ရှန်းယွဲ့နှင့် ဖန့်မန်တို့သည် ပြတင်းပေါက်နားရှိ ခုံ၌ ထိုင်နေကြသောကြောင့် အပြင်သို့ တစ်ချက်ကြည့်လိုက်ရုံနှင့် ပင်လယ်၏ရှုခင်းကို မြင်နေကြရသည်။
ရှန်းယွဲ့သည် တံခါးကို နောက်ကျောပေးထားသောကြောင့် ထန်ချောင်းချောင်းဝင်လာသည်ကို မြင်ရမည်မဟုတ်ချေ။ ထန်ချောင်းချောင်းသည် အခန်း၏တခြားတစ်ဖက်ရှိ ခုံတစ်ခုံ၌ဝင်ထိုင်ကာ မီနူးကို ကောက်ကိုင်၍ ဟင်းပွဲအချို့ကို မှာလိုက်သည်။
ဟင်းပွဲများကို စောင့်နေစဉ်တွင် ထန်ချောင်းချောင်းသည် ရှန်းယွဲ့ရှိသောစားပွဲကို အကဲခတ်နေမိသည်။
ရှန်းယွဲ့သည် ခုံ၏နောက်ကျောကို ပျင်းရိပျင်းတွဲမှီ၍ မျက်နှာသေဖြင့် ထိုင်နေသည်။
သူသည် ပြောစရာမလိုစွာပင် စားပွဲတစ်ခုလုံး၏ အဓိကလူကဲ့သို့ ဖြစ်နေ၍ သူ့ဘေးမှ လူများသည် ရှန်းယွဲ့အား စကားများအဆက်မပြတ်ပြောနေကြသော်လည်း ရှန်းယွဲ့ကတော့ ခေါင်းငြှိမ့်လိုက်၊ စကားတစ်ခွန်း နှစ်ခွန်း ပြန်ပြောလိုက်သာ လုပ်နေသည်။
ရှန်းယွဲ့၏ ရေခဲတုံးမျက်နှာကတော့ မပြောင်းမလဲပင်။
ဖန့်မန်က ရှန်းယွဲ့ဘေး၌ ထိုင်နေသည်။ သူတို့ပြောနေသည်များကို ထန်ချောင်းချောင်း မကြားရသော်လည်း ဖန့်မန်သည် ပါးစပ်ကို အုပ်၍ မကြာခဏ ရယ်မောနေသည်။ စားပွဲတစ်ခုလုံး၌ ဖန့်မန်သည် အပျော်ရွှင်ဆုံးလူသား ဖြစ်နေလေသည်။
ဖန့်မန်သည် ရှန်းယွဲ့အတွက် ဟင်းများကိုပင် ခပ်ထည့်ပေးနေသေးသည်။
ထိုအဖြစ်အပျက်ကိုမြင်သောအခါ ထန်ချောင်းချောင်းသည် စိတ်ထဲမှမစဉ်းစားပဲ ရုတ်တရက် မျက်မှောင်ကြုတ်မိသွားသည်။
သူတို့နှစ်ယောက်သည် ရိုးရိုးအတန်းဖော်များသာ ဖြစ်သည်ဟု ရှန်းယွဲ့ကပြောခဲ့သည်။ သို့သော် ထိုကဲ့သို့ သာမာန်အတန်းဖော်များသည် အချင်းချင်း ဤမျှ နီးကပ်စွာ ဟင်းများ ခပ်ထည့်ပေးနေပါမည်လား။
ယောင်္ကျားတွေရဲ့ပါးစပ်များ ယုံကိုမယုံရဘူး...လှည့်စားတတ်တဲ့ သရဲတွေ...
ထန်ချောင်းချောင်း ဒေါသထွက်ထွက်ဖြင့် ဆက်ကြည့်နေလိုက်သည်။
တစ်ဖက်တွင်တော့ ဖန့်မန်သည် တူဖြင့် ရှန်းယွဲ့၏ ပန်းကန်ထဲသို့ ဟင်းများ ထည့်ပေးနေသည်။
"နင် ဒါမျိုးကို ကြိုက်တတ်တာ ငါမှတ်မိတယ်...အဲ့ဒါကြောင့် ငါမှာထားလိုက်တာ...ဒါလေးရော နင်ကြိုက်မလားမသိဘူး စားကြည့်..."
"ဖန့်မန်က ဂရုစိုက်တတ်လိုက်တာ...အရင်တုန်းက ရှန်းယွဲ့စားတတ်တဲ့ ဟင်းတွေကို အခုထိ မှတ်မိနေသေးတယ်..."
တစ်စုံတစ်ယောက်က နောက်လိုက်သည်။
"မင်းကတော့ ရှန်းယွဲ့ကြိုက်တာတွေ ဘယ်မှတ်မိမလဲကွာ...ကျောင်းတုန်းက မင်းက ပန်ကိတ်နဲ့ ဂျုံချောင်းကြော်တွေပဲ တစ်နေကုန်စားနေရတာကိုးကွ ဟားဟားဟား..."
အခြားတစ်ယောက်က ပွင့်လင်းစွာ ပြန်နောက်ပြောင်လိုက်သည်။
"ငါက ရှန်းယွဲ့လို စားကောင်းသောက်ဖွယ်တွေ မစားရပဲ မကောင်းတာလေးတွေပဲ စားရတာပါကွာ...ရှန်းယွဲ့ကတော့ ထိပ်တန်းပစ္စည်းတွေနဲ့ လုပ်ထားမှ ပါးစပ်ထဲထည့်တာ..."
ရှန်းယွဲ့သည် သူ့ပန်းကန်ထဲသို့ ဖန့်မန်ထည့်ပေးထားသော ဟင်းများကို အေးစက်သည့် မျက်နှာဖြင့် လှမ်းကြည့်ကာ ပြောလိုက်သည်။
"တကယ်တော့ ငါလည်း ပန်ကိတ်နဲ့ ဂျုံချောင်းကြော်စားရတာ ကြိုက်ပါတယ်...ကြက်ဥနှစ်လုံးပါထည့်လိုက်ရင် အကောင်းဆုံးပဲ..."
ဒါပေမယ့် ထန်ချောင်းချောင်းကိုယ်တိုင်လုပ်ထားတဲ့ ဆော့စ်လည်း ပါရမှာပေါ့လေ...
စိတ်ထဲမှ ထပ်ဖြည့်ပြောလိုက်သည်။
ဖန့်မန် ထိုစကားများကြားသောအခါ တိတ်ဆိတ်သွားသည်။
သူငယ်ချင်းတစ်ယောက်က ပြုံးကာပြောလိုက်သည်။
"တရုတ်ပြည်ပြန်ရောက်ပြီးမှ ရှန်းယွဲ့လည်း အောက်ကျို့တတ်လာပြီဟေ့...အမိမြေရဲ့ အစားအစာတွေကတော့ အမြဲတမ်းအကောင်းဆုံး ဖြစ်နေမှာပဲ ထင်ပါရဲ့ကွာ..."
ရှန်းယွဲ့ အနည်းငယ်ပြုံးလိုက်သော်လည်း သူ့ပန်းကန်ထဲသို့ ဖန့်မန်ထည့်ပေးထားသော အစားအသောက်များကိုတော့ အစမှ အဆုံးအထိ လုံးဝ မထိလိုက်ပေ။
ထန်ချောင်းချောင်းသည် ရှန်းယွဲ့၏ တူများ လှုပ်ရှားသည်ကို မမြင်သောအခါ အနည်းငယ် နေသာထိုင်သာရှိသွားသည်။
ကြည့်ရသည်မှာ မစ္စဖန့်သည် ရှန်းယွဲ့၏ ဝမ်းဗိုက်နားကပ်နိုင်ဟန် မတူချေ။ ထန်ချောင်းချောင်း၏ လက်ရာများကို ကြာမြင့်စွာ စားလာရသောအခါ ရှန်းယွဲ့၏ ပါးစပ်သည် အကောင်းကိုသာ ကြိုက်တတ်နေတော့သည်။
Xxxxxxxxx