Chapter 125
မေ့နေသောအရာ
ထန်ချောင်းချောင်း ဤစားသောက်ဆိုင်၏ စပယ်ရှယ်ဟင်းပွဲကို မြည်းစမ်းကြည့်လိုက်သော်လည်း အရသာက သာမာန်ပင်ဖြစ်သည်။ သူတို့ မနက်ကစားခဲ့သည့် လမ်းဘေးဆိုင်လေးလောက်ပင် အရသာ မကောင်းချေ။
ပြန်လည်တွေ့ဆုံပွဲသည် ဆက်လက်ကျင်းပနေဆဲဖြစ်၍ အခန်းတွင်းမှ လူများသည် စကားများ အဆက်မပြတ် ပြောနေကြသည်။
ရှန်းယွဲ့သည် လက်ပတ်နာရီကို စိတ်မရှည်စွာ ကြည့်လိုက်သည်။ အချိန်ပင်တော်တော်ကုန်သွားပေပြီ။ ထန်ချောင်းချောင်းတစ်ယောက် ဘယ်ရောက်နေပြီလဲကိုတော့ မည်သူမှ သိတော့မည်မဟုတ်ချေ။ ရှန်းယွဲ့ကိုပင် မေ့သွားလောက်ပြီဖြစ်သည်။
ရှန်းယွဲ့တွေးနေသည်ကို ထန်ချောင်းချောင်းသာ ကြားလျှင်တော့ တကယ်အလိမ်ခံလိုက်ရသည်က သူမ ဖြစ်ကြောင်း ထအော်နေမည်ဖြစ်သည်။
ထိုအချိန်၌ ထန်ချောင်းချောင်းသည် သူမ မှာထားသော သံပခြုတ်ဟင်းပွဲက အရသာပုံမှန်မဟုတ် ဖြစ်နေသောကြောင့် စားပွဲထိုးနှင့် ရန်ဖြစ်နေလေသည်။
"ကျွန်မ စားပြီးပြီးချင်း အရသာကို သိလိုက်တာ...ဒီ သံပခြုတ်က လုံးဝမလတ်ဆတ်ဘူး...အပြင်မှာ နှစ်ရက်လောက် အနည်းဆုံး ထားထားတဲ့ အရသာကြီး..."
စားပွဲထိုးကလည်း ပြန်ငြင်းနေသည်။
"မဒမ်...ဒီဆိုင်က ပင်လယ်စာတွေက အလတ်ဆတ်ဆုံးတွေပါ...ဒီ သံပခြုတ်ကလည်း ဒီမနက်ကမှ လာပို့ထားတာ..."
"ကျွန်မကို ဘာမှနားမလည်တဲ့လူဆိုပြီး လိမ်ဖို့ကြိုးစားနေတာလား...ကျွန်မက ကျွမ်းကျင်စားဖိုမှူးနော်..."
အချို့ဟင်းပွဲများ၏အရသာသည် သိပ်မဆိုးလှသော်လည်း ဤသံပခြုတ်၏ အရသာကတော့ ခါးသက်နေ၍ သေတာ အချိန်အတော်ကြာနေသည့် အရသာထွက်နေသည်။
လုံးဝမဖြစ်သင့်သောနှင့် သည်းမခံနိုင်သော အရာပါပင်။
စားပွဲထိုး: "မဒမ်...သံပခြုတ်က ဒီလိုအရသာပါပဲ...မဒမ်က ဒီဟင်းပွဲကို အခုမှ စားဖူးပြီး အရသာကို မရင်းနှီးသေးလို့ နေမှာပါ..."
ထန်ချောင်းချောင်း ဆွံ့အသွားသည်။ ဤစားပွဲထိုးသည် စကားကို ကတ်သီးကတ်သတ် ပြောနေသည်ပဲ။
ထန်ချောင်းချောင်းသည် နေကာမျက်မှန်ကို ချွတ်ကာ ပြောလိုက်သည်။
"သံပခြုတ်ဆိုတာ အရမ်းကို ကောင်းတဲ့ အစားအစာလို့ ရှင်က ထင်နေတာလား...ရှင်က ကျွန်မကို အထင်သေးနေတာလား...ရှင့်ရဲ့ မန်နေဂျာနဲ့ ကျွန်မတွေ့ချင်တယ်..."
"မန်နေဂျာက ဒီမှာမရှိဘူး..."
စားပွဲထိုးက ပြောသည်။
"ဒါမှမဟုတ် ဟင်းပွဲအသစ်ကို ပြောင်းပေးရမလား..."
"ဟင်းပွဲအသစ်မှာလည်း သံပခြုတ်ကတော့ အချိန်တစ်ခုတည်းက ဖမ်းမိတဲ့ သံပခြုတ်တွေပဲ ပါမှာပဲ မဟုတ်ဘူးလား..."
သူမ ငတုံးမဟုတ်ပေ
ထန်ချောင်းချောင်းတစ်ယောက် စားပွဲထိုးနှင့် တီးတိုး ရန်ဖြစ်နေစဉ်မှာပင် ရှန်းယွဲ့သည် မသိစိတ်ဖြင့် ခေါင်းကိုလှည့်ကာ ထန်ချောင်းချောင်းရှိနေသည့် နေရာတည့်တည့်သို့ ကြည့်လိုက်သည်။ ထန်ချောင်းချောင်းသည် အလွန်လန့်သွားကာ မျက်နှာကို မီနူးဖြင့် ကပျာကယာ ကာလိုက်သည်။
ခဏကြာသောအခါမှ ရှန်းယွဲ့သည် ပြန်လှည့်သွား၍ ထန်ချောင်းချောင်းလည်း သက်ပြင်းချနိုင်တော့သည်။
နေပါဦး...ငါက ဘာဖြစ်လို့ အပြစ်ရှိတဲ့လူလို ကြောက်နေရတာလဲ...
အဘယ်ကြောင့်ဆိုသော် ရှန်းယွဲ့က ထန်ချောင်းချောင်းအား သူ့ကို အပြင်မှသာ စောင့်ရန် ပြောထားသောကြောင့်ပင်ဖြစ်သည်။
ထိုအချိန်တွင် စားသောက်ဆိုင်အပြင်ရှိ ကုန်းပတ်ပေါ်မှ လူတစ်ယောက်က အော်လိုက်သည်။
"လာကြည့်ကြ...ဒီမှာ လင်းပိုင်တွေရောက်နေတယ်..."
အထဲမှ ရှန်းယွဲ့နှင့် သူငယ်ချင်းများအပါအဝင် ဧည့်သည်များသည် လင်းပိုင်များကို ကြည့်ရန် အပြင်သို့ တစ်ယောက်ပြီး တစ်ယောက် ပြေးထွက်သွားကြတော့သည်။
လင်းပိုင်လေးအနည်းငယ်သည် စိမ်းပြာရောင်ရေထဲတွင် ကူးခတ်နေကြကာ ပျော်ရွှင်စွာဆော့ကစားနေကြသည်။ ဤရှားပါးသောမြင်ကွင်းကြောင့် ဧည့်သည်များသည် စားသောက်ဆိုင်အပြင်ရှိ ကုန်းပတ်ပေါ်တွင် စုဝေးကုန်ကြသည်။
ထန်ချောင်းချောင်းလည်း အပြင်သို့ သွားကြည့်ချင်စိတ်များ တဖွားဖွားပေါ်နေသည်။ သို့သော် ရှန်းယွဲ့နှင့် သူ၏ အတန်းဖော်များက အပြင်သို့ ထွက်သွားကြသောအခါ ထန်ချောင်းချောင်းသည် အသံကို မြှင့်၍ သံပခြုတ်မလတ်ဆတ်သည့်ကိစ္စနှင့် စားပွဲထိုးကို ပို၍ ဆူလိုက်သည်။
စားပွဲထိုးသည်လည်း ကူကယ်ရာမဲ့နေသည်။ သူမ၏ရှေ့မှ စားသုံးသူသည် လှည့်စား၍မရဖြစ်နေသည်။ ယခု၌ ထိုစားသုံးသူသည် ဖုန်းကို ထုတ်ကာ ဓာတ်ပုံများပင် ရိုက်နေတော့သောကြောင့် မှာယူထားသမျှကို ပိုက်ဆံမယူတော့ပဲ သေချာတောင်းပန်လိုက်ရသည်။
စားပွဲထိုးလေးသည် အမှားကို ဝန်ခံလိုက်သောကြောင့် ထန်ချောင်းချောင်းလည်း သူမ အရှက်ရအောင် ဆက်မလုပ်တော့ချေ။ ရှင်းစရာရှိသည်များကို ရှင်းပြီးသောအခါ တိတ်ဆိတ်စွာ ပြန်ထွက်သွားရန် စိတ်ကူးလိုက်သည်။
စားသောက်ဆိုင်၏ ပင်လယ်နှင့်နီးသောအခြမ်းသည် သစ်သားကုန်းပတ်များဖြင့် ပြည့်နေသည်။ ကုန်းပတ်ပေါ်၌ စားပွဲနှင့် ကုလားထိုင် အနည်းငယ်ရှိသော်လည်း ကာရံထားသော ခြံစည်းရိုးများမရှိချေ။ အချို့ဧည့်သည်များဆိုလျှင် ကုန်းပတ်ဘေးအစွန်းများ၌ပင် ထိုင်နေကြကာ ခြေထောက်များက လေထဲ၌ လွှဲရမ်းနေကြသည်။ လင်းပိုင်များက တစ်ခါတစ်ရံရေထဲမှ ခုန်ခုန်ထွက်လာသောကြောင့် လူများက ဝမ်းသာအားရ အော်ဟစ်နေကြသည်။
ထန်ချောင်းချောင်းသည် ရှန်းယွဲ့ရှိနေသောနေရာသို့ လှမ်းကြည့်ကာ အခြားဧည့်သည်များကြား၌ တမင်တကာ ပုန်းကွယ်နေလိုက်သည်။
လင်းပိုင်လေးများသည် ရေထဲ၌ ကူးခတ်နေကြသည်မှာ အလွန်ချစ်ဖွယ်ကောင်း၍ လူများကိုလည်း အကြောက်အလန့်မရှိကြချေ။
ထန်ချောင်းချောင်း လင်းပိုင်လေးများကို ခဏမျှ ချစ်ခင်စွာကြည့်ပြီးနောက် ရှန်းယွဲ့ဆီသို့ လှမ်းကြည့်လိုက်သည်။ ရှန်းယွဲ့သည်လည်း လင်းပိုင်လေးများကို စိတ်ဝင်စားနေသည့်ပုံဖြင့် ပင်လယ်ဆီကိုသာ ကြည့်နေသည်။ ဖန့်မန်က ရှန်းယွဲ့၏ဘေး၌ရပ်ကာ လင်းပိုင်များကို ညွှန်ပြနေသည်။ သူတို့ ဘာတွေပြောနေကြမှန်း မသိရသော်လည်း ရှန်းယွဲ့သည် အတော်စိတ်ဝင်စားနေပုံရကာ နှစ်ခါပင် ပြုံးလိုက်သေးသည်။
သူတို့နှစ်ယောက်ကို ကြည့်ရသည်မှာ အလွန်ပင် လိုက်ဖက်နေကြသည်။
ထန်ချောင်းချောင်းသည် စိတ်ထဲ၌ ကျိတ်၍ နှုတ်ခမ်းစူနေမိသည်။
ရေနဲ့ နီးနီးလေး ရပ်နေကြတာ...ပြုတ်ကျမှာ မကြောက်ဘူးလားမသိဘူး...ဟွန်း...
ရှန်းယွဲ့သည် အတန်းဖော်များ ပြန်လည်တွေ့ဆုံပွဲကို လုံးဝစိတ်မဝင်စား ဟု ပြောသွားခဲ့သည်။ ယခုတော့လည်း ပျော်ရွှင်နေပုံများ။ ရှန်းယွဲ့ ယခုထိ မပြန်ချင်သေးသည်မှာ မထူးဆန်းတော့ပါ။
တကယ်တော့လည်း ရှန်းယွဲ့၏ ဘေး၌ သူ့ကို အဖော်ပြုရန် မိန်းမချောလေး ရှိနေပြီမဟုတ်လား။
ယောင်္ကျားများသည် လူလိမ်လူညာအကြီးစားများပင် ဖြစ်ကြသည်။
ထန်ချောင်းချောင်းသည် ဤနေရာသို့ သူမ လိုက်လာစရာပင်မလို ဟု ရုတ်တရက် ခံစားမိသွားရသည်။ ထို့ကြောင့် ခဏမျှ စဉ်းစားပြီးသောအခါ ပြန်ထွက်သွားရန် ဆုံးဖြတ်လိုက်တော့သည်။ ထို့ကြောင့် ဒရိုင်ဘာအား မက်ဆေ့ခ်ျပို့လိုက်၍ စားသောက်ဆိုင်ရှေ့၌ လာကြိုရန်ပြောလိုက်သည်။ ရှန်းယွဲ့၏ ချိန်းဆိုမှု မပြီးခင်အထိ သူ၏ လှပသော အတန်းဖော်လေးနှင့် လင်းပိုင်များအကြောင်း ပြောခွင့်ပေးလိုက်ပါတော့မည်။
ထန်ချောင်းချောင်း ခဏမျှ စိတ်ဓာတ်ကျဆင်းသွားရသည်။ သူမ သည် အရှေ့တံခါးသို့ရောက်ရန် စားသောက်ဆိုင်ကို ကွေ့ပတ်၍ သွားမည်ဟု စီစဉ်လိုက်သည်။
ထန်ချောင်းချောင်း ထောင့်တစ်နေရာသို့ရောက်သွားသောအခါတွင် သူမ၏နောက်မှ "ဗွမ်း" ဟူ၍ တစ်စုံတစ်ခုက ရေထဲသို့ ကျသွားသည့် အသံပေါ်လာကာ လူများ၏ အော်ဟစ်သံများကိုလည်း ကြားလိုက်ရသည်။
"လူတစ်ယောက် ပင်လယ်ထဲကျသွားတယ်...ကယ်ကြပါဦး..."
"လုပ်ကြပါဦး..."
တစ်စုံတစ်ယောက်က အော်လိုက်သည်။
"တုတ်ကောက် ဘယ်မှာလဲ..."
တုတ်ကောက်ဆိုပါလား...
ထန်ချောင်းချောင်း၏ နှလုံးသားသည် ရုတ်တရက် တုန်လှုပ်သွားသည်။ ရှန်းယွဲ့များဖြစ်နေမလား။
ထန်ချောင်းချောင်းသည် ချက်ချင်းပင် ပြန်လှည့်ပြေးသွား၍ ကြည့်နေသူများကို အတင်းတိုးဝှေ့ကြည့်လိုက်သောအခါ ပင်လယ်ထဲ၌ မျောနေ၍ နစ်မြုပ်စပြုနေသော လူတစ်ယောက်၏ နောက်ကျောကိုသာ မြင်လိုက်ရတော့သည်။ ကုန်းပေါ်၌လည်း ရှန်းယွဲ့၏ အရိပ်အယောင်ကိုပင် မမြင်ရတော့ချေ။
ရေထဲမှလူသည် အနည်းကယ်ရုန်းကန်ပြီးသောအခါ မြုပ်စပြုနေတော့သည်။
ဤနေရာသည် ရေက တိမ်သည်ဟု ထင်ရသော်လည်း ပင်လယ်အောက်ရေစီးကြောင်းများက တော်တော်ဆိုးသည်။ သန္တာကျောက်တန်းများကလည်း ကျောက်တုံးများဖြင့်ပြည့်နေကာ အလွန်အန္တရာယ်များပေသည်။ ကျွမ်းကျင်ရေကူးသမားများပင် ဤကဲ့သို့သောရေပြင်ထဲသို့ လွယ်လွယ်ကူကူမဆင်းရဲကြချေ။
သို့သော် ထန်ချောင်းချောင်းကတော့ တုံ့ဆိုင်းခြင်း နည်းနည်းမှပင်မရှိချေ။ လက်များကို ဆန့်တန်းကာ ရေထဲသို့ ထိုးဆင်းသွားတော့သည်။ အေးစက်သော ရေများက ထန်ချောင်းချောင်း၏ခန္ဓာကိုယ်ကို အလျင်အမြန် ရစ်ပတ်ဝါးမျိုလိုက်ကြသည်။
ထန်ချောင်းချောင်းသည် တည့်မတ်စွာ ဒိုင်ဗင်ထိုး၍ ပင်လယ်ကြမ်းပြင်ပေါ်၌ နစ်သွားသောလူကို လိုက်ရှာနေလိုက်သည်။
ကုန်းပေါ်၌ရှိစဉ်ကတော့ ပင်လယ်သည် လှပ၍ အရောင်အသွေးစုံလင်လှသည်ဟု ထန်ချောင်းချောင်း ခံစားမိသည်။ သို့သော် ရေထဲရောက်သွားချိန်တွင်တော့ ပင်လယ်သည် နက်ရှိုင်း၍ အလွန်ကြောက်ဖွယ်ကောင်းမှန်း သိရတော့သည်။ ပို၍ကြောက်မက်ဖွယ်ကောင်းသည်က ပင်လယ်ထဲ၌ မမြင်ရသော အန္တရာယ်များ နေရာအနှံ့ရှိနေခြင်းပင် ဖြစ်သည်။
ထန်ချောင်းချောင်း ကြောက်လန့်လာမိသည်။ သူမသည် မျက်လုံးကို ဖွင့်၍ ဘေးပတ်ဝန်းကျင်၌ နေရာအနှံ့လိုက်ရှာနေမိကာ မကြာခင်တွင် ရေထဲသို့ ကျသွားသော လူ၏ပုံရိပ်ကို ရှာတွေ့သွားတော့သည်။ ထိုလူသည် ရေထဲသို့ တဖြည်းဖြည်း နစ်မြုပ်နေသည်။ ထန်ချောင်းချောင်းသည် ထိုလူရှိရာသို့ အမြန်ကူးသွားကာ ထိုသူ၏ ခါးကိုဖက်၍ ရေမျက်နှာပြင်ဆီသို့ ကိုယ်ဖော့၍ တက်သွားလိုက်သည်။
ထန်ချောင်းချောင်း ရေထဲမှ ပေါ်ပေါ်လာချင်းပင် ရင်းနှီးသောအသံတစ်သံကအော်ပြောနေသည်ကို ကြားလိုက်ရသည်။
"အဲ့ဒီ အမျိုးသမီးကို ဆင်းကယ်ပေးတဲ့ ဘယ်သူကိုမဆို ကျွန်တော် တစ်သန်း...မဟုတ်ဘူး ဆယ်သန်းပေးပါမယ်..."
ဆယ်သန်း...
ဤကဲ့သို့သော ဆုကြေးမျိုးနှင့်ဆိုလျှင် ဆင်းကယ်ပေးမည့် သတ္တိရှိသူများ မရှားပါ။ လူတစ်ယောက်က ချက်ချင်းပင် သူ၏ဖိနပ်များကို ချွတ်၍ ရေထဲဆင်းရန်ပြင်လိုက်သော်လည်း ထန်ချောင်းချောင်းက ပြန်ပေါ်လာပြီဖြစ်သည်။
"ချောင်းချောင်း..."
ထန်ချောင်းချောင်း အသံလာရာ ကုန်းပတ်ပေါ်သို့ ကြည့်လိုက်သောအခါ သူမကို ထိတ်လန့်စွာကြည့်နေသော ရှန်းယွဲ့ကို တွေ့လိုက်ရသည်။ ရှန်းယွဲ့သည် ကောင်းကောင်းမတ်တပ်မရပ်နိုင်သော်လည်း သူ၏ ချိုင်းထောက်များကို အောက်သို့ ချပေးနေသည်။
"ဒီဘက်ကို လာခဲ့...ငါ ဆွဲတင်ပေးမယ်..."
ထန်ချောင်းချောင်းသည် သူမ၏လက်ထဲမှ လူကို ပြန်ကြည့်လိုက်သည်။ ဖြစ်ချင်တော့ ထိုလူသည် ရှန်းယွဲ့ မဟုတ်၍ ရှန်းယွဲ့ ဝတ်ထားသည်နှင့် အနည်းငယ်ဆင်တူသော အဝတ်အစားများကိုသာ ဝတ်ထားခြင်းဖြစ်ပေသည်။
ထန်ချောင်းချောင်းသည် ယခုမှပင် စိတ်အေးသွားကာ သက်ပြင်းချနိုင်တော့သည်။
ထန်ချောင်းချောင်းသည် ထိုလူကို ဖက်၍ လူတိုင်း၏အကူအညီဖြင့် ကုန်းပေါ်သို့ ပြန်ရောက်လာသည်။
ရေထဲသို့ ကျသွားသောလူသည် သစ်သားပြားပေါ်၌ ပက်လက်လဲနေသည်။ သူ၏ ရည်းစားဖြစ်ပုံရသော ကောင်မလေးတစ်ယောက်က ထိုလူကို ချက်ချင်း လှမ်းဖက်ကာ ငို၍ ထိုလူ၏ နာမည်ကို အော်ခေါ်နေတော့သည်။ ဘေးမှလူများက အရေးပေါ်အသက်ကယ်တင်သည့်နည်းလမ်း လုပ်ရန် သတိပေးမှပင် ထိုမိန်းကလေးလည်း အလန့်တကြားဖြင့် ထလုပ်နေသည်။ အစတွင် အနေအထားက မမှန်ဖြစ်ကာ ကို့ရို့ကားယား ဖြစ်နေလေသည်။
ကံကောင်းထောက်မစွာပင် ထိုလူသည် အချိန်မှီကယ်တင်ခံလိုက်ရသည်။ ရင်ဘတ်ကို အခါအနည်းငယ်ဖိပြီးသောအခါ ပါးစပ်မှ ပင်လယ်ရေများပြန်ထွက်လာ၍ သတိပြန်ရလာလေသည်။ ထိုလူ၏ကောင်မလေးကတော့ ပျော်ရွှင်စွာ ငိုကြွေးနေတော့သည်။
ထိုအချိန်မှာပင် စားသောက်ဆိုင်၏အခြားတစ်ဘက်၌ ရှန်းယွဲ့သည် ထန်ချောင်းချောင်းအား အထဲသို့ ခေါ်သွား၍ အဖြူရောင်တဘက်ကြီးဖြင့် လွှမ်းခြုံပေးလိုက်သည်။ ရှန်းယွဲ့သည် နောက်ထပ် မျက်နှာသုတ်ပဝါတစ်ထည်ကို ယူ၍ ထန်ချောင်းချောင်း၏ခေါင်းကို ခပ်ကြမ်းကြမ်း သုတ်ပေးလိုက်သည်။
ရှန်းယွဲ့၏ ရိုင်းပျမှုကြောင့် ထန်ချောင်းချောင်း နာကျင်သွားသည်။
"အား...ဖြည်းဖြည်းလုပ်ပါ..."
ရှန်းယွဲ့သည် ထန်ချောင်းချောင်းပြောသည်ကို ကြားသောအခါ အားကိုလျှော့လိုက်သော်လည်း မျက်နှာကတော့ မကြည်မလင် ဖြစ်နေသေးသည်။
"ရှင့်မျက်နှာက ဘာဖြစ်လို့ စူပုပ်နေရတာလဲ...လူတွေကို ကယ်ရတာ ကောင်းတဲ့အလုပ်လေ..."
ထန်ချောင်းချောင်းက ခပ်တိုးတိုးပြောလိုက်သည်။
ရှန်းယွဲ့သည် ခဏရပ်လိုက်ကာ နောက်ဆုံး၌ သည်းမခံနိုင်ပဲ ပြောလိုက်မိတော့သည်။
"ပင်လယ်ကြမ်းပြင်ရဲ့ အောက်ရေစီးကြောင်းတွေက ဘယ်လောက် အန္တရာယ်များလဲ မင်းသိရဲ့လား...အရှေ့မှာ လူတွေ ဘယ်နှယောက်တောင် သေခဲ့ပြီးပြီလဲ...တခြားလူတွေဆို အဲ့ဒီလောက် လွယ်လွယ်ကူကူ မဆင်းသွားရဲကြဘူး...မင်း ဘာဖြစ်လို့ အဲ့ဒီလောက်တောင် အကျိုးအကြောင်းမဲ့ လုပ်ရတာလဲ..."
"မင်း ပြန်မတက်လာနိုင်ရင် ဘယ်လိုလုပ်မလဲ..."
ယခုထိပင် ရှန်းယွဲ့၏ ကြောက်လန့်တုန်လှုပ်စိတ်များက မပျယ်သေးချေ။ တကယ်တော့ စားပွဲထိုးနှင့် ရန်ဖြစ်နေသော အမျိုးသမီးသည် အနည်းငယ် သံသယဝင်စရာကောင်းနေကာ အသံကလည်း ထန်ချောင်းချောင်း၏အသံနှင့် ဆင်တူနေသည်။ ထို့ကြောင့် ရှန်းယွဲ့သည် အပြင်ထွက်၍ လင်းပိုင်များကို ကြည့်ပြီးသောအခါ အထဲသို့ ပြန်ဝင်၍ ထိုအမျိုးသမီးကို ရှာရန်ဆုံးဖြတ်လိုက်သည်။
စားသောက်ဆိုင်ထဲသို့ ပြန်ရောက်သွားသောအခါ ရှန်းယွဲ့သည် ထန်ချောင်းချောင်း၏အရိပ်ကိုပင် ရှာမတွေ့သော်လည်း အပြင်မှ ဆူညံသံများကို ကြားလိုက်ရသည်။ ဘာဖြစ်သည်လဲ လှမ်းကြည့်လိုက်သောအခါ ထန်ချောင်းချောင်း ပင်လယ်ထဲသို့ ခုန်ဆင်းသွားသည်ကို ပြန်တင်းပေါက်မှတစ်ဆင့် တွေ့လိုက်ရတော့သည်။
ထိုအချိန်၌ ရှန်းယွဲ့သည် နှလုံးသားသည် ရပ်တန့်သွားတော့မတတ်ပင် ဖြစ်သွားရသည်။
ရှန်းယွဲ့သည် မတော်တဆမှုဖြစ်သောနေရာသို့ အမြန်လျှောက်သွားလိုက်သည်။ သူ့ဘေးကလူက အမျိုးသမီးတစ်ယောက်သည် လူတစ်ယောက်ကိုကယ်ရန် ရေထဲသို့ ဆင်းသွားသည်ဟု ပြောနေသော်လည်း ရေမျက်နှာပြင်၌ မည်သူ့ကိုမှ မတွေ့ရချေ။
ထိုအချိန်၌ ရှန်းယွဲ့၏ ခေါင်းသည် အသံများဆူညံနေတော့သည်။ ထိုမိနစ်ပိုင်းလေးသည် ရှန်းယွဲ့ဘဝ၏ အရှည်ကြာဆုံးအချိန်များဖြစ်သည်ဟု ခံစားနေရသည်။
ထန်ချောင်းချောင်းတစ်ယောက် ပင်လယ်ထဲခုန်ဆင်းသွားသည်ကို သူ ဘာမှမလုပ်ပဲ ဒီတိုင်းထိုင်မကြည့်နေနိုင်သော်လည်း သူကိုယ်တိုင်ကလည်း ဆင်းကယ်၍မရချေ။ ရှန်းယွဲ့သာ ပင်လယ်ထဲ ဆင်းလိုက်ပါက ထန်ချောင်းချောင်းကို ပို၍ဒုက္ခပေးသကဲ့သို့ပင် ဖြစ်သွားပေလိမ့်မည်။ ထို့ကြောင့် တစ်မိနစ်ခန့်စောင့်ပြီးသောအခါ ရှန်းယွဲ့သည် ထန်ချောင်းချောင်းကို ကယ်ပေးမည့်လူအား ငွေကြေးများစွာပေးမည်ဟု အော်ပြောလိုက်မိတော့သည်။
ထန်ချောင်းချောင်းရေထဲမှ ဘာမှမထိခိုက်မနာကျင်ပဲ ပြန်တက်လာသောအခါမှပင် ရှန်းယွဲ့ရင်ထဲမှ အလုံးလည်း ကျသွားတော့သည်။
"ထန်ချောင်းချောင်း...မင်းက အားသန်မာနေတာနဲ့ပဲ အကုန်လုံးကိုလုပ်နိုင်နေတယ်လို့ မင်းထင်နေတော့တာလား..."
ဤအမျိုးသမီးကို မှတ်လောက်သားလောက်အောင် ဆုံးမရပေဦးမည်။
"အဲ့တော့ အဲ့ဒီလူကို ဒီတိုင်းပဲ သေအောင် ပစ်ထားလိုက်ရမှာလား...ပြီးတော့ အဲ့ဒီလူက ရှင်ဖြစ်နေတယ် ထင်လို့လေ..."
ထန်ချောင်းချောင်း၏စကားများက ရှန်းယွဲ့၏ပါးစပ်ကို အောင်မြင်စွာ ပိတ်သွားစေတော့သည်။
ထန်ချောင်းချောင်းကြားလိုက်သော "တုတ်ကောက်" ဆိုသည်မှာ တစ်စုံတစ်ယောက်က ရှန်းယွဲ့၏ ချိုင်းထောက်ကိုငှား၍ ရေထဲမှလူကို ဆွဲတင်ရန် ပြောနေခြင်းသာ ဖြစ်နေသည်။
"ရှင်မဟုတ်လို့ တော်သေးတာပေါ့..."
ရှန်းယွဲ့သာဖြစ်နေခဲ့လျှင်တော့ သူ၏ခြေထောက်များကြောင့် အခြေအနေပိုဆိုးကာ လျင်မြန်စွာပင် ရေအောက်သို့ နစ်သွားမည်ဖြစ်သည်။
Xxxxxxxx