အပိုင်း ၁၂၆
Viewers 24k

Chapter 126


ရှန်းယွဲ့၏ ‌ဆူပွက်နေသောဒေါသများကို ထန်ချောင်းချောင်းက လျင်မြန်စွာပင် ငြှိမ်းသတ်လိုက်တော့သည်။


 ရှန်းယွဲ့ သက်ပြင်းချလိုက်သည်။ ဤအမျိုးသမီးသည် တကယ်ပင်...သူ့ကို တစ်ချိန်တည်း၌ ဒေါသထွက်၍ ချစ်မိအောင် လုပ်တတ်ပေသည်။


"နောက်ဆိုရင် ငါ့အတွက်နဲ့ဆိုရင်တောင်မှ မင်းကိုယ်မင်း အန္တရာယ်ရောက်အောင် မလုပ်ပါနဲ့..."


ရှန်းယွဲ့က မျက်နှာတည်တည်နှင့် ပြောလိုက်သည်။


ထန်ချောင်းချောင်းက တောက်ပသောမျက်လုံးများဖြင့် ပြန်ပြောလိုက်သည်။


"အခြေအနေက ခုနလို အခြေအနေမျိုးဆိုရင်တော့ ကျွန်မကတော့ ခုန်ဆင်းဦးမှာပဲ...တခြားလူတွေကို ကူညီရတာ ပျော်ရွှင်မှုရဲ့ အရင်းအမြစ်ပဲလေ..."


ထန်ချောင်းချောင်းသည် ရှန်းယွဲ့အား တကယ်ပင် ဒေါသထွက်အောင် လုပ်နိုင်ပါပေသည်။


ထိုအချိန်၌ ဖန့်မန်သည် သူတို့နားသို့ တိတ်ဆိတ်စွာလျှောက်လာကာ ထန်ချောင်းချောင်းအား ရေနွေးပူပူတစ်ခွက် ကမ်းပေးလိုက်သည်။


"ကျွန်မ စားသောက်ဆိုင်ကိုသွားပြီး ရေနွေးတစ်ခွက်တောင်းလာခဲ့တယ်...ဒါလေးသောက်လိုက်ရင် နေလို့ပိုကောင်းသွားမှာပါ..."


ထန်ချောင်းချောင်းက လှမ်းယူလိုက်သည်။


"ကျေးဇူးတင်ပါတယ်..."


ဖန့်မန်က ယဉ်ကျေးသော အပြုံးဖြင့် ပြောလိုက်သည်။


"တိုက်ဆိုင်လိုက်တာနော်...ကျွန်မက ထန်ချောင်းချောင်းကို ဒီလို စားသောက်ဆိုင်မျိုးမှာ ညစာလာမစားလောက်ဘူးထင်ထားတာ..."


ရှန်းယွဲ့က ခပ်တည်တည်ပင် ပြောလိုက်သည်။


"သူက ငါနဲ့တူတူလာတာ..."


ဖန့်မန်က ပြောလိုက်သည်။


"ဒါဆိုလည်း ဘာဖြစ်လို့ ကျွန်မတို့နဲ့ လာမထိုင်တာလဲ...ကျွန်မတို့က သူငယ်ချင်းဖြစ်နေကြပြီထင်တာ ညီမက အခုထိ အပြင်လူလို ‌နေနေတာကိုး..."


ထန်ချောင်းချောင်းက တည်ငြိမ်စွာပင် ပြန်ပြောလိုက်သည်။


"အစ်မကို အနှောင့်အယှက်ပေးမိမှာ စိုးလို့ပါ..."


ဖန့်မန်သည် မျက်နှာပျက်သွားသော်လည်း အမျိုးသမီး၏အိန္ဒြေရှိသည့်ပုံစံကိုတော့ ထိန်းထားလိုက်နိုင်သည်။ ဖန့်မန်၏စိတ်ထဲ၌ ထန်ချောင်းချောင်းက လူကိုကယ်ရန် ပင်လယ်ထဲခုန်ဆင်းသွားစဉ်က ရှန်းယွဲ့ကို ပြန်မြင်ယောင်နေမိသည်။ ထိုအချိန်က ရှန်းယွဲ့၏ အလွန်စိတ်ပူနေသောမျက်နှာသည် ရှန်းယွဲ့၏နှလုံးသားထဲ၌ရှိနေသော ထန်ချောင်ချောင်း၏ နေရာကို သူမ အထင်သေးနေမိမှန်း ဖန့်မန်သိသွားရသည်။ ဖန့်မန်သည် ထန်ချောင်းချောင်းအား တကယ်ပင် ယှဉ်ပြိုင်နိုင်ဟန်မတူတော့ပါချေ။


"ရှန်းယွဲ့...ဒီမိန်းမချောလေးက ဘယ်သူလဲ...ငါတို့ကိုလည်း မပြောပါလားကွ..."


အခြားအတန်းဖော်တစ်ယောက်က အနားသို့လျှောက်လာကာ ပြောလိုက်သည်။


"မိတ်ဆက်တာတွေကျော်လိုက်ပါကွာ...ဒါက သတင်းခေါင်းစီးတွေမှာ ပါနေတတ်တဲ့ ရုပ်ရှင်မင်းသမီးလေ...သူက ငါတို့ ရှန်းယွဲ့နဲ့ အရမ်းရင်းနှီးတာကွ..."


နောက်တစ်ယောက်က စနောက်သည့်ဟန်ဖြင့် ပြုံးကာပြောလိုက်သည်။


ထန်ချောင်းချောင်းသည် ထိုအမျိုးသားများ နောက်ပြောင်နေကြသည်ကို နားထောင်ရင်း မျက်မှောင်ကြုတ်လိုက်မိသည်။ ယောင်္ကျားများ၏ ထိုသို့သော ပုံစံသည် ထန်ချောင်းချောင်းအား စိတ်တိုစေသည်။


"သွားကြရအောင်..."


ရှန်းယွဲ့၏မျက်နှာက ပြန်အေးစက်သွားပြန်သည်။


"အင်း..."


ထန်ချောင်းချောင်းသည်လည်း ထိုယောင်္ကျားများကြောင့် ကြာကြာမနေချင်တော့ပေ။ ထို့အပြင် ခုနက ရေထဲခုန်ချထားသောကြောင့်လည်း လူများက သူမ အား မှတ်မိသွားနိုင်ပေသည်။ မလိုအပ်သော ဒုက္ခများမရောက်ခင် အမြန်ပြန်သွားရသည်က ပိုကောင်းပေမည်။


"နင်တို့ ပြန်ကြတော့မလို့လား...'


ဖန့်မန်က ရှက်ရွံ့စွာ ပြုံးလိုက်သည်။


"ချောင်းချောင်းက အခုထိ ရေတွေစိုနေတုန်း ရှိသေးတာ...အင်္ကျီမလဲရင် အအေးမိသွားဦးမယ်..."


ရှန်းယွဲ့က မတုန်မလှုပ်ပင် ပြန်‌ပြောလိုက်သည်။


"စိတ်မပူပါနဲ့...ငါတို့ဘာသာ ကြည့်လုပ်လိုက်ပါမယ်..."


ထို့နောက် ရှန်းယွဲ့နှင့် ထန်ချောင်းချောင်းတို့သည် ဘေးချင်းယှဉ်၍ အတူတူ ထွက်သွားကြတော့သည်။ ဖန့်မန်ကတော့ သူတို့၏နောက်ကျောများကို ကြည့်ကာ အထီးကျန်စွာ ကျန်ခဲ့လေသည်။


ဒရိုင်ဘာက အပြင်၌ ကြာမြင့်စွာ စောင့်‌နေခဲ့၍ ကားထဲ၌လည်း အဝတ်အစားအပိုများ ရှိနေသည်။


ထန်ချောင်းချောင်းက ကားပေါ်သို့ အရင်တက်ကာ ရေစိုနေသော အဝတ်များကို လဲလိုက်သည်။ ပြီးမှ ရှန်းယွဲ့နှင့် ဒရိုင်ဘာတို့က ကားထဲ ဝင်လာကြသည်။


စံအိမ်သို့ ပြန်ရောက်သောအခါ ရှန်းယွဲ့က အတင်းတိုက်တွန်းသောကြောင့် ထန်ချောင်းချောင်း ရေနွေးဖြင့် ရေချိုးလိုက်ရသည်။


တကယ်တော့ သူမ ချမ်းမနေပေ။ သူမ၏ ဝိဉာဉ်စွမ်းအားများဖြင့် ခန္ဓာကိုယ်ကို ခြောက်သွေ့အောင် လုပ်လိုက်ပြီး ဖြစ်သည်။


သို့သော် ရှန်းယွဲ့က မသိချေ။ ထန်ချောင်းချောင်း မဖျားစေရန် ဂျင်းနှင့်သကြားညိုကိုပင် ရော၍ ကြိုပေးလိုက်သေးသည်။


"ရှင်ကိုယ်တိုင်လုပ်ထားတာလား..."


ထန်ချောင်းချောင်းက တစ်ငုံသောက်လိုက်ရာ အချိုအရသာလေးအနည်းငယ်ပါသော ဂျင်း၏အစပ်အရသာက ပါးစပ်ထဲသို့ အပြေးအလွှားဝင်လာသည်။


"ဘယ်ဆိုးလို့လဲ...ကျွန်မရဲ့ လွှမ်းမိုးမှုအောက်မှာ ရှင့်ရဲ့ ဟင်းချက်လက်ရာတွေ တော်တော်တိုးတက်နေပြီထင်တယ်..."


"ဟုတ်တယ်...ဒါတွေအကုန် ဆရာမကြီးထန် သင်ပေးထားတာလေ...မြန်မြန်သောက်လိုက်ပါ..."


ရှန်းယွဲ့က ထန်ချောင်းချောင်းအား စိုက်ကြည့်ကာ ဂျင်းသကြားပြုတ်ရည်ကို ထန်ချောင်းချောင်း ကုန်အောင်သောက်ပြီးသွားမှပင် စိတ်အေးသွားရသည်။


ထို့နောက် ရှန်းယွဲ့က အတန်ကြာစဉ်းစားပြီး ပြောလိုက်သည်။


"တခြား ဘာကိစ္စမှမဖြစ်ရင် ပေကျင်းကို ဒီနှစ်ရက်အတွင်း ပြန်ရအောင်..."


ထန်ချောင်းချောင်းက ခေါင်းငြှိမ့်လိုက်သည်။


ရှန်းယွဲ့သည် လီကျိအား ခေါ်ဖို့ပြင်လိုက်သည်။ သို့‌သော် သူ့ခန္ဓာကိုယ်ကို စမ်းသပ်ပြီးသောအခါ မျက်နှာက ပြောင်းသွားသည်။


သူ၏ ဆဲလ်ဖုန်း ဘယ်မှာနည်း။


ထန်ချောင်းချောင်း: "ဘာဖြစ်လို့လဲ..."


ရှန်းယွဲ့က သေချာစဉ်းစားလိုက်သည်။ ဖြစ်နိုင်ချေအရှိဆုံးက ဖုန်းသည် စားသောက်ဆိုင်၌ ပြုတ်ကျကျန်ခဲ့ခြင်းသာ ဖြစ်ပေမည်။


ထိုအချိန်တုန်းက ရှန်းယွဲ့သည် စားသောက်ဆိုင်ထဲ ပြန်ဝင်သွားသော်လည်း သူ ထန်ချောင်းချောင်းဟု သံသယရှိသည့် အမျိုးသမီးကို ‌မတွေ့တော့ချေ။ ထို့ကြောင့် ဖုန်းကိုထုတ်ကာ ထန်ချောင်းချောင်းကို ခေါ်မည်ပြင်စဉ်တွင် ထန်ချောင်းချောင်းက ရေထဲသို့ ခုန်ဆင်းသွားသည်ကို မြင်လိုက်ရသည်။ ရှန်းယွဲ့သည်လည်း အပြင်သို့ အမြန်ပြန်ထွက်သွားသောကြောင့် ဖုန်းကို စားပွဲပေါ်၌ ထားခဲမိသည်။ ထို့နောက် ထန်ချောင်းချောင်း ကုန်းပေါ်သို့ ပြန်တက်လာသောအခါ နှစ်ဦးသားသည် ထိုစားပွဲဆီသို့ ပြန်မလာတော့ပဲ ထွက်လာခဲ့ကြတော့သည်။


"ငါ့ဖုန်းက စားသောက်ဆိုင်မှာပဲ ကျန်ခဲ့တာနေမှာပါ..."


ရှန်းယွဲ့ကပြောလိုက်သည်။


ထန်ချောင်းချောင်း: "ဖန့်မန်များ ယူထားပေးမလားမသိဘူး...သူက ကျွန်မတို့နောက်မှ ပြန်တာပဲ..."


ရှန်းယွဲ့က မျက်မှောင်ကြုတ်လိုက်သည်။


"အဲ့ဒါလည်း ဖြစ်နိုင်တာပဲ..."


ထန်ချောင်းချောင်း: "ကျွန်မ ရှင့်ဖုန်းကို ခေါ်ကြည့်လိုက်မယ်လေ...ဘယ်သူ့ဆီရောက်နေလဲ သိရတာပေါ့..."


သို့သော် ထန်ချောင်းချောင်းက ဖုန်းခေါ်မည်လုပ်ဆဲမှပင် အစ်ကိုချမ်၏ဖုန်းက ဝင်လာသည်။ သူမ၏ အေးဂျင့်ဖုန်းဆိုတော့လည်း မကိုင်၍ မရပေ။


အစ်ကိုချမ်၏ ကျယ်လောင်သောအသံက ဖုန်းမှတစ်ဆင့် ထွက်ပေါ်လာသည်။


"ချောင်းချောင်း...နင် သတင်းတွေပေါ်ရောက်နေပြန်ပြီ...နင့်ဘာသာနင် သွားကြည့်လိုက်ဦး..."


ထန်ချောင်းချောင်းသည် သတင်းက သူမ ‌ပင်လယ်ထဲခုန်ဆင်း၍ တစ်စုံတစ်ယောက်ကို ကယ်ခဲ့သည့် သတင်းများဖြစ်နေမလား ဟု တွေးလိုက်မိသည်။ သတင်းပြန့်တာ အလွန်မြန်လှပါလား။


အစ်ကိုချမ်က ထန်ချောင်းချောင်းအား ထိုသတင်းထုတ်လွှင့်နေသည့် မီဒီယာ၏ Weibo အကောင့်ကို ပေးလိုက်ကာ ထန်ချောင်းချောင်းက ရှာကြည့်လိုက်သည်။ ထိုမီဒီယာသည် ပရိသတ်များစွာရှိသော ဟိုင်နန်အခြေစိုက် သတင်းဌာနတစ်ခုဖြစ်သည်။


ထိုမီဒီယာသည် သတင်းကို တိုက်ရိုက်ထုတ်လွှင့်နေ‌သည်။ ထန်ချောင်းချောင်းကြည့်လိုက်သည့်အချိန်တွင် သူမ ကယ်ခဲ့သည့် လူနှင့် သူ့ကောင်မလေးအား အင်တာဗျူးနေချိန်ဖြစ်သည်။


ထိုလူက ပြောနေသည်။


"ကျွန်တော် တကယ်ကျေးဇူးတင်မိပါတယ်ဗျာ...ကျွန်တော်က ကြက်လိုပဲ ရေအရမ်းကြောက်တာဗျ...အဲ့ဒီ ညီမကြောင့်သာမဟုတ်ရင် ကျွန်တော် အခုလို စကားပြောနေနိုင်မှာတောင်မဟုတ်ဘူး..."


ထိုလူ၏ ကောင်မလေးကလည်း ဆက်ပြောလိုက်သည်။


"အဲ့ဒီအချိန်တုန်းက ကျွန်မလည်း အရမ်းလန့်ပြီး သူ့ကို အရေးပေါ်အ‌သက်ကယ်နည်းနဲ့ လေရှူသွင်းပေးနေတာ...နောက် ကျွန်မတို့ သတိရတော့ အဲ့ဒီညီမလေးက မရှိတော့ဘူး...အဲ့ဒါကြောင့် ကျွန်မတို့ အဲ့ဒီညီမလေးကို သေချာလိုက်ရှာပြီး ကျေးဇူးတင်စကားပြောချင်ပါသေးတယ်..."


သတင်းထောက်က စိတ်လှုပ်ရှားစွာမေးလိုက်သည်။


"ဒီက အစ်ကိုကို ကယ်ပေးခဲ့တဲ့လူက ရုပ်ရှင်မင်းသမီး ထန်ချောင်းချောင်း လို့ ကျွန်မ ကြားနေရတယ်...ဘယ်လိုတွေ ဖြစ်သွားတာလဲရှင့်..."


မီဒီယာသည် ယခု ရေနစ်သည့်သတင်းကို ရိုးရိုးသာမာန်သတင်းဟုသာ ထင်နေခဲ့သည်။ စားသောက်ဆိုင်ဘေး၌ တစ်စုံတစ်ယောက် ရေထဲကျသွားသည်ဟု သတင်းကြားသောအခါ အင်တာဗျူးရန်သွားရောက်ခဲ့သည်။ သို့သော် ထိုသတင်းသည် နာမည်ကြီး ရုပ်ရှင်မင်းသမီးနှင့် သက်ဆိုင်နေလိမ့်မည်သုသော မထင်ခဲ့ချေ။ ထိုကဲ့သို့သော သတင်းမျိုးကို အသုံးမချလျှင် သတင်းထောက် ပီသတော့မည်မဟုတ်ချေ။


ရေနစ်သူ၏ ရည်းစားဖြစ်သူ အမျိုးသမီးက ပြောလိုက်သည်။


"ကယ်ပေးတဲ့ ညီမလေး ရေထဲက ပြန်တက်လာတော့ သူ့အဖော်က ချောင်းချောင်းလို့ ခေါ်လိုက်တာကိုတော့ ကျွန်မ ကြားလိုက်တယ်...တခြားတစ်ယောက်ကလည်း အဲ့ဒီ ညီမလေးရဲ့ မျက်နှာကို မြင်လိုက်တာ ထန်ချောင်းချောင်းနဲ့ တစ်ပုံစံတည်း တူတယ်လို့ပြောတယ်..."


"ဪ...ပြီးတော့ သူ့ရဲ့ အဖော်ကလည်း တော်တော်ကိုချောတဲ့ ချိုင်းထောက်နဲ့ သွားနေရတဲ့လူပဲ..."


သတင်းထောက်: "ချိုင်းထောက်နဲ့သွားနေရတဲ့ တော်တော်ချောတဲ့လူ ဟုတ်လား...အစ်မပြောတာ ထန်ချောင်းချောင်းနဲ့ တွဲနေတယ်လို့ သတင်းတွေထွက်နေတဲ့ လူများလား...'


အမျိုးသမီးက လက်ကို ဝှေ့ယမ်းလိုက်သည်။


"အဲ့ဒါတော့ ကျွန်မသေချာမသိပါဘူး...အဲ့ဒါတွေက အကုန်ထင်မြင်ချက်တွေပဲလေ...ကျွန်မ ဒီ့ထက်ပိုပြောလို့ မကောင်းတော့ဘူး ထင်ပါတယ်..."


【နောက်ဆုံးတော့ ငါ့ရဲ့မွေးရပ်မြေက သတင်းမှာ ထန်ချောင်းချောင်းနာမည်ကို ကြားဖူးခဲ့ပြီ...ဘယ်စားသောက်ဆိုင်လဲ...ဒီနေ့ ငါက ဘာဖြစ်လို့ အိမ်မှာပဲ နေနေခဲ့ရတာလဲ...စိတ်ပျက်ဖို့ကောင်းလိုက်တာ...】


【ထန်ချောင်းချောင်းက နှစ်သစ်ကူးအကြိုညဂီတပွဲမှာ ဖျော်ဖြေဖို့ တကယ်ပဲ ဟိုင်နန်ကိုရောက်နေတာလေ...နာမည်မဖော်ပြပဲ ကောင်းတဲ့အလုပ်တွေကို လုပ်သွားတတ်တာ သူ့ရဲ့ စတိုင်ပဲ...ဟားဟားဟား...】


【ချောင်းပေါင်က သူ့ရဲ့ မှန်ကန်မှုနဲ့ သတ္တိရှိမှုတွေကြောင့် သတင်းတွေမှာ ပါနေတာ...သူ့ရဲ့ ဖန်ဖြစ်ရတာ ငါအရမ်းဂုဏ်ယူတယ်...】


【နေပါဦး...ဘာဖြစ်လို့ ချိုင်းထောက်နဲ့လူကို သေချာဂရုတစိုက် မကြည့်ကြတာလဲ...အဲ့ဒီလူက ရှန်းယွဲ့ပဲနေမှာ...သေပါတော့...သူတို့က လျှို့ဝှက်ပြီး တွဲနေကြတာပဲနေမှာ...ဒီတစ်ခါ သတင်းကတော့ တော်တော်ကို ခိုင်မာနေပြီ...】


【ချောင်းပေါင်ကို ငါကာကွယ်ပေးခဲ့ရတာတွေတော့ အလဟဿဖြစ်ပါပြီ...ငါငိုနေရပြီ...】


【သူ့ဖန်တွေ ထန်ချောင်းချောင်းကို မကာကွယ်ပေးနိုင်တော့ဘူး...သူတို့ရဲ့ အကာအကွယ်ကို ငါဖျက်ဆီးလိုက်ပြီ...】


【အပေါ်ကလူရေ သကြားယုန်တွေကို သွားဆွမနေနဲ့နော်...အခုက ထန်ချောင်းချောင်း ဟုတ်လား မဟုတ်လားတောင် မသေချာသေးပဲနဲ့...】


Netizen များက ထန်ချောင်းချောင်း ဟုတ်သည် မဟုတ်သည်ကို ငြင်းခုန်နေကြချိန်တွင် သတင်းထောက်က စားသောက်ဆိုင်၏စားပွဲထိုးကို သွား၍ အင်တာဗျူးနေသည်။ ထိုစားပွဲထိုးသည် သူမကို ဟင်းပွဲများချပေးသည့် စားပွဲထိုးဖြစ်နေမှန်း ထန်ချောင်းချောင်း တွေ့လိုက်ရသည်။


သတင်းထောက်က မေးလိုက်သည်။


"ညီမ မြင်ခဲ့ရတာလေး ပြောပြပေးလို့ရမလား...အဲ့ဒီ အမျိုးသမီးက ထန်ချောင်းချောင်း လို့ ညီမ ထင်မိခဲ့လား..."


စားပွဲထိုးက ကင်မရာဘက်သို့ လှည့်၍ပြောလိုက်သည်။


"ကျွန်မ သိပ်တော့မသေချာဘူး...အဲ့ဒီ အမျိုးသမီးက ဝင်လာတည်းက ဦးထုပ်နဲ့ နေကာမျက်မှန်အကြီးကြီးတပ်ထားတာကိုး...သူ့ကိုကြည့်ရတာလည်း ခိုးကြောင်ခိုးဝှက်နဲ့...သူနဲ့ ချိုင်းထောက်နဲ့လူက အချင်းချင်းသိနေကြပေမယ့် တူတူမထိုင်ကြဘူး..."


ထန်ချောင်းချောင်းသည် ဘယ်လိုများ ခိုးကြောင်ခိုးဝှက် ဖြစ်နေခဲ့ပါသနည်း။


ထန်ချောင်းချောင်းက အောက်နှုတ်ခမ်းကို ကိုက်လိုက်သည်။ စားပွဲထိုးသည် သူမ မကျေနပ်သည်များကို လက်စားပြန်ချေနေခြင်းများလား။ ထန်ချောင်းချောင်းက သံပခြုတ်နှင့် ပတ်သတ်၍ ပြဿနာရှာခဲ့သောကြောင့် ထိုစားပွဲထိုးက အင်တာဗျူး၌ သူမကို မကောင်းပြောနေခြင်း ဖြစ်ပေလိမ့်မည်။


ရှန်းယွဲ့က ထန်ချောင်းချောင်းကို လှည့်ကြည့်ကာ ပျော်ရွှင်စွာပြောလိုက်သည်။


"မင်း ဘာဖြစ်လို့ စားသောက်ဆိုင်ကိုလာတာလဲ...မင်းက ငါ့ဆီလာပြီးတော့ အဝေးကပဲထိုင်ပြီး ငါ့ကို ခိုးကြည့်နေခဲ့တာလား..."


ထန်ချောင်းချောင်း၏မျက်လုံးများက အပြစ်ရှိသူကဲ့သို့ ဟိုကြည့်ဒီကြည့်ဖြစ်သွားကြသည်။


"ဘယ်သူက ရှင့်ကို ခိုးကြည့်လို့လဲ...ကျွန်မက အဲ့ဒီစားသောက်ဆိုင်က အစားအစာတွေကို စားချင်လို့လာတာ...တူတူလာမထိုင်တာက ရှင့်ကို မနှောင့်ယှက်ချင်လို့..."


"ဟုတ်လို့လား..."


ရှန်းယွဲ့က မယုံချေ။ ထန်ချောင်းချောင်း၏ ရင်ထဲ၌ ရှန်းယွဲ့ကို ဂရုစိုက်၍သာ မနေနိုင်ပဲ လိုက်လာခဲ့ခြင်းသာဖြစ်ပေလိမ့်မည်။


ထန်ချောင်းချောင်းသည် ရှန်းယွဲ့ကို အမှန်တကယ်ပင် ဂရုစိုက်သော်လည်း ရှက်နေသောကြောင့် သိပ်မဖော်ပြနိုင်ပေ။


ထန်ချောင်းချောင်းက ပြုံး၍ ရှန်းယွဲ့ကိုကြည့်ကာ ပြောလိုက်သည်။


"မဟုတ်တာတွေ လျှောက်တွေးမနေပါနဲ့တော့...ကျွန်မမှာ တကယ် ဘာရည်ရွယ်ချက်မှမရှိဘူး...ပြီးတော့ အဲ့ဒီစားသောက်ဆိုင်က အစားအသောက်တွေကလည်း အရသာမရှိပါဘူး...လူကို ကယ်ဖို့အတွက်သာမဟုတ်ရင် ကျွန်မ အစောကြီး ပြန်သွားလောက်ပြီ..."


"အစားအသောက်တွေကတော့ တကယ်အရသာမရှိဘူး..."


ရှန်းယွဲ့ကလည်း ထောက်ခံလိုက်သည်။


"ပင်လယ်ထဲကို လူဘယ်လိုကျသွားလဲနဲ့ အဲ့ဒီ အမျိုးသမီးက ဘယ်လိုကယ်ခဲ့လဲတော့ ကျွန်မ မမြင်လိုက်ဘူး...ဒါပေမယ့် နောက် သူတို့ပြန်တက်လာတော့ အဲ့ဒီအမျိုးသမီးရဲ့ အဖော်က သူ့ကို ခေါင်းသုတ်ပေးနေတာ တွေ့လိုက်တယ်..."


စားပွဲထိုးက ဆက်ပြောနေသည်။


【အား ခေါင်းသုတ်ပေးနေတာတဲ့...အဲ့ဒီမြင်ကွင်းလေးကို မြင်ယောင်ကြည့်လိုက်ကြစမ်း...ချစ်ဖို့ကောင်းလိုက်တာ...】


【ငါအချဉ်ပေါက်နေပြီ...သံပုရာသီး အလုံး ၁၀၀ စာလောက်ကို အချဉ်ပေါက်နေပြီ...】


【ကြင်နာတတ်ပြီးရဲရင့်တဲ့ နတ်သမီးလေး နဲ့ ညင်သာပြီး ချစ်တတ်တဲ့ ဥက္ကဌ...ဘယ်လိုတောင် လှပတဲ့ အချစ်ဇာတ်လမ်းလေးလဲ...】


ထန်ချောင်းချောင်းက မျက်မှောင်ကြုတ်လိုက်သည်။


"ညင်သာတယ် ဟုတ်လား...netizen တွေကတော့ ရှင့်ကို တော်တော်ကို မဟုတ်မမှန် မြင်နေတာပဲ..."


ရှန်းယွဲ့သည် ထန်ချောင်းချောင်း၏ခေါင်းကို ခပ်ကြမ်းကြမ်းသုတ်လိုက်ရာ ဦးရေပြားပင် ကွာမတတ်ဖြစ်သွားသည်။


Xxxxxxx