အပိုင်း ၁၂၇
Viewers 24k

Chapter 127


ပြင်းထန်သောအဆုံးသတ်မှု


ရှန်းယွဲ့က တကယ်ဒေါသထွက်သွားသည်။


"မင်းကလည်း နတ်သမီးလေးမှမဟုတ်တာ...မင်းက အာဏာရှင်ပန်းပွင့်ကြီးပဲ..."


"ပန်းပွင့်က ပန်းပွင့်ပဲလေ..."


ထန်ချောင်းချောင်းက ရန်ပြန်တွေ့လိုက်ပြီးကာမှ စိတ်ပူစွာ ပြောလိုက်သည်။


"အခုလိုတွေဖြစ်ကုန်တော့ အခြေအနေက ပိုရှုပ်ကုန်တော့မှာပဲ..."


ရှန်းယွဲ့က အေးအေးဆေးဆေးပင်ပြောလိုက်သည်။


"မင်း မပြောနိုင်သေးရင် မပြောနဲ့ပေါ့...မင်းတို့ အနုပညာရှင်တွေရဲ့ မှော်လက်နက်က ဘာမှမမြင်ချင်ယောင် မကြားချင်ယောင်ဆောင်ပြီး ဘာမှ တုံ့ပြန်ချက်မပေးတာမဟုတ်ဘူးလား..."


ထန်ချောင်းချောင်း: ...


အဲ့ဒီလိုဆိုတော့လည်း သူပြောတာမှန်နေပြန်ရော...


"ဪ ပြီးတော့ အဲ့ဒီအမျိုးသမီးရဲ့အဖော်လူကြီးမင်းရဲ့ ဖုန်းက ကျွန်မတို့ဆိုင်မှာ ရှိနေသေးတယ်...ဒီသတင်းကိုတွေ့ရင် လာယူပေးပါနော်...လာမယူခင်အထိ ကျွန်မတို့ ထိန်းသိမ်းပေးထားပါ့မယ်..."


တိုက်ရိုက်ထုတ်လွှင့်နေသည့် ချန်နယ်ထဲတွင် စားပွဲထိုးက အဖြူရောင်မိုဘိုင်းဖုန်းကို ခဏကြာ မြှောက်ပြလိုက်သည်။


ထန်ချောင်းချောင်းနှင့် ရှန်းယွဲ့တို့သည် ဖုန်းမျက်နှာပြင်နားသို့ ပြိုင်တူ တိုးကြည့်လိုက်သောအခါ ထိုဖုန်းသည် တကယ်ပင် ရှန်းယွဲ့၏ဖုန်း ဖြစ်နေလေသည်။


"တကယ်ပဲ စားသောက်ဆိုင်မှာ ကျန်နေခဲ့တာကိုး..."


ထန်ချောင်းချောင်းက ပြောလိုက်သည်။


"ရှင် ဘာမှစိတ်ပူစရာမလိုတော့ဘူး...နောက်မှ ဆိုင်ကိုပြန်သွားပြီး သွားယူလိုက်မယ်လေ..."


ရှန်းယွဲ့က မျက်မှောင်ကြုတ်ကာ ချန်နယ်ထဲမှ ဖုန်းကို ကြည့်လိုက်သည်။ ရှန်းယွဲ့သည် တစ်စုံတစ်ရာကို မေ့နေသကဲ့သို့ ခံစားနေရသည်။


သတင်းထောက်က ဆက်မေးလိုက်သည်။


"အခုအချိန်ထိ ဒီဖုန်းကို တစ်ယောက်ယောက်က ခေါ်ထားတာမျိုးရှိလား..."


စားပွဲထိုးက ဖုန်းကို ကိုင်ကြည့်ကာပြောလိုက်သည်။


"အခုထိတော့ မရှိသေးဘူး..."


ထိုအချိန်မှာပင် ဖုန်းက ရုတ်တရက် ထမြည်လာတော့သည်။


"ဥယျာဉ်မှူးကြီးရယ် ထပြီလားကွယ်...ဖိုးဖိုးနေမင်းကြီးတောင် ထွက်လာပြီလေ...ထပါတော့ကွယ်...ဘာဖြစ်လို့မထသေးတာလဲ...ထတော့...ဟေ့လူ ခင်ဗျား အခုထိမထသေးရင် ပေါက်စီ...ဂျုံချောင်းကြော်...ဖက်ထုပ်ကြော်...တို့ဖူးပူတင်း...အသားဆန်ပြုတ်...အသီးပန်ကိတ် နဲ့ ခေါက်ဆွဲပြုတ်တွေကို ဘယ်လိုစားမလဲ...အခုချက်ချင်း ထတော့..."


ရှန်းယွဲ့: ......


ရှန်းယွဲ့သည် နောက်ဆုံးတော့ သူမေ့နေသည့်အရာကို သတိရသွားခဲ့လေပြီ။


ရုတ်တရက်မြည်လာသောဖုန်းသံသည် သတင်းထောက်နှင့် စားပွဲထိုးတို့ကို ထိတ်လန့်သွားစေသည်။ ထိုအသံသည် နှိုးစက်သံဖြစ်ကြောင်းကို စက္ကန့်အနည်းငယ်ကြာမှ သိသွားကြ၍ အမြန်ပိတ်လိုက်ကြရသည်။


သတင်းထောက်က မျက်နှာကို မပြုံးမိရန် မနည်းထိန်းထား၍ ပြောလိုက်သည်။


"ဒီလူကြီးမင်းရဲ့ ring tone သံက တကယ်ထူးခြားတာပဲ..."


စားပွဲထိုးကလည်း ရယ်လိုက်သည်။


"ထူးထူးခြားခြားကို ကျယ်လောင်ပါတယ်..."


သတင်းထောက်နှင့် စားပွဲထိုးတို့က ထန်ချောင်းချောင်းကို သိပ်မသိကြချေ။ ထို့ကြောင့် ထို အထူးစပယ်ရှယ်နှိုးစက်သံကို မသိကြသော်လည်း တိုက်ရိုက်ထုတ်လွှင့်သည်ကို ကြည့်နေကြသော မရေတွက်နိုင်သည့် netizen များကတော့ သူတို့နှင့်မတူပဲ ကောမန့်များ၌ ပွက်ပွက်ဆူနေကြတော့သည်။


【အုန်း...ငါသတိလစ်သွားပြီ..နှိုးစက်သံက အရမ်းရယ်ရတာပဲ...ဒါပေမယ့် ဘာဖြစ်လို့ အဲ့ဒီအသံက ရင်းနှီးနေပါလိမ့်...】


【အဲ့ဒါက အရင်တစ်ခေါက်တုန်းက ဖန်တစ်ယောက်အတွက် ထန်ချောင်းချောင်းက သီးသန့်အသံသွင်းပေးထားတဲ့ နှိုးစက်သံမဟုတ်ဘူးလား...】


【ဟုတ်တယ် ငါလည်းမှတ်မိတယ်...အဲ့ဒါက‌ တော်တော်လေးကို အမှတ်တရရှိခဲ့တာလေ...အဲ့ဒီဖန်က ပိုက်ဆံတွေအများကြီးသုံးပြီး ပစ္စည်းတွေအများကြီးဝယ်ခဲ့လို့ အဲ့ဒီ နှိုးစက်သံကိုရသွားတာ...】


【အရမ်းကို အရေးကြီးတဲ့ လျှို့ဝှက်ချက်တစ်ခုကို ငါရှာတွေ့သွားသလိုခံစားရတယ်...အဲ့ဒီဖန်က နှိုးစက်သံကို သူ့ဖုန်းမှာ တကယ်ထားထားတာပဲ...အဲ့ဒါက ဘာကိုဖော်ပြနေလဲ...】


【ဥက္ကဌသူဌေးကြီးရှန်းက ငါတို့လို ကြယ်ပွင့်နောက်လိုက်သူတွေလို တခြားလူတစ်ယောက်အတွက် သီးသန့်လုပ်ပေးထားတဲ့ နှိုးစက်သံကို ယူသုံးရလောက်အောင်တော့ အောက်ကျခံပါ့မလား...】


【မဟုတ်ဘူး...သတ္တိရှိကြစမ်းပါ...ရှန်းယွဲ့က အဲ့ဒီ အရူးမလေးချောင်း၏ပထမတန်းစားဥယျာဉ်မှူး ဆိုတဲ့ ဖန်ပဲလေ...】


【အပေါ်ကလူ မင်းပြောတာ အဓိပ္ပာယ်ရှိတယ်...ငါ မငြင်းနိုင်တော့ဘူး...】


Netizen များသည် ချက်ချင်းပင် "အရူးမလေးချောင်း၏ပထမတန်းစားဥယျာဉ်မှူး" ၏ Weibo အကောင့်ကို သွားရှာဖွေကြတော့သည်။ ထိုအကောင့်သည် သိပ် active မဖြစ်၍ ကိုယ်တိုင်တင်ထားသော post များလည်း သိပ်မရှိချေ။ Post အများစုသည် အခြားလူများတင်သည်ကို ပြန် share ထားသည်သာဖြစ်၍ ထန်ချောင်းချောင်းနှင့်ပတ်သတ်သမျှအားလုံးကို like များလုပ်ထားသည်။ နောက်ဆုံး post မှာ လွန်ခဲ့သည့်ရက်အနည်းငယ်က နှစ်သစ်ကူးအကြိုညဂီတပွဲ၌ ထန်ချောင်းချောင်းဖျော်ဖြေမည့်သတင်းကို ဖန်အဖွဲ့က တရားဝင်ကြေငြာထားခြင်းကို ပြန် share ထားခြင်းဖြစ်သည်။ ထိုအကောင့်၏ ပရိုဖိုင်ပုံမှာလည်း ထန်ချောင်းချောင်း၏ ဓာတ်ပုံသာဖြစ်သည်။ ထိုအရာများအားလုံးက ထိုအကောင့်ပိုင်ရှင်သည် ထန်ချောင်းချောင်း၏ အကြီးစားဖန်ဖြစ်ကြောင်း ဖော်ပြနေလေသည်။ တိုတိုပြောရလျှင် ကြယ်ပွင့်နောက်လိုက်နေသူဖြစ်သည်။ ဤအကောင့်သည် တကယ်ပင် ချမ်းသာသူ CEO ၏ ဒုတိယအကောင့် ဖြစ်နိုင်ပါ၏လား။ အတင်းအဖျင်းသတင်းများကို တင်ချင်သော netizen များက‌တော့ ဤကဲ့သို့ကိစ္စမျိုးဆိုလျှင် အလွန်ပင်တက်ကြွကြသည်။ သူတို့သည် ချက်ချင်းပင် *ရှားလော့ဟုမ်း နှင့် အယ်ဒိုဂါဝါကိုနန် အသွင်ပြောင်းသွား၍ Weibo ပေါ်၌ သဲလွန်စများ တစ်ခုပြီး တစ်ခုရှာတော့သည်။


(*Sherlock Holmes and Edogawa Conan - စိတ်ကူးယဉ်စုံထောက်ဇာတ်ကောင်များ)


ပထမဆုံးအနေဖြင့် "အရူးမလေးချောင်း၏ပထမတန်းစားဥယျာဉ်မှူး" အကောင့်နှင့် ရှန်းယွဲ့၏ တရားဝင် Weibo အကောင့်၏ အသုံးပြုမှုမိုဘိုင်းသည် တစ်ခုတည်းဖြစ်သည်ကို ရှာတွေ့သွားကြသည်။ ဒုတိယတစ်ခုအနေဖြင့် ထိုအကောင့်သည် ပေကျင်းမြို့တစ်နေရာတည်း၌သာ check in  ဝင်ထားဖူးသည်။ ထို့အပြင် ထိုဥယျာဉ်မှူးသည် ချမ်းသာသည့်ပုံပေါက်နေလေသည်။ မချမ်းသာလျှင် live၌ ဈေးဝယ်ရာ၌ ပထမနေရာ ရမည်မဟုတ်ချေ။


နောက်ဆုံးအနေဖြင့် အရေးပါဆုံးအချက်မှာ အချို့ netizen များသည် ဥယျာဉ်မှူးအကောင့်၏ အစောဆုံး post များကို ရှာတွေ့သွားကြသည်။ ထို post များ၌ ထိုအချိန်က အကောင့်၏ နာမည်မှာ "ဆောင်းရာသီ၌သာသောလ" ဟူ၍ဖြစ်သည်။


"ယွဲ့" ၏အဓိပ္ပာယ်မှာ "လ" ဖြစ်လေသည်။


ထိုနာမည်ကိုမြင်သည်နှင့် လူတိုင်းသည် ဥက္ကဌ ရှန်းယွဲ့ကိုသာ ပြေးမြင်ကြမည်သာဖြစ်သည်။


ထို့ကြောင့် netizen များ၏ တင်းမာ၍ စေ့စပ်သေချာသော စိစစ်ချက်များနှင့် ဆုံးဖြတ်ချက်များစွာ ချပြီးသောအခါ ထို "အရူးမလေးချောင်း၏ပထမတန်းစားဥယျာဉ်မှူး" အကောင့်သည် ရှန်းယွဲ့၏ ဒုတိယအကောင့်မှန်း သေချာသွားကြတော့သည်။


ထို သုံးသပ်ချက်သည် Weibo နှင့် အနုပညာ website အကြီးစားများကို ချက်ချင်းပင် 


ဖုံးလွှမ်းသွားတော့သည်။


#ရှန်းယွဲ့၏ဒုတိယအကောင့်#


#အရူးမလေးချောင်း၏ပထမတန်းစားဥယျာဉ်မှူး#


#ရှန်းယွဲ့၏နှိုးစက်သံ#


#ရှန်းယွဲ့ ထန်ချောင်းချောင်း#


ထို သတင်းခေါင်းစီးများနောက်ကွယ်တွင် ဖန်များကလည်း ‌‌ပေါက်ကွဲနေကြတော့သည်။


【ငါ ရှန်းယွဲ့ရဲ့ ဒုတိယအကောင့်ကို ကြည့်နေတာ...ရှန်းယွဲ့လို ဥက္ကဌကြီးက အမှတ်တွေစုဖို့ check in တွေလုပ်ပြီး like နဲ့ share လုပ်ပေးဖို့လည်း အကောင့်ကို ဝင်ပေးထားသေးတယ်...အရမ်း ဝီရိယစိုက်ထုတ်ပေးထားတာပဲ...ရှန်းယွဲ့က အနုပညာရှင်တွေရဲ့ဖန်တွေရဲ့ စံပြပုဂ္ဂိုလ်ပဲ...ငါကတော့ သာမာန်လူလေးပါပဲ...ငါ ဘာဖြစ်လို့ သူ့လို မကြိုးစားခဲ့ပါလိမ့်...】


【ဒါဆို ရှန်းယွဲ့က ထန်ချောင်းချောင်းရဲ့ ဖန် အရင်ဖြစ်ပြီးမှ သူ့ရဲ့ ရုပ်ရှင်အတွက် ငွေမြှုပ်နှံပေးတာပေါ့...ပြီးတော့ အလှလေးကို ကယ်တင်တဲ့ သူရဲကောင်းလည်း ဖြစ်လာသေးတယ်...ဒီဖန်က တကယ်ကို အရည်အသွေးပြည့်မှီပါတယ်...】


【ဘုရားရေ...ငါ့လို ထန်ချောင်းချောင်းကို သိပ်မကြိုက်တဲ့လူတောင် ရှန်းယွဲ့ကို ကြွေသွားရပြီ...ဥက္ကဌကြီးက အချစ်အတွက် ဖန်လေးတစ်ယောက် ဖြစ်သွားတာပဲ...မနာလိုလိုက်တာ...】


【ငါက အရင်တုန်းက ထန်ချောင်းချောင်းက ရှန်းယွဲ့ကို အတင်းလိုက်ကပ်နေတယ်လို့ ထင်နေတာ...တကယ့်တော့ ရှန်းယွဲ့ကပဲ ဖန်ဖြစ်နေခဲ့တာပဲ...】


【ရှန်းယွဲ့နဲ့ ထန်ချောင်းချောင်းတို့က ငါ့ကို ဆွဲဆောင်သွားကြပြီ...လနဲ့ယုန်လေးတို့ရဲ့အချစ်ဇာတ်လမ်းက အကောင်းဆုံးပဲ...】


【ဒါမျိုးကိုမှ အချစ်လို့မခေါ်ရင် ငါ ဘယ်တော့မှ လက်မထပ်တော့ဘူး...】


Netizen အများအပြားသည် ရှန်းယွဲ့နှင့် ထန်ချောင်းချောင်းတို့၏ Weibo အကောင့်များသို့သွားကာ အခြေအနေကို ပြောပြရန် အတင်းတိုက်တွန်းနေကြသည်။ သကြားယုန်လေးများသည်လည်း အလွန်ပင် နားမလည်နိုင်ဖြစ်နေကြသည်။ အထူးသဖြင့် "အရူးမလေးချောင်း၏ပထမတန်းစားဥယျာဉ်မှူး" အကောင့်နှင့် ဖန်အဖွဲ့တစ်ဖွဲ့တည်းရှိခဲ့ကြသော သကြားယုန်လေးများက ပိုဆိုးနေကြသည်။ ယခင်က ရှိရုံသာရှိခဲ့၍ ဘာစကားမှဝင်မပြောကြသူများပင် ထုတ်ပြောလာကြတော့သည်။


【ဒီဂရုထဲမှာ ရှန်းယွဲ့ရှိနေတယ်ဆိုတာ တကယ်လား...】


သူတို့သည် သူတို့၏ အချစ်ပြိုင်ဘက်နှင့် ဂရုတစ်ခုတည်းတွင် အချိန်ကြာမြင့်စွာ ရှိနေခဲ့ကြပေသည်။ သူတို့ အလွန် လက်လွတ်စပယ်နိုင်ခဲ့ကြပေသည်။


ယခင်ကလည်း အချိုရည်ကုမ္ပဏီ၏ မန်နေဂျာဖြစ်သူ ကျန်းကုန်းကျွီသည်လည်း ဤဂရုထဲ၌ ကြာပွတ်လေး အမည်နှင့် ဖန်အဖြစ် ရှိခဲ့ဖူးသည်။ ယခုလည်း ဖန်အကြီးစားကြီးတစ်ဦး ရောက်နေပြန်လေသည်။ သူတို့ဂရု၏ အခြေအနေသည် ဝပ်နေသောကျား၊ ပုန်းကွယ်နေသောနဂါးတို့ကို ဖိတ်ခေါ်နေသကဲ့သို့ ဖြစ်နေတော့သည်။


ဂရုပိုင်ရှင် ရှောင်ရှောင်သည် သေချာပြန်စဉ်းစားလိုက်သောအခါ ဥယျာဉ်မှူးအား သူမကိုယ်တိုင် ဂရုထဲသို့ ထည့်ပေးခဲ့ခြင်းဖြစ်ကြောင်း သတိရသွားသည်။ သူမသည် ထိုဥယျာဉ်မှူးအား post များကို like တတ်ရန်၊ share တတ်ရန်နှင့် ထိုဖန်၏ နာမည်နှင့် ပရိုဖိုင်ကိုပင် ပြောင်းရန် အကြံပေးခဲ့ခြင်းဖြစ်သည်။ သို့သော် ထိုဖန်သည် ရှန်းမိသားစု၏ မြင့်မြတ်သော သား ဖြစ်‌နေလိမ့်မည်ဟူ၍တော့ တစ်ခါမှ မထင်ခဲ့မိချေ။


ပြန်စဉ်းစားလိုက်သောအခါ ထိုအခြေအနေကို ညွှန်ပြနေသော အချက်များစွာရှိနေသည်ကို တွေ့လိုက်ရတော့သည်။ ဥပမာအားဖြင့် ထိုဖန်သည် ဂရုထဲ၌ အလွန်ပင် စကားပြောခဲသည်။ သူသည် အေးတိအေးစက်နိုင်လွန်းသော်လည်း ငွေကြေးကတော့ အလွန်ရက်ရောသည်။ ထန်ချောင်းချောင်းကို အားပေးသည့်ပွဲအများစု၌ ထိုဥယျာဉ်မှူးသည် ငွေကြေးများစွာ ‌ထည့်ဝင်ပေးသည်။ သို့သော် အပြင်၌ကျင်းပသော ပွဲများဆိုလျှင်တော့ တစ်ခါမှ မလာပေ။ အလွန် လျှို့ဝှက်သောလူပင်ဖြစ်သည်။


ရှောင်ရှောင်သည် အစက ထိုလူသည် စကားအပြောအဆိုမတတ်သောကြောင့်ဟု ထင်ခဲ့သော်လည်း သေချာစဉ်းစားလိုက်သောအခါ ထိုလူသည် အလွန်ချမ်းသာသော သူဌေးသာဖြစ်နေ၍ ကျန်သည့်လူများနှင့် နေထိုင်သည့်အဆင့်အတန်းကိုက ကမ္ဘာခြားနေသောကြောင့်ဖြစ်သည်။ အလွန်ပင် ဝမ်းနည်းဖွယ်ကောင်းပါသည်။


ထိုအဖြစ်အပျက်သည် တဖြည်းဖြည်းနှင့် ပို၍ နာမည်ကြီးလာသောအခါ ရှန်းယွဲ့နှင့်ထန်ချောင်းချောင်းတို့၏ "လနှင့်ယုန်လေး" အချစ်ဇာတ်လမ်း၏ ပရိသတ်များသည်လည်း တဖြည်းဖြည်း များလာသည်။ ထန်ချောင်းချောင်း၏ ဖန်အစစ်များကတော့ ထန်ချောင်းချောင်း၏ သဘောထားအမှန်ကို မသိရသေးသောကြောင့် ဘေးမှ ကြည့်ရုံသာကြည့်နေ၍ ဘာမှဝင်မပြောကြချေ။


ထိုအချိန်၌ ဟိုင်နန်ရှိ စံအိမ်တွင် တိုက်ရိုက်ထုတ်လွှင့်သောချန်နယ်မှ နှိုးစက်သံ ထွက်ပေါ်လာသောအခါ လေထုသည် အေးခဲသွားသကဲ့သို့ ဖြစ်သွားသည်။


တကယ်တော့ ရှန်းယွဲ့၏စိတ်ထဲ၌ ထန်ချောင်းချောင်းက သူ့အတွက် အသံသွင်းပေးထားသော အသံသည် အတော်ပင်စိတ်ပျက်စရာကောင်းသည်ဟု ထင်မိသည်။ သို့သော် ရှန်းယွဲ့သည် ထိုနှိုးစက်သံကိုပင် အသုံးပြုနေမိလေသည်။ အထူးသဖြင့် စောစီးစွာထရမည့် နေ့မျိုးတွင် အထူးတလည်ပင် ထိုအသံကို ထားထားမိသည်။ ရှန်းယွဲ့ကလည်း တစ်ဦးတည်း အိပ်သည်ဖြစ်သောကြောင့် ပြဿနာမရှိခဲ့ချေ။


မဒမ်ရှန်းရောက်လာလျှင်တော့ ထန်ချောင်းချောင်းသည် တစ်ခါတစ်ရံ ရှန်းယွဲ့နှင့်လာအိပ်တတ်သော်လည်း ထိုအခါမျိုး၌ ရှန်းယွဲ့သည် ထိုနှိုးစက်သံကို သတိတရဖြင့် ပိတ်ထားလိုက်သည်။ ရှန်းယွဲ့သည် သူ၏ဥယျာဉ်မှူးအကောင့်လေးက သူတစ်ဦးတည်း၏ လျှို့ဝှက်ချက် အဖြစ်သာရှိမည်ဟု ထင်ခဲ့မိသည်။ ယခုနောက်ပိုင်းတွင် သူ၏ တရားဝင်အကောင့်ကိုသာ ပို၍သုံးဖြစ်နေသောကြောင့် ထိုအကောင့်လေးကိုသုံးသည့်အချိန်က သိသာစွာပင် လျော့နည်းသွားတော့သည်။


သို့သော်လည်း လျှို့ဝှက်ချက်တစ်ခုအား ရက်ပေါင်းတစ်ရာ ဖုံးကွယ်ထားနိုင်သော်လည်း မေ့လျော့မှုသေးသေးလေးကြောင့်ပင် ပေါ်သွားနိုင်ပေသည်။


လွန်ခဲ့သည့်တစ်ရက်ကျော် နေ့လယ်ခင်းတွင် ရှန်းယွဲ့သည် နိုင်ငံခြားကုမ္ပဏီကြီးတစ်ခု၏ ဥက္ကဌနှင့် အွန်လိုင်းအစည်းအဝေးတက်ရန် ရှိခဲ့သည်။ ရှန်းယွဲ့၏ အဖွဲ့သည် နှစ်ပေါင်းများစွာကြိုးစားပြီးမှ ဤပူးပေါင်းမှုကို ရရှိခဲ့ခြင်းဖြစ်သောကြောင့် ဤအစည်းအဝေးသည် ရှန်းယွဲ့အတွက် အလွန်အရေးကြီးပေသည်။ လီကျိကိုပြောထားသော်လည်း လုံလောက်သည်ဟုမခံစားရ၍ ပို၍သေချာစေရန် ရှန်းယွဲ့ကိုယ်တိုင် နှိုးစက်ပေးထားခဲ့ခြင်းဖြစ်သည်။


ထိုအချိန်တုန်းကတော့ ရှန်းယွဲ့သည် နှိုးစက်ကို ထားသာထားလိုက်၍ နှိုးစက်အချက်ပေးသံကို သေချာမကြည့်လိုက်မိချေ။ ဖုန်းက ထိုအထူးနှိုးစက်သံကို အလိုလိုထားလိုက်မိသွားသည်။


အစည်းအဝေးပြီးသောအခါ ရှန်းယွဲ့သည်လည်း ထိုကိစ္စကို မေ့သွားတော့သည်။ ယနေ့၌ စားသောက်ဆိုင်၌ ဖုန်းကျန်ခဲ့သောအခါ ရှန်းယွဲ့စိတ်ပူနေသည်က ဖုန်း၏ဈေးနှုန်း သို့မဟုတ် ဖုန်းထဲရှိ သတင်းအချက်အလက်များမဟုတ်ပေ။ ရှန်းယွဲ့သည် အရေးကြီးသောကိစ္စတစ်ခုကို မေ့နေမိသည်ဟုသာ ခံစားနေခဲ့ရမိသည်။


သို့သော် ထိုနှိုးစက်သံသည် စော၍လည်းမမြည်၊ နောက်ကျ၍လည်းမမြည်ပဲ တိုက်ရိုက်ထုတ်လွှင့်နေသည့် အင်တာဗျူးမှပင် မြည်တော့သည်။ ထိုသတင်းသည် အလွန်ကြီးကျယ်သွားသဖြင့် ကွန်ယက်တစ်ခုလုံးကပင် သိနေကြပြီဖြစ်သည်။


ရှန်းယွဲ့သည် ဆက်ငြင်းနေလျှင်လည်း ပို၍ သံသယဝင်ဖွယ်ရှိနေသောကြောင့် ငြင်း၍မဖြစ်တော့ချေ။


ဖုန်းကို ရှန်းယွဲ့ပိုင်ဆိုင်ကြောင်း ထုတ်မပြောလျှင်တော့ရပေသည်။ သို့သော် များစွာသော ကုမ္ပဏီစာရွက်စာတမ်းများနှင့် ပါတနာများ၏အဆက်အသွယ်များက ဖုန်းထဲ၌ရှိနေသောကြောင့် ဖုန်းပျောက်သွားလျှင် အကုန်ဒုက္ခရောက်ကုန်လိမ့်မည်ဖြစ်သည်။


ရှန်းယွဲ့သည် နေပူကျဲကျဲအောက်တွင် ကိုယ်လုံးတီးရပ်နေရသကဲ့သို့ ခံစားနေရကာ အလွန်ရှက်နေမိသည်။


နှိုးစက်သံကို ပိတ်ရန်မေ့နေမိသောကြောင့်လည်း ကိုယ့်ကိုယ်ကိုယ် ထပ်ခါတလဲလဲ အပြစ်တင်နေမိသည်။


သို့သော် ထိုကိစ္စများက အရေးအကြီးဆုံးမဟုတ်ပါ။ အရေးအကြီးဆုံးက ထန်ချောင်းချောင်း မည်သို့ တွေးနေသည်သာလျှင် ဖြစ်သည်။


ရှန်းယွဲ့သည် ထန်ချောင်းချောင်း၏ မျက်နှာထားကို လှည့်ပင်မကြည့်ရဲဖြစ်နေသည်။


ထန်ချောင်းချောင်းသည် netizen များကဲ့သို့ အထောက်အထားများရှာရန် Weibo ဆီသို့ပင် သွားစရာမလိုချေ။ နှိုးစက်သံကိုကြားသည်နှင့် အကုန်လုံးကို နားလည်သွားတော့သည်။


Live လွှင့်၍ဈေးရောင်းစဉ်တုန်းက အမျိုးသားဖန်၏အသံသည် မူမမှန်ဖြစ်နေသည်ဟု ထန်ချောင်းချောင်းတွေးမိသည်မှာ မဆန်းတော့ပါ။ ထိုအသံမှာ ရှန်းယွဲ့က သူ့အသံကို ထန်ချောင်းချောင်းမှတ်မိမည်စိုး၍ လည်ပင်းကိုကိုင်ကာ ပြောခဲ့ခြင်းဖြစ်နေတော့သည်။


Xxxxxxxxx