Chapter 128
အသားယူခံရခြင်း
Live လွှင့်၍ဈေးရောင်းစဉ်တုန်းက အမျိုးသားဖန်၏အသံသည် မူမမှန်ဖြစ်နေသည်ဟု ထန်ချောင်းချောင်းတွေးမိသည်မှာ မဆန်းတော့ပါ။ ထိုအသံမှာ ရှန်းယွဲ့က သူ့အသံကို ထန်ချောင်းချောင်းမှတ်မိမည်စိုး၍ လည်ပင်းကိုကိုင်ကာ ပြောခဲ့ခြင်းဖြစ်နေတော့သည်။
ရှန်းယွဲ့သည် သူမ၏ဖန်များနှင့်အတူ ရိုက်ကွင်းသို့ရောက်လာခြင်းကလည်း မဆန်းတော့ပေ။
သူမ ကြေငြာချက်တစ်ခုခုပြုလုပ်တိုင်း ရှန်းယွဲ့က လျင်မြန်စွာ သိသွားသည်မှာလည်း မဆန်းတော့ပေ။
ရှန်းယွဲ့သည် ထန်ချောင်းချောင်း၏ဖန်များထဲ၌ လပေါင်းများစွာ ပုန်းကွယ်နေခဲ့ခြင်းဖြစ်ပေတော့သည်။
"အရူးမလေးချောင်း၏ပထမတန်းစားဥယျာဉ်မှုး..."
ထန်ချောင်းချောင်းက အကောင့်နာမည်ကို ညင်သာစွာ ရွတ်လိုက်သည်။
"ရှင့်ကိုယ်ရှင်ကျတော့ ပထမတန်းစားဉယျာဉ်မှူး လို့ကြွားနေပြီးတော့ ကျွန်မကိုကျတော့ အရူးမလေးချောင်း တဲ့လား..."
ထန်ချောင်းချောင်းပြောသည်ကိုကြားသောအခါ ရှန်းယွဲ့၏ခြေချောင်းများသည် ကုပ်ဝင်သွားကြသည်။
"ဒီလိုနာမည်ပေးထားတာ ရှင်က ကျွန်မကို မုန်းနေတဲ့လူမဟုတ်တာ သေချာရဲ့လား..."
ရှန်းယွဲ့: "ငါ့နာမည်က သဘာဝကျတယ်လေ..."
ဘာကို သဘာဝကျရမှာလဲ...
ထန်ချောင်းချောင်းသည် Weibo ကို ဆက်ကြည့်နေ၍ ဖန်တစ်ယောက် တင်ထားသော post တစ်ခုကိုမြင်သောအခါ သူမ၏ မျက်လုံးများသည် တောက်ပသွားကြသည်။ ထန်ချောင်းချောင်းသည် စားပွဲပေါ်မှ သော့ချိတ်လေးကို ကောက်ယူလိုက်၍ "ထန်ချောင်းချောင်း" ဟူသော စာလုံးများရေးထားသည့် လော့ကတ်လေးကို ထိုးပြလိုက်သည်။
"ဒါဆိုရင် ဒီစာလုံးသုံးလုံးကိုလည်း ရှင်ရေးထားတာပေါ့...ရှင့်ရဲ့ လက်ရေးက လှသားပဲ..."
ရှန်းယွဲ့သည် ထန်ချောင်းချောင်း၏ ချီးကျူးမှုကြောင့် ပူအိုက်လာမိသည်။
ထန်ချောင်းချောင်းက ထပ်မေးလိုက်ပြန်သည်။
"ကျွန်မရဲ့ live လွှင့်တဲ့နေရာကနေ ရှင် ဘယ်လိုများ မုန့်တွေအများကြီးဝယ်ခဲ့တာလဲ...အိမ်မှာလည်း တစ်ခုမှ မတွေ့မိပါဘူး..."
ရှန်းယွဲ့က ပေါ့ပေါ့ပါးပါးပင် ပြန်ဖြေလိုက်သည်။
"ငါဝယ်တဲ့အခါတိုင်း ကုမ္ပဏီက အလုပ်သမားတွေကိုပေးလိုက်တာ..."
ထန်ချောင်းချောင်းသည် ရှင်းမပြနိုင်လောက်အောင် လမ်းပျောက်သွားသကဲ့သို့ ခံစားလိုက်ရသည်။
"ဒါဆို ကျွန်မကိုယ်စား ရှေ့နေရဲ့စာကိုပို့ပေးလိုက်တာလည်း ရှင်ပဲပေါ့..."
"ငါကလွဲပြီး ဘယ်သူဖြစ်နိုင်ဦးမှာလဲ..."
ရှန်းယွဲ့သည် ဖုန်းကိုကိုင်ကာ netizen များတင်ထားသော သက်သေအထောက်အထားများစွာကို အဆက်မပြတ်ကြည့်နေသော ထန်ချောင်းချောင်းကို ကြည့်နေမိသည်။ သူ အရမ်းရှက်နေသောကြောင့် ယခုချက်ချင်းပင် အခန်းထဲမှ ထွက်ရန် မတ်တပ်ရပ်လိုက်သည်။
"ရှင်ဘာဖြစ်လို့ ဖုံးကွယ်ထားတာလဲ...ကျွန်မရဲ့ ဖန်ဖြစ်ရတာ အဲ့ဒီလောက်တောင်ပဲ ရှက်ဖို့ကောင်းနေလို့လား..."
ရှန်းယွဲ့၏နောက်မှ ထန်ချောင်းချောင်းက ရုတ်တရက်မေးလိုက်သည်။
ရှန်းယွဲ့သည် ထန်ချောင်းချောင်းနှင့် မျက်နှာချင်းဆိုင်ရန် အနောက်သို့ ပြန်လှည့်လိုက်သည်။ သူသည် ခဏမျှ ရပ်လိုက်ပြီးမှ ပြောလိုက်သည်။
"ငါသာ ရှက်နေမယ်ဆိုရင် မင်းကို ငါ့ရဲ့ အကောင့်အစစ်နဲ့ ဘာဖြစ်လို့ follow လုပ်မှာလဲ..."
ထန်ချောင်းချောင်းသည် နှစ်နှစ်ကာကာပြုံးလိုက်မိသည်။ ရှန်းယွဲ့က ရှက်၍သာ ထုတ်မပြောသည်ကို ထန်ချောင်းချောင်းသိပါသည်။
ထို့အပြင် ထိုအမျိုးသားသည် မာနကလည်း ကြီးသေးသည် မဟုတ်လား။
ထန်ချောင်းချောင်းသည် သူမ ဤကမ္ဘာသို့ရောက်လာ၍ ရှန်းယွဲ့နှင့် ထိတွေ့ဆက်ဆံခဲ့ရပုံများကို ဖြည်းဖြည်းချင်း ပြန်အမှတ်ရလာမိသည်။ ဤအမျိုးသားသည် အတော်ပင် ကို့ရို့ကားယားနိုင်သော်လည်း သူမ ချက်ပြုတ်သမျှ ဟင်းလျာတိုင်းကို စားသည်။ အလုပ်ရှုပ်သည်ဟု ပြောသော်လည်း သူမ အဝေးသို့ ရောက်နေသည့်အခါတိုင်း ထန်ချောင်းချောင်း၏ ဟင်းသီးဟင်းရွက်ခြံလေးကို ထိန်းသိမ်းစောင့်ရှောက်ပေးသည်။ ထန်ချောင်းချောင်း၏ရုပ်ရှင်က အခြေအနေဆိုးနေသော်လည်း အသံဖမ်းသည့်အခန်းထဲတွင် ပုန်းကာ တိတ်တဆိတ်ကြည့်ပေးခဲ့သည်။ အလုပ်အတွက် ခရီးသွားခြင်းဟု ခေါင်းစဉ်တပ်ကာ သူမ၏ ရုပ်ရှင်ရိုက်ကွင်းဆီသို့လည်း လာပေးခဲ့သည်။
ထန်ချောင်းချောင်း အန္တရာယ်နှင့် ကြုံသောအခါတွင်လည်း သူသည် ချက်ချင်းပင် သူမကို လာကာကွယ်ပေးခဲ့သည်။
ထန်ချောင်းချောင်းသည် သူမ၏နှလုံးသားထဲ၌ ခံစားချက်တစ်စုံတစ်ရာက ပြင်းထန်စွာ ပေါ်ပေါက်နေမှန်း ခံစားလိုက်ရသည်။ သူမသည် သူမ၏အရင်ဘဝမှ သံယောက်မ ဟုပင် သူမကိုယ်သူမ ထင်နေခဲ့သည်။ ယောင်္ကျားနှင့် မိန်းမတို့၏ အချစ်သည် သူမနှင့် လက်လှမ်းမမှီသောအရာ ဟု ထန်ချောင်းချောင်း ထင်မြင်ခဲ့မိသည်။ သို့သော် ယခုတွင်တော့ ထိုအရာသည် သူမနှင့် မဝေးတော့မှန်း ထန်ချောင်းချောင်း နားလည်ခဲ့ပြီဖြစ်သည်။ အချစ်ဆိုသောထိုအရာသည် ထန်ချောင်းချောင်း၏ နှလုံးသားထဲ၌ ရောက်ရှိနေပြီဖြစ်လေသည်။
ရှန်းယွဲ့သည် ထန်ချောင်းချောင်း၏ နှလုံးသားထဲ၌ အမြစ်တွယ်ကာ အဖူးအပွင့်များပင် ပွင့်နေပြီဖြစ်သည်။ ထို့ကြောင့်ပင် ထန်ချောင်းချောင်းသည် ရှန်းယွဲ့၏ ခြေထောက်များပြန်ကောင်းရန် အကောင်းဆုံးကြိုးစားခဲ့ပြီး ရှန်းယွဲ့ ဒဏ်ရာအနာတရဖြစ်သည်ကို မကြည့်ရက် ဖြစ်နေခဲ့ခြင်းဖြစ်သည်။
"ရှင် ကျွန်မကို ဘယ်တုန်းကစပြီး ချစ်ခဲ့တာလဲ..."
ထန်ချောင်းချောင်းက တိုးတိတ်နူးညံ့စွာမေးလိုက်သည်။
ရှန်းယွဲ့သည် မုန်လာဥနီကဲ့သို့ နီရဲနေသောနားရွက်များဖြင့် ခန္ဓာကိုယ်ကိုလှည့်ကာ ထန်ချောင်းချောင်း၏မျက်လုံးများအား စိုက်ကြည့်လိုက်သည်။
"အရမ်း အရမ်းကို အစောကြီးတည်းကပါ..."
ထန်ချောင်းချောင်းသည် သူမ၏ စပျစ်သီးကဲ့သို့မည်းနက်သောမျက်လုံးများထဲ၌ အပြုံးများဖြင့် ရှန်းယွဲ့နားသို့ တိုးကပ်လိုက်သည်။
"ဒါဆိုရင် ရှင်ကျွန်မကို မေးထားတဲ့မေးခွန်းကို ကျွန်မ အခုဖြေတော့မယ်..."
ရှန်းယွဲ့၏ မျက်လုံးများ ပြူးကျယ်သွားကြသည်။
"ကျွန်မ ရှင့်ရဲ့ ဇနီးဖြစ်ပေးမယ်..."
ထန်ချောင်းချောင်းက ပြောလိုက်သည်။
ထိုစကားများကို ထန်ချောင်းချောင်း ပြောလိုက်သည့်အချိန်မှာပင် ရှန်းယွဲ့၏ လည်ပင်းသည် နီရဲတက်လာသည်ကို ထန်ချောင်းချောင်းတွေ့လိုက်ရသည်။ ရှန်းယွဲ့၏တစ်ကိုယ်လုံးသည် ရေနွေးငွေ့စက်ကဲ့သို့ ပူနေတော့သည်။
ရှန်းယွဲ့က စကားပြောဖို့ ပြင်လိုက်သော်လည်း ထန်ချောင်းချောင်းက ဖြတ်၍ပြောလိုက်သည်။
"ဒါပေမယ့် ရှင် ကျွန်မကို ကတိတစ်ခုပေးရမယ်..."
ထန်ချောင်းချောင်းက ပြောလိုက်သည်။
ရှန်းယွဲ့၏စိတ်သည် ယခုအချိန်အထိ အေးခဲနေသေး၍ ကြောင်တောင်တောင်မေးလိုက်သည်။
"ဘာကတိလဲ..."
ထန်ချောင်းချောင်းက ခပ်ပြတ်ပြတ်ပင်ပြောလိုက်သည်။
"ရှင့်ရဲ့ ဒုတိယ Weibo အကောင့်ရဲ့ နာမည်ကိုပြောင်းပေးရမယ်..."
"ဟမ်..."
ရှန်းယွဲ့သည် ထန်ချောင်းချောင်းက သူ့အား အပြစ်ပေးမည် သို့မဟုတ် တစ်ခုခုပြင်းပြင်းထန်ထန်ခိုင်းမည်ဟု ထင်နေသော်လည်း ယခုက Weibo နာမည်ပြောင်းခိုင်းခြင်းသာ ဖြစ်နေသည်။
"ဘယ်လိုနာမည်ကို ပြောင်းရမှာလဲ..."
ထန်ချောင်းချောင်းက မျက်လုံးကိုဝေ့ကာ ပြုံးလိုက်သည်။
"သိပ်မခက်ခဲပါဘူး...'အရူးမလေး' ဆိုတဲ့နေရာမှာ 'အလှလေး' လို့ပြောင်းလိုက်ရုံပဲ..."
အလှလေးချောင်း၏ပထမတန်းစားဥယျာဉ်မှူး...
ရှန်းယွဲ့က မျက်မှောင်ကြုတ်လိုက်သည်။
"ရှက်ဖို့ကောင်းတယ်..."
ထန်ချောင်းချောင်းက ပြန်ခံပြောလိုက်သည်။
"ရှင့်ကိုယ်ရှင် ပထမတန်းစားဥယျာဉ်မှူး လို့ခေါ်တာကျ မရှက်ဘူးလား...'
ရှန်းယွဲ့၏ တွေ့ရာနေရာကို ရေလောင်းတတ်သောအရည်အချင်းသည် သူ့ကို ဥယျာဉ်မှူးဟု ခေါ်ရန် မလုံလောက်ပေ။ ထန်ချောင်းချောင်း၏ ဟင်းသီးဟင်းရွက်များက သန်စွမ်းနေကြသည်မှာ သူမ၏ဟင်းသီးဟင်းရွက်ခြံက အသက်ဓာတ် အားကောင်းသောကြောင့်သာ ဖြစ်ပေသည်။
ရှန်းယွဲ့: "Netizen တွေက မင်းကိုယ်မင်း အရမ်းအထင်ကြီးလွန်းနေတယ်လို့ ထင်ကြမှာပေါ့...'သကြားချောင်း' ဆိုတာက ပိုကောင်းတယ်...မင်းရဲ့ ဖန်တွေနဲ့လည်း နာမည်တူတယ်..."
"အင်းလေ...အဲ့ဒါက အရူးမလေး ဆိုတာထက်တော့ ပိုကောင်းပါသေးတယ်..."
ထန်ချောင်းချောင်း ကျေနပ်သွားသည်။ သူမသည် ရှန်းယွဲ့နားသို့ ထပ်ကပ်သွားကာ ပြောလိုက်သည်။
"ဘာဖြစ်လို့ အစတည်းက အဲ့ဒီနာမည်ကို မသုံးခဲ့တာလဲ...အရင်တည်းက ရှင့်စိတ်ထဲမှာ စိတ်ကူးထားပြီးတဲ့ပုံကို..."
ရှန်းယွဲ့က အပြစ်ရှိသူကဲ့သို့ ပြုံးလိုက်သည်။
"အခုတော့လည်း ငါ အရှုံးပေးလိုက်ရပါပြီလေ..."
အခြားချစ်သူများသည် သူတို့၏ နှလုံးသားများကို ဖွင့်ဟပြီးသောအခါ ဘယ်လိုများ အချစ်အကြောင်းကို ဆက်ပြောနိုင်ကြပါသနည်း။ ရှန်းယွဲ့နှင့် ထန်ချောင်းချောင်းတို့ကတော့ အခြားအရေးမပါသည့်အကြောင်းများကို ပြောနေကြရသည်။
ထားလိုက်ပါတော့လေ။ ထန်ချောင်းချောင်း၏ ဦးနှောက်အလုပ်လုပ်ပုံသည် သာမာန်လူများနှင့် ကွဲပြားသည်မဟုတ်လား။ ဤသည်ကို ရှန်းယွဲ့ နေသားကျနေပြီဖြစ်ပါသည်။
ထန်ချောင်းချောင်းက ရှန်းယွဲ့ကို ကြည့်ကာပြောလိုက်သည်။
"ဒါဆို ကျွန်မတို့ နောက်တစ်ဆင့်ကို တက်လို့ရပြီ..."
ရှန်းယွဲ့က အနည်းငယ်နားမလည်ဖြစ်သွားသည်။
"ဘာ နောက်တစ်ဆင့်လဲ..."
ထန်ချောင်းချောင်းသည် စက္ကန့်အနည်းငယ်မျှ ရပ်တန့်လိုက်ပြီးမှ ရှန်းယွဲ့အနားသို့ ရုတ်တရက် တိုးကပ်လိုက်ကာ ရှန်းယွဲ့၏ ပါးကို နမ်းလိုက်သည်။ ထို့နောက် ချက်ချင်းပင် ပြန်ခွာလိုက်သည်။ အဖြစ်အပျက်မှာ မြန်ဆန်လွန်း၍ ရှန်းယွဲ့ တုံ့ပြန်ချိန်ပင် မရလိုက်ချေ။
မက်မွန်သီးနံ့ဖျော့ဖျော့လေးသင်းနေသော နူးညံ့၍ နွေးထွေးသည့် အထိအတွေ့သည် ရှန်းယွဲ့၏ ပါးပြင်၌ ငှက်မွှေးများကဲ့သို့ ပျံ့နှံ့သွားသည်။ ထိုအထိအတွေ့သည် အစ၌တော့ အနည်းငယ်ယားသကဲ့သို့ ဖြစ်သော်လည်း ချက်ချင်းပင် ထိုခံစားချက်က ပြန်ပျောက်သွားသည်။
ရှန်းယွဲ့ အငိုက်မိသွားခဲ့ခြင်း ဖြစ်လေသည်။
ရှန်းယွဲ့ ခဏမျှ ကြောင်သွားသည်။ သူ၏နှလုံးသည် တဒုတ်ဒုတ် မြည်နေကာ လည်ပင်းမှ ခုန်ထွက်တော့မလိုဖြစ်နေသည်။ ပါးပေါ်မှ ခံစားချက်သည် လျှပ်စီးကြောင်းကဲ့သို့ သူ့တစ်ကိုယ်လုံးဆီသို့ ပြန့်နှံ့သွားလေသည်။
ထန်ချောင်းချောင်းသည် ယခုလို လုပ်လိုက်လိမ့်မည်ဟု ရှန်းယွဲ့ မထင်ထားခဲ့မိချေ။
ရှန်းယွဲ့သည် သူ့ဇနီး၏ အသားယူခြင်းကို ခံနေရပါလား။ ထိုကဲ့သို့သော အစပြုခြင်းသည် ရှန်းယွဲ့ဘက်မှသာ စ၍လုပ်ရမည် မဟုတ်ပါလား။
ထန်ချောင်းချောင်းက ရှန်းယွဲ့၏တစ်ကိုယ်လုံးက ပေါက်ကွဲတော့မတတ် နီရဲလာသည်ကို ကြည့်နေမိသည်။ ရေနွေးငွေ့စက်သည် ရေနွေးငွေ့များ ထွက်စပြုလာချေပြီ။
သူမ အနိုင်ရသူကဲ့သို့ ပြုံးလိုက်သည်။ သူမ၏မျက်လုံးများမှာ အရောင်လေးများ လက်နေကြသည်။
"အရင်ကတော့ ရှင်ပဲ ကျွန်မကို ဇနီးအစစ်ဖြစ်အောင် အတင်းပြောနေတုန်းကတော့ ရှင့်ကိုယ်ရှင် အချစ်ကျွမ်းကျင်သူလိုမျိုးပုံစံနဲ့...အခုကျတော့ ဘယ်လိုဖြစ်လို့ ပါးလေးနမ်းတာကိုပဲ အဲ့ဒီလောက် ရှက်နေရတာလဲ..."
ရှန်းယွဲ့၏အသံက အနည်းငယ် ထုံနေသည်။
"ဘယ်သူက ရှက်နေတယ်လို့ ပြောလို့လဲ...ငါက အဆင်သင့် မဖြစ်သွားလို့ပါ..."
ထန်ချောင်းချောင်းက စလိုက်သည်။
"ဒါဆိုရင် နောက်ဆို ရှင့်ကို မနမ်းခင် အရင် သတင်းပေးမယ် ဟုတ်ပြီလား..."
ထန်ချောင်းချောင်းသည် ယခင်က ရှန်းယွဲ့အပေါ် သူမ၏ခံစားချက်များက မရှင်းလင်းခဲ့သောကြောင့် တွန့်ဆုတ်ခဲ့သော်လည်း ယခု ခံစားချက်များကို ဖွင့်ဟပြီးသောအခါ ရှက်ရွံနေတော့မည် မဟုတ်ချေ။
ရှန်းယွဲ့က ပြောလိုက်သည်။
"ဒါဆို အခုပဲ ငါ သတင်းပို့ပြီ..."
ထန်ချောင်းချောင်း: "ဟင်..."
ထန်ချောင်းချောင်းက နားမလည်ဖြစ်သွားချိန်မှာပင် ဆိုဖာပေါ်သို့ တွန်းလှဲခြင်းခံလိုက်ရသည်။ ထို့နောက် ရှန်းယွဲ့၏ ထွက်သက်များက သူမ တစ်ကိုယ်လုံးကို ဖုံးအုပ်သွားတော့သည်။
ထို့နောက်တွင်တော့ ထန်ချောင်းချောင်းသည် ရှန်းယွဲ့အား သတင်းများစွာ တင်ပြခိုင်းနေတော့သည်။
---
လီကျိနှင့် ဖန့်ယွမ်တို့သည် သူတို့သူဌေးများ၏ သတင်းကို Weibo ပေါ်၌ တွေ့လိုက်ရ၍ date လုပ်ဖို့ပင် စိတ်မပါကြတော့ချေ။ သူတို့သည် ကူညီကြရန် အမြန်ပြန်လာလိုက်ကြသည်။
လီကျိသည် ရှန်းယွဲ့ ဖုန်းကို သွားပြန်ယူရာ၌ အဖော်အဖြစ် လိုက်သွားပေးသည်။ ထိုစားသောက်ဆိုင်၌ သတင်းထောက်က စောင့်နေမည်မှာ သေချာသောကြောင့် ထန်ချောင်းချောင်းကတော့ သူတို့နှင့်အတူ မလိုက်လာခဲ့ချေ။
သတင်းထောက်သည် ထိုနေရာ၌ တကယ်ပင်စောင့်နေခဲ့သော်လည်း ရှန်းယွဲ့သည် အနုပညာလောကမှ မဟုတ်သည့်အပြင် အေးစက်၍ ကြီးမားတောင့်တင်းသော သက်တော်စောင့်များကိုလည်း ခေါ် လာသေးသည်။ သတင်းထောက်သည် ရှန်းယွဲ့နားသို့သွား၍ အင်တာဗျူးရန် မရဲပဲဖြစ်နေတော့သည်။
ရှန်းယွဲ့သည် ဖုန်းကို ပြန်ယူပြီးပြီးချင်းတွင် ပထမဆုံးလုပ်သည်က သူ၏ ဒုတိယ Weibo အကောင့်၏နာမည်ကို ပြောင်းလိုက်ခြင်းဖြစ်သည်။
ရှန်းယွဲ့၏ ဒုတိယအကောင့်ကို ရှာတွေ့သွားကြပြီးတည်းက netizen များသည် ရှန်းယွဲ့တစ်ယောက် မည်သို့ တုံ့ပြန်မည်ကို စောင့်ဆိုင်းနေကြသည်။
Netizen များသည် အချိန်ကြာမြင့်စွာ စောင့်ဆိုင်းနေကြရသော်လည်း ရှန်းယွဲ့၏ Weibo အကောင့်က လှုပ်ရှားလာသောအခါ နာမည်ပြောင်းခြင်းသာပင် ဖြစ်နေတော့သည်။
【ငါအခုအချိန်အထိ Weibo ကို တစ်စက္ကန့်လေးမှတောင် မပိတ်ပဲစောင့်နေရတာ ရလဒ်က ဒါပဲလား...】
【သကြားချောင်း...အားးးးးး...ချစ်ဖို့ကောင်းလိုက်တာ...ဒီလောက်ဆို တော်ပါပြီ...ဘာမှမပြောပဲ ငြိမ်နေတာထက်စာရင် အများကြီးပိုကောင်းတယ်...】
【ဒီလိုပုံစံမျိုးနဲ့ဆိုရင် ချောင်းပေါင် ယူပြောင်းလိုက်တာလားမသိဘူး...ဟားဟားဟား...ချောင်းပေါင်ကို ဘယ်လိုများ အရူးမလေး လို့ပြောနိုင်ရတာလဲ...ချောင်းပေါင်က အရမ်းထက်မြက်တာကို...】
【ရှန်းယွဲ့ရဲ့ ဒုတိယအကောင့် ထွက်ပေါ်ခြင်းပုံပြင်က ဒီမှာပဲ အဆုံးသတ်ပါပြီ...ကိုယ်နာမည်ပေးချင်သလို ပေးလို့ရတဲ့ လွတ်လပ်မှုလေးကိုတောင် ဆုံးရှုံးသွားရပြီ...ငါတော့ သင်ခန်းစာရသွားပြီ...နောက်ဆိုရင် ကိုယ့်နောက်ကျောကို ကိုယ်လုံအောင်ဖုံးရမယ်...】
【ဥက္ကဌရှန်း...ခင်ဗျား ပြန်ပေးဆွဲခံနေရတာဆိုရင် မျက်တောင်တစ်ချက်ခတ်ပြပါ...】
【ဒီကို ထန်ချောင်းချောင်းရဲ့ နှိုးစက်သံလိုချင်လို့ လာစောင့်နေတဲ့ ငါ့လိုလူတွေရှိကြလား...】
......
ရှန်းယွဲ့က အကောင့်၏နာမည်ကို ပြောင်းပြီးသည်နှင့်တစ်ပြိုင်နက် ထန်ချောင်းချောင်းက ချက်ချင်း follow လုပ်လိုက်တော့သည်။
ရှန်းယွဲ့က မေးလိုက်သည်။
"ငါ့ရဲ့ အကောင့်အစစ်ကတော့ follow အလုပ်ခံရဖို့ မတန်ဘူးလား..."
ထန်ချောင်းချောင်းက ပြုံး၍ပြောလိုက်သည်။
"ရှင့်ရဲ့ အကောင့်အစစ်က ပျင်းစရာကြီး...ဒီ အကောင့်လေးကမှ စိတ်ဝင်စားဖို့ကောင်းတာ...ရှင် ဒီအကောင့်ကို လုံးဝမဖျက်ပစ်ရဘူးနော်..."
"ဟုတ်ပါပြီ...ငါ့မိန်းမက စိတ်ဝင်စားဖို့ကောင်းတယ်ဆိုရင် နောက်ကျရင် ဒီအကောင့်ကိုပဲ သုံးတော့မယ်..."
ရှန်းယွဲ့က ပြောလိုက်သည်။
ဘေး၌ထိုင်နေကြသော လီကျိနှင့် ဖန့်ယွမ်တို့သည် တစ်ယောက်ကိုတစ်ယောက်ကြည့်၍ ပခုံးများတွန့်လိုက်ကြသည်။ သူတို့သည် ဤကိစ္စမျိုးနှင့် အသားကျနေပြီဖြစ်သည်။
ထန်ချောင်းချောင်းနှင့် ရှန်းယွဲ့တို့ကြားရှိ ဤကဲ့သို့သော ဆက်ဆံမှုမျိုးသည် သူတို့၏ ချစ်ခြင်းကို ဖော်ပြနေသည်ဟု ယူဆ၍ရသော်လည်း သူတို့သည် အိမ်ထောင်ရေးအကြောင်းကိုတော့ မပြောကြရန် ဆုံးဖြတ်ထားကြသည်။
ဤသည်မှာ ရှန်းယွဲ့၏စိတ်ကူးဖြစ်သည်။ ရှန်းယွဲ့ကပြောသည်။
"အကုန်လုံးကို တစ်ဆင့်ချင်းစီသွားရမယ်...အချစ်ကနေ ချက်ချင်း တန်းပြီး လက်ထပ်လိုက်ရင် မင်းရဲ့ အလုပ်ကိုလည်း အနှောင့်အယှက်ဖြစ်သွားလိမ့်မယ်..."
ထန်ချောင်းချောင်းကတော့ ဘာမှသိပ်မစဉ်းစားချေ။
"ကျွန်မက ကျွန်မကိုယ်ကျွန်မလည်း single လို့ တစ်ခါမှ ထုတ်မပြောခဲ့ဖူးပါဘူး...ဘယ်လိုဖြစ်ဖြစ် ကျွန်မကတော့ သိပ်ဂရုမစိုက်ပါဘူး..."
ရှန်းယွဲ့က လေးနက်စွာပြောလိုက်သည်။
"ငါ ဂရုစိုက်တယ်လေ..."
"အရင်တုန်းက ငါတို့ရဲ့အိမ်ထောင်ရေးက အစစ်အမှန်မဟုတ်ဘူးဆိုတာ ငါတို့နှစ်ယောက်စလုံး သိကြတာပဲ...အခုအချိန်က စပြီးတော့မှသာ ငါတို့ရဲ့ခံစားချက်တွေက အစစ်အမှန်ဖြစ်လာတာ...ငါမင်းကို မင်္ဂလာပွဲအစစ်နဲ့ သေချာလက်ထပ်ပြီးမှ လူကြားထဲကို ချပြချင်တယ်..."
Xxxxxxxx