လူမှားလက်ထပ်မိသော အမြောက်စာလေး
အပိုင်း ၁
၁၉၈၀ အစောပိုင်းကာလ၏ လမ်းများမှာ ကောင်းသည်ဟု
လုံးဝမဆိုနိုင်ပေ။ မြို့အနီးတွင် ဖုန်ထူသောလမ်းများက ကတ္တရာလမ်းများ အဖြစ်ပြောင်းသွား၏။
လင်းချောင်က ရထားတွဲပေါ်တွင်ရှိနေပြီး လေထုကလည်းဓာတ်ဆီနံ့များပြည့်နေပြီး
ရထားပေါ်တွင်လည်း ခရီးသည်များဖြင့် ပြည့်ကျပ်နေသည်။ သူမကဲ့သ်ို့ အခြားထိုင်နေကြသည့်
စီးနင်းသူများကလည်း ရထား၏ လှုပ်ရှားမှုကြောင့် အိပ်ငိုက်သူများကလည်း အိပ်ငိုက်နေကြ၏။
သူမက မနေ့ညက သေချာမအိပ်ရသေးသည့်အတွက် ပင်ပန်းကာ
အိပ်ငိုက်နေရသည်။ ဒီမနက်စောစောက သူမတောင်ပေါ် တစ်နာရီလောက်လမ်းလျှောက်ကာ မြို့ကိုရောက်ပြီး
ရထားရှစ်နာရီလောက် စီးပြီးချိန်မှာတော့ အလွန်ပင်ပန်းနေပြီဖြစ်သည်။ သို့သော် သူမဘယ်လောက်ပဲ
ပင်ပန်းနေပါစေ သူမ၏ အိတ်ကို အခြားတစ်ယောက်က နောက်မှကိုင်နေသည်ကိုတော့ သတိထားမိနေသေးသည်။
သူမက ထိုသူ၏လက်ကို အရှေ့သို့ဆွဲချလိုက်၏။
"အား...။" ဒီလိုဖြစ်မည်ဟု လုံးဝမထင်ထားသည့်အတွက်
ထိုလူက အော်ဟစ်လိုက်၏။
ဘေးဘက်ရှိလူများကလည်း အိပ်ယာမှနိုးလာပြီး သိချင်စိတ်ဖြင့်
ကြည့်ကြတော့သည်။ "ဘာဖြစ်သွားတာလဲ။ ဘာဖြစ်တာလဲ။"
"ဘာမှမဖြစ်ပါဘူး။ တစ်ယောက်ယောက်က ပစ္စည်းခိုးဖို့ကြံနေလို့ပါ။"
လင်းချောင်၏ အသံက မကျယ်သော်လည်း အားလုံးကနိုးလာပြီး ပိုင်ဆိုင်မှုများကိုစစ်ဆေးကြတော့၏။
၁၉၈၀နှင့် ၁၉၉၀ ခုနှစ်များတွင် သူခိုးများအလွန်ပေါပြီး
ရထားများပေါ်တွင် ပိုများတတ်သည်။ လူရှုပ်နေသည့်အချိန်ကို အခွင့်ကောင်းယူကာ ခိုးတတ်ပြီး
သူခိုးများက အမြဲလိုလို လွတ်သွားတတ်သည်။
အားလုံးက သတိရှိသွားသည်ကို မြင်ရတော့ လင်းချောင်ဆွဲလိုက်သည့်
ခပ်ပိန်ပိန်လူက ထိတ်လန့်သွားတော့သည်။
"စကားကို ကြည့်ပြောပါ မိန်းကလေး။ ဘယ်သူက
မင်းပစ္စည်းကိုခိုးလို့လဲ။"
သူ၏စကားထဲတွင် ခြိမ်းခြောက်သံများ ပါနေသော်လည်း
လင်းချောင်ကတော့ ကြောက်လန့်မှုမရှိပေ။ သူမကိုင်ထားသည့်လက်ကိုကြည့်ကာ မျက်ခုံးပင့်လိုက်၏။
"ရှင်က မခိုးဘူးဆိုရင် နှာဘူးလုပ်မလို့ကြံနေတာလား။"
ထိုအရာကလည်း မဖြစ်နိုင်သည့် အရာတော့ မဟုတ်ပေ။
လင်းချောင်က ရိုးရိုးရှင်းရှင်း ဝတ်ထားသည့်အတွက် နယ်မှလာသည့် အမျိုးသမီးတစ်ယောက်နှင့်
တူနေသလို လှလည်းလှ၏။ သူမ၏ မျက်ဝန်းထောင့်တွင် အနီရောင်မှဲ့လေးတစ်ခုလည်း ရှိသေးသည်။
ဒီဘက်ခေတ်တွင် နှာဘူးအဖြစ် စွပ်စွဲခံရသည်က သူခိုးထက်ပိုဆိုးသည်။
တစ်ယောက်ယောက်က တိုင်လိုက်လျှင် ထောင်ဒဏ်နှစ်အနည်းငယ်ဆိုသည်မှာ ရှောင်လွှဲ၍မရဘဲ ကိစ္စကြီးလျှင်
သေဒဏ်ပင်ခံရနိုင်သည်။ တစ်ယောက်ယောက်က လည်ပင်းညှစ်လိုက်သည့်အတိုင်း ထိုလူပါးစပ်ပိတ်သွားတော့၏။
လင်းချောင်က ဆယ့်ရှစ်၊ ဆယ့်ကိုးအရွယ်ဖြစ်ပြီး
အနားရှိဘယ်သူ့ကိုမှလည်း မသိသည့်အတွက် သူက လင်းချောင်ကို ပစ်မှတ်ထားခဲ့ခြင်းပင်။ သူမက
ဒီလိုသတ္တိရှိပြီး သူ့ကိုနှာဘူးဟုပင် စွပ်စွဲမည်ဟူ၍တော့ မထင်မိခဲ့။
ရုတ်တရက်ဆိုသလို လူတစ်ယောက်က ထအော်လိုက်၏။
"ငါ့ငွေတွေ! ငွေတွေနဲ့ လက်မှတ်တွေ မရှိတော့ဘူး။"
လင်းချောင် ဘာမှပြောစရာမလိုတော့ပေ။ ထိုလူက ပိန်ပိန်နှင့်လူကိုဆွဲကာ
ငွေပြန်ပေးမည်လား ရဲလက်အပ်ခံမလားဟု ခြိမ်းခြောက်တော့သည်။ ဘာမှအခိုးမခံရသူများကလည်း
ပါဝင်လာပြီး ထိုလူကို ငွေပြန်ပေးကာ ရထားပေါ်မှ ဆင်းသွားရန် ပြောကြတော့၏။
လင်းချောင်၏ ဘေးတွင်ထိုင်နေသော အဒေါ်ကြီးက ခြေရင်းတွင်
ချည်ထားသော ကြက်မကြီးနှစ်ကောင်ကို ပြန်စစ်လိုက်သည်။ "ဒါတွေက ငါ့သမီးမီးဖွားပြီးရင်
စားဖို့အတွက်ပဲ။ ပျောက်သွားရင် ဘယ်မှာအစားထိုးသွားရှာရမှာလဲ။"
စစ်စရာမလိုပါချေ ဒီလိုအသက်ရှင်နေသည့် တိရစ္ဆာန်ကို ဘယ်သူက ခိုးမှာတဲ့လဲ။
လင်းချောင်က ရယ်စရာအဖြစ် မြင်မိသော်လည်း ထိုကိစ္စကြောင့်
အဒေါ်ကြီးက သူမနှင့်ပို၍ စကားစမြည်ပြောလာတော့သည်။
"မင်း တစ်ယောက်တည်းလာတာပဲ။ ကျောင်းတက်ဖို့
ယန်ဒူကိုသွားတာလား။"
၁၉၇၇တွင် ကောလိပ်ဝင်ခွင့်များ ပြန်ဖြေခွင့်ရသဖြင့်
နေရာအများစုမှ လူများက ယန်ဒူကိုလာကြသဖြင့် ပုံမှန်မဟုတ်သည့် ကိစ္စတော့မဟုတ်ပေ။
ပြီးတော့ ပြန်လည်ထူထောင်သည့် ကာလဖြစ်သည့်အတွက်
လူအများက ခရီးသွားရန်ထောက်ခံစာလိုသည်။ အလုပ်ကိစ္စနှင့် ယှဉ်လျှင် လင်းချောင်၏ အသက်အရွယ်အရ
ကျောင်းကိစ္စကပိုဖြစ်နိုင်၏။
လင်းချောင် မငြင်းလိုပေ။ အမှန်မှာတော့ သူမက သူမခန္ဓာကိုယ်မှ
တာဝန်ရှိသည့်အတိုင်း လက်ထပ်ရမည့်လူကိုရှာကာ စာချုပ်အတိုင်း လက်ထပ်ရန်ဖြစ်သည်။
လွန်ခဲ့သည့်သုံးရက်က သူမ စာရွက်စာတမ်းများပြန်စီရင်း
နောက်ကျသည်အထိနေမိရာ လှေကားပေါ်မှ ရုတ်တရက် ပြုတ်ကျသွားခဲ့၏။ နိုးလာချိိန်မှာတော့ သူမက
ထူးဆန်းသည့်ကမ္ဘာသို့ ရောက်နေလေပြီ။ ဒါက သမိုင်းထဲမှ ၁၉၈၀ မဟုတ်ဘဲ သူမသူငယ်ချင်းပြောပြသည့်
ဝတ္ထုထဲမှ ၁၉၈၀ပင်။
စာအုပ်ထဲတွင် သူမက မထင်မရှား အသိုင်းအဝိုင်းတစ်ခုမှ
ဇာတ်ရံတစ်ယောက်ဖြစ်ပြီး အဓ်ိကဇာတ်ဆောင်၏ ပြဿနာအိုး ဇနီးဟောင်းဖြစ်ရန် ကံပါလာ၏။ သူမက
အလွန်ရှေးဆန်သော မိသားစုကလာကာ သူ၏မိသားစုကို ကယ်တင်ခဲ့သည်ဟူသောအကြောင်းဖြင့် လက်ထပ်ရန်အကြောင်းဖန်လာခဲ့ခြင်းဖြစ်၏။
ကျေးဇူးကြွေးပြန်ဆပ်ရန် သူ၏မိသားစုက သူမတစ်ဘဝလုံး ကောင်းကောင်းထားပေးမည်ဆိုသော ကတိပေးခဲ့၏။
၁၉၈၀
တွင် အမျိုးသားဇာတ်ဆောင်က စီစဉ်ထားသည့်လက်ထပ်မှုကို လက်မခံလိုပေ။ သို့သော်လည်း ပြန််လည်တည်ထောင်သည့်
ကာလအပြီးတွင် သူကအလုပ်မှထွက်ပြီး ကိုယ်ပိုင်စီးပွားရေးလုပ်လိုပြီး မိသားစုက ဒါကိုသဘောမတူပေ။
အတော်ကြာ ငြင်းခုံပြီးနောက်မှာတော့ သူတို့က သဘောတူညီမှု ယူလိုက်ကြ၏။ သူက သူမကိုလက်ထပ်လျှင်
သူ၏ အလုပ်နှင့်ပတ်သက်၍ ဝင်မစွက်ဖက်တော့ ဟူ၍ပင်။
ထို့နောက် အမျိုးသားဇာတ်ဆောင်က အလုပ်ကိစ္စဖြင့်
အိမ်ပြန်လာခဲပြီး သူမက လစ်လျူရှူခံရသလို ခံစားမိသဖြင့်နည်းမျိုးစုံဖြင့် ပြဿနာရှာတော့သည်။
အမျိုးသားဇာတ်ဆောင်၏ အလုပ်အဆင်ပြေသွားပြီး အောင်မြင်သွားချိန်မှာတော့ မိသားစု၏ ထိန်းချုပ်မှုကို
ကြောက်စရာမလိုတော့သည့်အတွက် သူမကို အားလုံးက သဘောမကျတော့ပေ။
သူမက အမျိုးသားဇာတ်ဆောင်ကို ဖောက်ပြန်သည်ဟု စွပ်စွဲကာ
လုပ်ငန်းကိုလည်း ပြဿနာတက်အောင်လုပ်မိ၏။ နောက်ဆုံးတော့ အမျိုးသားဇာတ်ဆောင်က သူမကိုကွာရှင်း၍
အသိုင်းအဝိုင်းကောင်းမှ အမျိုးသမီးတစ်ဦးနှင့် လက်ထပ်လိုက်တော့သည်။ သူတို့က စံပြစုံတွဲအဖြစ်နေချိန်တွင်
သူမကတော့....
လင်းချောင်က ဝတ္ထုကို ဆုံးအောင်မဖတ်မိသည့်အတွက်
သေချာမသိတော့ပေ။ သူမ၏ လက်ရှိအခြေအနေအရ အမျိုးသားဇာတ်ဆောင်နှင့် လက်ထပ်ရမည်ဆိုသည်ကိုသာသိသည်။
သူမက လူ့ဘဝ လွတ်လပ်ခွင့်လိုချင်ပြီး သူက အလုပ်အကိုင် လွတ်လပ်ခွင့်က်ိုလိုချင်သည်။ သူတို့က
အချင်းချင်း လိုအပ််သည့်အတွက် အကျိုးရှိစေရန် စုံတွဲအဖြစ် ခေတ္တဟန်ဆောင်ရလိမ့်မည်။
ကွာရှင််းပြီးနောက်တွင်တောင် အမျိုးသားဇာတ်ဆောင်က
သူမကို ဇနီးမယားစရိတ်ပေးသည့်အတွက် သူက ကျိုးကြောင်းဆီလျော်မှုမရှိသူတော့ မဖြစ်နိုင်ချေ။
သူမအတွေးလွန်နေချိန်မှာပဲ ရထားက မြို့ထဲရောက်သွားလေပြီ။
ပြတင်းပေါက်မှ ကြည့်လိုက်ရာ သူမမြင်ဖူးသည့် အထပ်မြင့်
အဆောက်အဦးကြီးများဖြင့် ယန်ဒူကဲ့သို့ မဟုတ်ဘဲ အိမ်ပုလေးများကိုသာမြင်ရ၏။ နန်လော့အနီးတွင်
ရထားရပ်တော့မှ အနည်းငယ် ရင်းနှီးသော ခြံဝန်းကျယ်ကျယ်အိမ်များက်ို မြင်ရတော့သည်။ သူမ
သူငယ်ချင်းက တိတိကျကျ မပြောထားသော်လည်း မူလခန္ဓာကိုယ်တွင် မှတ်ဉာဏ်အချို့ရှိနေ၏။
လင်းမိသားစုနှင့် အမျိုးသား ဇာတ်ဆောင်မိသားစုက
တစ်မြို့တည်းသားများဖြစ်ခဲ့ပြီး ရဲဘော်ရဲဘက်ဖြစ်ခဲ့သည့်အတွက် အဆက်အသွယ်ရှိသည်။ တစ်ယောက်က
ရိုးသားသည့်အတွက် လွတ်လပ်ရေးကာလပြီးနောက် ရွာပြန်၍ လယ်လုပ်ခဲ့သော်လည်း အခြားတစ်ယောက်က
ရာထူးအမြင့်တွင် ကျန်ခဲ့သည်။ ထိုသို့မတူညီသည့်မိသားစုနှစ်ခုကြားတွင် အသက်ကယ်ခဲ့သည့်
ကျေးဇူးသာရှိမနေလျှင် လက်ထပ်ပွဲရှိလာမည်ပင်မဟုတ်ပေ။
လင်းမိသားစုက ဒီကိစ္စကို သိသော်လည်း ထုတ်ပြောခဲသည်။
မူလပိုင်ရှင်၏ အဖွားက အလွန်နာမကျန်းဖြစ်ပြီးကွယ်လွန်ခါနီးအချိန်တွင်မှ သူမကို စာအချို့ထုတ်ပေးကာ
အခက်အခဲကြုံလျှင် ယန်ဒူသို့သွားပြီး ကျိမိသားစုကိုသွားရှာရန် ပြောခဲ့ခြင်းဖြစ်၏။
လင်းချောင်က လိပ်စာအတိုင်းသွားခဲ့ရာ ကျိမိသားစု၏
နှစ်ထပ်အိမ် ခြံဝန်းကျယ်နှင့် တံခါးပေါက်များကိုတွေ့တော့မှ သူတို့၏ ရာထူးအဆင့်အတန်း
တကယ်မြင့်သည်ကို သဘောပေါက်သွားတော့၏။ ခြံဝန်းကပင် လင်းမိသားစုကဲ့သ်ို့ နယ်မှလူမျိုးအတွက်
အများကြီးအထင်ကြီးစရာပင်။ မိသားစုနှစ်ခု သိပ်အဆက်အသွယ်မရှိသည်မှာ အံ့သြစရာမရှိတော့။
လင်းချောင်က အလျင်စလိုမသွားခဲ့ပေ။ သူမက အဝါရောင်
စစ်လွယ်အ်ိတ်လေးထဲမှ ဓာတ်ပုံတစ်ပုံ ထုတ်လိုက်၏။
ဒီပုံက မိသားစုနှစ်ခု လက်ထပ်ပွဲအတွက် သဘောတူပြီးချိန်က
အမျိုးသားဇာတ်ဆောင်ပါ ပါဝင်ပြီး ရိုက်ထားသည့်ပုံဖြစ်၏။ ထိုပုံထဲရှိကောင်လေးက အသက် ခုနစ်နှစ်
ရှစ်နှစ်အရွယ်ဖြစ်ကာ နက်ခ်တိုင်နှင့် အင်္ကျီဝတ်ထားပြီး မျက်နှာက တင်းမာနေ၏။
အဓိကအချက်က ထိုကောင်လေးမဟုတ်ဘဲ နောက်ခံရှုခင်းဖြစ်သည်။
ဒီပုံက ကျိမိသားစု၏ အိမ်ပေါက်၀တွင် ရိုက်ထားခြင်းဖြစ်သည်။
လင်းချောင်က သေချာကြည့်ပြီး မမှားဘူးဆိုတော့မှ ရှေ့တိုးကာတံခါးခေါက်လိုက်၏။
သက်လတ်ပိုင်း အိမ်ဖော်ဟု ထင်ရသောအမျိုးသမီးတစ်ဦးက
တံခါးလာဖွင့်သည်။
လင်းချောင်က မစ္စတာကျိနှင့်တွေ့ချင်သည်ဟုဆိုတော့
ထိုအမျိုးသမီးက ဘာမှမပြောဘဲ စိုက်ကြည့်နေလိုက်၏။
လင်းချောင် မအံ့ဩခဲ့ပေ။ ပထမအချက်အနေဖြင့် သူမက
အရမ်းငယ်ပြီး ကျောင်းသားနှင့်တူသည်။ သူမ၏ အဝတ်အစားများကလည်း ခေတ်ဟောင်းနေကာ စီးထားသည့်ဖိနပ်ကလည်း
ယောက်ျားစီးနှင့် တူနေ၏။ သူမက ကျိမိသားစုနှင့် အဆက်အသွယ်ရှိနိုင်မည့်လူမျိုးမဟုတ်ပေ။
ထိုအမျိုးသမီးက သူမကို နှင်မလွှတ်သည်ကပဲ အတော်ယဉ်ကျေးနေလေပြီ။
လင်းချောင်က လွယ်အိတ်ထဲမှ စာကိုထုတ်လိုက်သည်။
"အထဲဝင်ပြီး မေးပေးလို့မရဘူးလား။ ကျွန်မက
မစ္စတာကျိချွန်းမင်ရဲ့ ရဲဘော်ရဲဘက် လင်းချန်းရဲ့မြေးလို့သာပြောပေးပါ။"
ထိုအမျိုးသမီးက စာကိုယူ၍ လင်းချောင်ကို ခဏစောင့်နေရန်ပြောသွား၏။
ခဏအကြာမှာတော့ သူမပြန်ထွက်လာပြီး စာကိုပြန်ပေးကာ
အမူအရာပြောင်းသွား၏။ "မင်း နေရာမှားလာပြီ။"
"နေရာမှားတယ်?" လင်းချောင်က စာကိုကိုင်ပြီး
ငြိမ်နေမိ၏။
အိမ်ဖော်အမျိုးသမီးက ခေါင်းညိတ်ကာ စကားမပြောချင်တော့သည့်ပုံစံဖြင့်
တံခါးပိတ်ရန် လုပ်လိုက်သည်။
လင်းချောင်က မျက်မှောင်ကြုတ်လိုက်သည်။ "နေရာမှားတာမဟုတ်ဘဲ
တစ်ယောက်ယောက်က ကျွန်မကို မတွေ့ချင်တာမလား။"
လိပ်စာကလည်း မှန်နေသလို ဝင်ပေါက်ပုံစံကလည်း မှန်သည့်အတွက်
ဆယ်နှစ်လောက်က ဓာတ်ပုံဖြစ်ပြီး ကျီမိသားစုက ပြောင်းသွားပြီဆိုလျှင်တောင် အိမ်ဖော်အမျိုးသမီးက
ချက်ချင်းပြောလိမ့်မည်။ ဘာလို့ စာကို အထဲယူသွားမှာလဲ။
အိမ်ဖော်အမျိုးသမီး၏ မျက်လုံးတွင် စိတ်မလုံမှုပေါ်လာတော့သည်။
တစ်ယောက်ယောက်က နောက်ကွယ်မှ ညွှန်ကြားထားခြင်း
ဖြစ်ရမည်။
လင်းချောင်က တွေးကြည့်၍ရသော်လည်း နားမလည်နိုင်သေးပေ။
စာအုပ်ထဲတွင် အမျိုးသားဇာတ်ဆောင်က ဖိအားပေးခံရသည်ဆိုသည့်အတွက်
အနည်းဆုံး ကျိမိသားစု ခေါင်းဆောင်ကတော့ လက်ထပ်ပွဲကို အလိုရှိလိမ့်မည်။ သူမစာကိုပြလျှင်
သူတို့မငြင်းသင့်ပေ။
"မစ္စတာ ကျိချွန်းမင်က ဒီလိုပြောခိုင်းတာလား
ဒါမှမဟုတ်.." လင်းချောင် ဆက်ပြောရန်လုပ်စဉ်တွင် တံခါးက အနည်းငယ်ဟလာကာ ခပ်ချောချော
ပိုးသားအင်္ကျီဝတ်ထားသည့် အမျိုးသမီးတစ်ဦးက တံခါးကိုအနည်းငယ်ဟကာ စကားပြောလာ၏။
"နေရာမှားလာတယ်လို့ ပြောတယ်မလား။ ဘာလို့ရှုပ်အောင်လုပ်နေတာလဲ။
ဒီလိုထပ်လုပ်နေရင် နှင်ထုတ်လိုက်တော့။"
သူမအသံက ညင်သာသော်လည်း အထက်စီးဆန်သည်။ သူမက အိမ်ဖော်အမျိုးသမီးကို
ညွှန်ကြားလိုက်သေးသည်။
"အခက်ကြုံအောင်တော့ မလုပ်နဲ့။ မိသားစု ဒုက္ခရောက်နေလို့
အဆက်အသွယ် လာရှာတာဖြစ်မယ်။"
တည့်တိုးပြောခြင်းထက် ယခုလိုပြောခြင်းက ပို၍နာကျင်စေသည်။
သူမသာ သာမန်မိန်းကလေးဆိုလျှင် ဒေါသဖြင့်ထွက်သွားလိုက်ပြီဖြစ်သည်။
သို့သော်လည်း လင်းချောင်က ပြုံးလိုက်၏။
"အဆက်အသွယ်လို့ ပြောတယ်ဆိုတော့ နေရာမှားလာတာ မဟုတ်ဘူးပဲ။"
အမျိုးသမီးက ထိုသို့ပြန်ပြောမည်ဟု မထင်ထားသောကြောင့်
မျက်နှာပျက်သွား၏။ အိမ်ဖော်အမျိုးသမီးကို သူမက အမိန့်ပေးလိုက်သည်။
"မြန်မြန်လုပ်။ အနီးအနားမှာ ဘယ်သူတွေနေတယ်ဆိုတာ
သိတယ်မလား။ သူတ်ို့ကို စိတ်အနှောင့်အယှက်မဖြစ်စေနဲ့။"
ထိုအမျိုးသမီးက စကားပြောပြီး တံခါးပိတ်ရန်လုပ်နေပြီး
အိမ်ဖော်အမျိုးသမီးက လင်းချောင်ကို ကြည့်လိုက်သည်။
"ရဲဘော် မြင်တယ်မလား..."
သူတို့အားလုံးက အလုပ်သမားများ ဖြစ်သည့်အတွက် လင်းချောင်သူတို့ကို
အခက်တွေ့အောင် မလုပ်လိုပေ။
"ရပါတယ်။ ကျွန်မ မနှောင့်ယှက်တော့ပါဘူး။"
ထိုအမျိုးသမီးက ကျိမိသားစုဝင်ဆိုသည်မှာ သေချာသည်။
သူမတားဆီးနေလျှင် မစ္စတာကျိချွန်းမင်ကိုတွေ့ရမည်မှာ မလွယ်ကူလောက်ချေ။ မစ္စတာကျိက အိမ်တွင်မရှိနိုင်ပေ။
မဟုတ်လျှင် ထိုအမျိုးသမီးထွက်လာမည်မဟုတ်။
သူတို့နှင့်ပြဿနာ ဖြစ်ပြီး အမှုတစ်ခုခုခေါင်းစဉ်တပ်ခံရမည့်အစား
လမ်းကြားထဲတွင် စောင့်နေခြင်းကဲ့သို့ အခြားနည်းတစ်ခု ကြိုးစားကြည့်ရမည်။
မစ္စတာကျိ အိမ်တွင်မရှိလျှင် ဤနေရာမှဖြတ်သွားလိမ့်မည်။
အဓိကအချက်က သူမဘယ်လောက်ထိ စောင့်ရမည်ဆိုသည်ပင်။ အချ်ိန်ကြာလျှင် သူမသူ့ကိုမတွေ့ရခင်
ဆာလောင်၍ သေသွားလိမ့်မည်။
လင်းချောင်က ရထားလက်မှတ်အတွက် ငွေအများကြီးသုံးခဲ့ရာ
လက်ထဲတွင် သ်ိပ်မကျန်တော့ပေ။ သူမ ဘာဆက်လုပ်ရမည်ကို တွေးနေစဉ် အထူးလိုင်စင်ပြားဖြင့်
ဂျစ်ကားတစ်စီး လမ်းကြားထဲဝင်လာကာ ကျိမိသားစုအိမ်ရှေ့ ရပ်လိုက်၏။