အပိုင်း ၂
Viewers 429

လူမှားလက်ထပ်မိသော အမြောက်စာလေး

 

အပိုင်း ၂

 

 

မစ္စတာကျိ အိမ်တွင်မရှ်ိဟုထင်သည့်အတွက် ထိုဂျစ်ကားကို မြင်လိုက်ရသည့် လင်းချောင်၏ ပထမဆုံးအတွေးက မစ္စတာကျိ ပြန်လာသည်လားဟုပင်။

 

 

 သို့သော်လည်း ဒီဘက်ခေတ်မှ ကားမှန်များမှာ အထဲဖောက်မမြင်ရသည့်မှန်များ မဟုတ်သည့်အတွက် တစ်ချက်ကြည့်လိုက်ရုံဖြင့် နောက်ခန်းရှိ ပခုံးကျယ်ကျယ် ကျောရှည်ရှည်ပုံရိပ်ကို သူမ မြင်လိုက်ရ၏။ ကားအထဲရှိ အလင်းရောင်က အရမ်းလင်းသည့်အထဲ မပါသော်လည်း ခပ်ချောချောလူငယ်တစ်ယောက်၏ ပုံရိပ်ဆိုသည်ကိုတော့ သူမတပ်အပ်ပြောနိုင်သည်။

 

 

ကားတံခါးပွင့်လာချိန်မှာတော့ စစ်ဝတ်စုံဝတ်ထားသည့် ခြေတံရှည်များကိုအရင် မြင်လိုက်ရ၏။

 

 

ထိုလူက အလွန်အရပ်ရှည်ပြီး ကားပေါ်မှဆင်းလိုက်သည်နှင့် ဦးထုပ်ကိုတည်ငြိမ်စွာပဲ ချွတ်လိုက်၏။ သူက ပခုံးပေါ်မှ ကြယ်အဆင့်များပါသည့် ဝတ်စုံကို ဝတ်မထားသည့်အတွက် သူ၏ရာထူးအဆင့်အတန်းကို ခန့်မှန်း၍မရပေ။

 

 

အိမ်ဖော်အမျိုးသမီးက စိတ်လှုပ်ရှားနေပြီး သူ့ကိုသတိကြီးကြီးဖြင့် နှုတ်ဆက်လိုက်သည်။ "ပြန်လာပြီလားရှင့်။"

 

 

ထိုလူက ခေါင်းညိတ်ပြလိုက်ပြီး အထဲကိုဝင်လာရင်း တံခါးဝမှ အခြေအနေကို လေ့လာလိုက်၏။ "ဘာတွေ ဖြစ်နေတာလဲ။" သူ၏ အသံက သြရှရှဖြစ်သည်။

 

 

"အင်း..." အိမ်ဖော်အမျိုးသမီးက လင်းချောင်ကို ကြည့်နေရင်း ဘာပြောရမည်မသိ ဖြစ်နေ၏။

 

 

ထိုလူ၏ အကြည့်က သူမထံမရောက်ခင် ခုလေးတင်ပိတ်သွားပြီဖြစ်သည့်တံခါးက ပြန်ပွင့်လာပြီး အထဲမှအမျိုးသမီးက အပြင်ထွက်လာခဲ့သည်။ "ဒုတိယ မောင်လေးပြန်လာပြီပဲ။"

 

 

ထိုလူက အကြည့်တစ်ချက်ဖြင့် ပြန်ဖြေလိုက်ပြီး မေးလိုက်ပြန်၏။ "အဖေ ဘယ်လိုနေလဲ။"

 

 

"သူ့ကို ခုပဲဆေးရုံပို့လိုက်တာ။ ရောဂါလက္ခဏာတွေက သေချာမသိရသေးဘူး။ အစ်မက ပစ္စည်းတွေထုပ်ပိုးဖို့ပြန်လာတာ ခဏနေရင်ပြန်သွားမှာ။"

 

 

"ဒါဆို ကျွန်တော် ဆေးရုံကို အရင်သွားလိုက်မယ်။"

ထိူလူက အနည်းငယ်မျက်မှောင်ကြုတ်လိုက်ပြီး ထွက်သွားရန်ပြင်လိုက်၏။

 

 

သူမ၏ စိတ်ကူးကြောင့်လားမသိသော်လည်း ထိုအမျိုးသမီးက စိတ်သက်သာသွားသည့်ပုံစံ ဖြစ်သွားသည်ဟု လင်းချောင်ထင်မိလိုက်သည်။

 

 

ပြီးတော့ ထိူလူကိုလည်း ရင်းရင်းနှီးနှီးမြင်ဖူးနေသလိုပင်။

 

 

ပုံထဲမှလူဖြစ်သည်။

 

 

လုံးဝ ချွတ်စွပ်မတူသော်လည်း တူသည့်နေရာ သုံးနေရာ၊ လေးနေရာလောက်ရှိပြီး မျက်မှောင်ကြုတ်ထားသည့်ပုံစံက အတော်တူသည်။

 

 

ဒါက စာအုပ်ထဲက အမျိုးသားဇာတ်ဆောင်လား။

 

 

ထိုလူက ကားထဲဝင်တော့မည်ဖြစ်သည့်အတွက်  လင်းချောင် နှစ်ခါပြန်မတွေးဘဲ ရှေ့တိုးလိုက်၏။ "မစ္စတာကျိရဲ့ ရောဂါဟောင်းပြန်ထလာတာလား။"

 

 

မစ္စတာကျိက ငယ်ငယ်တည်းက စစ်တပ်ထဲဝင်ခဲ့သည့်အတွက် ဆုတံဆိပ်များစွာရှိသည့်အလျောက် သေအံ့ဆဲဆဲဝေဒနာများလည်း ခံခဲ့ရသည်။ ထိုဒဏ်ရာဟောင်းများက မကြာခဏ ပြန်ပေါ်လာတတ်ပြီး လင်းချောင်၏ မေးခွန်းကြောင့် သူမက ကျိမိသားစုအကြောင်း သိထားသည်ဆိုသည့်သဘော ပေါ်လွင်လာစေသည်။

 

 

ကျိသော်က တံခါးပိတ်ရန် လုပ်လိုက်ရာမှ ရပ်လိုက်ပြီး သူမကိုလှည့်ကြည့်လိုက်သည်။ "မင်းက ဘယ်သူလဲ။"

 

 

သူ၏အကြည့်က အနည်းငယ် ထိတ်လန့်ဖွယ်ကောင်းသော်လည်း လင်းချောင်က ပြုံးလိုက်၏။ "ကျွန်မက လင်းချောင်ပါ ကျွန်မ..."

 

 

"ကိစ္စကြီးမဟုတ်ပါဘူး။ မင်းဆေးရုံကို အရင်သွားလိုက်ပါ။" ယဲ့မင်ရှူးက သူထွက်သွားတော့မည်ဖြစ်သည့်အတွက် လင်းချောင်စကားဝင်ပြောလိမ့်မည်ဟု မထင်မိခဲ့။

 

 

သူမ အလွန်စိတ်လှုပ်ရှားသည့်ပုံပေါ်သွားသည်ကို  အသံကိုဖျော့၍ပြောလိုက်သည်။ "အဖေ့ ကျန်းမာရေးက ပိုအရေးကြီးပါတယ်။ ဆေးရုံကို အရင်သွားလိုက်ပါ။ ဒီကကိစ္စတွေ အစ်မဖြေရှင်းထားလိုက်မယ်။"

 

 

သူမက ပို၍စိတ်လှုပ်ရှားလာလေလေ သံသယဝင်စရာကောင်းလာလေလေပင်။ လင်းချောင်က ပါးစပ်ပိတ်ထားပြီး သူမနှင့်အခြေအတင်စကားမပြောခဲ့။

 

 

ကျိသော်ကလည်း အရူးမဟုတ်သည့်အတွက် လင်းချောင်ကို ဆက်ကြည့်နေလိုက်သည်။ ထို့နောက် သူမက အိတ်ထဲမှစာကို ထုတ်လိုက်သည်။ "ကျွန်မ မစ္စတာကျိနဲ့တွေ့လို့ရမလား။ ကျွန်မအဘိုးနဲ့ သူနဲ့က ရဲဘော်ရဲဘက်တွေပါ။ ကျွန်မက သူနဲ့တွေ့ဖို့ဒီကိုလာခဲ့တာ။"

 

 

ယဲ့မင်ရှူးနှင့် ယှဉ်လိုက်လျှင် ဤအသက်နှစ်ဆယ်ပင် မပြည့်လောက်သေးသည့် မိန်းကလေးက ပို၍တည်ငြိမ်နေသည်။

 

 

အမှန်မှာတော့ လင်းချောင်က ကျိမိသားစုအကြောင်းတစ်ခုမှမသိပေ။ သူတို့ အဖေဟုပြောနေသူက မစ္စတာကျိ ဟုတ်မဟုတ်ကိုပင် မသိခဲ့ခြင်းပင်။

 

 

အဘွားလင်း နာမကျန်းဖြစ်သွားချိန်တွင် မဆုံးခင်အထိ စကားရှင်းရှင်းလင်းလင်း မပြောနိုင်ဘဲ လင်းမိသားစုက ကျိမိသားစုကို ကယ်တင်ခဲ့သည့် အသက်ကယ်ကျေးဇူးရှိကာ သတိထားမိသွားပြီး မိသားစုနှစ်ခုကြား လက်ထပ်ရန်သဘောတူထားခြင်းရှိသည် ဟုသာပြောခဲ့၏။ ထိုစာများဖတ်ကြည့်၍ မစ္စတာကျိ၏ ဒဏ်ရာအကြောင်းကို လင်းချောင်သိထားခြင်းဖြစ်သည်။

 

 

သူတို့ပြောသည့်စကားများကို နားထောင်ကြည့်ရာ ကျိမိသားစုဝင်တစ်ဦးဦး နာမကျန်းဖြစ်နေသည်မှာသေချာ၏။ အကယ်လို့ ထိုသူသာ သူမရှာနေသည့် မစ္စတာကျိဆိုလျှင် တွေ့ရမည့်အခွင့်အရေးကို လက်လွှတ်လိုက်ရပါက ဆယ်ရက် သို့မဟုတ် လဝက်လောက် နှောင့်နှေးသွားနိုင်သည်။

 

 

ကံကောင်းစွာနဲ့ သူမခန့်မှန်းချက် မှန်သွားခဲ့လေပြီ။ ကျိသော်က သူမကို လစ်လျူမရှုဘဲ စာကို သေချာကြည့်လိုက်ပြီး ယဲ့မင်ရှုးကိုပြန်ကြည့်လိုက်၏။

 

 

သူ၏ စူးရှသည့်အကြည့်အောက်တွင် ယဲ့မင်ရှူး၏ မျက်နှာက စိတ်မသက်မသာသလို ပုံစံပေါ်လာတော့၏။

 

 

ကျိသော်က စာကို လင်းချောင်ထံ ပြန်ပေးလိုက်သည်။

"ကားပေါ်တက်။"

 

 

သူက ကားနောက်ခန်းတံခါးကို လင်းချောင်အတွက် ဖွင့်ပေးလိုက်ပြီး သူကတော့ ကားရှေ့ခန်းတွင်ထိုင်လိုက်သည်။

 

 

ယဲ့မင်ရှူးက တစ်ခုခုပြောချင်နေသေးသော်လည်း လင်းချောင်ကတော့ ကားပေါ်ရောက်သွားခဲ့ပြီး တံခါးကိုလည်းပိတ်လိုက်လေပြီ။ ထိုဂျစ်ကားက နေရာမှထွက်သွားသည်ကို ကြည့်နေရင်း သူမမျက်နှာ ပျက်လာတော့၏။ ခဏအကြာမှာပဲ ခြံဝင်းထဲပြန်ဝင်သွားကာ အရှေ့ဘက်ရှိ သူမ၏အိမ်မှ အိတ်တစ်လုံးဖြင့်အလျင်အမြန် ထွက်လာခဲ့တော့သည်။

 

 

တစ်ဖက်တွင်တော့ လင်းချောင်က သိသိသာသာ စိတ်အေးသွားရသည်။ သူမရှေ့မှလူက အမျိုးသားဇာတ်ဆောင် ဟုတ်သည်ဖြစ်စေ မဟုတ်သည်ဖြစ်စေ မစ္စတာကျိနှင့် တွေ့ရပြီဆိုလျှင် သူမလာရသည့်ရည်ရွယ်ချက်၏ ထက်ဝက်ပြီးမြောက်သွားပြီဖြစ်၏။

 

 

သူက အမျိုးသားဇာတ်ဆောင်ဆိုလျှင် ပိုတောင်ကောင်းသေး၏။ သူက တည်ငြိမ်၊ အေးဆေးပြီး တွေးတောဆင်ခြင်တတ်သူဖြစ်မည်။ အဆိုးအကောင်းများ ယှဉ်ကြည့်လျှင်လည်း သူက အကောင်းဆုံး ရွေးချယ်မှုတစ်ခုပင်။လကြည့်ရလည်း မဆိုးသည့်အတွက် နှစ်အနည်းငယ် ဟန်ဆောင်လက်ထပ်ခြင်းကလည်း သူမအမြင်တွင် မခက်ခဲတော့ပေ။

 

 

ထိုအတွေးဖြင့် လင်းချောင်က ပို၍စိတ်အေးချမ်းလာသည်။ အနည်းဆုံးတော့ နယ်မှမိန်းကလေးမြို့ပေါ်ရောက်၍ ကယောက်ကယက်ဖြစ်နေရသည်ကို သူမ မကြုံဖူးခဲ့ရပေ။ အရှေ့ခန်းမှ လူနှစ်ယောက်က စကားမပြောကြသော်လည်း ဒီကားထဲမှ အနေအထားက တင်းမာလွန်းနေသည်ဟုတော့ သူမ မခံစားရပေ။

 

 

ဆေးရုံသို့ ကားရောက်သည်နှင့် ကျီသော်က အနောက်ကြည့်မှန်မှ ကြည့်လိုက်ရာ ထိုမိန်းကလေးက မေးကိုလက်ထောက်ကာ ပြတင်းပေါက်အပြင်ကို ကြည့်နေပြီး အပြင်ဘက်နေရောင်ကြောင့် သူမ၏ မျက်တောင်ရှည်များက နိမ့်ဆင်းသွားပြီး မျက်လုံးကျဉ်းလေးများကလည်း လှပသည့်ဇာမဏီငှက်၏ မျက်လုံးလေးများကဲ့သို့ အနည်းငယ် မှိတ်မိလိုက်၏။

 

 

သူက အကြည့်ရပ်ပြီး စကားပြောလိုက်သည်။

"မင်း.."

 

 

"ရှင် အရင်သွားလိုက်ပါ၊ ကျွန်မ ကားထဲမှာစောင့်နေပါ့မယ်။"

 

 

လင်းချောင်က သူ့ကိုလှည့်ကြည့်လိုက်ရာ သူ၏အကြည့်တွင်အံ့သြသည့်ပုံစံကို မြင်ရသဖြင့် ပြုံးလိုက်မိ၏။

"သူက အခုမှဆေးရုံကို ရောက်တာဆိုရင် ကျွန်မတို့က အခြေအနေဘယ်လိုလဲဆိုတာ မသိရသေးဘူးလေ။ သွားတွေ့ဖို့ မသင့်တော်သေးတာလဲ ဖြစ်နိုင်တယ်။ မစ္စတာကျိ ကျွန်မနဲ့တွေ့ဖို့ အဆင်ပြေလောက်တဲ့အထိ ကျွန်မ တစ်နေရာရာမှာ စောင့်နေလိုက်ပါ့မယ်။"

 

 

လင်းမိသားစုနှင့် ကျိမိသားစုက အဆက်အသွယ်မရှိသည်မှာ နှစ်ပေါင်းများစွာ ကြာပြီဖြစ်၍ ဒီမိန်းကလေး လင်းချောင်တွင် လာရသည့်အကြောင်းအရင်း တစ်ခုခုတော့ရှိရမည်။

 

 

ကျိသော်က သူမကိုခေါ်လာခြင်းမှာ မိသားစုနှစ်ခုကြားဆက်ဆံရေးကိုလည်း မသိသလို မစ္စတာကျိက သူမနှင့်တွေ့လိုစိတ် ရှိမရှိကိုလည်း မသိသည့်အတွက်ပင်။ သူမက ဒီအထိရောက်လာပြီးမှ ယဲ့မင်ရှူးတားဆီးမှုကို ခံရသည်က မဖြစ်သင့်။ သို့သော်လည်း မစ္စတာကျိ၏ အခြေအနေကို မသ်ိရသေးသည့်အတွက် သူမကိုခေါ်သွားရန်ကလည်း မသင့်တော်ပေ။ သူက ဘာမှမပြောရသေးခင် သူမကအရင် ထိုသို့ပြောလာ၏။

 

 

တည်ငြိမ်၍ သတ္တိလည်းရှ်ိသလို ဆင်ခြင်နိုင်စွမ်းလည်းရှိသည်။

 

 

သူမက သာမန်မိသားစုမှ ဆယ့်ရှစ်၊ ဆယ့်ကိုးအရွယ် မိန်းကလေးမျိုးမဟုတ်ပေ။

 

 

ကျိသော်က လင်းချောင်ကို ထပ်ကြည့်လိုက်ပြန်သည်။

"ဒါဆို ကားထဲမှာစောင့်နေပါ။"

 

 

သူက ဒရိုင်ဘာကို တစ်ခုခုညွှန်ကြားခဲ့ပြီး ကားထဲမှထွက်သွားလိုက်၏။

 

 

ရှောင်ဖန်းဆိုသော ဒရိုင်ဘာက လူငယ်လေးတစ်ဦးဖြစ်ကာ လေးထောင့်ကျသည့်မျက်နှာ၊ ကတုံးဆံတောက်ကေဖြင့် စကားအများကြီး ပြောလိုမည့်ပုံမပေါ်ပေ။

 

 

ဒီဘက်ခေတ်တွင် ကားအနည်းငယ်သာရှိပြီး လူအနည်းစုကသာ ကားမောင်းတတ်သည်။ အများစုကလည်း တပ်ထဲမှ သင်ယူခဲ့ခြင်းသာဖြစ်၏။ တပ်ထဲတွင် ဒရိုင်ဘာလုပ်ခြင်းက အလုပ်ကောင်းတစ်ခုဟု သတ်မှတ်နိုင်ပြီး အနားယူပြီးလျှင်လည်း အလုပ်ရှာရန်မခက်ပေ။

 

 

ရှောင်ဖန်းက အေးဆေးတည်ငြိမ်သူဖြစ်သည့်အတွက် ကျိသော်နှင့်အတူ အလုပ်လုပ်နိုင်ခြင်းဖြစ်သည်။

 

 

ကျိသော်က အလုပ်အတူလုပ်ရာတွင် လက်ပေါက်ကပ်သူမဟုတ်သော်လည်း သူက အလုပ်လုပ်ရာတွင် မြန်ဆန်တိကျသည်ကို ကြိုက်သည်။ သူက စစ်သားအိုကြီးများဖြင့်လည်း အလုပ်အတူလုပ်ဖူးရာ အားလုံးက အပြောသာရှိပြီး အလုပ်မရှိသည့်အတွက် သူက ရှောင်ဖန်းကဲ့သ်ို့ တည့်တိုးဆန်သူမျိုးကို ပိုသဘောကျ၏။

 

 

သူ၏ပုံစံကြောင့် လူအများစုက သူ့ကိုကြောက်ကြသည်။ သူ၏ရှေ့တွင် ပွင့်ပွင့်လင်းလင်း စကားပြောရဲသော မိန်းကလေးမျိုးကို ရှောင်ဖန်း မတွေ့ဖူးခဲ့။ အရိပ်ရသည့်နေရာတွင် ကားရပ်လိုက်ပြီးနောက် သူက မှန်ထဲမှသူမကိုလှမ်းကြည့်လိုက်၏။

 

 

လင်းချောင်က သတိထားမိပြီး ပြုံးလိုက်သည်။ "ရဲဘော်၊ တပ်ထဲ ဘယ်နှနှစ်နေခဲ့တာလဲ။ ကားမောင်းတာ အရမ်းကျွမ်းတယ်နော်။"

 

 

စစ်တပ်ဘက်မှလာသော ဒရိုင်ဘာများက ကားမောင်းကျွမ်းသည်။ အထက်လူကြီးများနှင့် အတူသွားရသည့်အခါ အမှားမလုပ်ရဲပေ။ သွားလာရေးအတွက် တာဝန်ရှိသူများက လမ်းအခြေအနေပေါင်းစုံကို သွားနေရသဖြင့် ပို၍တာဝန်ကြီး၏။ လမ်းရှေ့တွင် အပျက်အစီးတစ်ခုခုရှိလျှင် သူတို့က လာရာလမ်းအတိုင်းပြန်ကွေ့သွားကြ၏။

 

 

သို့သော် လင်းချောင်ကဲ့သို့ မဟုတ်ဘဲ ရှောင်ဖန်းက ခိုးကြည့်သည်ကို သိသွားသဖြင့် ရှက်သွား၏။ "နှစ်တွေ သိပ်မကြာသေးပါဘူး။"

 

 

ဒရိုင်ဘာတစ်ယောက် ဖြစ်ရခြင်းက ကားမောင်းကျွမ်းသည်သာမက ကိုယ်ပိုင်ဆုံးဖြတ်နိုင်စွမ်းလည်း ကောင်းရမည်။ လင်းချောင်က သူနှင့်စကားနည်းနည်းပြောပြီး ပြုံး၍ ပြတင်းပေါက်အပြင်သို့ လက်ညှိုးထိုးပြလိုက်သည်။

 

 

"ကျွန်မ လမ်းထွက်လျှောက်လို့ရလား။ အဝေးကြီးမသွားပါဘူး။ ခဏဆိုပြန်လာမှာပါ။"

 

 

သူမကို အပြင်မထွက်နှင့်ဟု ကျိသော်က မမှာခဲ့သည့်အတွက် ရှောင်ဖန်းက ခေါင်းညိတ်လိုက်၏။

 

 

လင်းချောင်က မကြာမီပြန်လာမည်ဆိုသည်က တကယ်ပင်။ ခဏအကြာမှာတော့ သူမက ပန်းသီးများဝယ်ကာ ပြန်လာသည်ကို ရှောင်ဖန်းမြင်လိုက်ရ၏။

 

 

ကျိသော်က အပေါ်မှဆင်းလာရာ ပန်းသီးအိတ်ကို မြင်လိုက်ရသဖြင့် ကြည့်လိုက်မိ၏။

 

 

လင်းချောင်က သတိထားမိပြီး ပြောလိုက်သည်။ "အနားမှာ ရောင်းနေတဲ့ဆိုင်တွေ့လို့ ကျွန်မဝယ်ခဲ့တာ။ ပန်းသီးက ငြိမ်းချမ်းမှုနဲ့ ကံကောင်းခြင်းကို ကိုယ်စားပြုတယ်။"

 

 

လူနာသွားကြည့်ရာတွင် လက်ဗလာဖြင့်သွားခြင်းက မယဉ်ကျေးရာရောက်သည်။ ဒီဘက်ခေတ်တွင် စည်သွပ်ဗူးဖြင့်သစ်သီးများက ပို၍နာမည်ကြီးသော်လည်း ကျိမိသားစု အနေအထားဖြင့် ထိုအရာများ မရှိမည်မဟုတ်ပေ။ လတ်ဆတ်သည့်သစ်သီးများက ပို၍ကျန်းမာရေးနှင့် ညီညွတ်သည်။

 

 

လင်းချောင်က ကျိသော်ကိုမေးလိုက်၏။ "မစ္စတာကျိ ဘယ်လိုနေလဲ။"

 

 

"သူက နည်းနည်းသွေးတိုးတာပါ မပြင်းထန်ပါဘူး။"

ကျိသော်က သူမကို ကားတံခါးဖွင့်ပေးလိုက်၏။

"သွားမယ်။ ကိုယ် မင်းကိုခေါ်သွားပေးမယ်။"

 

 

မစ္စတာကျိက အရာရှိများကို ထားသောနေရာတွင်ဖြစ်ပြီး ဘေးချင်းကပ် ကုတင်နှစ်လုံးရှိ၍ အခန်းကအလွန်သန့်ရှင်းသည်။

 

 

အဖိုးကြီးက ပြတင်းပေါက်ဘေးရှိ ကုတင်ပေါ်တွင်လှဲနေပြီး အသက်အရွယ်အရ ဆံပင်များဖြူနေသည့်တိုင် စိတ်အားထက်သန်မှုက ရှိသေးသည့်ပုံပေါ်၏။ လင်းချောင်ကိုမြင်သည်နှင့် သူက ထထိုင်ရန်လုပ်တော့သည်။

 

 

ကုတင်ဘေးရှိ ရွှီလီက သူ့ကိုအမြန်တွဲပေးလိုက်၏။

"ဖြည်းဖြည်းလုပ်ပါ ပြုတ်မကျစေနဲ့။"

 

 

"ငါ စိတ်လှုပ်ရှားသွားတာလို့ပြောသားပဲ။ မပြင်းထန်ပါဘူး။ တစ်နေ့လုံး ဒါပဲပြောနေတာပဲ။" အဖိုးကြီးက စိတ်မရှည်သည့်အသံဖြင့်ပြောလိုက်သော်လည်း လှုပ်ရှားမှုများကိုတော့ နှေးလိုက်၏။

 

 

ရွှီလီက သူ့ကိုကုတင်ကိုမှီ၍ ထိုင်ရန် ကူပေးလိုက်ပြီး လင်းချောင်ကိုထိုင်စရာပေးကာ ရေတစ်ခွက်ထည့်ပေးလိုက်၏။ "မင်း အဝေးကြီးကလာခဲ့တာ ပင်ပန်းနေသေးလား။"

 

 

သူမက မစ္စတာကျိ၏ ဇနီးဖြစ်ပုံရသည်။ ငယ်ရွယ်ပြီး လှပသည့်ပုံပေါ်နေပြီး အသက်အရွယ်နှင့် အတွေ့အကြုံအရ သူမက ယဲ့မင်ရှူးထက်ပို၍ ကြည့်ကောင်းသည်။

 

 

"အရမ်းမပင်ပန်းပါဘူး၊ စောစောထွက်လာလို့ ထိုင်ခုံရပါတယ်။" လင်းချောင်က သူမကို ကျေးဇူးတင်စကားပြောလိုက်ပြီး ပန်းသီးများကို ကုတင်ဘေးတွင်တင်လိုက်သည်။

 

 

"ကျွန်မရောက်လာတော့ ဦးလေးနေမကောင်းဘူးကြားတယ်။ သက်သာရဲ့လား။"

 

 

သူမ၏ စကားများက ချိုသာပြီး အပိုအလိုမရှိသလို ပထမဆုံးအကြိမ် တွေ့ဖူးသူများအတွက် အနေမခက်စေပေ။

 

 

မစ္စတာကျိက လက်ကာပြလိုက်သည်။ "ဘာလို့ လက်ဆောင်တွေယူလာတာလဲ။ ငါက အသက်ကြီးပါပြီ။ အသက်ကြီးလို့ ပေါ်လာတဲ့ရောဂါဟောင်းတွေပါပဲ။"

ထို့နောက် သူက လင်းချောင်ကို မေးလိုက်သည်။

 

 

"မင်းအဖိုးရော ဘယ်လိုလဲ။ နောက်ဆုံးအကြိမ် သူ့ကိုစာရေးပေးခဲ့တော့ သူနေမကောင်းဘူးလို့ မင်းဦးလေးကပြောတယ်။ အဲ့တုန်းက အိမ်မှာလည်း ပြဿနာတွေရှိနေလို့ သိပ်မမေးလိုက်ရဘူး။"

 

 

သူမအဖိုးအကြောင်း ပြောသည်ကိုကြားရတော့ လင်းချောင်က ခေတ္တတွန့်ဆုတ်သွားသည်။ "ကျွန်မအဖိုးက လွန်ခဲ့တဲ့ ဆယ့်သုံးနှစ်ကပဲ ဆုံးသွားပါပြီ။"

 

 

"လောင်လင်းက လွန်ခဲ့တဲ့ဆယ့်သုံးနှစ်ကပဲ ဆုံးသွားတာလား။"

 

 

မစ္စတာကျိက အံ့သြမှုကို ဖုံးကွယ်မထားနိုင်ခဲ့ပေ။

"ကြည့်ရတာ သူ မဖြတ်ကျော်နိုင်ခဲ့ဘူးထင်တယ်။ သူ့ဒဏ်ရာတွေက ငါ့ထက်ပြင်းတာမလို့ တော်တော်ခံစားလိုက်ရပုံပဲ။"

 

 

သူ၏အသံတွင် နှမြောသည့်စိတ်များ ပေါ်လွင်နေပြီး သူ့ရဲဘော်၏မြေးမကိုတွေ့ချိန်က ပေါ်လာခဲ့သော အားအင်များလည်း ကုန်ဆုံးသွားခဲ့လေပြီ။

 

 

အဖိုးလင်းက စိတ်အားထက်သန်မှုများကိုသယ်ဆောင်ကာ တိုက်ပွဲတွေ ခက်ခက်ခဲခဲ တိုက်ခဲ့ရသူဖြစ်သည်။ ဒါကြောင့် စစ်တပ်ပြောင်းဖွဲ့စည်းသည့်အခါ သူ၏အချစ်ဆုံးသားကို ပို့ခဲ့သည်။ သို့သော်လည်း ဂျပန်တို့နှင့်တိုက်ခိုက်သည့် ပြင်းထန်သည့်တိုက်ပွဲတွင် သူ့သား၏ အသက်ဆုံးရှုံးခဲ့ရပြီး ဆုတံဆိပ်များသာ ကျန်ခဲ့သည်။ အဖိုးလင်းက နေ့ချင်းညချင်း ဆံပင်ဖြူသွားပေမဲ့ တည်ငြိမ်စွာဖြင့် ငိုနေသောသူ၏ ဇနီးသည်ကို နှစ်သိမ့်နိုင်ခဲ့သေးသည်။ သူ၏သားဖြစ်သူ ကျန်ခဲ့သည့်ပစ္စည်းများနှင့်ဆုတံဆိပ်များကို လက်ခံရပြီးနောက်သူက နာမကျန်းဖြစ်ကာ တစ်နှစ်အတွင်း ကွယ်လွန်သွားတော့သည်။ တစ်ဖက်တွင်တော့ ပျော့ညံသည့်ပုံစံဖြင့် အဖွားလင်းက မူလခန္ဓာကိုယ်ပိုင်ရှင်ကို အသက်၁၈နှစ်အထိ ခက်ခက်ခဲခဲ ကျွေးမွေးပြုစုခဲ့ရသည်။

 

 

မစ္စတာကျိက အဖွားလင်းအကြောင်းလည်း တွေးမိသည်။ "မင်းဘာလို့တစ်ယောက်တည်းလာတာလဲ။ ဒီနှစ်‌တွေမှာအဖွားနဲ့အတူ နေခဲ့တာမဟုတ်ဘူးလား။"

 

 

လင်းချန်၏ စာထဲတွင် သားဖြစ်သူက တိုက်ပွဲကျသွားကာ ချွေးမက အသက်နှစ်ဆယ်သာရှိသေးသည်ဟုပြောခဲ့သည်ကို မှတ်မိနေ‌၏။ သူမက အသက်ငယ်ငယ်နှင့် ကွယ်လွန်သွားသူကိုကြည့်၍ ဘယ်လိုနေရမှာလဲ။ သူမယောက္ခမများက သူမကို ပြန်၍လက်ထပ်ပေးကာ သူတို့၏ သွေးသားဖြစ်သူ လင်းချောင်ကိုကျွေးမွေးစောင့်ရှောက်ခဲ့သည်။

 

 

"အရင်ကတော့ အဖွားနဲ့နေတာပါ။ အခုတော့ဦးလေးတို့အဒေါ်တို့နဲ့အတူနေပါတယ်။" လင်းချောင်၏ စကားများအရ အဖွားလင်းလည်း သက်ရှိထင်ရှားရှိတော့ပုံမပေါ်ပေ။ သူက လင်းချောင်ကို သနားသည့် အကြည့်ဖြင့်ကြည့်လိုက်သည်။ "ဒီရက်တွေခက်ခဲခဲ့မှာပဲ။"

 

 

သူဝမ်းနည်းလာတာမြင်ရတော့ ရွှီလီက စကားလမ်းကြောင်းပြောင်းလိုက်ပြီး လင်းချောင်ကို မေးလိုက်သည်။

 

 

"အရေးကြီးကိစ္စရှိလို့ ယန်ဒူကို လာတာလား။"

 

 

မစ္စတာကျိက ကျန်းမာရေးမကောင်းသေးသည့်အတွက် လင်းချောင်က စိတ်အနှောင့်အယှက်မပေးလိုသော်လည်း ဖုံးကွယ်ထား၍မရပေ။

 

 

ပြီးတော့ မိသားစုနှစ်ခုကြားမှ လက်ထပ်သဘောတူညီချက်ကို ထုတ်ပြောရန်အတွက် ကိစ္စအချို့ကို ထုတ်ပြောရတော့မည်။ ရွှီလီက မေးလာပြီဆိုတော့ သူမပြောလိုက်တော့သည်။

 

 

"ကျွန်မ လူကြီးတွေနဲ့ တိုင်ပင်စရာရှိလို့လာခဲ့တာပါ။ "

 

 

သူမ ပြောနေရင်းနှင့် ပြတင်းပေါက်ကို မှီ၍ရပ်နေသည့် ကျိသော်ကို ကြည့်လိုက်၏။

 

 

မစ္စတာကျိနှင့်တွေ့ရသည်မှာ ဒီလူ၏ ကျေးဇူးကြောင့်ဟု လင်းချောင်ခံစားရသည်။ သူက တကယ်ပဲ အမျိုးသားဇာတ်ဆောင်ဆိုလျှင် သူမကိုခေါ်လာသည့်အတွက် သူနောင်တရမည်လားကိုလည်း သူမသ်ိချင်၏။

 

 

ရွှီလီကတော့ အခြားတစ်မျိုးတွေးနေသည်။ သူမ၏ သားက ထူးချွန်သော်လည်း အသက်ကြီးလာသည်နှင့်အမျှ သူ့ကိုနားလည်ရခက်လာတော့သည်။ သူနှင့်အတူကြီးလာသော ရှောင်ဇယ်ပင် သူ့ကိုကြောက်ရသည်။ သူမသားက ကလေးမလေးကို ကြောက်အောင််လုပ်လိုက်သည်ဟု သူမထင်နေမိသည်။

 

 

"ရပါတယ်။ လွတ်လွတ်လပ်လပ်ပြောပါ။"

 

 

ကျိသော်က အမေဖြစ်သူကို ကြည့်လိုက်ပြီး တည်ငြိမ်စွာ ကြည့်လိုက်သည်။ ထို့နောက် လင်းချောင်က တည်ငြိမ်စွာစကားပြောလိုက်သည်ကို ကြားလိုက်ရ၏။

 

 

"ကျွန်မ ဦးလေးနဲ့အဒေါ်က ကျွန်မရဲ့ ဝမ်းကွဲတစ်ယောက်ကို မြို့ပေါ်မှာ အလုပ်ရှာပေးဖို့အတွက် တင်တောင်းငွေတွေယူပြီး ကျွန်မကို လက်ထပ်ပေးမလို့ လုပ်နေတာ။ ကျွန်မ လက်မထပ်ချင်လို့ ထွက်ပြေးလာခဲ့တာ။"

 

 

ထိုမိန်းကလေး၏ ဇာမဏီမျက်လုံးများမှာ တောက်ပနေပြီး တည်ငြိမ်စွာဖြင့် ပြောလိုက်သည်။

 

 

"မစ္စတာကျိကို မိသားစုနှစ်ခုကြားက လက်ထပ်သဘောတူညီချက်က အတည်ဖြစ်သေးလားလို့ မေးချင်လို့ပါ။"

 

 

လက်ထပ်သဘောတူညီချက်? သူက ကျိမိသားစုနဲ့ လက်ထပ်သဘောတူညီချက် ရှိနေတာလား။"

 

 

ကျိသော်က ဒီတစ်ခါမှာတော့ အံသြသွားရသည်။ ယဲ့မင်ရှုးက သူမကိုတားနေသည်ကို တွေးမိတော့ အဓိပ္ပါယ်ရှိ၏။

 

 

ဒါပေမဲ့ သူ့အမေနှင့်အဖေ၏ အမူအရာအရ လင်းချောင်ဤအကြောင်းဖြင့် လာသည်ဟု ထင်ထားပုံမရပေ။

 

 

မစ္စတာကျိက ခဏငြိမ်သွားပြီး စကားပြောမည်အလုပ် တံခါးခေါက်သံကြားလိုက်ရ၏။ လင်းချောင်နှင့်တွေ့ခဲ့သော ယဲ့မင်ရှူးက ပြုံး၍လျှောက်လာသည်။

 

 

"အဖေ၊ ရှောင်ဇယ်ရဲ့ ဇနီးလောင်းက အဖေနေမကောင်းဘူးဆိုလို့ လာတွေ့ချင်နေတာ။ ကျွန်မလာတာနဲ့ အတူခေါ်လာခဲ့လိုက်တယ်။"