အပိုင်း ၃
Viewers 439

လူမှားလက်ထပ်မိသော အမြောက်စာလေး

 

အပိုင်း ၃

 

 

သူမရောက်ရှိလာသည်မှာ ရုတ်တရက်ဆန်သွားခဲ့သည်ကြောင့် အဖိုးကြီးကျိ၏ မျက်နှာပေါ်တွင် တင်းမာသည့်အရိပ်အယောင်တစ်ခု ပေါ်လာခဲ့သည်။

 

 

လင်းချောင်ကလည်း တံခါးဘက်ကို စိုက်ကြည့်လိုက်ရာ ယဲ့မင်ရှူးနှင့်အတူ လိုက်လာတဲ့ လူငယ်မိန်းကလေးတစ်ဦးကိုမြင်လိုက်ရသည်။

 

 

သူမက နှစ်ဆယ်ကျော်အရွယ်လောက်ရှိပြီဖြစ်ပြီး ဆံပင်အကောက်ဖြင့်  မိတ်ကပ်အနည်းငယ်လိမ်းထားသော်လည်း သဘာဝဆန်ဆန်လှနေသေး၏။ ဖိနပ်အနိမ့်လေးစီးထားပြီး မျက်နှာပေါ်တွင် ပျော်ရွှင်သည့် အပြုံးဖြင့် အဖိုးကြီးကျိ၊ သူ၏ဇနီးနှင့် ကျိသော်တို့ကို ရိုသေလေးစားစွာဖြင့် နှုတ်ဆက်လာသည်။

 

 

ဆံပင်ကောက်ခြင်းက တရုတ်နိုင်ငံမှာ ပြန်လည်တည်ထောင်ကာလ အပြီးမှသာ လူကြိုက်များလာခြင်းဖြစ်သည်။ သူမက လှပသည့်အပြင် ဝတ်စုံဝတ်ထားသည်ကလည်း လင်းချောင်လို နယ်မှလာသူထက် ပို၍တောက်ပနေသည်။

 

 

ယဲ့မင်ရှူးကလည်း လင်းချောင်ကို ကြည့်ရင်းနှင့် သူမ၏ တံတောင်ဆစ်နှင့်ဒူးနေရာမှ အဖာအစပ်ရာများကိုပို၍ကြည့်လိုက်သည်။

 

 

လင်းချောင်၏ မျက်နှာပုံစံကတော့ မပြောင်းလဲခဲ့ပေ။

 

 

အနာဂတ်လေးဆယ်နှစ်လောက်က ပြန်လာသူအနေနဲ့ ဒီခေတ်နှင့် အလွန်ဆက်စပ်နေတဲ့ အဝတ်အစားတွေကို ကြည့်ရတာ မနာလိုအားကျစိတ်လည်း မပေါ်ခဲ့ပေ။

 

 

အဝတ်အစားဝတ်တာက ကိုယ့်ကိုယ်ကိုအဆင်ပြေစေဖို့ ပထမဦးဆုံးဖြစ်ပြီး၊ ယဉ်ကျေးမှုရှိအောင်က ဒုတိယပင်။ သူမကလည်း မူလပိုင်ရှင်၏ အကောင်းဆုံးသောအဝတ်အစားကို ဝတ်ထားပြီးသားဖြစ်တဲ့အတွက် ယဉ်ကျေးမှုရှိနေပြီးဖြစ်၏။

 

 

ယဲ့မင်ရှူး၏ သူမအားနှိမ်ရန်ကြိုးစားခြင်းက အလုပ်မဖြစ်ခဲ့။ ဒါကြောင့် သူမက စိတ်ညစ်သွားပြီး လင်းချောင်အကြောင်း လုံးဝထပ်မစဉ်းစားတော့ဘဲ သူမနှင့်အတူပါလာသည့်မိန်းကလေးကို နွေးထွေးစွာမိတ်ဆက်ပေးလိုက်သည်။

 

 

"အဖေ၊ အမေ ကျွန်မ မိတ်ဆက်ပေးချင်ပါတယ်။ ဒီမိန်းကလေးက ဇယ်အာရဲ့ဇနီးလောင်း စုန့်ကျင်းပါ။ သူ့အဖေက စုန့်ယောင်ကွမ်းလေ။ ကျိကျွင်းနဲ့ဆက်ဆံရေးကောင်းပြီး အဖေ့လက်အောက်မှာ အလုပ်လုပ်ဖူးတဲ့သူပါ။ ကလေးဘဝတုန်းကလည်း အိမ်ကိုခဏခဏလာဖူးတယ်။ အဲဒီတုန်းကပဲ ကျွန်မ သူတို့နှစ်ယောက်က လိုက်ဖက်တဲ့စုံတွဲတစ်စုံဖြစ်နိုင်တယ်လို့ စနောက်ခဲ့သေးတယ်။ ထင်ထားတာအတိုင်း တကယ်ပဲအဲဒီလိုဖြစ်လာမယ်လို့တော့ မထင်ခဲ့ဘူး။ သူတို့က အလယ်တန်းရော အထက်တန်းအထိ တူတူပဲလေ။ အထက်တန်းတုန်းကဆို အခန်းတောင်တူသေးတယ်။"

 

 

ကျိကျွင်းက မစ္စတာကျိ၏ အကြီးဆုံးသားဖြစ်ပြီး ကျိသော်၏ အစ်ကို၊ ယဲ့မင်ရှုး၏ ခင်ပွန်းဖြစ်သည်။ မစ္စတာကျိ နာမကျန်းဖြစ်သည်ဆိုကတည်းက သူလာလည်သင့်သော်လည်း ယနေ့အတွက် အလုပ်ကိစ္စချိန်းဆိုထားသည်လည်းရှိသလို အလုပ်ရှုပ်နေသည့်အတွက် လာတွေ့ရန်ခက်ခဲနေခြင်းဖြစ်၏။

 

 

ယဲ့မင်ရှူး အတင်းမိတ်ဆက်ပေးနေသည့် စုန့်ကျင်းက အချ်ိန်ကိုက်ပဲ ရှက်သည့်ပုံစံလုပ်ပြသည်။ ဒါကိုမြင်တော့ ယဲ့မင်ရှူးက ပို၍စိတ်ကျေနပ်သွားသည်။

 

 

"မှတ်မိပါသေးတယ် ရှောင်ဇယ် စစ်တပ်လေ့ကျင့်ရေးကျောင်းဝင်ခွင့်ရတော့ မင်းလည်း ကောလိပ်ဝင်ခွင့်အောင်ပြီး ဆရာအတတ်သင်ကောလိပ် တက်ခဲ့တယ်မလား။"

 

 

"ယန်ဒူတက္ကသိုလ်ပါ။"

 

 

"အင်း၊ ယန်ဒူတက္ကသိုလ်။ နိုင်ငံက ဆရာကောင်းတွေလိုနေတယ်လို့ အမေပြောခဲ့တယ်မလား။ ရှောင်ကျင်းက အရမ်းသင့်တော်တယ်။"

 

 

ရွှီလီက ပြုံးလိုက်၏။ "ငါက ပင်စင်ယူထားတာကြာပြီလေ။ အများကြီး ဘယ်လိုသိနိုင်တော့မှာလဲ။"

 

 

"ပင်စင်ယူကာလမှာတောင် အမေက ယန်ဒူရဲ့ အတော်ဆုံးကျောင်းဆရာမ ဖြစ်ခဲ့သေးတာပဲလေ။"

 

 

ယဲ့မင်ရှုးက ပြောသမျှကို စိတ်ထဲမထားဘဲ စုန့်ကျင်းကို ဆက်မေးနေလိုက်၏။ "နောက်နှစ်ဆို ဘွဲ့ရတော့မှာမလား။"

 

 

"ဟုတ်ပါတယ်။ နောက်နှစ် ဘွဲ့ရမှာပါ။ ဒီဆောင်းတွင်းမှာ ကျွန်မ ကျောင်းမှာအလုပ်သင်အဖြစ် အလုပ်စဆင်းမှာပါ။"

 

 

"ဒါဆို မင်းနေရာကောင်းရှာသင့်တယ်။ ရှောင်ဇယ်တို့ တပ်ရင်းထဲက အထက်တန်းကျောင်းက အတော်ကောင်းတယ်ကြားတယ်။ နီးလည်းနီးတယ်။"

 

 

ယဲ့မင်ရှူးက ထိုသို့ပြောပြီး လင်းချောင်ကို လှည့်ကြည့်လိုက်ပြန်သည်။

 

 

အတော်ကြာ ကြည့်နေသည့်အတွက် လင်းချောင်က ယဲ့မင်ရှူး၏ အကြည့်ကို သတိထားမိသွားသည်။ ဒီအမျိုးသမီးက သူမကို မကြည်ရခြင်းမှာ သူမက အခက်ကြုံ၍ အဆက်အသွယ်လာရှာသည်ဟု ထင်သဖြင့်ဟု လင်းချောင်တွေးခဲ့ပေမဲ့ ဘာလို့ရှောင်ဇယ်ရဲ့ ဇနီးလောင်းကို မိတ်ဆက်ပေးနေချိန်မှာလည်း သူမကိုကြည့်နေတာလဲ။

 

 

သူမ၏ တုံ့ပြန်ပုံက မရီးတစ်ယောက်မဟုတ်ဘဲ အမေတစ်ယောက်ကဲ့သို့ ဖြစ်နေ၏။ လင်းချောင်၏ ရည်ရွယ်ချင်က ဆေးရုံအခန်းထဲမှ လူမဟုတ်ဘဲ ရှောင််ဇယ်ဆိုသည့်သူ ဖြစ်နေသကဲ့သို့ပင်။ သူမက ကြွားဝါရန်မဟုတ်ဘဲ လုပ်ပိုင်ခွင့်ကိုပြရန် လူတစ်ယောက်ကို ခေါ်လာခဲ့၏။ ဒါပေမဲ့လည်း မဖြစ်နိုင်သည့်အရာတော့ မဟုတ်ပေ။ စုန့်ကျင်းနှင့် တစ်ဖက်လူက အတန်းဖော်လည်းဖြစ်သလို လက်ထပ်ရန် သင့်တော်သည့်အရွယ်လည်းဖြစ်၏။

 

 

 သို့သော်လည်း သူမသူငယ်ချင်းက ဒီဝတ္ထုအကြောင်းပြောပြချိန်တွင် အမျိုးသားဇာတ်ဆောင်၌ ဇနီးလောင်းရှိသည်ဟု မပြောခဲ့။ သူ့တွင် ဇနီးလောင်းရှိလျှင် လက်ထပ်သဘောတူညီချက်က ဘယ်လိုဖြစ်နိုင်မှာလဲ။

 

 

 သူက မြန်မြန်လက်ထပ်လိုက်လိမ့်မည်။ မစ္စတာကျိက သူ့ရဲဘော်နှင့် ပေးခဲ့သည့် ကတိတည်လိုလျှင်တောင် မြေးဖြစ်သူ၏ အိမ်ထောင်ရေးကိုဖျက်ပြီး လင်းချောင်နှင့် အတင်းလက်ထပ်ခိုင်းမည်တော့မဟုတ်ပေ။

 

 

လင်းချောင်က တွေးမရဖြစ်နေ၏။ မစ္စတာကျိ၏ အမူအရာကလည်း အံ့သြမှုမှ အလိုမကျမှုအဖြစ် ပြောင်းသွားလေပြီ။ သူက နေမကောင်းဖြစ်နေခြင်းသာဖြစ်ပြီး ကန်းနေသူမဟုတ်သည့်အတွက် ချွေးမကြီး၏ အကြံများကိုသိ၏။

 

 

သူ၏ ဒုတိယသားလာစဉ်က လင်းချောင်သာပါလာပြီး မရီးဖြစ်သူ ပါမလာခဲ့ပေ။ ဒါပေမဲ့ သူမသာ လင်းချောင်နဲ့ မတွေ့ခဲ့ဘူးရင် စကားပြောနေရင်း ဘာလို့လင်းချောင်ကို ကြည့်နေမှာလဲ။

 

 

ဒါကြောင့် မစ္စတာကျိက အလွန်ဒေါသဖြစ်လာပြီး အားနာစိတ်လည်းဝင်လာကာ ဘာမှမပြောဘဲ ယဲ့မင်ရှူးကိုသာ စိုက်ကြည့်နေတော့၏။ သူက တိတ်နေသည့်အတွက် ယဲ့မင်ရှုးကလည်း ဆက်ပြောရခက်သွားသဖြင့် ပတ်ဝန်းကျင်တစ်ခုလုံး တိတ်ဆိတ်သွားတော့သည်။

 

 

နောက်ဆုံးမှာတော့ ရွှီလီက ဆေးသွင်းထားသည့်ပုလင်းကိုကြည့်ကာ စကားအရင်စလိုက်၏။ "ကုန်တော့မှာပါလား။"

 

 

တကယ်တော့ ဆေးပုလင်းထဲတွင် နောက်ထပ်ဆယ်မိနစ်စာလောက် ဆေးများရှိနေသေးသော်လည်း သူမက မစ္စတာကျိကို သူနေမကောင်းသေးသည့်အတွက် စိတ်ခံစားချက်ထိန်းချုပ်ရန် ပြောလိုခြင်းသာဖြစ်သည်။

 

 

ထို့အပြင် ယခုနကပြောနေသည့်အကြောင်းကလည်း အနေရခက်စေသည်။ လင်းချောင်က လက်ထပ်သဘောတူညီချက်ကိစ္စနှင့် လာခဲ့ခြင်းဖြစ်၏။ ယဲ့မင်ရှူးက သူမကို အေးစက်စက်ဆက်ဆံသည်သာမက ယခုလိုဖြစ်ရပ်မျိုးလည်း ဖန်တီးခဲ့သေးသည်။

 

 

ရွှီလီက အားနာစိတ်ပေါ်လာခဲ့သည်။ မထင်ထားလောက်အောင်ပဲ လင်းချောင်က ထ၍ပြောလိုက်၏။ "အပ်ဖြုတ်ပေးဖို့ သူနာပြုသွားရှာလိုက်ပါ့မယ်။"

 

 

သူမက တိကျတာလား အခန်းထဲမှာမနေနိုင်အောင် ဒေါသထွက်သွားတာလား။

 

 

ရွှီလီက ဘာပြောရမည်ကိုမသိသလို သူမအခန်းထဲတွင် ရှိနေသေးသည့်အတွက် မစ္စတာကျိကလည်း စိတ်လျှော့လိုက်၏။ သို့သော် ဒီကိစ္စက သူ၏ချွေးမအကြီးနှင့် ကျိမိသားစု၏ ဂုဏ်သ်ိက္ခာနှင့် ပတ်သက်နေသည့်အတွက် သူမရှေ့တွင် ပြောရခက်သည်။ သူမကိုပြောလိုသည့်စကားများက စိတ်ထဲပြည့်နေသော်လည်း မပြောနိုင်ဘဲကျန်နေခဲ့၏။

 

 

"ဂရုစိုက်ရမဲ့အရာရှိသေးလား ကျွန်တော်သွားမေးလိုက်ပါမယ်။" တိတ်ဆိတ်နေခဲ့သည့် ကျိသော်က ရုတ်တရက်စကားပြောလိုက်၏။

 

 

ဒီကိစ္စက သူနှင့်ဘာမှမဆိုင်သလို သူအတူသွားပေးလိုက်သည့်အတွက် လင်းချောင်အပေါ် အလွန်လစ်လျူရှုမိရာလည်း မရောက်တော့ပေ။

 

 

မစ္စတာကျိက ဘာမှမကန့်ကွက်သလို သူတို့နှစ်ဦးထွက်သွားသည်နှင့် သူ၏မျက်နှာက လုံးဝပျက်သွားတော့သည်။

 

 

"ရှောင်ဇယ်က ဘယ်တုန်းက ချစ်သူရနေတာလဲ။ ဘာလို့ မိသားစုက်ို အသ်ိမပေးရတာလဲ။"

 

 

"လတ်တလောမှပါ။ ကျွန်မလည်း အခုမှ ရှောင်ဇယ်ပြောတာကြားရတာ။"

 

 

ယဲ့မင်ရှူး၏ မျက်လုံးများက လှုပ်ခါသွားပြီး စုန့်ကျင်းကို လင်းချောင်ထိုင်ခဲ့သည့်နေရာသို့ တွန်းပို့လိုက်သည်။

 

 

"ကလေးနှစ်ယောက်က အရင်က ငယ်သေးတဲ့အတွက် ကျွန်မတို့မတွေးမိခဲ့တာ။ အခု သူတို့ကြီးလာပြီဖြစ်လို့ အတော်လိုက်ဖက်တယ်လို့တော့ ကျွန်မထင်မိတယ်။"

 

 

လင်းချောင်၏ နေရာကိုဝင်ထိုင်ခိုင်းလိုက်သည်က မစ္စတာကျိကို ပို၍ဒေါသထွက်သွားစေသည်။

 

 

ဆေးရုံအခန်းပြင်ပမှာတော့ လင်းချောင်က ပြန်လာရန်အလျင်မလိုနေပေ။ သူမက သူနာပြုများနေရာသ်ို့သွား၍ ပြောလိုက်သည်။

 

 

"ကုတင်နံပါတ် ၃၃က လူနာကို ဆယ်မိနစ်နေရင် အပ်ဖြုတ်ပေးပါနော်။"

 

 

ထို့နောက် သူမက လှေကားရှိရာပြန်လာခဲ့သည်။

 

 

ထိုအရာက သူမအပြင်ထွက်ရန် ဆင်ခြေပေးခဲ့ခြင်းကို ပိုပေါ်လွင်စေသည်။

 

 

ကျိသော်က သူမနောက်မှလိုက်ပြီး သူမလှေကားခွင်မှ ပြတင်းတံခါးကိုဖွင့်ကာ အပြင်ဘက်သစ်ပင်များကိုကြည့်ပြီး အတွေးလွန်နေသည်က်ို ကြည့်နေလိုက်၏။သူမ၏ အမူအရာက တည်ငြိမ်နေပြီး ရှောင်ဇယ်၏ ဆက်ဆံရေးနှင့် ပတ်သက်၍ စိတ်တိုသည့်အမူအရာမရှိ။ သူမက ခံစားချက်ကိုဖုံးထားနိုင်သည်လား ကျိမိသားစုက လက်ထပ်ရန်သဘောတူသရွေ့ ဘာကိုမှ ဂရုမစိုက်သည့်သဘောလား။

 

 

ကျိသော်က လမ်းလျှောက်လာရင်း သူမကိုမေးလိုက်သည်။ "မင်းအိမ်မှာ အခြေအနေဘယ်လိုရှိလဲ။"

 

 

သူက သူမမိသားစုအကြောင်း ရုတ်တရက်မေးလာမည်ဟု လင်းချောင်မထင်ခဲ့သည့်အတွက် အံ့သြသွားခဲ့ရသည်။ သူမက အပြင်လူဖြစ်သည့်အတွက် ကျိမိသားစု လွတ်လွတ်လပ်လပ် စကားပြောနိုင်ရန် အပြင်ထွက်ပေးခဲ့ခြင်းဖြစ်သည်။ ဒါပေမဲ့ သူမက အကြောင်းတစ်ခုနှင့် လာခဲ့သည်ဖြစ်ပြီး ဒီလူက သူမကိုလမ်းတစ်လျှောက်လုံး ဘာမှမမေးခဲ့ပေ။

 

 

လင်းချောင်ပြန်မဖြေသည့်အတွက် သူကမေးလိုက်သည်။ "ပြောဖို့ ခက်လို့လား။"

 

 

သူက အခြားသူများကိစ္စကို ဝင်ပါတတ်သူမဟုတ်သော်လည်း တူဖြစ်သူ ကျိဇယ်နှင့် ပတ်သက်နေသည့်အတွက် သူက မေးခွန်းအချို့ ထပ်မေးရတော့မည်။ ကျိဇယ်တွင် ဇနီးလောင်းရှိနေလျှင် ဦးလေးတစ်ယောက်အနေဖြင့် သူက တူဖြစ်သူကို စီစဉ်ထားသည့်လက်ထပ်ခြင်းမဟုတ်ဘဲ ချစ်သောသူနှင့်သာ လက်ထပ်စေလိုသည်။

 

 

"ပြောရမခက်ပါဘူး။"

 

 

လင်းချောင်က ခေါင်းခါ၍ပြုံးလိုက်သည်။ "တကယ်တော့ ကျွန်မဦးလေးနဲ့အဒေါ်က ကျွန်မကို အခြေအနေကောင်းရှိတဲ့သူနဲ့လက်ထပ်ပေးမလို့ပါ။ သူ့အဖေက ခရိုင်ရေသွင်းစိုက်ပျိုးရေးက ဒါရိုက်တာ၊ မိသားစုကလည်း အခြေအနေကောင်းတဲ့အထဲပါတယ်။"

 

 

ဒီလိုအဆက်အသွယ်နှင့်ဆိုလျှင် မြို့တွင်အလုပ်ရှာရန် မခက်ခဲပေ။ ဒါပေမဲ့လည်း ပညာတတ်လူငယ်များ ပြန်လာပြီဖြစ်သည့်အတွက် အလုပ်နေရာလပ်အတော်များများတော့မရှိတော့ပေ။ အိမ်ထောင်စုစာရင်းနှင့်တောင် အစိုးရအလုပ်များရှာရခက်ပြီး နယ်မှလာသူများဆိုလျှင် ပိုဆိုးသည်။ နယ်မှလာ၍ အလုပ်လုပ်ချင်သူများအတွက် ပထမခြေလှမ်းက မြို့ပေါ်သို့ အိမ်ထောင်စုစာရင်းပြောင်းရန်ဖြစ်သည်။ မိသားစုအခြေအနေ မဆိုးလျှင် အခြားတစ်ခုခုတော့ရှိရမည်။ ဒီလိုအမှီအခိုကင်းနဲ့ပုံစံနဲ့ မိန်းကလေးတစ်ယောင်က အခြေအနေကောင်းတဲ့ယောက်ျားတစ်ယောက်နဲ့ လက်မထပ်လိုလို့ အိမ်ကထွက်ပြေးလာတာတော့ မဖြစ်နိုင်ဟု ကျိသော်တွေးမိနေ၏။

 

 

လင်းချောင်က ဆက်ပြောလိုက်သည်။ "ဒါပေမဲ့ သူက ကွာရှင်းပြီးသားသူလေ။"

 

 

မိန်းမငယ်လေးတစ်ယောက်က ကွာရှင်းပြီးသားသူကို လက်ထပ်ရမယ်...

 

 

ကျိသော်က မျက်ခုံးရှုံ့မိသွားသည်။ လင်းချောင်က ဒေါသစိတ်ရော အလိုမကျသည့်ပုံစံပါမပြဘဲ ဆက်ပြောလိုက်၏။

 

 

"ဒုတိယအကြိမ် လက်ထပ်တာဆိုရင်တော့ အဆင်ပြေပါတယ်။ ဒါပေမဲ့ သူက ကျွန်မတို့ရွာက ပညာတတ်လူငယ်ဖြစ်ပြီး ကျွန်မတို့ရွာက မိန်းကလေးက်ိုပဲ လက်ထပ်ခဲ့ပြီး ကလေးနှစ်ယောက်ရခဲ့တယ်။ သူမြို့ကိုပြန်တော့ သူမကို ကွာရှင်းခဲ့ပြီး မိသားစုကိုမစွန့်ပစ်ပါဘူးလို့ ပြောခဲ့သေးတယ်။ သူ မြို့ပေါ်အခြေကျတာနဲ့ ဇနီးဟောင်းနဲ့ ကလေးတွေကိုခေါ်မယ်လို့လည်း ပြောသေးတယ်။ ဒါပေမဲ့ သူက မြို့ပေါ်ရောက်တာနဲ့ မြို့ပေါ်က မိသားစုစည်းမျဉ်းတွေကို မကြိုက်ဘူးဆိုပြီး မိသားစုကို ပြန်လှည့်မကြည့်တော့ဘူး။ အဲ့ဒီမိန်းကလေးက သမီးနှစ်ယောက်ရှိနေတာတောင် ထောက်ပံ့ကြေးတစ်ပြားမှမရဘူးလေ။"

 

 

ပညာတတ်လူငယ်များ နယ်ဘက်ပြန်သောအခါ သူတို့က ခုနစ်နှစ်၊ ရှစ်နှစ်လောက်နေကြပြီး အများစုက ဒေသခံများနှင့် အိမ်ထောင်ကျသည်။ သူတို့မြို့ပေါ်ပြန်တော့ ဘယ်တော့ပြန်လာန်ိုင်မည် မသိသည့်အတွက် အများစုက ထိုနေရာတွင် လက်ထပ်ကြသည်။ သို့သော်လည်း စည်းကမ်းပြောင်းသွားပြီး ပညာတတ်လူငယ်များ ပြန်လာခွင့်ရှိသော်လည်း ဒေသခံများနှင့်လက်ထပ်ထားသူများ ပြန်လာ၍မရပေ။ အချင်းချင်း လက်ထပ်ထားသူများက ပြန်ကွာရှင်းရသည်။ ဒါကြောင့် ထိုနှစ်က ကွာရှင်းမှုများပြားခဲ့ပြီး တကယ်ကိုကွာရှင်းထားသူအချ်ို့ကတော့ နောက်ပိုင်းတွင်  ဇနီးနှင့်ကလေးများကို မြို့ပေါ်ခေါ်ခဲ့သည်။

 

 

သို့သော်လည်း လင်းရှို့ယီနှင့် သူ၏ဇနီးတို့ သူမအတွက်ရှာပေးခဲ့သူကတော့ ထိုသို့မဟုတ်ပေ။

 

 

"ရွာက မိန်းကလေးက သူ့က်ိုရှာဖို့မြို့ကို ခဏခဏသွားခဲ့ပေမဲ့ သူ့မိသားစုက အသိအမှတ်မပြုခဲ့ဘူး။ နည်းနည်းတော့ ရက်စက်တယ်။ ဒါကြောင့် သူမကလည်း ထပ်မစောင့်တော့ဘဲ သူမထက် ဆယ်နှစ်ကြီးတဲ့သူနဲ့ လက်ထပ်လိုက်တယ်။ သူမထွက်သွားပြီး နှစ်လအကြာမှာပဲ ရွာကအတွင်းရေးမှူးရဲ့မိန်းမက သူနဲ့ ကျွန်မကိုလာစပ်တာပဲ။"

 

 

"သူ မြို့ကိုပြန်တာပဲ၊ ဘာလို့ အဲ့မှာမရှာတာလဲ။"

 

 

"ခက်လို့နေမှာပေါ့။ ကျောက်ကျားရန့်က အိမ်မှာရော အလုပ်မှာပါ ပြဿနာအတော်တက်ဖူးတော့ သူက မိန်းမနဲ့ သမီးတွေကို စွန့်ပစ်ခဲ့တဲ့သူဆိုတာ လူအတော်များများသိတယ်။"

 

 

ဒီတစ်ခါမှာတော့ လင်းချောင်၏ နှုတ်ခမ်းများမှ အလိုမကျသည့်အသံပေါ်လာတော့သည်။ "ကျွန်မတောင် မသိလိုက်ရဘဲ မိသားစုနှစ်ခုက လက်ထပ်ပွဲအတွက် စီစဉ်နေကြပြီ။"

 

 

မူလပိုင်ရှင်က မိဘများမရှိဘဲ အဖွားနှင့်နေခဲ့ရသူဖြစ်သည်။ သူမကြိုသိလျှင်တောင် ဦးလေးနှင့်အဒေါ်ကို လွန်ဆန်ရဲမည်မဟုတ်။ သို့သော် သူမက တကယ်မလိုလားပေ။ သူမက တစ်ညလုံးငိုနေခဲ့သည့်အတွက် နှလုံးရောဂါဖောက်လာပြီး နောက်တစ်နေ့တွင် လင်းချောင်က ကူးပြောင်းရောက်လာခြင်းဖြစ်၏။

 

 

လင်းချောင်က စာအုပ်ထဲမှ မူလဇာတ်ကောင်အကြောင်းနှင့် အမျိုးသားဇာတ်ဆောင်ကို ဘယ်လိုလက်ထပ်ခဲ့သည်ကို မသိသော်လည်း သူမ ထိုင်စောင့်မနေနိုင်ပေ။ သူမက အဖွားလင်း၏ စာများထဲမှ ယခုစာများကို ရှာတွေ့ခဲ့ပြီး နှစ်ရက်အနားယူပြီးနောက် ညအချိန်ထွက်ပြေးလာခဲ့ခြင်းပင်။

 

 

အမျိုးသားတစ်ယောက်က သူ၏ဇနီးနှင့် သားသမီးများကို တစ်ကြိမ်စွန့်ပစ်ခဲ့လျှင် နောက်တစ်ကြိမ်လည်းစွန့်ပစ်နိုင်၏။ ထိုလူက စိတ်သစ်လူသစ်ဖြစ်သွားမည်ဟု သူမစိတ်ကူးမယဉ်လိုပေ။

 

 

သို့သော်လည်း နှစ်ပေါင်းများစွာ ရှောင်နေသည့်အမျိုးသားဇာတ်ဆောင်နှင့်မတူဘဲ ဒီလူက မူလပိုင်ရှင်ကို ရုပ်ရည်ကြောင့်လက်ထပ်လိုခြင်းဖြစ်၏။

 

 

လင်းချောင်က ဒီလိုစိတ်ဓာတ်မကောင်းသူနှင့် လက်မထပ်လိုသလို ဘာလို့ လင်းရှို့ယီနှင့် သူ၏ဇနီးက အဆင့်အတန်းမြင့် ကျိမိသားစုထက် ရေသွင်းစိုက်ပျိုးရေးစက်ရုံဒါရိုက်တာ၏ သားကို ရွေးခဲ့သည်ကိုလည်း နားမလည်နိုင်ဖြစ်နေ၏။ လက်ထပ်သဘောတူညီချက်ကို မသိတာလား အခြားအကြောင်းအရင်းရှိတာလား။

 

 

သူမက ထိုသို့တွေးနေရင်း တိတ်ဆိတ်နေသူကို ကြည့်လိုက်၏။ သူမ ဘာကြောင့်လာသည်ကို သူ မမေးသော်လည်း လက်ထပ်ပွဲကိစ္စ သိပြီးနောက်မှာတော့ သူကလစ်လျူရှုမထားခဲ့ပေ။ ဒါက ခြေတစ်လှမ်းနီးလာပြီလားဟု လင်းချောင်တွေးနေချိန်တွင် စစ်တပ်ဝတ်စုံဖြင့်လူတစ်ယောက်က အလျင်အမြန်လမ်းလျှောက်လာ၏။ သူမက သူထွက်သွားမှ စကားဆက်ပြောမည်ဟူ၍ စကားပြောရပ်လိုက်သည်။ ထိုလူက အနီးအနားကိုကြည့်ပြီး ရုတ်တရက်ရပ်လိုက်၏။

 

 

"ဦးလေး။"

 

 

ကျိသော်က တည်ငြိမ်စွာပဲ "အင်း" ဟုပြန်ဖြေလိုက်ပြီး ထိုလူ၏အင်္ကျီမှ ကြယ်သီးပွင့်နေသည့်နေရာကို ကြည့်လိုက်၏။

 

 

"မင်း ဘာလို့ပြန်လာတာလဲ။"

 

 

သူ၏ အကြည့်ကိုသတိထားမိသည့်အတွက် ထိုလူက အလျင်အမြန် ကြယ်သီးတပ်လိုက်သည်။ "ကျွန်တော် အလုပ်ကိစ္စရှိလို့ပါ၊ ပြီးတော့ အဘိုးနေမကောင်းဘူးကြားလို့ လာကြည့်တာ။ သူဘယ်လိုနေသေးလဲ။"

 

 

မစ္စတာကျိက တပ်မတော်ဆေးရုံတွင်ဖြစ်ပြီး ဆရာဝန်များကလည်း အဖြူရောင်ဝတ်စုံအောက်တွင် စစ်တပ်ဝတ်စုံ ဝတ်ထားကြ၏။ သို့သော်လည်း ဘယ်သူကမှ သူ့လို ရင်ဘတ်ပေါ်နေအောင် ကြယ်သီးနှစ်လုံးဖြုတ်မထားပေ။

 

 

ဒါက သူတို့စောစောကပြောနေသည့် ရှောင်ဇယ်ဆိုသူသာဆိုလျှင် သူက အမျိုးသားဇာတ်ဆောင်မဖြစ်နိုင်။ သူ့တွင် ဇနီးလောင်းလည်းရှိနေပြီး အမူအကျင့်များကလည်း တစ်မူကွဲပြားသည်။ သူမ သူ့ကိုကြည့်နေသည်နှင့်တစ်ပြိုင်နက် သူကလည်း သူမကို သတိထားမိသည်။ သူ၏အကြည့်က သူမနှင့် ကျိသော်ကြားတစ်လှည့်စီရောက်နေပြီး စိတ်ဝင်စားလာ၏။

 

 

"ဦးလေးက အခုအဘိုးနဲ့မဟုတ်ဘဲ ဒီမှာအခြားတစ်ယောက်နဲ့ စကားပြောနေတာပဲ။ သူက ဦးလေးချစ်သူလား။"