လူမှားလက်ထပ်မိသော အမြောက်စာလေး
အပိုင်း ၄
ကျိသော်က ကျိဇယ်ထက် ခြောက်နှစ်ကြီးပြီး အသက်နှစ်ဆယ့်ရှစ်နှစ်ဖြစ်၏။
နှစ်အနည်းငယ်အကြာက မိသားစုက သူ့အတွက် တွဲဖက်များရှာပေးသော်လည်း သူက သူငယ်ချင်းများ
မိတ်ဆက်ပေးသည်ရော မိသားစုများမိတ်ဆက်ပေးသည်ကိုပါ စိတ်မဝင်စားခဲ့ချေ။
ယဲ့မင်ရှူးက သူ့ကိုအရင်အသိမပေးဘဲ တစ်ယောက်ခေါ်လာစဉ်ကလည်း
ကျိသော်က စစ်တပ်တာဝန်ပေါ်လာသည်ဟု ဆင်ခြေပေးကာ အေးတိအေးစက် လှည့်ထွက်သွားခဲ့သည်။ ယဲ့မင်ရှုးက
အားနာစရာကိစ္စဖြစ်သွားသည့်အတွက် သူ၏ကိစ္စများကို နောက်တစ်ခါ ဝင်မပါတော့ဟုပြောကာ ရက်အတော်ကြာ
ညည်းတွားနေခဲ့၏။
ဒီကိစ္စကြောင့် သူနှင့်ပတ်သက်၍ ကောလာဟလပြောဆိုခြင်းများရှိလာကာ
လွန်ခဲ့သည့်နှစ်များအတွင်း သူ့ကိုကြင်ဖက်တွေ့ရန် မိတ်ဆက်ပေးသူ အနည်းငယ်သာရှိတော့သည်။
ကျိဇယ်က ထိုမကောင်းသည့် ကောလာဟလများကို အယုံအကြည်မရှိသော်လည်း
သူ၏ဦးလေးက အလုပ်ကိုသာအာရုံစိုက်ကာ ရဲဘော်ရဲဘက်များနှင့်ပဲ ဘဝကိုဖြတ်သန်းတော့မည်လားဟုတော့
တွေးမိ၏။ သူက ဒီလိုမိန်းမငယ်လေးတစ်ယောက်နှင့် နီးနီးကပ်ကပ်စကားပြောနေသည်ကို မြင်ရမည်ဟုတော့
ကျိဇယ်တစ်ခါမှ မထင်ခဲ့ဖူးပေ။
ကျိဇယ်က သိချင်စိတ်ဖြင့် လင်းချောင်ကို သေချာလေ့လာကြည့်လိုက်၏။
အမှန်အတိုင်းပြောရလျှင် သူမအဝတ်အစားများမှာ အနည်းငယ်
ဟောင်းနွမ်းနေသော်လည်း မျက်နှာကတော့ ကျက်သရေရှိသည်။ အထူးသဖြင့် သူမ၏ မျက်လုံးများက
တောက်ပနေ၏။ သူမက တကယ်ပဲ သူ၏ဦးလေး သဘောကျသူဆိုလျှင် သူမက တစ်ခုခုထူးခြားသူပဲ ဖြစ်ရမည်။
ကျိဇယ်က သူ၏ခန့်မှန်းချက်မှန်သည်ဟု တွေးနေချိန်တွင်
အရှေ့မှလူနှစ်ယောက်ကတော့ ဘာစကားမှပြန်မပြောဘဲ သူ့ကိုသာကြည့်နေခဲ့၏။
အထူးသဖြင့် ကျိသော်က သူ့ကိုအတော်ကြာစိုက်ကြည့်နေပြီးမှ
စကားပြောလိုက်ခြင်းဖြစ်သည်။။"သူက မင်းအဖိုးရဲ့ရဲဘော်ရဲဘက်တစ်ယောက်ရဲ့မြေးလေ။"
ကျိဇယ် လက်မခံနိုင်မည်ကိုစိုး၍ လက်ထပ်သဘောတူညီချက်အကြောင်းကိုတော့
သူ မပြောခဲ့ပေ။
ကျိဇယ် ခေါင်းကုတ်လိုက်မိတော့သည်။
"အာ! ကျွန်တော်အထင်မှားသွားတာလား။"
အနည်းငယ် အားနာလာသလို ခံစားရသောကြောင့် သူကထွက်ပြေးချင်လာတော့သည်။
"ဦးလေးတို့ စကားဆက်ပြောကြပါ။ ကျွန်တော် အဖိုးကိုသွားတွေ့လိုက်ဦးမယ်။"
"ကိုယ် သူနာပြုကိုသတ်ိပေးဖို့သွားလိုက်ဦးမယ်။"
ကျိသော်က လင်းချောင်ကို ထိုသို့ပြောခဲ့ပြီး ကျိဇယ်အနောက်မှလိုက်သွားလိုက်သည်။
သူနာပြုများထိုင်သောနေရာတွင် သူက ကျိဇယ်က််ိုတိတ်တဆိတ်ပြောလိုက်၏။။"စကားမစပ်၊
မရီးက မင်းအတွက် ကြင်ဖက်ခေါ်လာပြန်ပြီ။ သူမက ဆေးရုံခန်းထဲရှိသေးတယ်။"
"အမေက ကြင်ဖက်ရှာလာပြန်တာလား။"
ကျိဇယ်က အရင်ဆုံးထိတ်လန့်သွားပြီးနောက် ဒေါသထွက်သွားပြန်သည်။
"ကျွန်တော်က ၂၂ပဲဲရှိသေးတာမလို့ အလျင်မလိုဘူးလို့ပြောခဲ့တာကို။"
သူက စင်္ကြံအဆုံးထိ ပြေးသွားကာ ဆေးရုံအခန်းတံခါးကို
ဖွင့်လိုက်သည်။
"အမေဘာလို့ ထပ်ပြီးအောင်သွယ်ပေးနေပြန်တာလဲ..."
ကျိသော်က လိုက်မသွားခဲ့။ သူ၏စကားများက မသဲကွဲသည့်အတွက်
"မရီးက မင်းအတွက်ကြင်ဖက်ရှာလာတယ်" ဟုလည်းနားလည်နိုင်သလို "မရီးက မင်းရဲ့တွဲဖက်ကိုခေါ်လာတယ်"
ဟုလည်းနားလည်နိုင်သည်။ ကျိဇယ်တွင် တကယ်တွဲဖက်ရှိမရှိ အပေါ်မူတည်၍သာ နားလည်သည့်ပုံစံ
ပြောင်းသွားမည်ဖြစ်သည်။
ယခု ကြည့်ရသည်ကတော့....
ကျိသော်က ခေါင်းငုံ့လိုက်ပြီး အချိန်ခန့်မှန်းကာ
သူနာပြုများနေသည့်နေရာကို တံခါးခေါက်လိုက်သည်။ "ကုတင် ၃၃ က အပ်ဖြုတ်ပေးပါ။"
ယဲ့မင်ရှုးက စုန့်ကျင်းအကြောင်းဆက်၍ ဂုဏ်ဖော်ပြောဆိုနေပြီး
ကျိဇယ်ရုတ်တရက်ပေါ်လာချိန်မှာတော့ သူမ မပြုံးနိုင်တော့ပေ။ သူမက အလန့်တကြားဖြင့် မစ္စတာကျိကိုလည်း
ကြည့်လိုက်မိသည်။
"ရှောင်ဇယ် မင်းတပ်ထဲမှာ မဟုတ်ဘူးလား။ဘာလို့
ပြန်ရောက်လာတာလဲ။ အမေအခုပဲ မင်းနဲ့ စုန့်ကျင်းအကြောင်း မင်းအဖိုးကို ပြောပြနေတာ။ မင်းရောက်လာတာ
အချိန်ကိုက်ပဲ။"
ယဲ့မင်ရှူးက သူမ၏သားကို အကြည့်ဖြင့် အချက်ပြလိုက်သည်။
ကျိဇယ်က ဘာဖြစ်နေသည်ကိုမသိသည့်တိုင် တုံးတော့မတုံးပေ။
သူ့အမေ၏ အမူအရာပြောင်းသွားသည်ကို သတ်ိထားမိသလို ပတ်ဝန်းကျင် အနေအထားတင်းမာနေသည်ကိုလည်း
ခံစားမိသည်။
"ကျွန်တော် လမ်းမှာအဖေနဲ့တွေ့ခဲ့တာ။ သူက
အဖိုးနေမကောင်းဘူးလို့ ကျွန်တော့်ကို ပြောသွားလို့ပါ။"
"အဲ့ဒီ ကျိကျွင်းကတော့ သူက အလုပ်ခရီးထွက်ရမှာမလို့
မလာနိုင်လို့ မင်းကိုပြန်လွှတ်လိုက်တာပဲ။"
ယဲ့မင်ရှူးက စကားလမ်းကြောင်းလွှဲရန် ကြိုးစားလိုက်သော်လည်း
မစ္စတာကျိကတော့ စိတ်မဝင်စားခဲ့ပေ။ သူက သူမကိုအတော်ကြာကြာ စိုက်ကြည့်နေပြီးရုတ်တရက်ပြောလိုက်၏။
"ရှောင်ဇယ် တံခါးပိတ်လိုက်။"
သူက အခွင့်အာဏာရှိသူဖြစ်သည့်အတွက် အမူအရာကလည်း
ပြတ်သားပြင်းထန်သည်။
ကျိဇယ်က အချိန်ဆွဲမနေဘဲ အမြန်တံခါးပိတ်လိုက်၏။
သူပြန်မလာခင်မှာပဲ ယဲ့မင်ရှူးကိုဦးတည်၍ အော်ဟစ်သံကိုကြားလိုက်ရလေသည်။
"မင်းက ရှောင်ဇယ်ရဲ့ဇနီးလောင်းအဖြစ် ဟန်ဆောင်မဲ့သူခေါ်လာတယ်ပေါ့။
ဘယ်လိုတောင် ရဲတင်းတာလဲ။ ငါ့ကို တုံးအနေတဲ့သူ ဘာမှမသိတဲ့သူလို့ ထင်နေတာလား။"
ထိုစကားများက ပြင်းထန်လွန်းသည့်အတွက် ကျိဇယ်ကိုပင်
နှလုံးခုန်နှုန်းမြန်သွားစေသည်။
ပြောဆိုခံနေရသည့် ယဲ့မင်ရှုးက ဖြူဖျော့သွားပြီး
ပါးများနီရဲလာကာ ငိုတော့မလို မျက်နှာဖြင့် ပြောလိုက်သည်။
"အဖေ၊ ကျွန်မက ဒီလိုလူမျိုးမလို့လား။ အဖေ
လင်းမိသားစုက မိန်းကလေးနဲ့ ရှောင်ဇယ်ကို လက်ထပ်ပေးမယ် စီစဉ်တုန်းက ကျွန်မကို ဘာမှမပြောသလို
ကျွန်မသဘောလည်းမတူခဲ့ဘူးလေ။"
သူမက အကသရုပ်ဆောင်အဖွဲ့မှဖြစ်ပြီး အကသမားအဖြစ်မှ
စီမံခန့်ခွဲသူအဖြစ် တာဝန်ယူနေသည်မှာ နှစ်ပေါင်းများစွာ ကြာပြီဖြစ်သည့်တိုင် သူမ၏မျက်ဝန်းများက
နီရဲနေပြီဖြစ်ကာ သနားစဖွယ်ပုံပေါ်စေ၏။
ကျိကျွင်းက သူမ၏မျက်ရည်များကို မမြင်နိုင်သောကြောင့်
အမြဲလိုလို သူမကိုအလျော့ပေးခဲ့သည်။ သို့သော် ဒီအသက်အရွယ်ထိ ထိုသို့ကလေးဆန်စွာပြုမူနေသည့်အတွက်
မစ္စတာကျိကတော့ ဒေါသဖြစ်မိ၏။
"မင်း ထုတ်မပြောချင်တာလား မပြောနိုင်တာလား။
ဘာတွေဖြစ်နေတယ်ဆိုတာ ငါမသိဘူး ထင်နေတာလား။"
ယဲ့မင်ရှူးက ပြောစရာစကားပျောက်သွားပြီး ဒီတစ်ခါတော့
မျက်ရည်အစစ်များ ကျလာတော့သည်။
မိသားစုနှစ်ခုက လက်ထပ်ရန်သဘောတူညီခဲ့ချိန်တွင်
သူမဘာမှမပြောရဲခဲ့ပေ။ ပထမအချက်အနေနှင့် ကျိကျွင်းက မငြင်းသလို ဒုတိယအချက်အနေနှင့် ထိုအချိန်က
သူမမိသားစု အခက်ကြုံနေချ်ိန်ဖြစ်ပြီး ကျိမိသားစုကို မှီခိုနေရသည့်အချိန်ဖြစ်သည်။ သူမက
မစ္စတာကျိကို မျက်နှာချိုသွေးရန်လိုသဖြင့် ဘာထင်မြင်ချက်မှမပေးနိုင်ခဲ့ပေ။
သို့သော်လည်း သူတို့၏ ကောင်းကောင်းပျိုးထောင်ထားသည့်ကလေးကို
ဘယ်သူက နယ်မှလာသည့်မိန်းကလေးနဲ့ ပေးစားနိုင်မှာတဲ့လဲ။ နောက်ခံလည်းမရှိလို၊ ပညာအရည်အချင်းလည်း
မရှိသည့်အတွက် လူကြားထဲ ထုတ်ပြရလျှင်လည်း ရှက်စရာကောင်းသည်။
ဒါကြောင့် သူမက အိမ်ဖော်အမျိိုးသမီး၏ လက်ထဲမှစာတွင်
လင်းချန်ဟူသောအမည် မြင်လိုက်သည်နှင့် မှားနေသည်ဟု မတုံ့မဆိုင်းပြောခဲ့ခြင်းဖြစ်၏။ ထိုမိန်းကလေးက
အရှက်မဲ့စွာ ကျိသော်၏ ကားထဲဝင်သွားချိန်မှာတော့ သူမ အထိတ်တလန့်ဖြစ်ပြီး စုန့်ကျင်းကို
ရှောင်ဇယ်၏ ဇနီးလောင်းအဖြစ် ဟန်ဆောင်ပေးရန် အကူအညီတောင်းခဲ့ခြင်းပင်။
ရှောင်ဇယ်တွင် ချစ်သူရှိမည်ဟုလည်း သူမ မထင်ထားခဲ့။
မစ္စတာကျိကတော့ မြေးဖြစ်သူ၏ အချစ်ရေးကိုဖျက်စီးကာ လင်းချောင်ဖြင့် အတင်းလက်မထပ်ခိုင်းလောက်ဟု
သူမထင်ခဲ့သည်။
ကံကောင်းစွာနဲ့ပဲ မိသားစုနှစ်ခုကြား ဆက်ဆံရေးကောင်းသည့်အတွက်
စုန့်ကျင်းက ဘာမှမမေးဘဲ ကူညီပေးခဲ့၏။ သ်ို့သော်လည်း သူမသားပြန်ရောက်လာပြီး လိမ်ညာမှုများကို
ဖော်ထုတ်လိမ့်မည်ဟုတော့ မထင်ခဲ့ပေ။ အထူးသဖြင့် မစ္စတာကျိက အငယ်များနှင့် အပြင်လူဖြစ်သည့်
စုန့်ကျင်း၏ရှေ့တွင် ပြင်းထန်သည့်စကားများ ပြောလိမ့်မည်ဟုတော့ ပို၍မထင်ခဲ့ပေ။
အမှားလုပ်မိသည့်ခံစားချက်ဖြင့် သူမက မျက်နှာကိုအုပ်၍
ရွှီလီဘက်သို့ လှည့်လိုက်သည်။
"ကျွန်မတို့ မိသားစုတွေက အဆက်အသွယ်မရှိတာ
အတော်ကြာပြီလေ။ အမေလည်း သိပါတယ်။ ဘယ်သူက အဲ့ဒီ လက်ထပ်သဘောတူညီချက် အဟောင်းကြီးကို မှတ်မိတော့မှာလဲ။
အဖေ နေမကောင်းဘူးဆိုလို့ စိတ်ပျော်ရအောင် ကျွန်မက ရှောင်ဇယ့်ဇနီးလောင်းကို ခေါ်ခဲ့တာပါ။"
"မင်း လင်းချောင်ကို မတွေ့ရသေးဘူးလို့တော့
ငါ့ကိုလာမပြောနဲ့။
မစ္စတာကျိက သူမ၏ စကားကိုဖြတ်ပြောလိုက်၏။
သူမ ခေါင်းမာနေသည်ကိုမြင်ရတော့ စုန့်ကျင်းက ကျိဇယ်၏
ဇနီးလောင်း ဟုတ်မဟုတ်သိချင်သဖြင့် မစ္စတာကျိက မေးလိုက်၏။
"ရှောင်ဇယ် မင်းနဲ့ အဲဒီစုန့်မိသားစုက မိန်းကလေးနဲ့
တကယ်ပဲချစ်သူတွေလား။"
ဝင်လာသည့်အချိန်ကစပြီး ကျိဇယ်တစ်ယောက် ထိတ်လန့်စရာ
တစ်ခုပြီးတစ်ခု ကြုံနေရသည်။ ပထမဆုံးအနေဖြင့် သူ၏အမေက ဇနီးလောင်းဟုဆိုသူကိုခေါ်လာပြီး
ဒုတိယအနေဖြင့် ယခင်က လက်ထပ်သဘောတူညီချက်ဆိုသည့်အရာပေါ်လာသည်။
ကျိဇယ်က အံ့သြသွားပြီး မစ္စတာကျိနှင့် ယဲ့မင်ရှူးကို
တစ်လှည့်စီကြည့်ကာ ဘာမှမပြောဘဲ ခေါင်းငုံထားလိုက်သည်။
တိတ်ဆိတ်နေခြင်းက စုန့်ကျင်းကို လက်ခံသည့်ပုံစံ
ဖြစ်နေသည့်အတွက် ယဲ့မင်ရှူးက အခွင့်ကောင်းယူလိုက်သည်။
"တွေ့လား အဖေ။ ကျွန်မအဖေ့ကို မလိမ်ပါဘူး။
ကျွန်မမှာအကြောင်းပြချက်ရှိပါတယ်။ လင်းမိန်းကလေးရောက်လာတော့ ကျွန်မ သူ့ကိုအိမ်မှားရောက်လာတယ်လို့ပြောလိုက်တယ်။
ဘာလို့လဲဆိုတော့ ရှောင်ဇယ်က လက်ထပ်သဘောတူညီချက်ရှိတာကို မသိသလို ဇနီးလောင်းလည်း ရှိနေပြီလေ။
ကျွန်မက ဘယ်လိုလို့သူတို့ကိုခွဲရမှာလဲ။"
ကျိဇယ်က မစ္စတာကျိကို စကားလည်းမပြောဘဲ ကြည့်လည်းမကြည့်သလို
တိတ်တိတ်နေလိုက်၏။
အမေနှင့်သားက စိတ်တူကိုယ်တူဖြစ်သည်ကို သိရသည့်အတွက်
မစ္စတာကျိက အလွန်ဒေါသထွက်မိသည်။
ကျိဇယ်က အံ့ဩမှင်သက်ပြီး ရှေ့တိုးရန်လုပ်လိုက်ရာ
ရွှီလိက အရင်ရောက်သွားသည်။
"အားလုံးပဲ စကားလျှော့ပြောကြပါ။ ရှင်နေ့လည်က
မူးလဲတော့လည်း ကျွန်မတို့ကို လန့်အောင်လုပ်ခဲ့သေးတယ်မလား။ ရှင်သွေးတိုးနေတာကို မသိဘူးလား။
ဒါတောင်ဒေါသထွက်နေသေးတယ်။"
သူမက မစ္စတာကျိကို ပြောနေခြင်းဆိုပေမယ့် သူ့ကိုဒေါသထွက်အောင်
လုပ်သည်ဟူ၍ အပြစ်တင်ခြင်းမှာသိသာသည့်အတွက် ယဲ့မင်ရှူးက ပြောလိုက်သည်။
"အဲဒီလင်းမိန်းကလေးသာ ရောက်မလာဘူးဆိုရင်
ပြဿနာတွေ ဖြစ်လာမှာ မဟုတ်ဘူး။"
ဒါကိုကြားရတော့ မစ္စတာကျိက ဒေါသထွက်လာရပြန်ပြီး
မျက်နှာပါ နီလာတော့သည်။ ထိုအချိန်တွင် သူနာပြု လမ်းလျှောက်ဝင်လာပြီး "ကုတင်၃၃က
အပ်ဖြုတ်ဖို့အချိန်ရောက်ပြီလား။"
ပတ်ဝန်းကျင် အနေအထား တင်းမာနေပြီကိုမြင်ရတော့
သူမက မျက်မှောင်ကြုတ်လိုက်၏။
"ဘာလို့ လူတွေအများကြီး ရှိနေတာလဲ။ လူနာ
အနားယူရမယ်ဆိုတာ မသိဘူးလား။"
အပ်ဖြုတ်လိုက်ပြီးနောက် သူမက သွေးပေါင်ချိန်ဖော်ပြသည့်စက်ကို
ကြည့်လိုက်သည်။
သွေးပေါင်ချိန်မှာ ၁၆၄၊ ၂၀၃ ဖြစ်သဖြင့် အတော်ကိုများသည်။
သူနာပြု၏ လေသံက ပြင်းထန်သွားတော့၏။
"ဒီသွေးပေါင်ချိန်က အရမ်းအန္တရာယ်အများတယ်။
အခန့်မသင့်ရင် လေဖြတ်သွားနိုင်တယ်။ လူနာကစိတ်ခံစားချက်ကို ထိန်းချုပ်ဖို့လိုတာမလို့
မိသားစုတွေအနေ နဲ့ကောင်းကောင်းသိသင့်တယ်။ မလိုအပ်ဘဲ လူရှုပ်မနေပါနဲ့။
အဖိုးဖြစ်သူ၏ အခြေအနေကိုသိရတော့ ကျိဇယ်က သူ၏ အမေကို
အမြန်ဆွဲခေါ်သွားလိုက်သည်။
"အဖိုး အနားယူနေတာကို မနှောင့်ယှက်တော့ပါဘူး။
ကောင်းကောင်းနားပါ။ ကျွန်တော်နောက်နေ့မှ လာလည်လိုက်ပါမယ်။"
မစ္စတာကျိ၏ အခြေအနေအရ ကိစ္စများကို အလျင်စလိုလုပ်၍မရပေ။
သူ ဒေါသအရမ်းထွက်၍ တခုခုဖြစ်သွားရင် ဘယ်လိုလုပ်မှာလဲ။
ယဲ့မင်ရှူးက ဘာမှမပြောခဲ့ပေမဲ့ တံခါးပိတ်သွားသည်နှင့်
စုန့်ကျင်းကို ပြောလိုက်သည်။ "ပြဿနာတွေဖြစ်သွားလို့ တောင်းပန်ပါတယ်။"
ကျိဇယ်က ပြောစရာစကားပင် မရှိတော့ပေ။ "ဘာလို့
စုန့်ကျင်းကို မိသားစုပြဿနာတွေရဲ့ဆွဲထည့်တာလဲ။"
"ငါ့မှာ ရွေးစရာမရှိဘူး။ မင်းတောသူမကို လက်ထပ်ချင်လို့လား။"
ဒီအကြောင်းကိုပြောရုံနှင့် ယဲ့မင်ရှူး ဒေါသထွက်လာရပြီး
စုန့်ကျင်းကတော့ အားနာသည့်ပုံစံဖြင့် ခေါင်းငုံ့ထားလိုက်သည်။
"ကျွန်မက ကိစ္စမရှိပါဘူး။ ဘာမှလုပ်စရာမရှိပါဘူး။
ကျွန်မကောင်းကောင်း သရုပ်မဆောင်နိုင်ခဲ့လို့ မစ္စတာကျိက ဒေါသထွက်သွားတာပါ။"
ကျိဇယ်က ယဲ့မင်ရှူးကို ကြည့်လိုက်၏။ "အဲဒီ
သဘောတူညီချက်က ဘာလဲအမေ။"
"ဘာဖြစ်ရမှာလဲ။ မင်းအဖိုးက တစ်ယောက်ယောက်ကိုအကြွေးတင်နေပြီး
မင်းနဲ့ပြန်ဆပ်ဖို့ကြိုးစားနေတာလေ။ မင်း အဲ့ဒီမိန်းကလေးကို မတွေ့ရသေးပါဘူး။ သူက သူတောင်းစားလိုဝတ်ထားတာ
မျက်လုံးတွေကလည်းငြိမ်မနေဘူး။ ငါတို့အိမ်ရှေ့ကိုလာဖို့ ဘယ်လို သတ္တိရတာလဲမသိပါဘူး။"
သူတောင်းစားလိုဝတ်ထားပြီး မျက်လုံးတွေ မငြိမ်ဘူး...
ကျိဇယ်က သူတွေ့ခဲ့သည့် တောက်ပသည့်မျက်နှာနှင့်
မိန်းကလေးအကြောင်း တွေးမိသွား၏။
"အမေ အခု ဦးလေးနဲ့အတူ ရှိနေတဲ့ မိန်းကလေးအကြောင်းပြောနေတာလား။"
"သူနဲ့တွေ့ပြီးပြီလား။" ယဲ့မင်ရှူးက
ချက်ချင်းအသိကပ်သွားသည်။ "သူ့ပုံစံကြောင့် အရူးလုပ်ခံရပြီး မင်းအဖိုး စကားကိုနားထောင်ဖို့
တွေးမနေနဲ့။"
"မဟုတ်ပါဘူး။ ဦးလေးနဲ့အတူ တွေ့ခဲ့တော့ ကျွန်တော်ကသူ့ချစ်သူလို့ထင်နေတာ။"
"မင်းဦးလေးရဲ့ ချစ်သူဆိုရင် ပိုကောင်းတာပေါ့..."
ယဲ့မင်ရှူးက ဆက်ပြောလိုသော်လည်း လှေကားတွင်တွေ့လိုက်သည့် သူကြောင့် ပါးစပ်ပိတ်လိုက်သည်။
မရီးတစ်ယောက်အနေဖြင့် ဂုဏ်သိက္ခာ ဆယ်ရမည်ဖြစ်သည့်အတွက် သူနာပြုက အခန်းထဲတွင် လူရှုပ်မနေသင့်
ဆိုသောကြောင့် အပြင်ထွက်လာသည်ဟု ပြောလိုက်သည်။
ကျိသော်က အများကြီးမမေးတော့ပေ။ ကျိဇယ်ကလည်း အခန်းထဲဖြစ်ခဲ့သည်များကို
ပြောမည်မဟုတ်ချေ။ ကျိသော်နှင့် လင်းချောင်အနီး ဖြတ်သွားသော သူ၏အမူအရာက တစ်မျိုးဖြစ်နေ၏။
ဒါက လင်းချောင်ကို မျက်မှောင်ကြုတ်မိစေကာ ခုနက ကျိသော် သူ့ကို တစ်ခုခုပြောလိုက်သည်လားဟု
တွေးမိနေတော့သည်။ ပြီးတော့ ယဲ့မင်ရှူး၏ အမူအရာအရ မစ္စတာကျိနှင့် စကားဝိုင်းက ကောင်းခဲ့ပုံပေါ်မနေပေ။
မစ္စတာကျိက သူမခေါ်လာတဲ့ ချွေးမလောင်းကို မကြိုက်လို့လား
ဒါမှမဟုတ် တစ်ယောက်ယောက်ကို ခေါ်လာတာကို မကြိုက်တာလား။
ဒီပြဿနာက သူမနဲ့ ပတ်သက်နေနိုင်လား။
ကျိဇယ်ကသာ တကယ့်အမျိုးသားဇာတ်ဆောင်ဆိုရင် သူ့အမေကဘာလို့
လက်ထပ်ပွဲကို ကန့်ကွက်နေမှာလဲ။
မစ္စတာကျိတွင် အသက်အရွယ်တူသည့် သားတစ်ယောက်ရှ်ိသည်။
မျိုးဆက်မတူသော်လည်း သူတို့က တကယ်သွေးစပ်သည်တော့ မဟုတ်သည့်အတွက် သားမဟုတ်ဘဲ ဘာလို့မြေးကို
လက်ထပ်ခိုင်းမှာလဲ။
လင်းချောင် တွေးမရပေ။ သို့သော်လည်း အမျိုးသားဇာတ်ဆောင်ကို
ဖော်ပြနေသည့် အချို့အကြောင်းအရာများတော့ရှိသည်။
အခန်းထဲတွင် မစ္စတာကျိက လင်းချောင်ဘာလို့ ဒီအချိန်မှရောက်လာသည်ကို
တွေးနေ၏။
သူ၏ ခံစားချက်ငြိမ်သွားတော့ ရွှီလီက ပန်းသီးစိပ်၍
သူ၏လက်ထဲ ပန်းသီးထည့်ပေးလိုက်သည်။ "စိတ်ဆိုးနေတုန်းပဲလား။ ကလေးတွေကိုတော့ လုံးဝအပြစ်တင်လို့မရဘူးလေ။
ဒီခေတ်ကလေးတွေက စီစဉ်တဲ့လက်ထပ်မှုမျိုး မလိုချင်ကြဘူး။
ဒါကြောင့် သူအံ့သြသွားတာပါ။ စကားကောင်းကောင်းပြောပြီး သူတို့အချင်းချင်း ရင်းနှီးအောင်
လုပ်ရင်ရပါတယ်။ ရှောင်ဇယ်က နားလည်တတ်တဲ့သူပါ။"
သူမက အခြေအနေကို မပြင်းထန်စေချင်သည့်အတွက် ယဲ့မင်ရှူးအကြောင်းမဟုတ်ဘဲ
ကျိဇယ်အကြောင်းသာပြောခဲ့၏။ သို့သော်လည်း မစ္စတာကျိက ခေါင်းခါလိုက်သည်။
"မလွယ်လောက်ဘူး။ ရှောင်ဇယ်က ပျော်တတ်ပြီး
ပြောရဆိုရလွယ်ပေမဲ့ သူ့ဦးလေးလိုပဲ ခေါင်းမာတယ်။ သူ့ဦးလေးက လမ်းပြကောင်းမဟုတ်လို့
ရှောင်ဇယ်က သူ့အတိုင်း မဟုတ်တာတွေက်ိုပဲ သင်ယူထားတယ်လေ။"
"ဟုတ်ပါပြီ။ ဒုတိယကလေးကို ကောင်းကောင်းမပျိုးထောင်မိတဲ့
ကျွန်မအမှားတွေပါ။ "
"မင်းအမှားမဟုတ်ပါဘူး။ သူ ငယ်ငယ်တုန်းက ငါအလိုလိုက်ခဲ့မိလို့ပါ။
သူက အငယ်ဆုံးဖြစ်ပြီး မင်းကလည်း သူ့ကိုခက်ခက်ခဲခဲ မွေးထားရတော့လေ။"
စကားဝိုင်းက လမ်းလွဲသွားသည့်အတွက် ရွှီလီက လက်ထပ်မှူအကြောင်း
ပြန်ပြောလိုက်သည်။
"အလုပ်မဖြစ်ဘူးဆိုရင်တော့ ဖိအားမပေးပါနဲ့။
ကျေးဇူးကြွေးဆပ်ဖို့ အခြားနည်းတွေ ရှိပါသေးတယ်။ ကလေးတွေကို အတင်းအတူနေခိုင်းလို့မရဘူး။
သူတို့မိသားစုတွေကလည်း သဘောကျမှာမဟုတ်ဘူး။"
မစ္စတာကျိက တိတ်နေလိုက်ပြီး ခဏအကြာမှာပဲ ခြေသံများကြားလာရသည့်အတွက်
သူတို့က စကားပြောရပ်လိုက်ကြသည်။
လင်းချောင်နှင့် ကျိသော်အခန်းထဲဝင်လာခြင်းပင်။
သူတို့လေးဦးလုံးက ဖြစ်သွားသည့်အရာများအကြောင်း လုံးဝမပြောခဲ့ကြပေ။ မစ္စတာကျိက စိတ်အေးသွားပြီး
ရွှီလီက ပန်းသီးများကို စိပ်၍ပြီးသွားသည်ကို မြင်ရတော့ လင်းချောင်ကိုလည်း တစ်စိတ်ပေးရန်ပြောလိုက်၏။
"မင်း စောစောက ပြောမပြီးလိုက်ဘူးနော်။ မိသားစုထဲ
ဘယ်လိုဖြစ်နေကြတာလဲ။"
လင်းချောင် အခန်းထဲဝင်လာသည်နှင့် တင်းမာနေသည့်အခြေအနေကို
သတ်ိထားမိသည်။ သူမက သူတို့ကိုကျေးဇူးတင်ပြီး အမှန်တရားကို ပြန်ပြောလိုက်၏။
လင်းချောင်က သူတို့ပေးစားသည့် မင်္ဂလာပွဲတွင်
တစ်ခုခုပြဿနာရှိ၍ ထွက်ပြေးလာခြင်းဖြစ်မည်ဟု သံသယဝင်ခဲ့သော်လည်း ဒီလောက်ထိ ဆိုးမည်ဟုတော့
မထင်ခဲ့မိ။ သူတို့က ဆန္ဒမပါဘဲ လင်းချောင်ကို ရောင်းစားရန်ကြံရုံသာမက ထွက်ပြေး၍ မရစေရန်
အိမ်ထောင်စုစာရင်းနှင့် စာရွက်စာတမ်းများကိုလည်း ယူထားသေးသည်။ ဒီလိုနည်းလမ်းက အလွန်...
မစ္စတာကျိက မျက်မှောင်ကြုတ်၍ မေးလိုက်သည်။
"မင်္ဂလာပွဲနေ့က ဘယ်တော့လဲ။"
"သန်ဘက်ခါပါ။"
ဒီတစ်ခါမှာတော့ မစ္စတာကျိက အတော်ကြာ တိတ်ဆိတ်သွားပြီး
အိပ်ရာဘေးတွင် ထိုင်နေသည့် ကျိသော်ကိုကြည့်လိုက်၏။
"မင်း နောက်ရက်နည်းနည်းလောက်အားလား။"
ဒီမေးခွန်းက တစ်ခုခုလုပ်စရာရှိသည့်အဓိပ္ပါယ်ရသဖြင့်
ကျိသော်ကပြောလိုက်သည်။ "ကျွန်တော့်မှာ ပိတ်ရက်တွေရှိသေးတယ်။"
"ဒါဆို လင်းချောင်ကို အိမ်ခေါ်သွားပြီး သူ့မိသားစု
ပြဿနာတွေကို တစ်ခါတည်း ရှင်းပေးလိုက်ပါ။"