အပိုင်း ၁၂
Viewers 434

လူမှားလက်ထပ်မိသော အမြောက်စာလေး

 

အပိုင်း ၁၂

 

 

 

မျက်နှာပူစရာကိစ္စဆိုတာ ဘယ်လိုမျိုးလဲ။

 

 

ဒါက မျက်နှာပူစရာကိစ္စပဲ။

 

 

လင်းချောင်က အရာအားလုံးကို ရှင်းပြရန်လုပ်သော်လည်း ကလေးမလေး၏ အော်သံကြောင့် ရှင်းပြရန်မဖြစ်နိုင်တော့ပေ။

 

 

ကျိသော်က ခက်ထန်သည့်မျက်နှာဖြင့် ကြယ်သီးနှစ်လုံး အလျင်အမြန်တပ်လိုက်သည်။

 

 

"ကျိလင် ရပ်တော့။"

 

 

သူ၏အသံက ကျယ်သည် မဟုတ်သော်လည်း ထိုမိန်းကလေးက ထွက်မပြေးရဲတော့ပေ။ သူမက မျက်လုံးကို လက်ဖြင့်ကာလိုက်သည်။

 

 

"ကျွန်မ ဘာမှမမြင်ခဲ့ပါဘူးလို့။"

 

 

"နောက်ကျနေမှ ဘာလို့ဒီကိုရောက်လာတာလဲ။"

 

 

ကျိသော်က သူမပြန်ပြောသည့်စကားနှင့် ပတ်သက်သည့်အရာ ဆက်မပြောခဲ့ပေ။

 

 

တစ်ခါတစ်ရံမှာ တည့်တိုးပြောခြင်းက အကောင်းဆုံးရှင်းလင်းချက်ဖြစ်ပြီး အထူးသဖြင့် တစ်ဖက်လူက အတွေးလွန်နေချိန်တွင်ဖြစ်၏။

 

 

ကျိလင်က မျက်နှာကိုအုပ်ထားသည့် လက်ချောင်းများကြားမှ ချောင်းကြည့်လိုက်သည်။

 

 

"အမေနဲ့အဖေနဲ့ ဘာပြောနေတာလဲ ကျွန်မမသိဘူး။ ဒါပေမဲ့ သူတို့က တိုးတိုးတိတ်တိတ် ပြောနေကြပြီး ကျွန်မကို စာကြည့်ခန်းထဲ အိမ်စာလုပ်ခွင့်မပေးဘူး။ အိမ်မှာနေရတာပျင်းလာလို့ ဒီကိုထွက်လာလိုက်တာ။"

 

 

ကျိသော်က  တည်တည်တံ့တံ့ ပြောနေသည့်အတွက် လင်းချောင်လည်း အနည်းငယ်စိတ်အေးသွားသည်။

 

 

"ကျွန်မ အင်္ကျီပေးပြီးပြီဆိုတော့ ပြန်တော့မယ်။"

 

 

ကျိသော်က ခေါင်းညိတ်ပြပြီး ကျိလင်ကိုပြောလိုက်၏။

 

 

"ဒီည အဖေနဲ့အမေအခန်းမှာပဲ အိပ်ရမယ်နော်။"

 

 

"ဘာလို့လဲ။"

 

 

ကျိလင်က အံ့သြသွားသည်။ ထို့နောက် လင်းချောင် အနောက်ဖက်အခြမ်းသို့ သွားသည်ကိုမြင်တော့ မျက်လုံးပြူးသွားတော့၏။

 

 

"သူက ကျွန်မတို့အိမ်မှာနေမှာလား။ ကျွန်မ အခန်းအားမနေလို့ အမေတို့အခန်းမှာ အိပ်ခိုင်းတာလား။ သူက ကျွန်မအခန်းမှာ နေမှာမလို့လေ။"

 

 

ထိုမိန်းမငယ်လေးက ဉာဏ်ရည်တော့ထက်သည်။

 

 

ကျိသော်က ငြင်းလည်းမငြင်းသလို အတည်လည်းမပြုခဲ့ပေ။

 

 

"စားပြီးပြီလား။ မစားရသေးရင် အဒေါ်ကျန်းကို တစ်ခုခုလုပ်ပေးဖို့ပြောလိုက်လေ။"

 

 

"မလာခင်က စားခဲ့ပြီးပြီ။"

 

 

ကျိသော် အခန်းထဲပြန်ဝင်မည်လုပ်တော့ သူမက ခြေလှမ်းအနည်းငယ် နောက်မှလိုက်ကာ မျက်တောင်ခတ်၍ မေးလိုက်သည်။

 

 

"သူက ဦးလေးရဲ့ချစ်သူလား။"

 

 

သူမ ဒီလိုမေးလာချိန်တွင် လင်းချောင် မရှိတော့ပေ။ ကျိသော်က မျက်မှောင်ကြုတ်ပြီး သူမကိုကြည့်လိုက်သည်။

 

 

"မင်းကို ဘယ်သူပြောတာလဲ။"

 

 

"သူကသာ ဦးလေးရဲ့ချစ်သူမဟုတ်ဘူးဆိုရင် ဘာလို့အိမ်မှာနေမှာလဲ။"

 

 

ကျိလင်က  တောက်ပနေသည့်အကြည့်များဖြင့် ကျီစယ်လိုက်သည်။

 

 

"ကျွန်မပြောတာ မှန်တယ်မလား ဦးလေး။"

 

 

သူမက ကျိဇယ်နှင့် လက်ထပ်မည့်သူဟု ကျိသော် ရှင်းပြလိုသော်လည်း ကျိဇယ်နှင့် ကျိကျွင်း၊ ယဲ့မင်ရှူးတို့က သဘောမကျသည်မှာ သေချာနေသည့်အတွက် ကလေးတစ်ယောက်ကို ပြောပြရန်မလိုအပ်ပေ။ သူက ရိုးရှင်းစွာပြောလိုက်၏။

 

 

"သူက မင်းအဖိုးရဲ့ရဲဘော်ရဲဘက်ဟောင်းတစ်ယောက်ရဲ့မြေးပါ။"

 

 

ကျိလင် မယုံနိုင်သော်လည်း သူမဦးလေးက ကိစ္စတစ်ခုခုကို မပြောလိုလျှင် သူမဘယ်လိုမှသိရမည်မဟုတ်ဆိုသည်ကို သိသည်။ သူမ၏ မျက်လုံးများဖြင့် လှည့်ပတ်ကြည့်လိုက်ပြီး အနီးသို့လျှောက်သွားလိုက်သည်။

 

 

"ဦးလေး နောက်တစ်ခါ အဝတ်အစားချွတ်ထားရင် တံခါးပိတ်ထားပါလား။"

 

 

အရွယ်ရောက်သူ တစ်ယောက်ကဲ့သို့ ပြောဆ်ိုနေသည့် မိန်းမငယ်လေးက သက်ပြင်းချလိုက်၏။

 

 

"ကျွန်မ ဖြစ်နေလို့ပေါ့။ အခြားတစ်ယောက်သာ မြင်သွားမယ်ဆိုရင် မကောင်းဘူးလေ။"

 

 

"အခုနောက်ပိုင်း ဘာတွေကြည့်နေတာလဲ။"

 

 

ကျ်ိသော်က တံခါးကိုကိုင်ထားရင်း ရုတ်တရက် တစ်ဖက်လှည့်လိုက်၏။

 

 

ကျိလင်၏ အကြည့်များက ဘာကိုပြောချင်သည် မသိသည့်ပုံစံလုပ်နေခဲ့သည်။

 

 

"ဘာ..ဘာမှမကြည့်ပါဘူး။"

 

 

"ဟို အချစ်ဇာတ်လမ်းတွဲတွေလား။"

 

 

ပြန်လည်တည်ထောင်ကာလအပြီးတွင် အိမ်တိုင်းလိုလို၌ တီဗွီရှိလာပြီး အချစ်ဇာတ်လမ်းတွဲများကိုလည်း နိုင်ငံတစ်ဝှမ်း ပြသနေပြီိဖြစ်သည်။ ဆယ်စုနှစ်တစ်ခုလောက် အမျိုးသားနနှင့် အမျိုးသမီးကြားမှ အချစ်ရေးကိုပြင်းထန်သည့် ကန့်သတ်ချုပ်ချယ်မှုများ လုပ်ခဲ့သည့်အတွက် ယခုလို အချစ်ရေး ဇာတ်လမ်းတွဲများပြလာသည့်အခါ လူအတော်များများက စိတ်ဝင်တစားကြည့်ကြတော့သည်။

 

 

ကျိသော်ကတော့ အခြားသူများ ဘာကြည့်ကြသည်ကို စိတ်မဝင်စားသော်လည်း ကျိလင်က အလယ်တန်းအရွယ်သာရှိသေးသည်။

 

 

"မင်းအမေက မကြည့်ခိုင်းလို့ ဒီကိုလာတာမလား။"

 

 

"မဟုတ်ပါဘူး။"

 

 

ငြင်းနေသော်လည်း ခေါင်းကတော့ ပို၍အောက်စိုက်လာခဲ့သည်။

 

 

ကျိသော်က သူမအကြောင်းသိသည်။ သူက စစ်ဝတ်စုံမှ ကြယ်သီးနှစ်လုံးကိုလည်း တပ်လိုက်၏။

 

 

"ဝင်ခဲ့။ အိမ်စာတွေ ဘယ်လောက်ပြီးနေပြီလည်းကြည့်မယ်။"

 

 

ဘယ်လိုခေတ်မျိုးပဲဖြစ်ဖြစ် ကလေးများက အိမ်စာအကြောင်းပြောသံကြားလျှင် ကြောက်ကြသည်။ အထူးသဖြင့် သူတို့၏ မျက်နှာတည်တည်နှင့် ဦးလေးမေးလာလျှင် ပိုဆိုး၏။

 

 

ကျိလင်ကလည်း သိသိသာသာတုန်လှုပ်သွားသည်။

 

 

"ကျွန်မ ပြန်သင့်ပြီထင်တယ်။ ဦးလေးလည်း အလုပ်အရမ်းများပဲ ခက်ခက်ခဲခဲ အားလပ်ရက်ရတာဆိုတော့လေ.."

 

 

သူမ၏စကားမဆုံးခင်မှာပဲ ကျိသော်၏ အေးစက်စက်အကြည့်နှင့် တွေ့လိုက်ရသဖြင့် စကားလုံးများကို မျိုသိပ်လိုက်ရ၏။

 

 

အဖိုးကဆေးရုံတွင်ရှိနေပြီး အဖွားကလည်း အိမ်တွင်မရှိသည့်အတွက် သူမက ဘယ်သူမှ မရ်ှိဟုအထင်နှင့်လာခဲ့ခြင်းဖြစ်ရာ သူမဦးလေးနှင့် တွေ့မည်ဟုတော့မထင်ခဲ့။

 

 

နောက်တစ်ရက်တွင် လင်းချောင် ကျိလင်နှင့်ဆုံမိတော့ ထိုမိန်းကလေးက မနေ့ညကလို တက်တက်ကြွကြွမရှိ နေတော့။ အနားမယူရသေးသည့်ပုံစံဖြင့် မျက်လုံးများကလည်း မပွင့်တပွင့်ဖြစ်ကာ ခေါင်းညိတ်၍ ဆန်ပြုတ်သောက်နေသည်။

 

 

အဒေါ်ကျန်းက ကြင်နာစွာပြုံးပြ၍ ပြောလိုက်သည်။

 

 

"ဒါလေးစား၊ အနှစ်များများပါတယ်။"

 

 

လင်းချောင်ကိုမြင်တော့ သူမက ဆန်ပြုတ်တစ်ပွဲထည့်ပေးလိုက်သည်။

 

 

လင်းချောင်က သူမကိုကျေးဇူးတင်စကားဆိုလိုက်ပြီး စားပွဲကိုကြည့်လိုက်ရာ ကျိသော်ရှိမနေပေ။

 

 

"ဦးလေးက စောစောထွက်သွားတယ်။ လုပ်စရာရှိတယ် ပြောသွားတာပဲ။"

 

 

ကျိလင်က ဆန်ပြုတ်ထဲ ကြက်ဥအနှစ်ကို ရောမွှနေရင်း သမ်းလိုက်သည်။ လင်းချောင်၏အကြည့်ကို သတိထားမိတော့ သူမက စိတ်ရှုပ်ထွေးစွာဖြင့် ကြည့်လိုက်သည်။

 

 

"အစ်မက တကယ်ပဲ အဖိုးရဲ့ရဲဘော်ဟောင်းတစ်ယောက်ရဲ့မြေးလား။"

 

 

"သူက အဲ့လိုပြောတာလား။"

 

 

လင်းချောင် မအံ့သြတော့ပေ။ ထိုမိန်းကလေး ခေါင်းညိတ်ပြတာမြင်တော့ သူမက ပြုံး၍ ပန်ကိတ်ကိုတစ်ကိုက်ကိုက်လိုက်၏။

 

 

"အစ်မ အဖိုးနဲ့အဖိုးကျိနဲ့က တကယ့်ကို ရဲဘော်ဟောင်းတွေပါ။ သူတို့က ဂျပန်နဲ့တိုက်ပွဲမှာတုန်းက စစ်မြေပြင်မှာအတူတိုက်ခဲ့တာ။ နောက်ပိုင်း နိုင်ငံရေးတိုက်ပွဲမှာလည်း အဖိုးက အဖိုးကျိရဲ့သက်တော်စောင့်အဖြစ် လုပ်ဖူးသေးတယ်။"

 

 

အဒေါ်ကျန်း၏ အချက်အပြုတ်အစွမ်းကောင်းသဖြင့် ပန်ကိတ်များက ဆန်ပြုတ်နှင့်တွဲစားရသည်မှာ အနေတော်ဖြစ်နေ၏။ လင်းချောင်က နှစ်ပန်းကန်လောက်တောင် စားနိုင်သည်။

 

 

"တကယ်ပဲ နားလည်မှူလွဲတာလား။"

 

 

ကျိလင်က စိတ်ပျက်သွားပြီး ဆန်ပြုတ်ပန်းကန်ထဲ တူဖြင့်မွှေကာ သူမအကြိုက်ဆုံး ကြက်ဥအနှစ်များရှာနေခဲ့သည်။

 

 

ကလေးများတွင် ကိုယ်ပိုင်အတွေးများ ရှိသည့်အတွက် ထပ်ခါထပ်ခါရှင်းရန်မလိုဟု လင်းချောင်တွေးမိသည်။ သူမက ပြုံး၍မေးလိုက်သည်။

 

 

"ဘယ်နှတန်းလဲ။"

 

 

"ခုနစ်တန်းပါ။"

 

 

ကျောင်းအကြောင်းပြောမိရာ မနေ့ညက အကြောင်းပြန်သတိရသွားပြီး ကျိလင်စူပုတ်သွားပြန်သည်။

 

 

"အစ်မ ဘွဲ့ရပြီးပြီမလား။ မရသေးဘူးဆိုရင် သတိနဲ့နေပါ။ ဦးလေးက အိမ်စာစစ်ရတာ သဘောကျတယ်။ သူနဲ့တွေ့ရင် ဝေးဝေးနေပါ။"

 

 

"သူ မနေ့ညက အိမ်စာတွေစစ်သွားတာလား။"

 

 

လင်းချောင် ရယ်မောလိုက်မိသည်။ မျက်နှာတည်တည်ဖြင့် ကျိသော်က စားပွဲပေါ်တွင် အိမ်စာစစ်နေသည့်ပုံစံကို သူမ တွေးကြည့်၍မရပေ။ သူက လူတွေကို စာမရေးနိုင်အောင် ခြောက်လှန့်နေသလို ဖြစ်မနေဘူးလား။"

 

 

ကျိလင်က လုံးဝပြန်မပြောလိုတော့ပေ။ သူမက ဆန်ပြုတ်မြန်မြန်စားလိုက်၏။

 

 

"ကျွန်မ ကျောင်းသွားပြီ!"

 

 

သူမ ထွက်သွားသည််နှင့် လင်းချောင်နှင့် အဒေါ်ကျန်းသာအိမ်၌ ကျန်ခဲ့တော့သည်။

 

 

လုပ်စရာမရှိသည့်အတွက် လင်းချောင်က အစားအသောက်စားနေရင်း အဒေါ်ကျန်းနှင့် စကားပြောနေလိုက်သည်။

 

 

"အဒေါ်က ယန်ဒူကပဲလား။ စကားသံက မတူလို့လေ။"

 

 

ပထမဆုံးတွေ့ဆုံမှူ အဆင်မချောခဲ့သည့်အတွက် အဒေါ်ကျန်းက လင်းချောင်အပေါ် အားနာနေပုံရသည်။

 

 

"မဟုတ်ပါဘူး။ အဒေါ်က ပေါင်တင်းကပါ။ အိမ်ထောင်ကျပြီးမှ ဒီကိုပြောင်းလာတာ။"

 

 

"နှစ်အတော်ကြာပြီထင်တယ်။ အခုဆို ယန်ဒူနဲ့အကျွမ်းတဝင် ဖြစ်နေလောက်ပြီပေါ့။"

 

 

လင်းချောင်က အတတ်နိုင်ဆုံးပြုံးထားပြီး သူတို့နှစ်ဦးကြားမှ အကွာအဝေးခြားနေခြင်းကို လျှော့ချနေ၏။

 

 

ကျိလင်၏ ပန်းကန်များကို သိမ်းဆည်းနေရင်း အဒေါ်ကျန်းကပြောလိုက်သည်။

 

 

"အဲ့လိုတော့မဟုတ်ဘူး။ အဒေါ်က တုံကျိုးမှာနေခဲ့တာ ကျိမိသားစုကိုရောက်တာ နှစ်နည်းနည်းပဲရှိသေးတယ်။"

 

 

"မြေးလေးတွေကို ကြည့်စရာမလိုဘူးလား။"

 

 

"ဟင့်အင်း။ သူတို့အမေ ဂရုစိုက်ပေးတယ်လေ။"

 

 

သူမ မြေးများအကြောင်းပြောတော့ အဒေါ်ကျန်း၏ မျက်နှာ ပြုံးသွားခဲ့လေပြီ။

 

 

"အဒေါ့်သားက စားသောက်ဆိုင်က စားဖိုမှူးလေ။ လစာလည်း မဆိုးဘူး။"

 

 

အိမ်တွင်နေ၍ ကလေးထိန်းနိုင်သည်ဆိုသည့်အတွက် လစာက တကယ်ကောင်းလိမ့်မည်။ စားသောက်ဆိုင်စားဖိုမှူးများက အရည်အချင်းပြည့်သမျှ အနာဂတ်တွင် ပြဿနာကြုံခဲ့လျှင်တောင် အလုပ်သစ်ရှာရန် မခက်ပေ။

 

 

လင်းချောင်၏ မျက်လုံးများကွေးသွားခဲ့သည်။

 

 

"ဒါက ချီးကျူးစရာပဲ။ အဒေါ်ရဲ့ အချက်အပြုတ်စွမ်းရည်နဲ့ဆိုရင် သူက အဒေါ့်အမွေရထားတာဖြစ်မယ်။"

 

 

"သူက အဒေါ်နဲ့တူတာမဟုတ်ဘူး။ သူ့အဖေကမှ စားဖိုမှူးအစစ်လေ။ သူက အဆောက်အဦးကြီးရှစ်ခုလောက်မှာ စားဖိုမှူးအဖြစ်လုပ်ခဲ့ဖူးတယ်။ ကံမကောင်းစွာနဲ့ပဲ သူကစောစောထွက်သွားတော့ အချိန်ကောင်းလေးတွေမကြုံခဲ့ရဘူးပေါ့။"

 

 

စကားအနည်းငယ် ပြောပြီးနောက်မှာတော့ လင်းချောင်က ပေါင်းသင်းဆက်ဆံရလွယ်သူဟု အဒေါ်ကျန်းနားလည်သွားခဲ့သည်။

 

 

လင်းချောင်က ယန်ဒူရှိ အလုပ်အကိုင်များအကြောင်းမေးလိုက်သည်။

 

 

"ဒီမှာ အလုပ်ရှာရတာလွယ်လား။"

 

 

"အဲ့ဒါက ဘယ်လိုအလုပ်မျိုးလည်းဆိုတဲ့အပေါ် မူတည်တယ်။ ခဏတာအလုပ်တွေက ရှာရလွယ်တယ်။ ဆောက်လုပ်ရေးလုပ်ငန်းတွေ အမြဲရှိတဲ့အတွက် အလုပ်သမားတွေ အမြဲလိုနေတယ်။ ဒါပေမဲ့ အစိုးရအလုပ်တွေက ရဖို့ခက်တယ်။ အရင်နှစ်တွေက ပညာတတ်လူငယ်တွေ ပြန်လာတော့ အလုပ်နေရာတွေ မလုံလောက်တော့ဘူး။ အချို့က အိမ်မှာပဲ သတင်းစောင့်နေကြတယ်။"

 

 

ကျိမိသားစုက သူမနောက်တွင် ရှိနေသည့်တိုင် ဘာလို့သူမအလုပ်သစ်ရှာနေသည်ကို အဒေါ်ကျန်းနားမလည်နိုင်ပေ။

 

 

သို့သော်လည်း လင်းချောင်က ကျိမိသားစုအပေါ် အရာအားလုံးမှီခိုရန် ဆုံးဖြတ်ထားသူမဟုတ်ပေ။

 

 

အသက်ကယ်ခဲ့သည့် ကျေးဇူးက ကြီးသည်ဆိုသော်လည်း ဒါက သက်တော်စောင့်တစ်ယောက်ဖြစ်သည့် အဖိုးလင်း၏ တာဝန်ပင်။ အဖိုးကျိက ဒီကျေးဇူးကိုမှတ်မိပြီး လက်ထပ်သဘောတူညီချက် ကမ်းလှမ်းခဲ့၏။ ကျိမိသားစုထံ လက်ထပ်သဘောတူညီချက်အတွက် လာရှာသည်က နားလည်နိုင်သော်လည်း အိမ်ထောင်စုစာရင်းနှင့် အလုပ်ရှာရန်ပါ အကူအညီတောင်းသည်ကတော့ အသုံးချလွန်းရာရောက်သည်။

 

 

လင်းချောင်က ရည်မှန်းချက်ကြီးလွန်းသည်မဟုတ်သော်လည်း သူမရှင်သန်နေနိုင်ရန် အလုပ်ကြိုးစားရမည်ကိုတော့သ်ိ၏။ မဟုတ်လျှင် အလုပ်ရရန်ခက်သည််ကို သိခဲ့ပြီးနောက် သူမ လေးလုံးလုံး ခက်ခဲစွာ အထက်တန်းဘွဲ့ရရန် ကြိုးစားခဲ့မည် မဟုတ်ပေ။ သူမ၏ အကြံပေးဆရာက အလွန်ဇီဇာကြောင်သည့်အတွက် သူမက စာတမ်းများစွာ အိပ်ရေးပျက်ခံရေးခဲ့ရပြီး နောက်ဆုံးမှာတော့ ပထမဆုံးစာတမ်းကသာ အကောင်းဆုံးဖြစ်သည်။

 

 

လင်းချောင် အမျိုးသားဇာတ်ဆောင်အပေါ်လည်း လုံးဝမမှီခိုနိုင်ပေ။ သူမတွင် အထက်တန်းအောင်ဘွဲ့လက်မှတ်သာရှိသည့်အတွက် ယခုအချိန်တွင် လုံလောက်သော်လည်း နှစ်အနည်းငယ်အကြာတွင်တော့ မိသားစုအတော်များများကို ထိခိုက်စေသည့် အလုပ်တာဝန်ရပ်ဆိုင်းခြင်းနှင့်ကြုံရလိမ့်မည်။ တည်ငြိမ်သည့်ဘဝတွင်နေရစေရန် သူမက နှစ်အနည်းငယ်လောက် ကောလိပ်ဘွဲ့ရရန် ကြိုးစားရဦးမည်။

 

 

စီးပွားရေးလုပ်ရန်ကတော့...

 

 

ဘွဲ့လက်မှတ်မလိုအပ်သော်လည်း ဝတ္ထုထဲမှလို မလွယ်ကူပေ။

 

 

ပထမအချက်အနေဖြင့် အမြတ်ရနိုင်သော စီးပွားရေးလုပ်ငန်းများက သတင်းပေးသူများ၏ ထိန်းချုပ်မှုအောက်တွင်ရှိနေ၏။ သာမန်မိသားစုများက စီးပွားရေးလုပ်ချင်သော်လည်း အခွင့်ကောင်းမရခဲ့ကြပေ။သူမလို ယန်ဒူနှင့် အကျွမ်းတဝင်မရှိသော အချိန်ခရီးသွားတစ်ယောက်အတွက်ဆိုလျှင် ပိုခက်သည်။ သူမက လုပ်ငန်းသေးသေးလေးကိုပင် ဘယ်လိုစလုပ်ရမည်မသ်ိပေ။

 

 

သူမ ဒီအကြောင်းတွေးနေချိန်တွင် ရွှီလီက အထုတ်များသယ်၍ရောက်လာ၏။

 

 

"ချောင်ချောင် အဝတ်အစားတွေကိုလာကြည့်ဦး။"

 

 

သူမက ယန်ဒူမှ နောက်ဆုံးပေါ်ဝတ်စုံများ၊ ဖိနပ်အပါးတစ်ရံနှင့် ဒေါက်မြင့်ဖိနပ်တစ်ရံ ဝယ်လာခြင်းဖြစ်သည်။

 

 

"စျေးဆိုင်တွေနားက ဖြတ်မိတော့ သမီးအရွယ်တွေ့မိလို့ ဝယ်လာခဲ့လိုက်တာ။ ဝတ်ကြည့်လိုက်။ အဆင်မပြေရင် ပြန်လဲပေးမယ်။"

 

 

အရင်ဝယ်လာပြီး အဆင်မပြေတော့မှ ပြန်လဲပေးသည်က လင်းချောင်ကို အားနာစိတ်မဝင်ရန်လုပ်ခြင်းဖြစ်သည်။

 

 

လင်းချောင်က သူမ၏ ကြင်နာမှုကိုကျေးဇူးတင်မိပြီး ရွှီလီပြောသည့်အတိုင်း စမ်းဝတ်ကြည့်လိုက်၏။

 

 

၁၉၈၀ အစောပိိုင်းကာလများတွင် ပြန်လည်တည်ထောင်ကာလ ပြီးစဖြစ်သည့်အတွက် အဝတ်အစားပုံစံ အနည်းငယ်သာရှိသေးသည်။ သို့သော်လည်း ယခုဝယ်လာသော ဖိနပ်များက သူမ၏ ယခုစီးနေသော စစ်ဖိနပ်များထက်ပိုကောင်းသည်။

 

 

ဒီနေ့ခေတ်၏ စစ်ဖိနပ်များက လင်းချောင် စစ်လေ့ကျင့်ရေးဆင်းခဲ့ချိန်က ဖိနပ်များနှင့်မတူဘဲ အလွန်ပါးသည်။ ဖုန်ထူသည့်လမ်းများသွားရသည့်အတွက် သူမ၏ ခြေထောက်များနာခဲ့ရသည်။ ယခုဝယ်လာသည့်ဖိနပ်က အားကစားဖိနပ်ဖြစ်ပြီး နောက်ဆုံးပေါ်ဖြစ်သည့်အတွက် ခုံထူသဖြင့် စီးရသည်မှာသက်တောင့်သက်သာရှိ၏။

 

 

"နည်းနည်းတော့ ချောင်နေတယ်ဆိုပေမဲ့ ဖနောင့်ခုတဲ့ဟာနဲ့ဆိုရင် အဆင်ပြေပါတယ်။"

 

 

ရွှီလီက အခန်းထဲပြန်သွားပြီး ဖနောင့်ခုသည့်ဟာယူပေးလိုက်ပြီး ဒေါက်ဖိနပ်များကို ကောက်ယူလ်ိုက်သည်။

 

 

"ဒါတွေလည်း အနေတော်ဖြစ်မှာမဟုတ်ဘူး။ ဆိုဒ်သေးနဲ့လဲလိုက်မယ်။"

 

 

ထို့နောက် သူမက လင်းချောင်ကိုမေးလိုက်သည်။

 

 

"မင်းရောက်တာ ရက်နည်းနည်းကြာပြီ ဘယ်မှလိုက်မပို့ရသေးဘူး။ ရုပ်ရှင်တို့ ပြဇာတ်တို့ သွားကြည့်ချင်လား။"

 

.........

 

 

"မင်းမှာ ချစ်သူရှိတယ်ပြောထားတာတောင် မင်းအဖိုးက သူမကို အပြင်ခေါ်သွားစေချင်သေးတာလား။"

 

 

ယဲ့မင်ရှူး အလုပ်မှပြန်လာချိန်တွင် ကျိဇယ်ထံမှ ထိုသတင်းကိုကြားရသဖြင့် အံ့သြမှူကို ဖုံးမထားနိုင်ခဲ့ပေ။

 

 

"သူမက နယ်ကလာတာလေ။ ပြဇာတ်ဆိုတာ သိပါ့မလား။ မင်းအဖိုးက အတိတ်မေ့သွားတာလား။"

 

 

အနားတွင်နားထောင်နေသည့် ကျိကျွင်းက မျက်မှောင်ကြုတ်လိုက်၏။

 

 

"မင်း ဘာပြောလိုက်တာလဲ။"

 

 

ယဲ့မင်ရှူးက စကားမှားသွားသည်ကို သဘောပေါက်သွားခဲ့၏။

 

 

"ကျွန်မ အဲ့သဘောပြောတာမဟုတ်ပါဘူး။ ရှောင်ဇယ်အတွက် စိတ်ပူလို့ပါ။ သူမ ရောက်တာ ရက်နည်းနည်းပဲရှိသေးတာကို အဖေက ပြုစားခံထားရသလိုမျိုး ရှောင်ဇယ်မှာချစ်သူရှိပါတယ် ဆိုတာတောင် သူမနဲ့လက်ထပ်စေချင်နေတယ်။"

 

 

"အဲ့ဒါက အတုမဟုတ်ဘူးလား။"

 

 

ကျိကျွင်းက သူမကိုအသက်ရှူကျပ်စေတော့မလိုပင်။

 

 

ယဲ့မင်ရှူးက အသက်ပြင်းပြင်းရှူလိုက်၏။

 

 

"ကိစ္စက အစစ်လားအတုလား အရေးကြီးနေတာ မဟုတ်ဘူး။ အဖေ့ရဲ့သဘောထားပဲ။ သူမက ပြောင်းလာမနေရသေးဘူး သူက ဒီလိုဖြစ်နေပြီ။ သူမသာ ပြောင်းလာနေပြီး အဖေ့နောက်ခံနဲ့ဆိုရင် ရှောင်ဇယ်အတွက် နေရာတောင်ရှိမှာမဟုတ်ဘူး။"

 

 

ဒီစကားက လူငယ်ဆန္ဒမပါဘဲ အတင်းလုပ်ယူနေသည့် ကျိကျွင်း ခံစားနေရသည်နှင့် တစ်ထပ်တည်းကျသွား၏။

 

 

အရင်အချိန်က သူအသက်သုံးဆယ်ဝန်းကျင်ဖြစ်ခဲ့သည်။ ယခု သူကဝန်ထမ်းအဖြစ်နှင့် နှစ်အတော်ကြာနေခဲ့ပြီး အသက်အရွယ် ပြောင်းလာပြီဖြစ်သည့်အတွက် သဘောထားများလည်း ပြောင်းသွားခဲ့ပြီဖြစ်သည်။ စိတ်အားထက်သန်ပြီး အဖိုးကြီး၏ စိတ်ကိုယိမ်းယိုင်အောင်လုပ်နိုင်သည့် မိန်းကလေးမျိုးက သူသဘောကျသည့်ပုံစံမဟုတ်ပေ။

 

 

"ဒါဆို ဘာလုပ်ကြမလဲ။ ရှောင်ဇယ်ကို ဒီတိုင်းသွားခွင့်မပေးနိုင်ဘူးလေ။"

 

 

မျက်မှောင်ကြုတ်ထားသော်လည်း ကျိကျွင်းက ယခင်နှစ်များကလည်း အဖေဖြစ်သူကိုမဆန့်ကျင်ခဲ့ပေ။

 

 

"အဲ့ဒီကိစ္စဆိုရင်တော့ ကျွန်တော်သွားလိုက်ပါ့မယ်။"

 

 

ကျိဇယ်က စိတ်ရှုပ်စွာဖြင့် ဆံပင်များကို လက်ဖြင့်ထိုးဖွလိုက်သည်။

 

 

"ကျွန်တော်တို့ လက်ထပ်ရတော့မှာမှ မဟုတ်တာ။ သွားလိုက်လည်း ဘာမှမပြောင်းလဲသွားပါဘူး။"

 

 

"ဘယ်လိုဖြစ်နိုင်မှာလဲ။ ပထမတစ်ကြိမ်လုပ်လို့ရရင် ဒုတိယအကြိမ်၊ တတိယအကြိမ်တွေ ရှိလာလ်ိမ့်မယ်။"

 

 

ယဲ့မင်ရှူးက လုံးဝလက်မခံနိုင်သော်လည်း ဖြေရှင်းပေးရန်အဖြေမရှိခဲ့ပေ။

 

 

သူမ စိတ်ညစ်နေချိန်မှာပဲ ခန္ဓာကိုယ်သေးသေးလေးတစ်ခုက ခိုးထွက်ရန်ပြင်နေသည်ကို မြင်လိုက်ရသဖြင့် အသံမြှင့်လိုက်၏။

 

 

"ကျိလင် ဘယ်သွားမလို့လဲ။"

 

 

"အဖိုးအိမ်ကိုပါ။ ဦးလေးက အိမ်စာကူစစ်ပေးနေတာ။"

 

 

ဒါက အလိမ်အညာတစ်ခုပင်။ ကျိလင်က အိမ်မှတင်းမာနေသည့်အခြေအနေကို သတိထားမိသဖြင့် တီဗွီမကြည့်နိုင်တော့မှန်းသိကာ အခြားတစ်နေရာသွားရန်ကြံစည်ထားခြင်းသာဖြစ်သည်။

 

 

ယဲ့မင်ရှူးက သူမကိုဆူလိုက်၏။

 

 

"မင်းဦးလေးက အရမ်းအလုပ်ရှုပ်နေတာကို အိမ်စာတွေအတွက် ကူခိုင်းနေသေးတာလား။"

 

 

စကားမဆုံးခင် သူမရပ်သွား၏။

 

 

"အခုထိ ဒုတိယကလေးက လူလွတ်ဖြစ်နေသေးတာကို ဘာလို့မေ့နေခဲ့ပါလိမ့်။"

 

 

ယဲ့မင်ရှုး၏ စကားများက မသေမချာ တီးတိုးပြောနေခြင်းများပင်။