လူမှားလက်ထပ်မိသော အမြောက်စာလေး
အပိုင်း ၁၁
လင်းချောင် ရုတ်တရက်ဒီလိုမေးလာမည်ဟု ဘယ်သူမှ မထင်ခဲ့ပေ။
အံ့သြသွားပြီးနောက် ရွှီလီက ပြုံး၍ပြောလိုက်သည်။
"ဘာလို့ ဒီလိုတွေးလိုက်တာလဲ။"
"ဒီတစ်ခါ ကျွန်မပြန်တော့ ကျွန်မဝမ်းကွဲအစ်ကိုက
တစ်ခုခုပြောလိုက်တယ်။ "
လင်းချောင်က တည်ငြိမ်သည့်အကြည့်ဖြင့် မစ္စတာကျိကိုကြည့်လိုက်သည်။
"ကျွန်မတို့ မိသားစုတွေကြားမှာ ဖြစ်ခဲ့တဲ့ကိစ္စကြောင့်
ကျိမိသားစုက ကျွန်မကိုလိုချင််မှာမဟုတ်ဘူးလို့ အဒေါ်နဲ့ဦးလေးကပြောနေကြတယ်။ ဒါကြောင့်
လင်းမိသားစုက ကျိမိသားစုအပေါ် တကယ်ပဲအမှားတစ်ခုခုလုပ်ခဲ့တာလား။"
သူမက ပြဿနာကို အစဖော်လိုခြင်းမဟုတ်ဘဲ ပြဿနာရှိပါက
စောစောဖြေရှင်းနိုင်ရန် ပြောခဲ့ခြင်းပင်။
လင်းချောင်၏ ပြတ်သားသည့်စိတ်ဓာတ်နှင့် တောက်ပသည့်အကြည့်များက
သူမအဖေနှင့်တူပြီး မစ္စတာကျိ ပထမဆုံးတွေ့ဖူးခဲ့သည့် လင်းချန် ငယ်ရွယ်စဉ်ကနှင့် တူနေ၏။
လင်းချန်က အကြောက်အရွံ့ကင်းစွာ စစ်တိုက်ခဲ့ပြီး
အိမ်ကိုစာရေးရန်တော့ ရှက်ရွံ့စွာ အကူအညီတောင်းတတ်သူဖြစ်သည်။
သူ့ကို အသက်နှင့်ရင်း၍ ကာကွယ်ပေးခဲ့သည့် လင်းချန်က
နောက်ဆုံးစကားများကိုလည်း သူ့အားယုံကြည်စွာပြောသွားသေးသည်။
နောက်ပိုင်းတွင် လင်းချန်ကို ကယ်တင်နိုင်ခဲ့သော်လည်း
သူပြောခဲ့သည့် စကားတစ်လုံးချင်းတိုင်းကို မစ္စတာကျိရှင်းလင်းစွာ မှတ်မိနေသည်။
မစ္စတာကျိက သက်ပြင်းချလိုက်သည်။
"အမှားလုပ်ခဲ့တာတော့ မဟုတ်ပါဘူး။ မင်းရဲ့
အဖွားလင်း၊ ဦးလေးငယ်နဲ့ ငါတို့ ပြဿနာတစ်ခုဖြစ်ခဲ့ပြီး ဦးလေးကျိကလည်း ဒီကိစ္စမှာပါဝင်နေတယ်။
အဲ့အချိန်က မင်းရဲ့အဒေါ်ကျိက ရှောင်လင်ကို ကိုယ်ဝန်လွယ်ထားတာမလို့ ကြောက်လန့်နေရတယ်။
မင်းတို့မိသားစုက နယ်ဘက်မှာနေပြီး တပ်မတော်ကွယ်လွန်သူ စစ်သားမိသားစုမလို့ ရှောင်ဇယ်က
မင်းတို့နဲ့လာနေရင် ပြဿနာရှောင်နိုင်မယ်လို့ ငါထင်ခဲ့တာ။"
"ကျွန်မတို့မိသားစုက ငြင်းခဲ့တာလား။"
မစ္စတာကျိက ခဏငြိမ်သွားပြီးပြောလိုက်သည်။
"မင်းမိသားစုရဲ့ တုံ့ပြန်ပုံကိုလည်း နားလည်နိုင်ပါတယ်။အဲ့အချ်ိန်က
အရာအားလုံး ရှုပ်ထွေးနေတော့ လူတွေကလည်း ကြောက်နေကြတာလေ။"
သူက လင်းမိသားစုအတွက် ဆင်ခြေပေး၍ ကာပြောခဲ့သော်လည်း
အမှန်မှာတော့ သူတို့က တောင်းဆိုချက်ကို ငြင်းခဲ့သည်သာမက အနာဂတ်တွင်လည်း ကျိမိသားစုနှင့်
မပတ်သက်ချင်တော့ဟု ပြောခဲ့သေးသည်။
ထိုအချိန်က မိသားစု အတော်များများကလည်း သူတို့နှင့်
အဆက်အသွယ် ဖြတ်ခဲ့သည်။ မစ္စတာကျိက သားနှင့်ချွေးမကိုလည်း ဒီအကြောင်းမပြောဖြစ်သလို နောက်ပိုင်းတွင်လည်း
လင်းမိသားစုနှင့် အဆက်အသွယ်မလုပ်မိခဲ့သည်မှာ ယခုလင်းချောင် ရောက်လာချိန်ထိပင်။
မထင်မှတ်ထားအောင်ပဲ လင်းချောင်က အိတ်ထဲမွှေရှာလိုက်သည်။
"ကျွန်မ အဖိုးနဲ့အဖွားက ဒီအကြောင်းမသိလောက်ဘူး။"
မစ္စတာကျိ အံ့သြသွားတော့သည်။
သူမက အိတ်ထဲမှ စာများကိုထုတ်လိုက်၏။
"အဖွားက စာမဖတ်တတ်ပေမဲ့ စာတွေကိုသိမ်းထားတတ်တယ်။
သူမ မဖတ်တတ်ရင်တောင် ဒါတွေကိုသိမ်းထားရတာ စိတ်အေးချမ်းတယ်တဲ့။ သူမက အဖိုးအိမ်ကိုပို့တဲ့စာတွေနဲ့
ကျိမိသားစုက စာတွေကို ရက်စွဲအလိုက်သိမ်းထားတယ်။ ကျွန်မ စစ်ကြည့်လိုက်တာ အခုပြောတဲ့စာက
ဒီမှာမရှိဘူး။"
"မရှိဘူးလား။"
မစ္စတာကျိက တကယ်ကိုအံ့သြသွားရသည်။
"တကယ်ကို မရှိပါဘူး။"
လင်းချောင် အတည်ပြုပြောဆိုလိုက်ပြန်သည်။
"ဒါကြောင့် ကျွန်မအထင်တော့ အဲ့ဒီစာကိစ္စက
ဦးလေးဝင်နှောင့်လိုက်တာနေမယ်။"
အဖိုးလင်းက အခြားသူများကို ကယ်တင်ရန် အသက်စွန့်ရမည်ကိုတောင်
ဝန်မလေးသူဖြစ်သည်။ အဖွားလင်းကလည်း အကြင်နာမဲ့သူမဟုတ်ပေ။ စာပို့လိုက်သည်က သူတို့ထံ မရောက်ဘဲ
ဦးလေးဖြစ်သူ ဝင်နှောင့်ယှက်လိုက်ခြင်းသာဖြစ်ရမည်။ သူတို့က ဒီအကြောင်းသိမည်မထင်ပေ။
ပြီးတော့ သူတို့ထဲတွင် လင်းရှို့ယီကသာ စာဖတ်နိုင်သဖြင့်
သူတို့အတွက်စာများ ရေးပြဖတ်ပြသူဖြစ်သည်။
လင်းချောင်က မစ္စတာကျိထံ စာများကမ်းပေးလိုက်သည်။
"ကျွန်မပြောတာ မှားနိုင်ပေမဲ့ အဖွားမဆုံးခင်က
အကူအညီလိုရင် ယန်ဒူမှာ ကျ်ိမိသားစုကို သွားရှာဖို့ပြောခဲ့တာ။ သူမသာ ဒီအကြောင်းသိထားတယ်ဆိုရင်
ဒီလိုပြောမှာမဟုတ်ဘူးလေ။"
လင်းချောင်က အထင်လွဲမှုကို ဖြေရှင်းရန် သိသမျှအရာအားလုံး
ပြောပြလိုက်သည်။ အထင်လွဲမှုသာမရှိလျှင် သူမလည်း အတင်းကြိုးစား၍ ပြောနေမည်မဟုတ်ပေ။
မစ္စတာကျိက တိတ်ဆိတ်စွာဖြင့် စာများကို ကြည့်နေသည့်အတွက်
သူမက သူတို့ကိုနေရာဖယ်ပေးရန်တွေးလိုက်၏။
"နောက်ကျနေပြီ။ ကျွန်မ မနှောင့်ယှက်တော့ပါဘူး
အဖိုးကျိ။"
ဒီလိုအကြောင်းအရာများ သိလိုက်ရသည့်အတွက် ရွှီလီကလည်း
စဉ်းစားရန် အချိန်လိုသွားလေပြီ။ သူမက ကျိသော်ကို ပြောလိုက်၏။
"ချောင်ချောင်ကို အနားယူဖို့ အိမ်ခေါ်သွားလိုက်ပါ။
မင်းတို့ နှစ်ရက်လုံး ပင်ပန်းနေခဲ့တာမလား။"
ဒီတစ်ခါတော့ ကျိသော်နေခဲ့မည်ဟု မငြင်းခဲ့တော့ပေ။
စာများကိုကြည့်၍ သူက ပြောလိုက်သည်။
"အဖေတို့လည်း စောစောနားသင့်ပြီ။"
သူတို့ထွက်သွားတော့ ရွှီလီက နဖူးကိုနှိပ်၍ပြောလိုက်သည်။
"ကျွန်မ ဒါတွေကို ကူဖတ်ပေးရမလား။"
ယခင်ငယ်ရွယ်စဉ်ကလည်း စိတ်မရှည်ခဲ့သည့် မစ္စတာကျိက
ဒီကိစ္စမပြီးသရွေ့ အိပ်နိုင်မည််မဟုတ်ပေ။ သူက ထ၍ပြောလိုက်သည်။
"စာကြည့်မျက်မှန်ဘယ်မှာလဲ။"
သူက ကိုယ်တိုင်ဖတ်လိုသည့်သဘောပင်။
ရွှီလီက ကုတင်ဘေးအံဆွဲမှ သူ၏မျက်မှန်ကို ထုတ်ပေးလိုက်ပြီး
ကုတင်ဘေးတွင် ဝင်ထိုင်လိုက်သည်။
"ကြည့်လိုက်တာကောင်းပါတယ်။ ချောင်ချောင်က
လိမ်ပြောမဲ့ပုံစံမျိုးမဟုတ်ဘူး။"
"သူမ လိမ်မယ်ဆိုရင် သူမဦးလေးနဲ့အဒေါ်အကြောင်း ချဲ့ကားပြောဆိုသွားမှာပေါ့။"
လင်းချောင်၏ ပန်းတိုင်က အမြဲရိုးရှင်းစွာဖြင့်
အိမ်ထောင်စုစာရင်း လိုချင်ခြင်းသာဖြစ်သည်။ သူမက ကျိမိသားစုကို အသုံးချ၍ ဦးလေးနှင့်အဒေါ်ကို
လက်စားချေရန် ရည်ရွယ်ချက် လုံးဝမရှိခဲ့ပေ။
မစ္စတာကျိက မျက်မှန်တပ်ပြီး ပထမဆုံးစာကို ဖွင့်လိုက်ရာ
ရင်းနှီးသည့်လက်ရေးကြောင့် ယခင်ကအရာများကို ပြန်တွေးမိသွားတော့သည်။
လင်းချန် ဇာတိပြန်ရောက်သွားတော့ သူ့ထံအကူအညီတောင်းလိမ့်မည်ဟု
မစ္စတာကျိထင်ခဲ့သည်။ သို့သော်လည်း လင်းချန်က လယ်အလုပ်မှလွဲ၍ အခြားဘာလုပ်ရမည်မသိဟုဆိုတာ
အေးချမ်းစွာပဲ ဇာတိပြန်သွားခဲ့၏။ သူက သူ့သား အကူအညီလိုလျှင် ကူပေးရန်သာ မစ္စတာကျိကိုပြောခဲ့သည်။
နောက်ပိုင်းတွင် လင်းချန်က တကယ်ပဲသားဖြစ်သူကို စစ်တပ်ထဲလွှတ်ခဲ့သော်လည်း စာများထဲတွင်
တစ်ခါမှထည့်မရေးခဲ့ပေ။ လင်းချန်က သူ့သား၏ ပိုင်ဆိုင်မှူများလာယူချိန်မှ လင်းချန်၏ သားက
သူအမိန့်ပေးခဲ့သည့်တိုက်ပွဲတွင် ကျဆုံးသွားကြောင်း မစ္စတာကျိသိခဲ့ရသည်။
မစ္စတာကျ်ိက တိတ်တဆိတ် စာဖတ်နေသည့်အတွက် အခန်းထဲတွင်
စာရွက်လှန်နေသံများသာ ကြားရသည်။
အတော်ကြာတော့ သူက မျက်မှန်ချွတ်ကာ မျက်လုံးပိတ်ပြီး
မျက်မှန်တပ်ခဲ့သည့်နေရာကို လက်ဖြင့်နှိပ်လိုက်သည်။
"အရင်က စာနှစ်စောင်က တကယ်ကိုမရှိနေဘူး။"
မစ္စတာကျိ စာနှစ်စောင်ရေးခဲ့သည်ကို လင်းချန်သိခဲ့ပုံမရပေ။
မစ္စတာကျိ သက်ပြင်းချလိုက်မိသည်။
"ငါ အရင်ကလည်း သံသယဝင်ခဲ့တယ်။ လောင်လင်းနဲ့
သူ့ဇနီးက အဲ့လိုလူမျိုးတွေ မဟုတ်ပါဘူးလို့ ထင်ခဲ့သေးတာ။ ဒါပေမဲ့ အဲ့အချိန်က လူတွေအများကြီးကလည်း
ငါတို့နဲ့အဆက်အသွယ် ဖြတ်သွားတာလေ။ ငါတို့က ကိုယ့်ဘာသာတောင် မနည်းဂရုစိုက်ခဲ့ရတာလေ။"
"ဟုတ်တယ်။ ကျွန်မတို့ ဒီကိုပြန်ရောက်လာမယ်တောင်
လုံးဝမထင်ခဲ့မိဘူး။"
ရွှီလီက စာများစီပေးနေရင်းပြောလိုက်ခြင်းပင်။
မစ္စတာကျိက သက်ပြင်းချလိုက်ပြန်၏။
"လောင်လင်းနဲ့ သူ့ဇနီးက လူကောင်းတွေပါ။ ရှိူ့ယီကလည်း
အဆင်ပြေတဲ့သူပါပဲ။ ဘာလို့ဒီလိုဖြစ်သွားရတာလဲ။"
"ဒုတိယကလေးမွေးတော့ လောင်လင်းက စစ်ပွဲထဲမှာမလား။"
ရွှီလီက ပြောလိုက်သည်။
"သူ မွေးပြီးဘယ်လောက်မှ မကြာသေးဘဲ စစ်ထဲဝင်သွားတာဆိုတော့
မိသားစုက သူ့ကိုစိတ်ပူပြီး ဒုတိယကလေးကို အလိုလိုက်ခဲ့မိတယ်ထင်တယ်။ အကြီးဆုံးလေးကတော့
သိတတ်တဲ့အရွယ်မလို့ သူ့ညီလေးကိုစောင့်ရှောက်တတ်နေပြီလေ။"
နဂါးတစ်ကောင်က သားကိုးကောင် မွေးလျှင်တောင် အချင်းချင်းမတူညီကြပေ။
သားသမီးတိုင်းကလည်း မိဘကဲ့သို့ဖြစ်မည်ဟု ပြောမရပေ။
မစ္စတာကျိက မျက်မှန်ကို ဘေးစားပွဲပေါ်တင်လိုက်ပြီး
စကားလမ်းကြောင်း ပြောင်းလိုက်သည်။
"ရှောင်ဇယ် ခွင့်ရက်ရတော့မှာလား။"
"သူ ငယ်သူငယ်ချင်းတွေနဲ့ တွေ့ဦးမယ်ပြောသေးတယ်။"
"အဲဒါပြီးရင် ချောင်ချောင်နဲ့အတူ အချိန်ကုန်ပေးဖို့ပြောလ်ိုက်ပါ။
လင်းစုံတွဲက ဘာမဆိုလုပ်နိုင်တယ်။ မြန်မြန်မလုပ်ဘူးဆိုရင် မလွယ်ဘူး။"
'စာတွေကို ဝင်နှောင့်ပြီး အဆက်အသွယ်ဖြတ်လိုက်တယ်။'
'လင်းချောင်ရဲ့ လက်ထပ်သဘောတူညီချက်ကို သိပြီးတဲ့နောက်မှာတောင်
ကျိမိသားစုကို တောင်းဆိုတာတွေလုပ်ခဲ့သေးတယ်...'
လင်းချောင် လက်မထပ်ရသေးသရွေ့ လင်းစုံတွဲက ပြဿနာရှာနိုင်သေးသည်ဟု
ရွှီလီတွေးမိသည်။ သူမက တုံ့ဆိုင်းစွာပြောခဲ့သည်။
"ဒါပေမဲ့ အတင်းလက်ထပ်ပေးတာက ပျော်စရာမကောင်းဘူးလို့
ရှင်ပဲပြောတယ်လေ..."
"ဒီတိုင်းပြောတာပါ။ သားကြီးကို ကြည့်လေ။
သူ ငါ့ကိုတွေ့ဖို့ ဒီကိုလာတာ မဟုတ်ဘူး။ သူလာတာက မိန်းမကိုအားပေးဖို့လာတာ။"
မစ္စတာကျိက သူ့သားအကြောင်းတွေးရင်း ဒေါသထွက်လာတော့၏။
"သူ့အကြောင်း ထားလိုက်တော့။ ချောင်ချောင်က
ကိစ္စတွေကို သတ္တိရှိရှိ ဘယ်လိုဖြေရှင်းသွားလည်းပဲကြည့်လိုက်။ ရှောင်ဇယ်က သူနဲ့အသက်တူတူပဲတောင်မှ
ဒီလိုမတွေးတတ်ဘူး။ သူက ရှောင်ဇယ်နဲ့လိုက်ဖက်တဲ့သူပဲ။ အကြီးဆုံးရဲ့မိန်းမ ရှာလာတဲ့သူထက်စာရင်ပေါ့။"
ယဲ့မင်ရှူးအကြောင်းပြောလိုက်ရာ မစ္စတာကျိက ဒေါသထွက်လာသည်။
"သူ ရွေးလာတဲ့သူလေ။"
တစ်ခါတစ်လေမှာတော့ အသက်ကြီးသူများက ကလေးကဲ့သို့ပြုမူတတ်ကြသည်။
ရွှီလီက ပြောလိုက်သည်။
"ရှင့်စကားအရဆိုရင် ရှောင်ဇယ်နဲ့ သားအကြီးကိုပါ
စဉ်းစားရမယ်။ မင်ရှူးရဲ့ ရွေးချယ်မှူက မကောင်းဘူးဆိုရင် သူက ဘာလို့ရှင့်သားနဲ့အတူ ရှိနေမှာလဲ။"
"သူသာ ရွေးချယ်မှုကောင်းရှိရင် ဒုတိယသားကိုရွေးမှာပေါ့။"
လုပ်က်ိုင်ရည်ချင်းယှဉ်လျှင် ကျိကျွင်းက ကျိသော်နှင့်ယှဉ်မရပေ။
သူတို့နှစ်ဦးက တပ်ထဲဝင်ခဲ့ကြပြီး ကျိသော်က မိသားစုအပေါ် အများကြီး မမျှော်လင့်ခဲ့ကြပေမဲ့
ကျိကျွင်းကတော့ ကျိချွန်းမင်၏ သားဖြစ်သည့်တိုင် ရုံးစာရေးအလုပ်ဖြင့်သာ အဆင်ပြေခဲ့ရသည်။
မစ္စတာကျိက ဒီလိုပြောလာတော့ ရွှီလီက လက်မခံနိုင်ပေ။
"ဒါက ပိုပြီးအဓိပ္ပါယ်မရှိတော့ဘူး။ ဒုတိယကလေးက
အဲ့အချိန်က ကလေးပဲရှိသေးတာလေ။"
"ဒုတ်ိယကလေးသာ အရွယ်ရောက်ပြီဆိုရင် သူက သားကြီးလို
ဖြစ်မှာမဟုတ်ဘူးလေ။ ဒုတိယသားနဲ့ ချောင်ချောင်က မျိုးဆက်မတူတာနှမြောစရာပဲ။ မဟုတ်ရင်
ရှောင်ဇယ်ရဲ့လုပ်ရပ်တွေနဲ့ဆို အရင်တည်းက ချောင်ချောင်က်ို ဒုတိယသားနဲ့ အရင်တည်းက တွဲပေးခဲ့မှာ။
အရွယ်ရောက်ပြီးသား သားကတော့ အမေစကားကိုနားထောင်နေသေးတယ်လေ။"
မစ္စတာကျိ၏ သားအကြီးနှင့်ချွေးမအပေါ် သဘောမကျမှုက
မြေးဖြစ်သူထက်ပိုသည်။
ရွှီလီက နားလည်ပေမဲ့ ထုတ်မပြောခဲ့ဘဲ စကားလမ်းကြောင်းပြောလိုက်သည်။
"ဒါဆို နောက်နေ့ ရှောင််ဇယ်နဲ့စကားကောင်းကောင်းပြောသင့်တယ်။"
"သိပါတယ်။"
မစ္စတာကျိက နဖူးကိုပွတ်ပြီးပြောလိုက်သည်။
"ငါလည်း အသက်ကြီးလာပြီး လူကြီးရောဂါတွေလည်းဖြစ်နေပြီ။
လက်ထပ် ရမဲ့ ဆက်ဆံရေးသာမရှိရင် သူမက အပြင်လူပဲ။ ငါသာမရှိတော့ရင် ဘယ်သူက သူ့ကိုဂရုစိုက်မှာလဲ။"
ရွှီလီက ထိုသို့စကားများကို သဘောမကျပေ။
"ရှင်က ဆေးရုံတက်ရတာ နှစ်ရက်ပဲရှိသေးတယ်။
အများကြီးတွေးနေပြီ။ ရှင့်ကို ဒုတိယကလေးမွေးလာမဲ့ ကလေးတွေ ထိန်းဦးမယ်ထင်ခဲ့တာ။"
"သူလား။"
မစ္စတာကျိက ကျိသော်၏ လက်ထပ်မှုအကြောင်းတွေးမိလျှင်
ဒေါသဖြစ်ရသည်။
"သူက တစ်ဘဝလုံး တစ်ယောက်တည်း မနေရဘူးဆိုရင်
အံ့ဖွယ်ဖြစ်ရပ်ပဲ။ အေးတိအေးစက်မျက်နှာနဲ့ ငါမိတ်ဆက်ပေးသမျှ လူတိုင်းကိုလည်း ကြည့်တောင်မကြည့်ဘူး။
တစ်ရက်ရက်မှာ သားမက်ရှာလာပြီး နှလုံးဖောက်အောင်မလုပ်ဖို့ပဲ မျှော်လင့်ပါတယ်။"
နှလုံးဖောက်အောင် လုပ်မယ်ဆိုတဲ့ ကျိသော်ကတော့
အိမ်ပြန်ရောက်နေပြီး နောက်ကျနေပြီဖြစ်သည့်အတွက် ပင်မအိမ်ဟောင်းတွင်သာ နေခဲ့သည်။
လင်းချောင်က သူမရောက်စကနေခဲ့သည့်အခန်းသို့ ပြန်သွားခဲ့ရာ
သူမပြန်လာမည်သ်ိသည့်အတွက် အပူခံခွက်ထဲ ရေနွေးထည့်ထားသည်ကို မြင်လိုက်ရသည်။သူမ ပစ္စည်းများ
နေရာချပြီးသည်နှင့် အဒေါ်ကျန်းက ထိုရေနွေးထည့်ထားသည့်ခွက် ယူလာခဲ့ခြင်းပင်။
"သမီး အအေးမိနေတယ်ကြားလို့ ဒါက နွေးအောင်လုပ်ပေးလိမ့်မယ်နော်။"
ကြားသည်ဆိုသည်က ကျိသော်ထံမှ ဆိုသည်မှာ သေချာသည်။
သူက အေးတိအေးစက်ပုံဖြစ်နေပေမဲ့ တာဝန်သ်ိစိတ်အတော်ရှိပြီး အရာအားလုံးကို ဂရုစိုက်တတ်သည်။
ထို့နောက် လင်းချောင်က သူမ သူ၏ဝတ်စုံ ဝတ်ထားသေးသည်ကို
သဘောပေါက်ပြီး ကျိသော်ထံပြန်ပေးရန် အလျင်အမြန် ချွတ်လိုက်၏။
ညစာစားပြီး နောက်ထပ်ဆေးတစ်ကြိမ်သောက်ပြီးနောက်
သူမအဖျားကျသွားပြီဖြစ်ပြီး မအေးတော့ပေ။ဒါက စစ်ဝတ်စုံဖြစ်သည့်အတွက် ကျိသော်က လျှော်ဖွပ်၍
ပြန်ဝတ်ရဦးမည်ဖြစ်သည့်အတွက် ကြာကြာမယူထားသင့်ပေ။
ကျ်ိမိသားစုခြံဝင်းက နှစ်ပိုင်းခွဲထားပြီး အဖိုးကြီးတို့နှင့်
သားနှစ်ယောက်က အိမ်၏ အရှေ့အခြမ်းတွင်နေကာ အငယ်များနှင့် အ်ိမ်အလုပ်သမားများက နောက်ခြမ်းတွင်နေကြသည်။
ဒီအချိန်တွင် ဘယ်သူမှအနားမရှိဘဲ ကျိသော်၏ အခန်းက
မီးဖွင့်ထားသည်။ လင်းချောင်က ထွက်ပေါက်လေးမှဝင်လိုက်ရာ လွယ်လွယ်ရှာတွေ့ခဲ့၏။
သူက အိပ်ယာဝင်ရန်ပြင်နေပုံရ၏။ ခန်းစည်းများ ချထားပြီဖြစ်သည်။
လင်းချောင်က မြန်မြန်လျှောက်ပြီး တံခါးခေါက်ရန် လုပ်လိုက်ရာ ချော်ကျပြီး ရှေ့ရောက်သွားကာ
တံခါးသွားဖွင့်မိ၏။
တံခါးက သစ်သားတံခါးဖြစ်သည့်အတွက် ပြင်းပြင်းတိုက်မိလျှင်
အတော်နာနိုင်သည်။ ကံကောင်းစွာနဲ့ သူမက အရှိန်ထိန်းနိုင်ခဲ့ပြီး တံခါးကလည်း အရင်ထဲက
ပွင့်နေခဲ့သည့်အတွက် သူမတွန်းမ်ိရုံဖြင့် လုံးဝပွင့်သွားတော့၏။ သူမက တံခါးဘောင်ကိုမှီနိူင်ရန်
ခြေလှမ်းအနည်းငယ် ရှေ့တိုးလိုက်၏။
သူမ စိတ်မအေးရသေးခင်မှာပဲ သူမက အသံမာမာတစ်သံကို
ခပ်တိုးတိုးကြားလိုက်ရသည်။
"ဘယ်သူလဲ။"
ကျိသော်က အလျင်အမြန်ပဲ ခုံပေါ်တင်ထားသည့်ရှပ်အင်္ကျီကို
ကောက်ယူလိုက်၏။ အလွန်နီးကပ်နေသဖြင့် အင်္ကျီထောင့်စွန်းက လင်းချောင်၏ နှာခေါင်းကို
ထိမိတော့မလိုပင်။
မော့ကြည့်လိုက်ရာ လင်းချောင်က သူ၏ကြွက်သားအပြည့်နှင့်
ကျောပြင်ကိုမြင်လိုက်ရ၏။ ထို့အပြင် သူကခါးပတ်လည်း ချွတ်ထားသည့်အတွက် စစ်ဘောင်းဘီကလည်း
လျော့တိလျော့ရဲဖြစ်နေသဖြင့် သန်မာသော ခါးနှင့် အနက်ရောင်အတွင်းခံ အရိပ်အယောင်ကိုလည်း
မြင်နေရ၏။
သူ အဝတ်လဲနေတာပဲ!
လင်းချောင်၏ မျက်နှာက နီရဲသွားပြီး အမြန်တစ်ဖက်လှည့်လိုက်သည်။
"ကျွန်မ အင်္ကျီပြန်ပေးဖို့လာတာပါ။ တံခါးက
တွန်းမိသွားတာ။"
သူမက မပြောမဆိုမဝင်လာဘဲ တံခါးခေါက်ရန် အစီအစဉ်ရှိခဲ့ပါသည်။
ကျိသော်က အနည်းငယ် စိတ်တိုသွားသော်လည်း သူမရှင်းပြသည့်အတိုင်း
ကြည့်လိုက်မိရာ တံခါးဝတွင် ကျောက်ခဲလေးတစ်ခု မြင်လိုက်ရ၏။ မျက်နှာထားတင်းတင်းဖြင့်
ကြယ်သီးတပ်နေရင်း အင်္ကျီလှမ်းယူကာ သူမကို ပြန်ပို့ရန်လုပ်လိုက်စဉ် ခြံဝင်းတံခါးပွင့်လာခဲ့၏။
"အဒေါ်ကျန်း! ကျွန်မ ဒီည ဒီမှာနေမယ် မပြန်တော့ဘူး...."
ကျောပိုးအိတ်လွယ်ထားသည့် ဆယ်ကျော်သက်အရွယ် ကလေးမလေးတစ်ယောက်က
စူပုတ်နေသည့်မျက်နှာဖြင့် ပြေးလာ၏။ သူမက ဒီမြင်ကွင်းကြောင့် နေရာတွင်ရပ်သွားခဲ့သည်။
ဘယ်သူမှ ဘာမှမပြောနိုင်ခင် သူမက နောက်ပြန်လှည့်ပြေးတော့သည်။
"ကျွန်မ ဘာမှမမြင်လိုက်ဘူး!"