အပိုင်း ၁၃၀
Viewers 23k

Chapter 130

ဖန်ဆန့်ကျင်ရေးစစ်မျက်နှာပြင်မှ ပထမဦးဆုံးလူ


【ဒီကောင်လေးကတော့ မလွယ်ဘူးဟေ့...စကားတွေကတော့ ပျံနေတာပဲ...】


【နားထောင်ရတာ ငါတောင် ရှက်လာတယ်...ချမ်းသာတာကို ကြွားချင်ရင်လည်း ဒဲ့ပဲပြောလိုက်လေ...】


【ဘုရားရေ...ငါရှက်လိုက်တာ...ငါ့ခြေချောင်းတွေတောင် ကုပ်ဝင်နေကြပြီ...】


မမျှော်လင့်စွာပင် ထိုပြိုင်ပွဲဝင်သည် ပြော၍မပြီးသေးချေ။


"ကျွန်တော်က နိုင်ငံခြားရောက်ဖူးလို့ ရှိုးကလူတွေက ကျွန်တော့်ကို အထင်သေးမှာ ကြောက်နေတာ...နိုင်ငံခြားက အ‌ဆိုနဲ့ အကက တရုတ်က အဆိုအကတွေနဲ့ ကွာတယ်လေ...အဲ့ဒါကြောင့် ကျွန်တော်က သေချာတောင် အားစိုက်မထည့်လိုက်မိဘူး...ကျွန်တော်အရွေးခံရလိမ့်မယ်လို့တောင် မမျှော်လင့်မိပါဘူး...ပရိုဂျူဆာနဲ့ ဒါရိုက်တာတွေကို ကျွန်တော် ကျေးဇူးအများကြီးတင်ပါတယ်..."


ထန်ချောင်းချောင်းသည် ကြာမြင့်စွာကြည့်နေ၍ ကြည့်နေသည့် တစ်ချိန်လုံးတွင်လည်း သူမ၏ မျက်နှာသည် "ရထားပေါ်မှအဖိုး" ၏ပုံကဲ့သို့ ဖြစ်နေလေသည်။


[T/N: "ရထားပေါ်မှအဖိုး" ပုံသည် အောက်၌ပြထားသော meme ပုံဖြစ်ပါသည်။]


တိုက်ရိုက်ထုတ်လွှင့်သည့် ချန်နယ်ထဲတွင်:


【ဟားဟားဟားဟား ထန်‌ချောင်းချောင်းရဲ့ မျက်နှာကိုကြည့်ဦး...ငါ တည့်တည့်တောင် မကြည့်နိုင်တော့ဘူး...】


【တကယ်တူတယ်...ငါလည်း အခု ထန်ချောင်းချောင်းလိုပဲ ခံစားနေရတာ...ဒီပြိုင်ပွဲဝင်က ဘာစွမ်းရည်မှလည်း မပြပဲနဲ့ သူ့မိသားစု ချမ်းသာကြောင်းပဲ တစ်ချိန်လုံးထိုင်ပြောနေတယ်...】


...


ပြိုင်ပွဲဝင်က သူ၏ "ရင်ထဲမှစကား" များကိုပြောပြီးသောအခါ နည်းပြများက အကဲဖြတ်ရမည့်အချိန်သို့ ရောက်လာပြီဖြစ်သည်။ ထန်ချောင်းချောင်းက နည်းပြများ၏စကားကို လေးစားစွာ နားထောင်မည်ဟု ဆုံးဖြတ်ထားသော်လည်း နည်းပြတစ်ယောက်က ထိုစကားကို ထန်ချောင်းချောင်းဆီသို့ ပစ်ပေးလိုက်တော့သည်။


"ဒီပြိုင်ပွဲဝင်ရဲ့ ဖျော်ဖြေမှုကို ဆရာမထန်က အကဲဖြတ်ပေးပါလိမ့်မယ်..."


အကြည့်များအားလုံးက ရုတ်တရက် ထန်ချောင်းချောင်းဆီသို့ ကျသွားကြသည်။ ပြိုင်ပွဲဝင်ကလည်း ထန်ချောင်းချောင်းအား မျှော်လင့်တကြီး လှမ်းကြည့်နေသည်။ ထိုပြိုင်ပွဲဝင်၏ မိုက်ခရိုဖုန်းကို ကိုင်ထားသော လက်ကောက်ဝတ်မှ စိန်နာရီက တလက်လက်တောက်တောက်ပနေလေသည်။


ထန်‌ချောင်းချောင်းက နှစ်စက္ကန့်မျှ စဉ်းစားပြီးသောအခါ မိုက်ခရိုဖုန်းကိုကိုင်၍ ပြောလိုက်သည်။


"ကျွန်မကလည်း မိန်းကလေးအဖွဲ့တစ်ခုရဲ့ အဖွဲ့ဝင်ပါပဲ...အစမ်းပြိုင်ပွဲမှာ ပထမနေရာရခဲ့တယ်...အယ်လ်ဘမ် ၈ချပ်ထုတ်ထားပြီးတော့ လူ တစ်သောင်းကျော်လာတဲ့ ဖျော်ဖြေပွဲတွေ လုပ်ထားတယ်..."


ဒါရိုက်တာနှင့် ပရိသတ်များက နားမလည်ဖြစ်သွားသည်။ ထန်ချောင်း‌ချောင်းသည် ထိုအရာများကို ဘယ်တုန်းက လုပ်ထားပါသနည်း။


ထန်ချောင်းချောင်းက ချက်ချင်းဆက်ပြောလိုက်သည်။


"ကျွန်မရဲ့ ဒီအောင်မြင်မှုတွေက ကျွန်မရဲ့ မိဘတွေ စပွန်ဆာတွေကြောင့် ရလာတာမဟုတ်ပါဘူး...အကုန်လုံးက ကျွန်မတစ်ယောက်တည်း ကြိုးစားပြီးမှ ရထားတာတွေပါ..."


ထန်ချောင်းချောင်း ထိုသို့ပြောလိုက်သည်နှင့် တိုက်ရိုက်ထုတ်လွှင့်သည့် ချန်နယ်ထဲ၌ ခဏမျှတိတ်ဆိတ်သွားကြသည်။ ထို့နောက်တွင်မှ:


【ဟားဟားဟားဟား ငါရယ်ရတာ သေတော့မယ်...ထန်ချောင်းချောင်းက တခြားလူတွေနဲ့ တကယ်မတူဘူးပဲ...】


【ထန်ချောင်းချောင်းက အဲ့ဒီပြိုင်ပွဲဝင်ကို "ဟန်ဆောင်နေတဲ့လူတွေက တကယ် စိတ်ပျက်ဖို့ကောင်းတယ်...စကားကိုရှင်းရှင်းပြောပါ မသာလေးရဲ့.." လို့ ပြောလိုက်သလိုပဲ...】


【တကယ်တော့ ချောင်းပေါင်က တည်ငြိမ်တဲ့အမျိုးသမီးတစ်ယောက်ဖြစ်အောင်ကြိုးစားနေတာ...အခုတော့ သူမထိန်းနိုင်ပဲ ပေါက်ကွဲသွားပြီ...သူ့ရဲ့ပန်းတိုင်နဲ့ တဖြည်းဖြည်းနဲ့ ပိုပိုပြီးတောင် ဝေးနေရပြီ ဟားဟားဟား...】


【အခုက သနားစရာပုံလေး လုပ်လို့မရတော့ဘူး...အခုရှိုးတွေက ပိုက်ဆံချမ်းသာ‌မှုတွေကို ဖုံးကွယ်သလိုလိုနဲ့ ထုတ်ပြနေကြရတာ...အဲ့ဒီလိုမျိုး အစမ်းပြိုင်ပွဲတွေကပဲ အရမ်းနာမည်ကြီးနေတာလေ...နောက်ခံမတောင့်တဲ့ ပုံမှန်ကျောင်းသားတွေဆိုရင် လာပြိုင်ဖို့ စိတ်တောင်မကူးရဲကြတော့ဘူး...】


【ဝမ်းနည်းစရာအကောင်းဆုံးက ဒီချမ်းသာတဲ့သူဌေးသားတွေက သီချင်းဆိုတာ ဘယ်လောက်ပဲဆိုးဆိုး ဖန်တွေအများကြီးကို လွယ်လွယ်လေး ရနေတာပဲ...】


【ငါ ထန်ချောင်းချောင်းကို ဖန်ဆန့်ကျင်ရေးစစ်မျက်နှာရဲ့ ပထမဦးဆုံးလူ လုပ်စေချင်တယ်...】


...


တိုက်ရိုက်ထုတ်လွှင့်သည့်ချန်နယ်အပြင် ရိုက်ကူးရေးအခန်းထဲမှ ပရိသတ်များသည်လည်း မထိန်းနိုင်ပဲ ‌ရယ်နေမိကြသည်။ ကံကောင်းစွာပင် နည်းပြများကတော့ မရယ်အောင် ထိန်းနိုင်သွားကြသည်။ သူတို့သည် ထန်ချောင်းချောင်းက ဤမျှပွင့်ပွင့်လင်းလင်းပြောကာ ပြိုင်ပွဲဝင်အား အရှက်ရအောင် လုပ်လိမ့်မည်ဟု မမျှော်လင့်ထားကြချေ။


"ကျွန်မက နည်းနည်း နောက်လိုက်တာပါ..."


ထန်ချောင်းချောင်းက ယခုမှပင် သေချာအကဲဖြတ်ပေးရန်ပြင်လိုက်သည်။ ဘာပဲဖြစ်ဖြစ် သူမသည် ရှိုးမှ ပိုက်ဆံကို လက်ခံထားသည်မဟုတ်လား။


"မောင်လေးရဲ့ ခိုင်မာတဲ့စိတ်ဓာတ်က လေးစားဖို့ကောင်းပါတယ်... မင်းရဲ့ ဖျော်ဖြေရေးကိုကြည့်ပြီးဆုံးဖြတ်ရမယ်ဆိုရင်တော့ အဆိုကတော့ မဆိုးပါဘူး...ဒါပေမယ့် က‌တဲ့နေရာမှာ မင်းရဲ့ စိတ်အားထက်သန်မှုကို မမြင်ရဘူး...နောက်ပိုင်းမှာ မင်းရဲ့ ဖျော်ဖြေမှုနဲ့ စကားပြောတွေမှာ အဓိကအချက်တွေက ဦးစားပေးသင့်တယ်လို့ အစ်မထင်တယ်..." 


"ကျွန်မ ပြောချင်တာဒီလောက်ပါပဲ..."


ထန်ချောင်းချောင်းက မိုက်ခရိုဖုန်းကို ပြန်ချလိုက်သည်။


ပြိုင်ပွဲဝင်က မျက်နှာမကောင်းဖြစ်သွားသော်လည်း ခါးညွှတ်ကာ ပြောလိုက်သည်။


"ကျေးဇူးတင်ပါတယ် ဆရာမ..."


【ထန်ချောင်းချောင်း အကဲဖြတ်တာ တကယ်ကောင်းတယ်...အဲ့ဒီပြိုင်ပွဲဝင်ရဲ့ အသံက အဆင်ပြေပေမယ့် ကတာကတော့ ဘာမှမစားရသေးတဲ့လူလို ကနေတာ...အားတစ်စက်မှမရှိပဲ လှုပ်ရှားမှုတွေကလည်း ကြည့်ရတာ ရုပ်ဆိုးတယ်...အနာဂတ်မှာ အဆိုလိုင်းကိုပဲလိုက်ရင် ကောင်းလိမ့်မယ်...】


【နောက်ပိုင်းမှာ စွမ်းရည်ပြပွဲရှိုးတွေမှာ ချီးမွမ်းတာတွေ ခေါင်းငြှိမ့်တာတွေပဲမလုပ်ပဲ အမှန်ကိုအမှန်အတိုင်းပြောတဲ့ ထန်ချောင်းချောင်းလို ဒိုင်တွေ အများကြီးရှိလာရင်ကောင်းမယ်...နောက်ဆုံးမှာ မကောင်းတဲ့လူတွေကိုပဲရွေးရင် ပရိသတ်တွေရဲ့အမြင်ကိုပဲ ပျက်စီးစေမှာ...】


【သာမန်မိသားစုတွေကလာတဲ့ ပြိုင်ပွဲဝင်တွေကို အခွင့်အရေးပိုပေးသင့်တယ်လို့ ငါထင်တယ်...မဟုတ်ရင် နောက်ဆုံးအရွေးခံရတဲ့လူတွေက သူဌေးသားလေးတွေအဖွဲ့ပဲ ဖြစ်သွားလိမ့်မယ် ဟားဟား...】


ထန်ချောင်းချောင်း၏ဝေဖန်ချက်ကို netizen များက လျင်မြန်စွာ တည်းဖြတ်၍ Weibo ပေါ်၌တင်လိုက်ရာ လူအများက စိတ်ဝင်တစားရှိလာကြသည်။ ထိုဗီဒီယိုကြောင့် ထန်ချောင်းချောင်းပြောသည်ကို လိုက်တုကာ ဗာဆိုင်းအပြုအမူကိုဆန့်ကျင်သည့် စကားများစွာ ထွက်ပေါ်လာသည်။


【ငါ အသက် ၁၀ နှစ်မှာ အထက်တန်းကျောင်းကိုတက်ခဲ့တယ်...၁၂ နှစ်မှာ ပေကျင်းတက္ကသိုလ်ကိုတက်ပြီးတော့ ၁၅ နှစ်မှာ ဟားဗာ့ဒ်(Harvard) မှာတက်ခဲ့တယ်...ငါက ငါ့မိသားစုတွေဆီက လုံးဝအကူအညီမယူခဲ့ဘူး...အဲ့ဒါကတော့ နေ့လယ်က ငါမက်ခဲ့တဲ့ အိပ်မက်လေးပါ...】


【ဒီ *၁၁ရက် ၁၁ လမှာ ဘယ်ဈေးအကြီးဆုံးပစ္စည်းကို ငါဝယ်ခဲ့လဲဟုတ်လား...မများပါဘူး...ငါ့တစ်နှစ်စာလခရဲ့ တစ်ဝက်လောက်လေးပဲ ကုန်သွားရုံပါ...ပြီးရင်တော့ တောင်းစားပြီး အငတ်ခံရတော့မှာပေါ့လေ...】


[T/N: *11.11 - ဈေးလျှော့ရောင်းချခြင်းများပြုလုပ်တတ်သည့်နေ့]


...


ဤသို့နာမည်ကြီးနေကြသည်ကို တွေ့သောအခါ ပရိုဂရမ်၏တာဝန်ရှိသူများသည် အလွန်ပျော်ရွှင်သွားကြ၍ ထန်ချောင်းချောင်းအား ရှိုးပြီးသည်အထိ ဒိုင်အဖြစ် ခန့်အပ်ရန် မစောင့်နိုင်ကြတော့ချေ။


ထန်​ချောင်း​ချောင်း၏ တဲ့တိုးဆန်​သော ဗာဆိုင်းကောင်​လေးအတွက် ဆန့်ကျင်သည့် မှတ်ချက်များ ​ကျော်ကြားလာပြီး​နောက် လူအများက ထို​ရေစီး​ကြောင်းအ​နောက် လိုက်ပါလာခဲ့ကြသည်။ သို့​သော်လည်း ထန်​ချောင်း​ချောင်း မှတ်ချက်ပြုခဲ့သည့် သင်တန်းသား၏ ဖန်များ​ကတော့ ​တော်​တော်​လေး ​ပျော်ရွှင်မ​​နေခဲ့​ပေ။ ရှိုးက စတင်ကာစသာ ဖြစ်​သော်လည်း အဓိက ပလက်ဖောင်းများတွင် တင်ထား​သော ရှိုး၏ အကြိုပြကွက်တို​လေးများကို အားထားပြီး သင်တန်းသားများက သူတို့ ကိုယ်တိုင် ​ချော​မော​ပြေပြစ်လှသော ဓါတ်ပုံများစွာကို တင်​ပေးလာကြ​ခြင်း​ဖြင့် များစွာ​သော သင်တန်းသားများက ဖန်များစွာ ရရှိထားကြပြီးသား ဖြစ်သည်။


[ထန်​ချောင်း​ချောင်းလို လူပြိန်း တစ်​ယောက်က အိုင်​ဒေါလ် တစ်​ယောက်ကို အကဲဖြတ်တယ်... ငါ​တော့ ရယ်ရလွန်းလို့ ​ခေါင်းပါ ပြုတ်​တော့မယ်... သူက ဘယ်လို ​လေလုံးထွားရမလဲပဲ သိတာကို]


[သူက​လေ သီချင်းနှစ်ပုဒ်​​လောက် ဆိုပြီး နှစ်သစ်ကူးအကြိုညမှာ နှစ်ခါ​လောက် ခုန်ကူးလိုက်တာနဲ့ တကယ့် အဆို​တော်​တွေကို အကဲဖြတ်ဖို့ အရည်အချင်း ရှိသွား​ရောလား... သူ့ကိုယ်သူ အိုင်​ဒေါလ်လို့ ထင်​နေတာပဲ]


[လူတိုင်း အိမ်မှာ ပိုက်ဆံရှိကြတာပဲ.... ဘာမှားလို့လဲ.... ဘယ်သူကများ ချမ်းသာတဲ့ ဒုတိယမျိုးဆက်​လေး​တွေက သူတို့ရဲ့ ကြွယ်ဝမှု​တွေကို မ​ကြွားရဘူးလို့ ဘယ်သူက ​ပြော​နေလို့လဲ.... ထန်​ချောင်း​ချောင်း​တောင်မှ သူချမ်းသာတာကိုပဲ တွယ်တက်လာတာပဲ မဟုတ်ဘူးလား]


....


ရှိုးဖန်များ၏ တိုက်ပွဲသက်​ရောက်မှုက အလွန်အား​ကောင်း​ပေသည်။ သို့​သော်လည်း သကြားယုန်​လေးများက ထမင်း​ခြောက် စားမ​နေ​ပေ။ ထန်​ချောင်း​ချောင်း ​ပြောဆိုခံ​နေရသည်ကို ​တွေ့လိုက်ကြ​သောအခါ အင်္ကျီလက်ကို မတင်ကာ ထိုဖန်များနှင့် တိုက်ပွဲဆင်နွှဲ​တော့သည်။ ချက်ချင်းဆိုသလိုပင် ရှိုးဖန်များက ​ခေါင်းမ​မော့နိုင်ကြ​တော့​ပေ။


[T/N ထမင်း​ခြောက်စားတယ်ဆိုတာ စားရုံပဲသိပြီး အလုပ်​ကောင်း​ကောင်း မလုပ်တဲ့ လူလို့ အဓိပ္ပါယ်ရတဲ့ တရုတ် ​ဝေါဟာရပါ]


ဖန်များက အင်တာနက်​ပေါ်တွင် တိုက်ခိုက်​နေကြ​သော်လည်း ပရိုဂရမ်အသင်းက ထိုအပူလှိုင်းကြီးကို ​တွေ့ရသည်မှာ ဝမ်းသာအားရ ဖြစ်​နေကြသည်။ သူတို့က အပိုင်းနှစ်ပိုင်း ထပ်ထည့်ရန်အတွက် ထန်​ချောင်း​ချောင်းနှင့် စာချုပ်အသစ် ချုပ်လိုက်​သေးသည်။ အခြား​သော နည်းပြများစွာကလည်း သူမကို တမင်သက်သက် ​သော်လည်း​ကောင်း အမှုမဲ့အမှတ်မဲ့​သော်လည်း​ကောင်း ပြဿနာ အချို့ ပစ်​ပေးလာကြ​ပေလိမ့်သည်။ သူမက အလွန် တာဝန်သိတတ်​​ပေသည်။ ချမ်းသာမှုကို ကြွားဝါချင်သည့် သို့မဟုတ် တမင်သက်သက် သနားစဖွယ် လုပ်ပြ​နေ​သည့် သင်တန်းသားတစ်​ယောက် ရှိ​နေပါက ဖျော်​ဖြေမှု ပြီးဆုံးသွားပြီး​နောက် သူတို့နာမည်တပ်ကာ ​ပြောလာမည်ကို စိုးရိမ်​ကြောင့်ကြမှုဖြင့် သူမကို မကြည့်ရဲ​တော့သည်အထိ ဖြစ်သွား​စေရန် ထပ်ကာထပ်ကာဖြင့် မညှာမတာ ​ဝေဖန်မည်သာ ဖြစ်​ပေသည်။ 


ပထမနှစ်ပိုင်းကို အကြိုထုတ်လွှင့်ပြီး​နောက် တစ်ရာထက် နည်း​​သော သင်တန်းသားများ အထုတ်ခံလိုက်ရပြီ ဖြစ်​​သည်။ နည်းပြများနှင့် ဒိုင်များ သင်တန်းသားများအ​ကြောင်းကို ပို၍ ​သေ​သေချာချာ နားလည်သွား​စေရန်အတွက် ပရိုဂရမ်အဖွဲ့က သူတို့ကို ​လေ့ကျင့်​ရေးအခန်းဆီ လျှပ်တပြက် အလည်သွား​ရောက်ရန် အထူးတလှယ် စီစဥ်​ပေးခဲ့သည်။


ထန်​ချောင်း​ချောင်းကို ဦး​ဆောင် ​ခေါ်​ပေးသူမှာ လူလတ်ပိုင်းအရွယ် အမျိုးသားနည်းပြဖြစ်သည်။ ထိုသူက ညင်ညင်သာသာနှင့် ယဥ်ယဥ်​ကျေး​ကျေး ​ပြောဆိုတတ်​သော အနုပညာ​လောကမှ လူသိများသည့် အဆို​တော်တစ်​ယောက် ဖြစ်သည်။ သူတို့က ​နေ့လည်ပိုင်းတွင် ​ရောက်လာကြပြီး လည်ပတ်မှုကိုလည်း တိုက်ရိုက် ထုတ်လွှင့်မည် ဖြစ်သည်။


​လေ့ကျင့်​ရေးအခန်းသို့ ​ခြေချလိုက်သည်နှင့် ကြီးမား​သော မှန်ကြီးကို ​တွေ့လိုက်ရသည်။ လူနှစ်​ယောက်က မှန်​ရှေ့တွင် ​​လေ့ကျင့်​နေကြပြီး အခြားသူများက ​လေး​​လေးတွဲတွဲ လဲ​လျောင်း​နေသည် မဟုတ်လျှင် ထိုင်​နေကြသည်သာ။ ရုတ်တရက်ပင် သူတို့က နည်းပြ​ရောက်လာသည်ကို ​တွေ့လိုက်ကြ​သောအခါ တစ်​​ယောက်က "ဆရာ လာ​နေပြီ"ဟု ​အော်လိုက်ပြီး ​ခေါင်း​ဆောင်က သူတို့ကို လာ​ရောက်​စစ်​ဆေးမည့်အတိုင်းပင် ​လူတိုင်းက တလေးတစား အမူအယာများဖြင့် ချက်ချင်း ထရပ်လိုက်ကြသည်။


အမှန်တကယ်တွင်မူ သူတို့က အဓိကအားဖြင့် ထန်​ချောင်း​ချောင်း ​ရောက်လာသည့်အတွက် အနည်းငယ် ရှက်ရွံ့​နေကြသည်သာ ဖြစ်သည်။


အခြားနည်းလမ်း မရှိ​ပေ။ ထိုအမျိုးသမီးဒိုင်လူကြီးက မှတ်ချက်​ပေးသည့်အချိန်တိုင်း မညှာမတာ ​ပြောတတ်​ပေသည်။ သူတို့အများစုက ​​ချက်​ကောင်းကို အရိုက်ခံလိုက်ရသည်။ ​နောက်ပိုင်းတွင် သူတို့ ထန်​ချောင်း​ချောင်း၏ အချက်အလက်များကို အထူးတလှယ် ရှာ​ဖွေကြည့်လိုက်​သောအခါ သူမ၏ အတိတ်က "​ပြောင်​မြောက်လှသော မှတ်တမ်း"ကို ​တွေ့လိုက်ကြပြီး ထိုမိန်းမက သူတို့သွားမဆွသင့်သူ ဖြစ်​​ကြောင်း သိလိုက်ရသည်။


အမျိုးသား နည်းပြက သင်တန်းသား တစ်​ယောက်ချင်းစီက သူတို့၏ ရန်သူနှင့် ​တွေ့​နေရသကဲ့သို့ ပုံပေါ်​နေသည်ကို ​တွေ့လိုက်ရပြီး​နောက် ပြုံးလိုက်သည်။ "လွတ်လွတ်လပ်လပ်​နေကြပါ... ငါတို့က လာကြည့်ရုံပဲ" ထန်​ချောင်း​ချောင်းသည်လည်း ပြုံးကာ ​ပြောလိုက်သည်။ "ဒါ​ပေါ့ ငါတို့က မင်းတို့ ဘယ်လို ​လေ့ကျင့်​နေလဲဆိုတာ လာကြည့်တာ"


Xxxxxxxx