Chapter 133
စားပွဲရှည်ကြီးပေါ်တွင် ကြေးအိုး အကြီးကြီး လေးလုံး ရှိနေပြီး အနီရောင် ဟင်းရည် နှစ်အိုးနှင့် အကြည်ရောင် အိုး နှစ်ခုဖြစ်ပြီး သိုးကလေး နံရိုးနှင့် သိုးကျောရိုးသား အပြည့် ထိုးထွက်နေကြသည်။ ဟင်းရည်က ဆူပွက်နေဆဲပင်။ သိုးကလေးကျောရိုး ဟော့ပေါ့ကို ထပ်ပေါင်း၍ လတ်လတ်ဆတ်ဆတ် သိုးကလေးသား၊ အမဲသား၊ ဝက်ဗိုက်သား၊ အသားချောင်းများ၊ ပုစွန်နှင့် အသားလုံးများကဲ့သို့သော အရံဟင်း အမျိုးမျိုး ပါဝင်ပေသည်။
"သိုးကလေး ကျောရိုး ဟော့ပေါ့လား"
သူတို့၏ လက်များနှင့် ခြေဖဝါးများက ဆောင်းရာသီကြောင့် အေးစက်နေပြီး ဖျော်ဖြေမှုပြီးနောက် သူတို့၏ ရုပ်ပိုင်းဆိုင်ရာ ခွန်အား အများစုက နွမ်းလျနေကာ ဗိုက်ဟောင်းလောင်း ဖြစ်နေပြီ ဖြစ်သည်။ ထိုဆွဲဆောင်မှုပြင်းသော သိုးကလေးကျောရိုးဟော့ပေါ့က သူတို့၏ စားချင်စိတ်နှင့် ကွက်တိပင်။ အနံ့လေး ရရုံဖြင့်ပင် သူတို့ခန္ဓါကိုယ် ပူနွေးလာသလို ခံစားလိုက်ရသည်။
လူတိုင်းက တူများကိုင်ကာ လှုပ်ရှားရန် အသင့်ဖြင့် စားပွဲတွင် ဝင်ထိုင်လိုက်ကြသည်။'
ထန်ချောင်းချောင်းက ပြုံးကာ ပြောလိုက်သည်။ "ဒီဟော့ပေါ့က တစ်ညလုံး တည်ထားတာ... စောင့်စရာ မလိုဘူး... အခုစားလို့ ရပြီ"
သင်တန်းသားများက အလွန်ဆာလောင်နေပြီ ဖြစ်သော်လည်း ကျင့်ဝတ်များကို လိုက်နာဆဲပင်။ သူတို့က ဆရာများ စစားပြီးမှ သူတို့အားလုံး လက်များ ဖြန့်လိုက်ကြတော့သည်။
သိုးကလေး ကျောရိုးကို အရိုးများပြီး အသားနည်းသည်ဟု မထင်ပါနှင့်။ အရိုးတွင် ကပ်နေသော အသားလွှာကိုလည်း စားနိုင်သည်။ ထိုအသားက နူးညံ့လာသည်အထိ အချိန်အကြာကြီး တည်ထားသောကြောင့် အလွန်အမင်း ပျော့ပြောင်းကာ အရသာ ရှိလှသည်။ အသားကို တဖြည်းဖြည်း စားပြီးနောက် အရိုးအလယ်ပိုင်းကို စုပ်ကာ ချောမွေ့ပြီး ပျော့ပျောင်းသော ရိုးတွင်းချဥ်ဆီကိုလည်း စားသုံးနိုင်သေးသည်။
သိုးကလေး နံရိုးသားက ကျောရိုးထက် ပိုအသားပေါသည်။ နံရိုးကို ဆွဲထုတ်ကာ ပါးစပ်ထဲသို့ ပစ်သွင်းရုံပင်။ အသားကို အရိုးမှ အလွယ်တကူ ဖယ်ထုတ်နိုင်ပြီး ထိုပါးစပ်အပြည့် စားနိုင်သော သိုးသားက နူးညံ့ကာ အနံ့မွှေးပြီး အမှန်တကယ် နှစ်ခြိုက်ဖွယ်ရာပင်။
သင်တန်းသားများက မရပ်မနား စားသောက်နေကြပြီး အချို့သူများက အပိုင်းသေးသေးလေးများကိုပင် လုနေကြသေးသည်။ အမြဲတမ်း ယဥ်ကျေးသိမ်မွေ့သော နည်းပြသည်ပင် မတတ်နိုင်တော့ဘဲ ပလပ်စတစ် လက်အိတ်ကို ဝတ်ကာ အရိုးများ နွှင်နေသည်။
သိုးကလေး ကျောရိုးက တည်ထားသလောက် ပိုအနံ့မွှေးလာသည်။ အသားက လုံးဝ ပျော့ပျောင်းလာချိန်တွင် ဟင်းရည်ကလည်း ပျစ်လာသည်။ အသားများ ကုန်တော့မည့်အချိန်တွင် အခြားသော အရံဟင်းများကို ထည့်ကာ ဆက်လက် တိုက်ခိုက်နိုင်သေးသည်။
အခန်းထဲရှိ လူတိုင်းက ပျော်ရွှင်စွာ စားသောက်နေကြစဥ် တိုက်ရိုက်ကြည့်ရှုသူများကလည်း မနာလို ရှုစိမ့်လာကြနေကြသည်။ သို့သော်လည်း ကြည့်ရှုသူ အရေအတွက်က တိုးလာဆဲပင်။
မစားနိုင်မှတော့ ကြည့်ရုံပေါ့.. ဟမ့်...
အခြားသင်တန်းသားများသည်လည်း အနိုင်မရသည့်အတွက် မစားရပေ။ သူတို့၏ မိုဘိုင်းဖုန်းများကိုလည်း ပရိုဂရမ်အဖွဲ့ထံ အပ်ထားရသဖြင့် တိုက်ရိုက်ထုတ်လွှင့်မှုကိုလည်း မကြည့်နိုင်ပေ။ သို့သော်လည်း သူတို့က အတွေးမရပ်နိုင်ပေ။ သူတို့က ထိုနေရာနှင့် အတော်လေး နီးသဖြင့် လန်းဆန်းစေသော ဟင်းရည်အနံ့လေးကို ရနေရသည်။ သို့သော်လည်း အမှန်တကယ် ညှင်းပန်းခံရနေသည်မှာ သူတို့ မစားနိုင်သောကြောင့်ပင်။ သူတို့က ပြေးဝင်ပြီး လုယက်ကြရမလားဟု တွေးနေစဥ်ပင် ရှိုး၏ အကဆရာက ပြုံးကာ ဝန်ထမ်းအချို့ကို ဦးဆောင်ပြီး သူတို့၏ အဆောင် အတွင်း ဝင်လာခဲ့သည်။ သူတို့က ဆိုဒ်လွန် စတီးအိုးများကို သယ်လာကြသည်။
"လက်ထဲမှာ ကိုင်လာတာ ဘာတွေလဲ" တစ်ယောက်က မေးလိုက်သည်။
အကဆရာက ရယ်မောကာ ဆိုသည်။ "မင်းတို့ကို နွေးထွေးစေမဲ့ တစ်ခုခုပေါ့ကွာ" သူတို့အဖုံးကို ဖွင့်သည်နှင့် အငွေ့များ အလိပ်လိုက် ထွက်လာသည်။ သူတို့ ကိုင်းကြည့်လိုက်သောအခါ ရတနာ ရှစ်မျိုး ယာဂု ဖြစ်နေပေသည်။
အယ်ဒီတာက ပြောသည်။ "မစ္စထန်က မင်းတို့ကိုလည်း မေ့မထားဘူးနော်... လာပါ့ပွဲတော် နီးပြီဆိုတော့ မင်းတို့အတွက် လာပါ့ယာဂု လုပ်ပေးထားတယ်" ဝန်ထမ်းများလည်း ဝေစုတစ်စုရခဲ့သည်။ ထို့ကြောင့်ပင် သူလည်း ပြန်သွားကာ မြန်မြန်လေး စားဖို့ လိုပေသည်။ မဟုတ်လျှင် ထိုလူတွေ အကုန်စားပြီး သူ့ဝေစုမကျန်မှာကိုပင် စိုးရိမ်ရပေသည်။
'နှင်းထဲမှာ မီးသွေး ပို့ပေးတာပဲဟေ့' မူလတွင် စိတ်ပျက်လက်ပျက်ဖြင့် အပေါ်ထပ်တွင် လဲနေသူများက ချက်ချင်း လှိမ့်ဆင်းလာကြသည်။ သူတို့က လာပါ့ယာဂုကို ကြည့်နေကြပြီး အထဲမှ အရာများကို ကြည့်ချင်စိတ် ပြင်းပြနေခဲ့သည်။ ဝန်ထမ်းက ပန်းကန်လုံးများကို ထုတ်ကာ လူတိုင်းအတွက် လာပါ့ ယာဂု တစ်ပန်းကန်စီကို ပေးလိုက်သည်။
ထန်ချောင်းချောင်းက ထို လာပါ့ ယာဂုတွင် ပါဝင်ပစ္စည်း ရှစ်မျိုးဖြင့် ပြုလုပ်ထားသည်။ မီးဖိုချောင်ထဲသို့ တစ်ခါမှ ဝင်လေ့မရှိသော ကောင်လေးများပင် စေးကပ်သော ဆန်၊ ပဲနီလုံး၊ ပဲတီစိမ်း၊ မြေပဲနှင့် တရုတ်ဆီးသီးများပါကြောင်း သတိပြုမိနိုင်သည်။ အမှန်တကယ်တွင်မူ မက်မွန်သီးစေ့၊ ကြာစေ့၊ နှစ်တစ်ရာသီး၊ ဘာလီ၊ ဗာဒံစေ့၊ စပျစ်သီးခြောက်များ စသည့် ပါဝင်ပစ္စည်း ရှစ်မျိုး တို့ ဖြစ်သည်။
လာပါ့ ယာဂုနှင့် သိုးကလေး ဟော့ပေါ့ကို တစ်ချိန်တည်း ချက်ထားသည်။ လာပါ့ယာဂုက ပို၍ မွေးကြိုင်ပြီး စေးကပ်ကာ အရောင်ကလည်း ခရမ်းဖျော့နီရောင် ဖြစ်ကာ အဆီများသည်။ ပဲနှင့် ကြာစေ့တို့ကလည်း ပွင့်အာနေသည်။ သကြားခဲမှ ချိုမြမြအရသာက ဆန်အနံ့နှင့် ရောယှက်နေပေသည်။
သူတို့ဗိုက်ထဲမှ အစားပိုးကောင်လေးများက ငိုကြွေးနေပေပြီ။ သူတို့က တစ်ဇွန်းခပ်ကာ အပူမှုတ်ပြီးနောက် ပါးစပ်ထဲသို့ ပစ်သွင်းလိုက်ကြသည်။ အမျိုးမျိုးသော ပါဝင်ပစ္စည်းများက နူးညံ့ကာ ကပ်စေးနေပြီး ချိုမြလျက် ရှိသည်။ ကွဲပြားသော အရသာများက လျှာဖျားပေါ်တွင် ကပ်တွယ်နေပေသည်။ ချိုသော်လည်း ချွဲကျိမနေဘဲ အနံ့လေးက မွှေးလှသည်။ နှစ်ဇွန်းမျှ စားပြီးနောက် လာပါ့ယာဂုထဲမှ ကပ်စေးစေး ဆန်မုန့်အရသာကို အရသာခံနိုင်ပေသည်။
ကောင်လေး အများစုမှာ ပင်ကိုယ်တွင် အချိုသိပ်မကြိုက်ကြသော်လည်း ထိုအချိုပွဲကိုမူ အပြောင်ရှင်းလိုက်ကြပြီး အချို့က နောက်ထပ် တစ်ပန်းကန် ထပ်စားလိုက်ကြသေးသည်။ တစ်ဖက်တွင် အရသာ ပြည့်သော သိုးကလေး ကျောရိုး ဟော့ပေါ့ ဖြစ်ပြီး တစ်ဖက်တွင် ချိုမြပြီး စေးကပ်သော လာပါ့ယာဂု ဖြစ်ပေသည်။ ဆောင်းရာသီည၏ လေထုက နွေးထွေးနေပေသည်။
【ဝူးဝူး ငါ့ခေါင်းကို လှည့်လိုက်ပြီနော်... လာပါ့ယာဂု ကို ပိုစားချင်တယ်】
【ငါကတော့ မတူဘူး... နှစ်ခုလုံး စားချင်တယ်... ထပ်မပြောချင်တော့ဘူး... အိပ်ရာထဲသွားပြီး အိမ်မက်ထဲမှာမြန်မြန်စားနိုင်အောင် လုပ်ရမယ်... ဘိုင့်ဘိုင်】
【 မနာလိုလိုက်တာ... သူက ရှစ်ဘဝစာလောက် ကောင်းချီးတွေ စုထားတာလားဟေ့... မဟုတ်ရင် ချောင်းပေါင်လို ချစ်သူမျိုး ရှာတွေ့ နိုင်ပါ့မလား】
【@ရှန်းယွဲ့ V မိန်းမကို အလစ်သုတ်သွားလို့ ဒဏ်ခတ်ခံရမဲ့ကောင်ကို ခွင့်မလွှတ်နိုင်ဘူး】
ထိုအချိန်၌ "မိန်းမ အလစ်သုတ်၍ ဒဏ်ခတ်ခံရမည့်" ရှန်းယွဲ့သည်ကား ပရိုဂရမ်အသင်း ရိုက်ကူးနေသည့် အဆောက်အအုံ၏ အပြင်ဘက်ရှိ ကားထဲတွင် စောင့်နေခဲ့သည်။ သူသည်လည်း အရိုးကိုက်နေသည့် ထန်ချောင်းချောင်း၏ တိုက်ရိုက် ထုတ်လွှင့်မှုကို ကြည့်နေခဲ့ပေသည်။
ရှန်းယွဲ့က လွန်ခဲ့သော နှစ်ရက်ခန့်တွင် မွန်ဂိုလီးယားအတွင်းပိုင်းဘက်သို့ စီးပွားရေး ခရီးထွက်နေခဲ့သည်။ သူ လေယာဥ်ပေါ်မှ ဆင်းလာလာချင်း ထန်ချောင်းချောင်းက ရှိုးရိုက်ကူးရေးတွင်သာ ရှိနေသေးသည့်အကြောင်း သိလိုက်ရသဖြင့် ရိုက်ကူးရေးနေရာသို့သာ ဆက်လာခဲ့ပြီး သူမကိုခေါ်ကာ အိမ်အတူပြန်ရန်အတွက် စောင့်ပေးနေခဲ့သည်။
ထန်ချောင်းချောင်းသည်လည်း ပျော်ရွှင်နေသည်။ တစ်ယောက်ယောက်သာ သူမကို Erguotou တစ်ပုလင်း ပေးလာခဲ့ပါက တပည့်များနှင့်အတူ အဆုံးသတ်လိမ့်မည် ဖြစ်ကြောင်း သူခန့်မှန်းနိုင်ပေသည်။
[T/N: Erguotouက အရမ်းပြင်းတဲ့ တရုတ်နိုင်ငံထုတ် အရက်တစ်မျိုးပါ အယ်လ်ကိုဟော ရာခိုင်နှုန်း 44ကနေ 50% လောက် ပါဝင်ပါတယ်တဲ့]
သူ မွန်ဂိုလီးယား အတွင်းပိုင်းက ရက်ပေါင်းများစွာ ကြုံတွေ့ခဲ့ရသော အနောက်တောင်လေအကြောင်းနှင့် စီးပွားရေး ကိစ္စပြီးသည်နှင့် ညစာပင် မစားနိုင်ဘဲ ခပ်မြန်မြန်ပင် တန်း၍ လေဆိပ်ဆင်းခဲ့ရသည်ကို တွေးမိသွားသည်။ ထိုအချိန်တွင်မူ ထန်ချောင်းချောင်းကတော့ သိတတ်စိတ်မရှိဘဲ ပျော်ပျော်ရွှင်ရွှင် စားသောက်နေသေးသည်။
ရှန်းယွဲ့က တိုက်ရိုက်ထုတ်လွှင့်မှုမှ လူအများက "ငါ့မိန်းမကို အလစ်သုတ်သွားလို့ ရှန်းယွဲ့ကို ဒဏ်ခတ်မယ်" ကို ပိုစ့်တင်လာကြသည်။ သူက ဝေ့ပေါ်ကို ဖွင့်လိုက်ပြီး အရန်အကောင့်ကို ဝင်လိုက်သည်။
သေချာပေါက်ပင် ၎င်းက အကောင့်သေးသေးလေးတစ်ခုဟု သတ်မှတ်၍ မရတော့ပေ။ ထိုအကောင့် ပေါ်ထွက်လာမှုနှင့် ထန်ချောင်းချောင်း followလုပ်ထားသောကြောင့် ဖန်အရေအတွက်က သူ့အဓိကအကောင့်ထက်ပင် ကျော်လွန်သွားခဲ့သည်။
ရှန်းယွဲ့က တိုက်ရိုက်ထုတ်လွှင့်မှုမှ screenshot တစ်ခုကို ပိုစ့်တင်ခဲ့သည်။ ထိုပုံတွင် ထန်ချောင်းချောင်းက သိုးကလေးကျောရိုးကို ကိုက်နေပြီး သူမမျက်လုံးများကလည်း ကျေနပ်အားရမှုဖြင့် မှေးကျဥ်းနေသည်။ တစ်ချိန်တည်းပင် သူက "အနောက်တောင်လေကို သောက်သုံးနေတဲ့ လူငယ်လေး" ပုံတစ်ပုံကို ပါ တွဲတင်ထားသည်။
T/N အနောက်တောင်လေကို သောက်နေတယ် ဆိုတဲ့စကားက ဘာတစ်ခုမှ မစားမသောက်ဘဲ လေကိုရှုပြီးပဲ အသက်ရှင်တယ်လို့ အဓိပ္ပါယ်ရပါတယ်
ပုံနှင့် တွဲထားသော စာမပါသော်လည်း ဆိတ်ဆိတ်နေခြင်းက ရှင်းပြခြင်းထက် ပိုကောင်းပေသည်။
【ငါတော့ ရုတ်တရက် ရှန်းယွဲ့တစ်ယောက် ပိစိလေး သောကရောက်နေတယ်လို့ ခံစားနေရတယ်နော်】
【ထန်ချောင်းချောင်း OS: ဒီလို မကောင်းတဲ့အရာတွေ လုပ်ဖို့ ရှင်သင်ပေးနေတာပဲ ဟားဟားဟား】
【ရှန်းယွဲ့လည်း မစားရတာကို သိလိုက်ရတော့ ငါနည်းနည်း စိတ်သက်သာရာရသွားတယ်】
【အတွေးလွန်နေပြီနော်... တစ်ယောက်ယောက်ကသာ စားချင်ရင် သူ့ကောင်မလေးက လုပ်ပေးမှာပဲ... နောက်ဆုံး ခွဲခြမ်းစိတ်ဖြာချက်အရ ငါတို့မှာ အဆိုးဆုံး အပေးအယူ ဖြစ်သွားပြီ... ရင်ကွဲနေပြီနော် 】
【အမလေး... ရှန်းယွဲ့က ထန်ချောင်းချောင်း ပုံလေးတွေ screenshot လုပ်ထားတာ ချစ်စရာ ကောင်းချက်ပဲ... အာ... ငါတော့ ထိသွားပြန်ပြီ 】
【ဒါလည်း ထိမသွားစေတာပဲလား.... အဲ့တာက ငါတို့ကို CPဖန်တွေရဲ့ ပျော်ရွှင်မှုကို ခံစားကြည့်ချင်မိ သွားစေတယ်...(နှာခေါင်းပွတ်လျက်)】
...
နောက်ဆုံးတွင် သိုးကလေး ကျောရိုး ဟော့ပေါ့ ကုန်သွားချိန်၌ ညဆယ့်နှစ်နာရီနီးပါး ရှိနေပြီ ဖြစ်သည်။
မြို့တော်၏ လေအေးက မထင်မှတ်ထားစွာပင် ဆောင်းလလယ်၌ အအေးပိုနေသည်။ လေအေးတိုင်းက မြူခိုးများ ဖန်တီးပေးနေသည်။ သင်တန်းသားအချို့ ထွက်လာချိန်တွင် အဝတ်ပါးလေးများသာ ဝတ်ထားသောကြောင့် အေးခဲသွားမတတ်ပင်။
ထန်ချောင်းချောင်းက သူတို့ကို အထဲပြန်ဝင်သွားပြီး သူမကို လိုက်မပို့တော့ရန် ပြောသော်လည်း ထိုအပိုင်းက သူမ၏ နောက်ဆုံးအပိုင်း ဖြစ်သည့်အတွက် သူတို့က သူမကို ဂိတ်ဝအထိ လိုက်ပို့ပေးရန် တောင်းဆိုလာကြသည်။
"ဒီနေ့အများကြီး စားလိုက်လို့ လမ်းလျှောက်ပြီး အစာခြေရတော့မယ်... မဟုတ်ရင် ကျွန်တော်တို့ တိုက်ရိုက် လှဲအိပ်လိုက်တာနဲ့ သေလောက်အောင် ဝသွားပြီး ပွဲဦးမထွက်ရဘဲ နေလိမ့်မယ်"
သူတို့က ထိုသို့ပြောလာသည့်အတွက် ထန်ချောင်းချောင်း မတားနိုင်တော့ပေ။
လူတစ်စုက ဂိတ်ပေါက်ဝသို့ သွားသည့် လမ်းတလျှောက် စကားပြောရင်း ရယ်မောရင်း လာခဲ့ကြသည်။ ထန်ချောင်းချောင်းက အလေ့အကျင့်အရ သူမ၏ နာနီကားကို လိုက်ရှာလိုက်သော်လည်း ကားကို ဘယ်နေရာမှာမှ မတွေ့ရပေ။ သူမက ထိုအချိန်တွင် ဖန့်ယွမ်တစ်ယောက် ကားပေါ်မှာပဲ စောင့်နေလိမ့်မည်ဟု တွေးခဲ့သည်။
ထန်ချောင်းချောင်း သူမကို ဖုန်းခေါ်မည့် ဆဲဆဲတွင် အနက်ရောင် စီးပွားဖြစ်ကား တစ်စီးက နှစ်ကြိမ်မျှ ဟွန်းတီးလာသည်ကို ကြားလိုက်ရပြီး လူတိုင်း ကြည့်မိသွားသည်။
ကားတံခါးပွင့်လာပြီး ကားထဲ၌ မီးများ လင်းလာသည်။ သူတို့က တံခါးဘေးတွင် ထိုင်နေသည့် အနက်ရောင် ကုတ်အင်္ကျီဝတ်ကာ အနက်ရောင် သားရေသေတ္တာ ကိုင်ထားပြီး သူမကို ခက်ခက်ထန်ထန် ကြည့်နေသည့် ရင်းနှီးနေသော လူတစ်ယောက်ကို တွေ့လိုက်ရသည်။
'အဲ့တာ ရှန်းယွဲ့ကြီးဟ'
ထန်ချောင်းချောင်းက အံ့အားသင့်မှုတို့ဖြင့် ပြေးသွားလိုက်သည်။ "ရှင် ဘယ်အချိန်တုန်းကတည်းက ရောက်တာလဲ"
"လေယာဥ်ဆင်းပြီးတော့ သိပ်မကြာသေးဘူး"ရှန်းယွဲ့က ပြုံးပြလိုက်သည်။
ဒရိုင်ဘာ: 'သိသိသာသာကြီး သူ ဒီနေရာမှာ နှစ်နာရီကျော်လောက် စောင့်နေတာပဲကို'
အခြားသူများက အချင်းချင်း ကြည့်လိုက်ကြသည်။ ရှန်းယွဲ့ကို သိသော လူများက မရေမရာ အမူအယာများ ရှိနေပြီး သူ့ကို မသိသူများက ထိုလူက မလွယ်ကူဘူးဟုသာ ခံစားမိသည်။ အခြားသူများ၏ ရှင်းပြချက်များကို ကြားပြီးမှသာ ထိုသူ မည်သူဖြစ်ကြောင်း ရုတ်တရက် သိသွားတော့သည်။
ရှန်းယွဲ့က ထန်ချောင်းချောင်းနောက်မှ လူများကို ကြည့်လိုက်ပြီး ပြောလိုက်သည်။ "ဖန့်ယွမ်က ပြန်သွားပြီ... ကိုယ်တို့ အခု ပြန်လို့ရပြီလား"
ထန်ချောင်းချောင်း: "ဒါပေါ့"
သူမက ကားထဲသို့ မဝင်ခင် သင်တန်းသားများဘက်သို့ ပြန်လှည့်ကာ စကားပြောလိုက်သေးသည်။ ကားထဲသို့ ဝင်လိုက်သည်နှင့် နွေးထွေးသော လေထုက သူမကို သက်တောင့်သက်သာ ဖြစ်စွာ သက်ပြင်းလိုက်မိစေသည်။
"မင်းက ငတုံးလေးလား... လက်အိတ်လေး တစ်စုံတောင် ဝတ်မထားဘူး" ရှန်းယွဲ့က မျက်မှောင်ကြုတ်လိုက်သည်။
ထန်ချောင်းချောင်းက သူမလက်ကလေးများကို လှုပ်ခါလိုက်သည်။
"တစ်နေ့လုံးနီးပါး အထဲမှာပဲ နေရတာလေ... ဒါကြောင့်မို့ လက်အိတ်ဝတ်ဖို့ မလိုဘူး"
အခြားသူများက ကားတံခါး မပိတ်ခင်လေးတွင် ရှန်းယွဲ့ ထန်ချောင်းချောင်း၏ လက်များကို ဆုပ်ကိုင်ထားသည်အား တွေ့လိုက်ကြရသည်။
သင်တန်းသားများက သူတို့သာ ပါးစပ်ထဲသို့ ခွေးစာများ အကြဲခံလိုက်မည်ကို သိခဲ့ပါက သူမကို လိုက်ပို့ပေးရန် ထွက်လာမည် မဟုတ်ဟု တွေးနေခဲ့ကြသည်။
Xxxxxxx