အပိုင်း ၁၃၄
Viewers 23k

Chapter 134

ရှက်စရာ သမိုင်း​ကြောင်း


သင်တန်းသားများက သူတို့သာ ပါးစပ်ထဲသို့ ​ခွေးစာများ အ​​ကြဲခံလိုက်မည်ကို သိခဲ့ပါက သူမကို လိုက်ပို့​ပေးရန် ထွက်လာမည် မဟုတ်ဟု ​တွေး​နေခဲ့ကြသည်။


ထိုအချိန်၌ ပရိုဂရမ်အဖွဲ့က ရိုက်ကူး​ရေး ရပ်နားထားပြီး ဖြစ်​သော်လည်း ထန်​​ချောင်း​ချောင်းကို လာကြိုရန်အတွက် ရှန်းယွဲ့ တံခါးဝတွင် ​ပေါ်လာခြင်းကို ဝန်ထမ်းတစ်​ယောက်က ​ဝေ့​ပေါ်တွင် ပိုစ့်တင်ခဲ့သည်။


 "ဥက္ကဌရှန်းက ဆရာမထန်ရဲ့ အလုပ်ကို လာကြိုခဲ့တယ်... ငါ့အတွက်​တော့ မစ္စတာရှန်းကို အပြင်မှာမြင်ဖူးတာ ပထမဆုံးပဲ... အရမ်း ​ချောလွန်းတယ်... ငါ​တော့ အသက်ရှုပါ ရပ်​တော့မလို့"


သူတို့က ရှန်းယွဲ့၏ ပုံများကို မထည့်ရဲပါ​ချေ။ ရှန်းယွဲ့၏ ကား​နောက်ပိုင်းကိုသာ ရိုက်ထား​သော်လည်း ထိုအချင်းအရာ​လေးကပင် စိတ်ကူးယဥ်ဆန်​နေဆဲဖြစ်သည်။


ရှန်းယွဲ့က ထန်​ချောင်း​ချောင်း၏ တိုက်ရိုက်ထုတ်လွှင့်မှုကို ကြည့်ရင်း screenshot များရိုက်ရင်းဖြင့် သူမကို ကားထဲက ​စောင့်​နေခဲ့ပုံပင်။


ပါးစပ်က လိမ်ညာနိုင်​သော်လည်း ခန္ဓါကိုယ်က အလွန် ရိုးသား​ပေသည်။ ဒါက ဘယ်လို ချစ်သူ ​ကောင်​လေးမျိုးလဲ... ဒါက နှစ်ဆယ့်​လေးနာရီ ​အရိပ်တကြည့်ကြည့် လုပ်​နေတာပဲ... ကြည့်ရှုသူများက တစုတစည်းတည်းပင် ချဥ်စုပ်စုပ် ​သံပရို​လေးများ ဖြစ်လာကြသည်။ ဒီလို ​ကောင်​လေးမျိုး ဘယ်မှာ​ရောင်းလဲ... သူတို့လည်း တစ်​ယောက်​လောက် လိုချင်တယ်လို့...


"Future Boys" ကို ရိုက်ကူးပြီး​နောက် ထန်​ချောင်း​ချောင်းက ​နွေဦးပွဲ​တော်အတွင်း ထုတ်လွှင့်မည့် ​နောက်ထပ် ရသစုံရှိုးနှစ်ခုကိုလည်း ရိုက်ကူးခဲ့​​သေးသည်။ သူမက နှစ်သစ် မဂ္ဂဇင်း၏ မျက်နှာဖုံး​နေရာတွင် ပါဝင်ခဲ့ပြီး​နောက် သူမကိုယ်တိုင်နှင့် စတူဒီယိုမှ လူများကို နှစ်သစ်အတွက် ပြင်ဆင်ရန် အားလပ်ရက် ​ပေးလိုက်သည်။ သူတို့ကို အားလပ်ရက်မ​ပေးလိုက်ခင်ပင် လူတစ်​ယောက်ချင်းဆီက အနီ​ရောင် စာအိတ်ကြီး တစ်ခု စီ ရရှိခဲ့ကြသည်။


မဒမ်ရှန်းက ရှန်းယွဲ့နှင့် ထန်​ချောင်း​ချောင်းတို့ကို ဖုန်း​ခေါ်ကာ နှစ်သစ်ကူးအတွက် အိမ်​တော်​ဟောင်းဆီ ပြန်လာရန် ​ပြောထားပြီးသား ဖြစ်သည်။


အတိတ်တွင် ရှန်ယွဲ့က ထိုကဲ့သို့​သော ပွဲ​တော်များအတွက် အိမ်ကိုပင် ပြန်လာ​လေ့မရှိ​ပေ။ မည်သို့ပင် ဆို​စေကာမူ သခင်မကြီးကို သူ့အစ်ကိုနှင့် မိသားစုတို့က အ​ဖော်ပြု​ပေး​နေမည် ဖြစ်သည်။ သို့​သော်လည်း ဒီနှစ်က​​တော့ ကွဲပြား​ပေသည်။ သူ့တွင် ထန်​ချောင်း​ချောင်း ရှိ​နေ​ပေပြီ။ မဒမ်ရှန်းက ဘာမှ ​​ပြောမလာလျှင်​တောင်မှ သူက ထန်​ချောင်း​ချောင်းကို ​ခေါ်ကာ ရှန်းမိသားစု အိမ်​တာ်​ဟောင်းသို့ ပြန်လာရန် ဆန္ဒ ရှိ​နေဆဲပင်။ 


သခင်မကြီးရှန်းက တိတ်ဆိတ်မှုကို သ​ဘောကျသည်ဟု ထန်​ချောင်း​ချောင်း ကြားခဲ့ပြီးသား ဖြစ်ပြီး ရှန်းယွဲ့၏ ဗီလာ ပတ်ဝန်းကျင်က ဆူညံလွန်းသည့်အတွက် ရှန်းမိသားစု အိမ်​တော်​ဟောင်းက တိတ်ဆိတ်​သော ဆင်​ခြေဖုံးရပ်တွင်သာ ရှိသင့်သည်ဟု သူမအမြဲအ​တွေး​ရောက်ခဲ့သည်။ 


သို့​သော်လည်း ယခုအကြိမ်တွင် ရှန်းမိသားစု အိမ်​ဟောင်းသို့ ရှန်းယွဲ့​နောက်မှ လိုက်ခဲ့ချိန်၌ ကားက မြို့လယ်​ခေါင်သို့သာ သွား​နေ​ကြောင်း ​တွေ့လိုက်ရသည်။


အဆုံးတွင် ထို​နေရာသို့ ​ရောက်လာမှသာ မဒမ်ရှန်းက အဘယ်​ကြောင့် ရှန်းယွဲ့၏ ​နေရာကို မကြိုက်​ကြောင်း ထန်​ချောင်း​ချောင်း နားလည်သွားသည်။ 


ရှန်းမိသားစု အိမ်​ဟောင်းနှင့် နှိုင်းယှဥ်ပါက ရှန်းယွဲ့၏ ဗီလာက အလွန် အကြမ်းထည် ဆန်လွန်းသည်။


ရှန်းမိသားစု အိမ်​ဟောင်းက အမှန်တကယ်ပင် အင်ပါယာမြို့​တော်၏ အ​ခြေတွင် တည်ရှိသည်။ လသာ​​ဆောင်မှ ရပ်ကြည့်လျှင် တားမြစ်မြို့​တော်ကို ​တွေ့နိုင်​ပေသည်။


ထန်​ချောင်း​ချောင်းက မြို့အလယ်တွင် ထိုကဲ့​သို့​သော တတ်ဆိတ်သည့်​နေရာ ရှိနိုင်​ကြောင်း နားလည်သွား​တော့သည်။


ရှန်းယွဲ့က မနှစ်မြို့​သော ​လေသံဖြင့် ​ပြောလိုက်သည်၊ "ကိုယ်​တော့ ဒီမှာ ​နေရတာ မကြိုက်ဘူး... တားမြစ်မြို့​တော်နဲ့ နီးလွန်းပြီး​တော့ ပတ်ဝန်းကျင်ကလည်း အရမ်းတင်းကြပ်​သေးတယ်"


ထန်​ချောင်း​ချောင်းက သူ့ကို ဆွံ့အစွာဖြင့် ကြည့်လိုက်သည်။


 "ဒါဆို ရှင်လည်း ဗာဆိုင်း မိသားစုဝင် တစ်​ယောက်ပဲ​ပေါ့"


ရှန်းယွဲ့: ...


ရှန်းမိသားစုအိမ်က တရုတ်စတိုင်နှင့် ​ခေတ်သစ်စတိုင် ​ပေါင်းထား​သော စတိုင်အသစ် တံတိုင်းကျယ်ကြီး ဖြစ်သည်။ ၎င်းက ​အ​တော်​လေး ကျယ်​သော ​ဧရိယာကြီး ဖြစ်​ပေသည်။ အပြင်ဘက်ဆုံးဂိတ်မှ အဓိကအိမ်​တော် ​ရောက်သည်အထိ မိနစ်အနည်းငယ်မျှ ​မောင်းရ​သေးသည်။


မဒမ်ရှန်းက သူတို့ လာ​နေသည်ကို သိ​သောအခါ တံခါးဝတွင် ကြို​စောင့်​နေသည်။ သူမက ဆံပင်ကို အနက်​ရောင် ဆိုးထားပြီး နှစ်အနည်းငယ်မျှ ပိုငယ်သွားသလိုပင်။


သူမက ထန်​ချောင်း​ချောင်း ကားထဲမှ ထွက်လာသည်ကို ​တွေ့​သောအခါ ချက်ချင်း ​ရောက်လာကာ သူမလက်ကို ချစ်ခင်စွာဖြင့် တွဲလိုက်ပြီး ​​ဘေးမှ သား​တော်​မောင်ကို လုံးဝ လျစ်လျူရှုထားလိုက်သည်။


​"ချောင်း​ချောင်း... အရင်တစ်​ခေါက် မင်း ​ပေးလိုက်တဲ့ ဘဲဥဆားနယ်က အရမ်း စား​ကောင်းတာပဲကွယ်... ​နေ့တိုင်း ယာဂု သောက်တဲ့အခါတိုင်း​လေ အဲ့ဒါမပါဘဲ မစားနိုင်​တော့ဘူး... အကုန်လုံး စားလို့ကုန်​တော့မှာ"


"ဒီတစ်​ခေါက် ထပ်ယူလာ​သေးတယ်... ​ဆေးဘဲဥတွေလည်း လုပ်လာတယ်..." 


ထန်​ချောင်း​ချောင်းက ရယ်​မောလိုက်သည်။


 "ရှန်းယွဲ့ မွန်ဂိုလီးယားက ယူလာတဲ့ အသား​ကောင်းတဲ့ အမဲသားနဲ့ သိုးသားလည်း ပါ​သေးတယ်... အ​မေ့အတွက် အဲ့တာ​တွေကို နှပ်​ပေးထားတယ်"


"​ကောင်းတယ်... ​ကောင်းတယ် အထဲသွားပြီး ​ပြောရ​အောင်" မဒမ်ရှန်းက အပြုံးများနားရွက်တက်ချိတ်သည်အထိ ပြုံးကာ ထန်​ချောင်း​ချောင်းနှင့် စကား​ပြောရင်း အိမ်ထဲသို့ ဝင်သွားသည်။


အပယ်ခံ​လေး ရှန်းယွဲ့သည်ကား အ​နောက်မှာ ကျန်ရစ်ကာ ကူကယ်ရာမဲ့စွာ ပြုံးမိ​တော့သည်။ သူက အိမ်​တော်ထိန်းကို ကားထဲမှ ပစ္စည်းများအားလုံး သယ်သွားရန် ​ပြောလိုက်သည်။


တရုတ် နှစ်သစ်ကူး​နေ့​ရောက်ရှိရန် ရက်အနည်းငယ် လို​နေ​သေး​​သော်လည်း ရှန်းမိသားစုအိမ်က ​ပျော်ရွှင်ဖွယ် ပုံရိပ်​လေးများ ရှိ​နေပြီဖြစ်သည်။ အ​​စေခံတို့မှာ အနီ​ရောင် မီးပုံးများ၊ ကဗျာစာသားများနှင့် တံခါး​ပေါက်ကို အလှဆင်ခြင်းများ ချိတ်ဆွဲထားသည်။


မဒမ်ရှန်းက သူမသားငယ်​လေးနှင့် ပတ်သက်၍ အမြဲတမ်း မ​ကျေမနပ် ​ပြော​နေခဲ့သော်လည်း ရှန်းမိသားစုအိမ်၏ ​နေရာတိုင်းတွင် ဝှီးချဲသွားလာနိုင်​သော လမ်းက​လေးများကို ထန်​ချောင်း​ချောင်း ​တွေ့ခဲ့ရသည်။ ရှန်းယွဲ့က ထိုနှစ်များတွင် အိမ်ပြန်လာခဲ​သော်လည်း မဒမ်ရှန်းက ထိုကဲ့သို့ စီစဥ်​ပေးထားဆဲပင်။


သို့​သော်လည်း ၎င်းတို့က မကြာခင် အသုံးမဝင် ဖြစ်သွားလိမ့်မည်ပင်။ ရှန်းယွဲ့က ယခုတွင် ချိုင်း​ထောက်ဖြင့် ခပ်မှန်မှန် ​လျှောက်နိုင်​နေပြီဖြစ်သည်။ ထန်​ချောင်း​ချောင်းက ထိုချိုင်း​ထောက်များ လွှင့်ပစ်နိုင်ဖို့အတွက် အချိန်အများကြီး ယူရ​​မည်မဟုတ်ဟု ယုံကြည်​ပေသည်။


အိမ်အတွင်းပိုင်း အပြင်အဆင်မှာလည်း ရိုးရှင်းသည့် တရုတ်စတိုင်ဖြစ်ပြီး ခပ်လျှိုလျှို​ ​နေတတ်သည့် အဆင့်အတန်းမြင့်ပုံစံ ဖြစ်သည်။


ထန်​ချောင်း​ချောင်းက ခဏထိုင်လိုက်ပြီး ရှန်းယွဲ့က သူမကို သူ့အခန်းဆီ သွားကြည့်ချင်သည်လားဟု ​မေးခဲ့သည်။


"ဒါ​ပေါ့" ထန်​ချောင်း​ချောင်းက ထက်သန်စွာ​ခေါင်းငြိမ့်ပြလိုက်သည်။


သူမက တကယ်ပဲ နတ်ဆိုးကြီးရှန်း ​ငယ်စဥ်က နေခဲ့သည့် အခန်းအ​ကြောင်းကို သိချင်ခဲ့သည်။


မဒမ်ရှန်းက ရှန်းယွဲ့ကို မျက်စပစ်ပြလိုက်သည်။


 "​ချောင်း​ချောင်းနဲ့ အခန်းသွားကြည့်ရင်း အရင် အိပ်လို့လည်း ရတယ်​နော်... ညစာက အ​စောကြီး မစားဘူး"


"အိပ်"ဟူ​သော စကားကို သီးသန့် မီး​မောင်းထိုးပြထားသည်။


ရှန်းယွဲ့က ​ဒေါတတကြီး ​ခေါင်းယမ်းပြလိုက်​လေသည်။


သူ့အ​မေရဲ့​​ ခေါင်းထဲမှာ ဘယ်လို အဝါ​ရောင် အညစ်​အ​ကြေး​တွေပဲ တစ်ချိန်လုံး ရှိ​နေလဲ မသိဘူး... သူနဲ့ ထန်​ချောင်း​ချောင်းက အဲ့အဆင့်ထိ မ​ရောက်​သေးဘူး...


ရှန်းယွဲ့အခန်း၏ အပြင်အဆင်က အပြင်နှင့် အလွန်ကွဲပြားသည်။ အဓိက အ​ရောင်မှာ မီးခိုးပြာ​ရောင် ဖြစ်ပြီး အလှဆင် ပစ္စည်းလည်း သိပ်မများ​ပေ။ သူ့အကြိုက်က ငယ်ကတည်းက မပြောင်းလဲဟန်ပင်။


အခန်းထဲတွင် လျှို့ဝှက် သိမ်းဆည်းခန်းလည်း ရှိ​သေးသည်။ ရှန်းယွဲ့ဖွင့်လိုက်​သောအခါ ထန်​ချောင်း​ချောင်းလည်း လိုက်ဝင်လာသည်။


အထဲတွင် ဆုဒိုင်းများ အတန်းလိုက်ရှိ​သော မှန်ဗီရိုကြီးတစ်ခု ရှိ​နေသည်။ ထန်​​ချောင်း​ချောင်းက ပြိုင်ပွဲ ဆုတံဆိပ်များ၊ နိုင်ငံတကာ စန္ဒယား ပြိုင်ပွဲဆုများ၊ နိုင်ငံတကာ သိပ္ပံနှင့် အင်ဂျင်နီယာဆုများ၊ စသည်ဖြင့် တို့ကို သာမန်ကာလျှံကာ ကြည့်လိုက်သည်။


"ဂျူနီယာ အထက်တန်းကတည်းက ပြည်ပမှာ ​ကျောင်းသွားတတက်တာ မဟုတ်ဘူးလား" သူမက ​မေးလိုက်သည်။


ရှန်းယွဲ့က ထူးမခြားနား ပုံစံဖြင့် "ဟုတ်တယ်​လေ... ဒါ​တွေက ပြည်ပမသွားခင် ရထားတာ... ဟိုမှာ ရတာ​တွေက ပြန်သယ်မလာဘူး"


ထန်​ချောင်း​ချောင်း: ...


'ဒုတိယ တစ်ခုကို ​ပြောစရာမလိုပါဘူး​နော်... ရှင်ဘယ်​လောက်​တော်လဲ ကျွန်မသိပါတယ် မစ္စတာရှန်းရဲ့'


မဒမ်ရှန်းက ရှန်းယွဲ့ ပစ္စည်းများကို အစီစဥ်တကျ စီစဥ်​ပေးထားသည်။ သူမက သူ၏ မူလတန်း ​ကျောင်းအိမ်စာများပင် မလွတ်​စေရ။


သူမက လှန်​လှော ကြည့်လိုက်ပြီး​နောက် ဓါတ်ပုံအယ်လ်ဘမ်တစ်ခု ရှာ​တွေ့သွားသည်။


'ဟား... ​တွေ့ပြီ​ဟေ့'


အမှန်တကယ်တွင် သူမအကြည့်ချင်ဆုံးအရာမှာ ရှန်းယွဲ့ငယ်စဥ်က မည်ကဲ့သို့ ပုံစံမျိုး ဖြစ်မည်ကိုပင်။ ထိုသူက ယခုပုံစံကဲ့သို့ စိတ်ကြီးဝင်ကာ ရိုင်းပြတတ်မည်လားဟု သူမသိချင်​နေသည်။


သူမက အယ်လ်ဘမ်ကို ဖွင့်ကြည့်ပြီး​နောက် ပထမဆုံး​တွေ့​သောပုံမှာ ကိုယ်တုံးလုံး ဖြစ်​နေ​သော က​လေး​လေး တစ်​ယောက်၏ပုံပင်။


'အိုး ဒီအယ်လ်ဘမ်က တကယ် ပြည့်စုံတာပဲ... ​မွေးခန်းတုန်းက ပုံ​တွေပါ ပါတယ်"


ရက်တစ်ရာပြည့် ​မွေး​နေ့ပွဲ၊ တစ်နှစ်ပြည့် ပစ္စည်း​ရွေးသည့်ပွဲ စသည်ဖြင့်ပင်။ ထိုအချိန်က ရှန်းယွဲ့၏ မျက်လုံးများမှာ ဝိုင်းစက်​နေပြီး သူ့မျက်နှာ​​လေးက ခပ်​ဖောင်း​ဖောင်း ဖြစ်​နေပြီး အလွန် ချစ်စရာ​ကောင်း​ပေသည်။ 


သူမက ဓါတ်ပုံကို ကြည့်ပြီး​နောက် ရှန်းယွဲ့ကို ပြန်ကြည့်ကာ တီးတိုး​ရေရွတ်လိုက်သည်။ "ဘာလို့ သူက ပိုအသက်ကြီးလာ​လေ​လေ ချစ်ဖို့ မ​ကောင်း​တော့​လေ​လေ ဖြစ်​နေပါလိမ့်"


ရှန်းယွဲ့က ပြုံးလိုက်သည်။ "ကိုယ်သာ အဲ့လိုပုံစံမျိုးပဲ ဆိုရင် မင်းငိုရ​တော့မှာပဲ"


ထန်​ချောင်း​ချောင်းက ပုံကို ကြည့်လိုက်သည်။ "အဝလွန်ပြီး အဆီများတာလား..."


'ထားပါ​တော့ အခုပုံက ပို​ကောင်းပါတယ်'


ထို့​နောက် သူမက ​ခြောက်နှစ် ခုနစ်နှစ်အရွယ် ရှန်းယွဲ့၏ အယ်လ်ဘမ်တစ်ခုကို ဆွဲထုတ်လိုက်သည်။ သူ့မျက်ခုံးများမှာ ယခုပုံနှင့် တစ်ထပ်တည်း တူလုနီးပါးပင်။ ထန်​ချောင်း​ချောင်းက သူစန္ဒယားတီး​နေသည့် ပုံတစ်ပုံကို ထိုးပြလိုက်သည်။ "ရှင် ဒီလို အသက်ငယ်ငယ်တည်းက စန္ဒယား သင်ခဲ့တာပဲ... ရှင်တီးတာကို ဘာလို့ တစ်ခါမှ မမြင်ဖူးရတာလဲ" 


ရှန်းယွဲ့က ခပ်​ပေါ့​ပေါ့သာ ဆိုသည်။ "ကားမ​တော်တဆမှု ဖြစ်ကတည်းက စန္ဒယားကို ​ဝေး​ဝေးထားလိုက်တာ"။ အဲ့အချိန်တုန်းက သူ့မှာ အသက်​တောင် ရှင်လိုစိတ်​တောင် မရှိ​တော့တာ... ဘယ်လိုလုပ် စန္ဒယား တီး​နေနိုင်အုံးမှာလဲ...


ထန်​ချောင်း​ချောင်းက ​ပြောလိုက်သည်။ "အိမ်ပြန်​ရောက်ရင် ပြန်​ရွှေ့ထားရ​အောင်နော်... ကျွန်မ နား​ထောင်ချင်တယ်"


ရှန်းယွဲ့: "​ကောင်းပြီ​လေ"


သူမက ပုံများကို ထပ်မံ လှန်​လှော ကြည့်လိုက်သည်။ ၎င်းတို့အားလုံးမှာ အ​လေးအနက် အမူအယာများနှင့်ပင်။ ဒီ​က​​လေးက ငယ်ကတည်းက တင်းကြပ်တဲ့ ပုံစံမျိုး ဖြစ်​နေမှ​တော့ ကြီးလာသည့်အခါ ထူးဆန်းသည့် စိတ်အ​နေအထားနှင့်လူ ဖြစ်လာသည်မှာ အံ့သြဖွယ် မရှိဟု ​တွေး​နေခဲ့သည်။ 


ရုတ်တရက် သူမက လှန်​လှော​နေသည့်လက် ကို ရပ်လိုက်ပြီး​နောက် နှစ်မျက်နှာမျှ ပြန်လှန်လိုက်သည်။ သာမန်ထက် အလွန်အမင်း ထူးခြား​နေသည့် တစ်ခုခုကို ယခု​လေးတွင် သူမ​တွေ့လိုက်ရပုံပင်။


ရှန်းယွဲ့၏ နှလုံးသား ရုတ်တရက် တင်းကြပ်သွားသည်။ ထိုအယ်လ်ဘမ်ထဲရှိ ဓါတ်ပုံများ အားလုံးက သူကိုယ်တိုင် စီစဥ်ကာ ​ရွေးထားခြင်း ဖြစ်သည်။ သူ​​ နေ့အလင်း​ရောင်ပင် မမြင်နိုင်​တော့​လောက်သည့်အရာ တစ်ခုမှ ရှိမ​နေသင့်​ပေ။


သူက ​စောင်းကြည့်လိုက်ပြီး​​နောက် ထန်​ချောင်း​ချောင်းက ရှန်းယွဲ့ အနီ​ရောင် မိန်းက​လေး ဝတ်စုံကို ဝတ်ထားသည့် ပုံ ရှိ​နေ​သော စာမျက်နှာကို လှန်ထားသည်အား ​တွေ့လိုက်ရသည်။ 


ရှန်းယွဲ့: ...


ထန်​ချောင်း​ချောင်းက စူးရှ​သော အမြင်အာရုံနှင့် လျင်မြန်​​သော လက်များ ရှိ​ပေသည်။ ရှန်းယွဲ့ မယူလိုက်နိုင်ခင်မှာပင်သူမက ဓါတ်ပုံကို ခပ်မြန်မြန် ဆွဲထုတ်ကာ လက်ထဲတွင် တင်းတင်းကြပ်ကြပ် ကိုင်ထားလိုက်သည်။


"ဟားဟားဟား ရှင့်မှာ အဲ့လိုပုံမျိုး ရှိမယ်လို့ မထင်ထားဘူး"


ဓါတ်ပုံထဲမှ ရှန်းယွဲ့​လေးက ​ခြောက်နှစ် ရှိ​လောက်မည်ပင်။ သူက အနီ​ရောင် ဝတ်စုံကို ဝတ်ထားရုံမက မိတ်ကပ်လိမ်းကာ နဖူး​ပေါ်တွင် အနီ​ရောင်အစက်ကြီးကိုလည်း ဆွဲထား​သေးသည်။ လူ​တွေသာ မသိကြပါက သူ့ကို က​​လေးမ​လေး တစ်​ယောက်ဟုပင် ထင်သွား​ကြ​ပေလိမ့်မည်။


၎င်းက ရိုးရှင်းစွာပင် မိန်းက​လေး အဝတ်အစား ဝတ်ထား​သော ​ဘောစ့်ကြီး၏ ရှားပါး ရတနာ​လေး ဖြစ်​​​ပေသည်။


ရှန်းယွဲ့က စိတ်ပျက်လက်ပျက် ဖြစ်​နေရသည်။ သူ ဂရုမထားမိ ဖြစ်သွားသည်။ ဒီပုံက ဒီ​​နေရာမှာ ဘာလို့ ​ပေါ်လာရတာလဲ...


၎င်းက ရှန်းယွဲ့ မူလတန်းတက်ခဲ့စဥ်က ​ကျောင်းက စီစဥ်ခဲ့​သော ​ဖျော်​ဖြေမှု တစ်ခုသာ ဖြစ်သည်။ သူက ဇာတ်​ဆောင်​နေရာတွင် ​ဖျော်​ဖြေရန် အ​ရွေးခံခဲ့ရသည်။မဒမ်ရှန်းက သူ ပါဝင်ရမည်ဟု ​ပြောခဲ့ပြီး ရလဒ်အ​နေဖြင့် ထို အရှက်ရစရာ ဓါတ်ပုံ ကျန်ရစ်ခဲ့ရသည်။


တစ်ခုတည်း​​သော အဖြစ်နိုင်ဆုံးအရာမှာ သူမ ထိုဓါတ်ပုံကို ဒီ​နေရာတွင် လာထားသည်သာ ဖြစ်ရ​ပေမည်။


ထန်​ချောင်း​ချောင်းက ပြုံးကာ ​ပြောလိုက်သည်။ "ရှိုးတစ်ခုမှာ ​ဖျော်​ဖြေခဲ့တာလား... တကယ်ဆိုရင်​လေ ရှင်က မိန်းက​လေးလို ဝတ်​​တော့ ပိုချစ်ဖို့ ​ကောင်းသွားတယ်"


ရှန်းယွဲ့က ထိုပုံကို ဆွဲယူရန် လက်ဆန့်လိုက်​သော်လည်း ထန်​ချောင်း​ချောင်းကပြန်ယူကာ ဝှက်ထားလိုက်သည်။


"ကျွန်မ မြင်ပြီးသွားပြီ... ဆွဲလုလည်း အပိုပဲ​နော်... ရှင် ကျွန်မမှတ်ဥာဏ်​တွေ ဖျက်နိုင်လို့လား... ဒါ​ကြောင့်မို့ ကျွန်မကို ​ပေးထားတာ ပို​ကောင်းမယ်"


Xxxxxxx